ပါရီမြို့မှ ကျွန်မချစ်သူ


၁။
ညက ပကတိ အနက်ရောင် သန်းနေသည်။ ကောင်းကင်ဆီမှာ မျောလွင့်နေသော တိမ်တိုက် တစ်ခုတလေ မရှိ။ တကယ်ဆို တစ်ခြမ်း ဖဲ့ခြွေ ထားသည့် လတစ်စင်း နံဘေးမှာ တိမ်မျှင် တစ်ခုတလေ ယီးလေး ခိုပေးဖို့တော့ ကောင်းရဲ့။ ထို့နောက် ကျွန်မ အတွေး အတွက် အပြုံးတွေ တွန့်ကြေသွားသည်။ အင်းလေ...။ ကောင်းကင် ဆိုတာမျိုးကိုပင် တစ်ခါတစ်ရံ တိမ်တိုက်မဲ့ တတ်လိမ့်မည်ဟု ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ ဖူးပါ။ ခြောက်သွေ့သော လေက ပြတင်းဝရှိ အ၀ါနုရောင် ခန်းဆီး ထုံးကလေးကို ဘယ်ညာ ယိမ်းနွဲ့ ခါစေသည်။ စာကြည့်စားပွဲဟု သတ်မှတ် ခံထားရငြား စာအုပ်တစ်အုပ် တလေ မရှိသော ကျွန်းစားပွဲလေး ပေါ်မှ စားပွဲတင် ပန်းအိုးကလေး။ အနည်းငယ် ညှိုးရော်ချင်ဟန် ရှိသော အ၀ါနုရောင် နှင်းဆီ ပွင့်ကလေးကို မြင်ရတော့ ရုတ်တရက် လှိုက်ဟာ သွားပြန်သည်။ ပူလောင်သော လေက အေးစက်စွာပင် တိုးဝှေ့ရင်း နှင်းဆီ၏ ပွင့်ချပ်များကို သိသိသာသာ ဆွဲကိုင် ယမ်းနေသည်။ ခြောက် သွေ့အက် ကွဲနေသော အာခေါင် တချို့ကို ကျိန်ဆဲ ပစ်လိုက်သော်လည်း လည်ချောင်းဝတွင်သာ စိမ့်ဝင် ပျောက်ကွယ်သွားသည်။

'Je ne veux pas travailler...
Je ne veux pas déjeuner...
Je veux seulement l'oublier...
Et puis je fume...'
ကျွတ်...။ အဓိပ္ပာယ် မရှိလိုက်တာ။ Pink Martini ၏ သီချင်းသံက သည်နေ့မှ အတော်လေးကို ခါးသက်စရာ။ မိန်းမ တစ်ယောက်က အလုပ် မလုပ်ချင်တော့ လောက်အောင်၊ အစား မစားချင်တော့ လောက်အောင်ထိ ဖြစ်သွားရ သတဲ့လားကွယ်။ တစ်စုံတစ်ခုကို မေ့ဖျောက်ဖို့ အတွက် သီချင်းထဲကလို ဖွာရှိုက်စရာ စီးကရက် တစ်တိုတလေ ရှိလျှင်တော့ ကောင်းသား။ နားထောင်နေကျ ပြင်သစ် သီချင်းက ဘာလို့များ သည်ည အတွက်မှ ကွက်တိ သေသပ်စွာ ထွက်အံ လာရသတဲ့လဲ။

ကြည့်စမ်း...။ ကျွန်မကိုယ်တိုင် သတိ မထားမိခင်မှာပဲ အလွတ်ရနေသော စာသားလေးကို ညည်းမိပြီးသွားပြီ။ ထို့နောက် ဘယ်ဘက်ရင် အုံအောက်ဆီက ညင်သာသော ဆို့နင့်မှု တစ်ခု။ စကြ၀ဠာထဲ အကြာကြီး လွင့်မျောပြီးတော့မှ ရုတ်တရက် သတိရသွား သူလို ကျွန်မခန္ဓာ ဆတ်ခနဲ တုန်သွားသည်။ ထို့နောက် အက်ကွဲစွာပင် ရယ်မော ဟန်ပြင်မိသည်။

ရယ်မောရင်းနှင့် မျက်ရည်ကျ သွားသော ကျွန်မဖြစ်အင်ကို မောင်မြင်လျှင်တော့ အရင်ကလို ကောက်ချက်ဆွဲဦးမည်လား။
“လင်းဟာ ဆန့်ကျင်ဘက်တွေချည်း ပေါင်းစည်းထားတဲ့ နားလည်ရ ခက်တဲ့ မိန်းမ” လို့လေ။

၂။
အပြာရင့်ရောင် မပြယ်လွင့် သေးသည့် ကောင်းကင် တစ်ခု၏ အောက်မှာ မောင်နှင့်ကျွန်မ တွဲ၍ ရှိနေနိုင်သေးသည်ဟု ယောင်၍ပင် မတွေးမိ ဖူးချေ။ တွေ့မည့်တွေ့တော့လည်း တစ်ကိုယ်လုံး နွမ်းလျ ကြေကွဲလောက်အောင်ထိ ကျွန်မ မောင့်ကို လွမ်းဆွတ် နေမိကြောင်း အထိတ်တလန့် လက်ခံ လိုက်ရပြန်သည်။

Alliance Frangaise မှာ ကျွန်မ ပြင်သစ်စာ သင်နေမှန်း မောင့်ကို ဘယ်သူက သတင်းပေး လိုက်ပါလိမ့်။ ထို့နောက် ထိုအတွေး အတွက် ရှက်ရွံ့အားငယ်မိသွားသည်။ မောင် ပါရီက ပြန်လာတာ မကြာလောက်သေး။ ငါးကြိမ်မြောက် ပြင်သစ် အလှနှင့် ဂီတညပွဲမှာ ကျွန်မ သူငယ်ချင်း တွေ၏ဆိုဟန်ကို အားပေးဖို့ လာခဲ့စဉ် အပြာနု ရောင်ရှပ်ကို သေသပ် စနစ်ကျစွာ ၀တ်ဆင်ထားခဲ့ သော မောင့်ကို Alliance မြက်ခင်းပြင်မှာ မမျှော်လင့်ဘဲ ဆုံတွေ့လိုက်ရသည်။

'Bonsoir, Lynn...'
ထုရိုက်ချင်စရာ ကောင်းလောက်အောင်ပင် မောင့်နှုတ်ဆက်သံက တည်ငြိမ်လွန်းလှသည်။ အနည်းဆုံးတော့ သည်နေရာမှာ ကျွန်မကို တွေ့ရလိမ့်မည်ဟုလို့ မောင် မျှော်လင့် မထားသင့် ဘူး။ မင်္ဂလာရှိသော ညနေခင်းတဲ့လေ။ အင်း... မောင့်နှုတ်ဆက်သံတွေဆီမှာ သရော်သံတွေများ စွက်နေဦးမလား။ မောင့်နှုတ်ခမ်းတွေကတော့ သေသပ် ပိရိနေသား။

သည်နေ့သည်ချိန်ထိ ကျွန်မ မောင့်ကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ မစွမ်းနိုင်သေးကြောင်း နားလည် လိုက်ရသည်။ ကျွန်မကိုသာ အပြီးသတ် ဖန်တီး ပြီးသား စာအုပ် တစ်အုပ်လို မောင် ဖတ်ရှုပြနိုင်ခဲ့တာပဲ မဟုတ်လား။ ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ ကြိုးစားရင်း နှုတ်ခမ်းတွေ သွေ့ခြောက်သွားသည်ကို မွန်းကျပ်စွာပင် ရိပ်မိပြန်သည်။

“မင်း ဘွဲ့ရပြီးလောက်ပြီပေါ့”

“Non...”
မောင့်မျက်နှာမှာ အံ့သြရိပ် တစ်ခုနှင့် အမျိုး အမည် မသိနိုင်သော နောက်ထပ် လှစ်ဟမှု တစ်ခု ဖြတ်ပြေးသွားသည်။
“ကျွန်မ ဟောက်ဆာဂျင် ဘ၀ပဲ ရှိပါသေးတယ်”

ပြောမည် “ဒါနဲ့ ဒီပွဲမှာ မင်း ၀င်မဆိုဘူးလား”
ကြည့်ပါဦး။ စကား လွှဲတတ်သည့် နေရာမှာလည်း မောင်က ထူးခြားစွာ ပြောင်းလဲ မသွားပါ။

“ဆိုသား...၊ အရွေး မခံရပါဘူး”

ကျွန်မ သီချင်းနှင့် ပတ်သက်လျှင် အလွန် ၀ါသနာကြီးကြောင်း မောင် အသိဆုံး ဖြစ်ပါလိမ့် မည်။ မောင်ကိုယ်တိုင် ကျွန်မနှင့် ဂီတ သံစဉ်တွေ ခွဲမရအောင် ပေါင်းစည်းဖူးသည် အထိ ပုံသွင်းခဲ့ တာပဲ မဟုတ်လား။
“ဘာသီချင်းဆိုတာလဲ”

“Christophe Maé &JU On S'attache”
အနည်းငယ် ရှတသော မောင့်ရယ်မောသံ အောက်မှာပင် ကျွန်မ လိပ်ပြာတွေ ထပ်မလုံချင်တော့။ မောင်က စကားတွေ ဖောင်ဖွဲ့ပြောနေနိုင် ပေမယ့် ကျွန်မက ဟန်ဆောင် ကောင်းသူ မဟုတ်ပါ။ ကျွန်မ မျက်လုံးအိမ်တွေ မစိုစွတ်ခင် ပွဲမြန်မြန် စဖို့လိုသည်။
“On S'attache... ... မင်း အဲဒီ သီချင်းကို ဘာလို့ ရွေးချယ်ဖြစ်တာလဲ”

ပွဲမစသေး၍ မွန်းကျပ် နေပုံရသော ကျွန်မ စိတ်ကို သူ အရိပ်မဖမ်းမိနိုင်ဖို့တော့ အလျင်အမြန် ဖုံးကွယ်လိုက်ရပါသည်။ တစ်စုံတစ်ယောက်နှင့် တွယ်ငြိဖူးမိသော အခါ အနုတ်ရ ခက်သော ကြိုး များအကြောင်း မောင် သိချင် လိမ့်မည် ဆိုလျှင်တော့ ကျွန်မ အတ္တတွေ ခ၀ါချပြီး “မောင့်ကိုလွမ်း လို့”ဟု ဖြေမိသွားမှာ။ သို့သော် မောင့်မျက်ဝန်း တွေဆီမှာ ဘာအရိပ်အယောင်မှ ခိုတွယ် မသွားပါ။

“ဒါနဲ့ ပါရီမှာ နေရတာ ဘယ်လိုနေလဲ ကိုအာကာ”

“မောင်”ဟု ရေရွတ်မိသွားမှာ စိုး၍ သတိ အနေအထားဖြင့် ဖွင့်ဟဖြစ်သော စကားသံမှာ အဖျားခတ် တုန်ယင်မှုတွေ စွက်သွားသေးသည်။ ကြည့်ပါဦး။ ကြည့်ပါဦး...။ လင်းက ခုထိ သရုပ်မဆောင်တတ်သေးဘူး မောင်။

“ဖေဖေရှိတော့ အဆင်ပြေပါတယ်။ ပါရီက အရမ်းလှတယ်။ ကိုယ်သိပ်ချစ်တဲ့ ဂန္ထ၀င်ပန်းချီ ကားတွေလည်း ရှိတယ်။ အလွန် စိတ်ကူးယဉ်လို့ ကောင်းတဲ့ ကော်ဖီဆိုင်တွေလည်း ပေါတယ်။ နောက်ပြီး ကိုယ့်ဖေဖေ အလုပ်လုပ်တဲ့ ရေနံ ကုမ္ပဏီကြီးမှာပဲ ကိုယ်အလုပ်ရတယ်။ ပါရီကို ရောက်မှ ကိုယ် ဓာတ်ပုံပြိုင်ပွဲတွေ ၀င်ဖြစ်သေးတယ်”

ပြင်သစ်နိုင်ငံ အကြောင်း၊ ပြင်သစ် လူမျိုးနှင့် အနုပညာ အကြောင်းတွေ ပြောတိုင်း မောင့်မျက်လုံးလေးတွေပါ အရောင်တွေ ရွှန်းစို သွားတတ်တာ။ လွန်ခဲ့တဲ့ ခြောက်နှစ်ကလိုမျိုး ဘာတစ်ခုမှ မပြောင်းလဲသေး။ ပြင်သစ်ယဉ် ကျေးမှု၊ ဘာသာစကားလေးတွေနှင့် ရင်းနှီး ချစ်ခင်စွာ အချိတ်အဆက် မိစေခဲ့ သော မောင်တစ်ယောက် ဓာတ်ပုံတွေနှင့် အသက် ၀င်ဆဲဖြစ်သည်ကို သိရတော့ အလိုလို ပျော်ရွှင်သွားမိပြန်သည်။ ကျွန်မကတော့ မောင်နှင့် ပတ်သက်သည့် ခံစားချက် တစ်ခုတလေ လျော့ကျသွားခြင်း မရှိသေး။

“ဟေး... လင်း ငါတို့နှစ်ယောက်ကို အားပေးဦး”

သြော်... ပွဲစတော့မှာပါလား။ သီတာနှင့် အေးသက်ကို လက်ဝှေ့ယမ်း ပြလိုက်တော့ သူမတို့ နှစ်ယောက်လုံး မောင့်ကို မျက်မှောင့်ကြုတ်ကြည့်ပြီး ကျွန်မအား ပခုံးတွန့်ပြတာ လှမ်းမြင်လိုက်သည်။ ပတ်ဝန်းကျင်သည် မီးရောင်များကြောင့် ထိန်လင်းနေသည်။
“လင်း ရှေ့ကို သွားလိုက်ဦးမယ် ကိုအာကာ”

ဝါဖျော့ဖျော့ မီးရောင်အောက်မှာ မောင်ပြုံးလိုက်ပုံက အလိုလို နာကျင်စရာ ကောင်းပြန်သည်။
“လင်း...”

ကျွန်မ ညာဘက်ခြေ လှမ်းလုဆဲဆဲ တွန့်ဆုတ်သွားရသည်။
“မနက်ဖြန်ညနေ သည်ကို လာပေးပါလား”

မောင်က ကျွန်မကို တောင်းဆိုသည်ပေါ့လေ။ ခြောက်နှစ်တာ အတွက် အနည်းငယ် ပျော့ပျောင်းစွာ တောင်းဆိုဖူးတာ သည်တစ်ကြိမ်တည်းရယ်။ ကျွန်မ ခေါင်းညိတ်မိလိုက်သလား၊ ခေါင်းခါမိလိုက်သလား...။ ကိုယ်တိုင် ဝေခွဲမရစဉ်မှာပင် မောင်ကStage နှင့်နီးမည့် ထိုင်ခုံတွေဆီ ဦးတည်၍ လျှောက် လှမ်းသွားသည်။ မောင် ကျွန်မ အဖြေကို စောင့်မသွားပြန်ဘူး။

'Flu revoir, lynn, à clemain!
အလျင်စလို နှုတ်ဆက်သွားသော မောင့်စကားသံကို အမိအရ အသံဖမ်း လိုက်ရင်းက ကျွန်မနား ဝေ့၀ဲသွားသော မောင့်ကိုယ်သင်းရနံ့ကို မိန်းမောစွာ ရှိုက် မိပြန်သည်။ ဘာဖြစ်လို့များ နှာဝက သိခွင့်ရတဲ့ အာရုံ တစ်ခုက နှလုံးအိမ်ကို ပြင်းပြစွာတုန်ခါစေသလဲ မောင်ရယ်။

၃။
မနက်ဖြန် ကျွန်မ မောင့်ကို ထပ်မြင်ရဦးမည်။ ထိုအတွေးကြောင့် မွန်းကျပ်မှုက နေရာ ယူလာပြန်သည်။ နာရီ လက်တံက နှစ်ချက်ခွဲမှာ တန့်နေပြီး အ၀ါနုရောင် ခန်းဆီးထုံးလေး ယိမ်းခါနေဆဲ ဖြစ်သည်။ ညာဘက်လက်မှ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ကော်ဖီခွက်။ သြော်... ကျွန်မ သည်နေ့ညနေခင်း အကြောင်း တွေးရင်းနှင့်က ကော်ဖီတစ်ခွက် ဖျော်သောက်မိ ပြီးပြီပေါ့လေ။

ခွက်ထဲမှာ ကော်ဖီနှစ်ငုံစာ ကျန်သေးသည်။ မောင့်ကို တမ်းတနေမိတာ ကော်ဖီဖျော်လို့ ဖျော်မိမှန်း ကိုယ့်ကိုယ်ကို သတိ မထားမိလောက်အောင်ထိ ကျွန်မ ကြောင်သွားပြန်ပြီ။ မောင့်သံပတ်တွေ ဘယ်သော အခါမှ ဖြေလျော့နိုင် မှာတဲ့လဲ။ ထို့ နောက် အိပ်ရာ ခေါင်းရင်းဘေး ငြိမ်သက်နေသည့် ဂစ်တာကို ယောင်ယမ်း ဆွဲယူမိပြန်တော့ မောင့်အသံကို ကြားရပြန်သည်။

ခုတင်ဘေးက စာအုပ်စင်ကို မြင်ယောင်မိတော့ ဂစ်တာကို လွှတ်ချချင် စိတ်ပေါက်သွားသည်။ အလုပ်သင် ဆရာဝန် ဘ၀ ရောက်ပြန်တော့လည်း စာတွေနှင့် ကင်းကွာခွင့် မရသေး။ မနက် ရှစ်နာရီမှ ပွင့်အံတတ်သော ကျွန်မ ပြင်ပြီးမှ နှုတ်ခမ်းတွေကို တင်းကျပ်နေအောင် စေ့လိုက်ရသည်။ မောင်သိဖို့မှ မလိုဘဲ။ ရုတ်တရက် မောင့်အတ္တကောက် ကြောင်းတွေကို ပြေးမြင်ယောင်မိသွားတော့ ကျွန်မ တစ်ကိုယ်လုံး နုံးခွေဖျော့တော့ သွားရပြန် သည်။ ကျွန်မက မောင်ပုံသွင်းခဲ့သလို နူးညံ့စွာပဲ ရုပ်လုံး ပေါ်လာခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အချုပ်အနှောင်မဲ့စွာ အမှတ်ကောင်း ကောင်းနှင့် အောင်ခဲ့တာ မောင့်ကျေးဇူးတွေ မဟုတ်လားကွယ်။ ကျွန်မကို အများထက်ထူး ချွန်စေချင်သည့် မောင့်သွန်သင်မှုတွေ အောက်မှာ ကျွန်မ အောင်မြင်ခဲ့ပါရဲ့ မောင်။ ဒါပေမယ့်...။

မျက်လုံးတွေ၊ ညနှစ်နာရီ ထိုးမှ ခင်းဖြစ်သော ကျွန်မ ကျောတွေကို အလုပ်သင် ဖြစ်လာတော့မှ စွန့်လွှတ်ဖြစ်ရကြောင်း မောင့်ကို ပြောပြရဦးမည် လေ။
ကျွန်မက မောင်ဖြစ်စေချင်သလို ဖြစ်လာတာတွေထက် အလိုလို ဆန့်ကျင် မိသွားတာများ နေခဲ့သည်ပဲ။ အိပ်ရေးပျက်ခံပြီး ကျောင်းစာသင် ချိန်တချို့ကို ဖျက်ပြီးမှ မွန်းကျပ်မှုတွေကို ကဗျာတွေ၊ ၀တ္ထုတွေ အဖြစ် အသွင် ပြောင်းခဲ့တာတွေ၊ ယောက်ျားလေးတွေလို လက်ဖက်ရည်ဆိုင် ထိုင်တတ်သည့် အကျင့် မပျောက်နိုင်သေးတာတွေ။ နောက်ပြီး မောင် ကျွန်မ ဆရာဖြစ်ခဲ့တုန်းက တင်းတင်း စေ့ထားဖူးသည့် ခိုင်မြဲသော မောင့်နှုတ်ခမ်းတွေကို သတိရမိတာတွေ...။ အင်း...။

ကျွန်မ တတိယအမ်ဘီတက်နေစဉ်မှာပဲ ကျွန်မနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာဆီ မောင် ထွက်ခွာသွားချိန်မှာ...။
“အား...”
ကျွတ်...။ ဂစ်တာ စတီးခါစကလို နံပါတ် တစ်ကြိုး ပြတ်တောက်သွားခဲ့ပြီ မောင်။ အနည်းငယ် စပ်ဖျဉ်းဖျဉ်း နိုင်သွားသည့် ညာဘက် ပါးပြင် ဆီမှာ သွေးအနည်းငယ် စို့နေပြီပဲ။ ပြတ်သွား သည့်ကြိုးက ညာဘက်ပါးကို လာရောက်ထိစင် တာပဲဖြစ်သည်။
ပါးပြင်မှ သွေးစို့သွားသော ဒဏ်ရာက မနာ ကျင်ဘဲ ဘယ်ဘက်ရင်အုံအောက်က စူးနင့်သွား ပြန်သည်။ စားပွဲပေါ်မှ ဘီတာဒင်းဘူးလေးကို ဆွဲယူလိုက်တော့မှ ဆေးကုန်နေမှန်း သိရသည်။

သည်ညတော့ အနည်းငယ် ခေါင်းမာစွာပဲ သွေးစို့နေသည့် ပါးပြင်ကို ခေါင်းအုံးနှင့် ထိကပ် ပစ်လိုက်မိပြီပေါ့ မောင်...။

၎။
Alliance ကို ကျွန်မ ရောက်သွားတော့ လေးနာရီ ထိုးနေပြီဖြစ်သည်။ အမှန်တော့ ကျွန်မ သင်တန်း ဆင်းချိန်က လေးနာရီခွဲ အတန်း။ မောင်က ကျွန်မ သင်တန်း မပြီးသေးတာ သိချင်မှသိမည်။ ထို့နောက် Canteen တွင် ကျွန်မ ၀င်ထိုင်ဖြစ်လိုက်သည်။ တနင်္ဂနွေနေ့မို့ Canteen ပိတ်လေတော့ တစ်ဦးတည်း ထိုင်နေသော ကျွန်မကို ကျောင်း သားတချို့ ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြ သည်။ ကျွန်မ Canteenည မှာရှိနေသည်ကို သီတာနှင့် အေးသက် မြင်သွား၍ မဖြစ်။ ခဏနေလျှင် လေး နာရီခွဲ အတန်းစလိမ့်မည်။

''Bonjour"

“ဗုဒ္ဓေါ”

ကျွန်မ အလန့်တကြား ရေရွတ်မိသွားတော့ မောင်က ရယ်မလိုပြင်ပြီးမှ တည်လိုက်ပြန်သည်။ မောင်က အဲဒီလို ခံစားမှု နှစ်မျိုးနှင့် အမြဲလိုလို သရုပ်ဆောင်တတ်တာပါလား။ မောင်က အနည်းငယ် သတိကပ်သော အနေအထားမျိုးဖြင့် ကျွန်မရှေ့မှ ထိုင်ခုံကိုဆွဲကာ ထိုင်လိုက်သည်။ မောင် ကျွန်မ ဘေးမှာ မထိုင်ဘူး။ ထိုအသိကြောင့် ၀မ်းနည်း သိမ်ငယ်ရပေမယ့် မောင့်ကိုယ်နံ့ ချိုအီအီကြောင့် လှိုက်မော တုန်ရီရပြန်သည်။

“လင်းကို ဘာပြောမလို့လဲ ကိုအာကာ”

လုပ်ပြန်ပါပြီ။ ကျွန်မ စကားတွေက ဘယ်လိုမှ နားဝင်ချိုစရာ မကောင်းပါလားကွယ်။ ကျွန်မ မျက်ဝန်းတွေထဲ စူးစိုက်ကြည့်လိုက်သည့် မောင့် မျက်လုံးတွေဆီမှာ အရိပ်တစ်ခု တွဲခိုသွားသည်။ ထိုအရိပ်ကို ကျွန်မသိသည်။ ထိုအရိပ်က ကျွန်မနှင့် လုံးဝ မစိမ်းသည့် မောင့်အတ္တပဲ ဖြစ်သည်။
“ကိုယ်မင်းကို ပြောစရာ ရှိတာထက် မင်း ကိုယ့်ကို ဖြေရှင်းချင်လိမ့်မယ် ထင်လို့ ကိုယ်ချိန်း ပေးခဲ့တာနော်လင်း”

အလို ဘုရားရေ။ ဘာဖြေရှင်းချက်တဲ့လဲ။ ဖြေရှင်းရလောက်အောင် ဘယ်အရာတွေက အဆင်သင့် လွဲမှား သွားပြီးခဲ့လို့လဲ။ သို့သော် ကျွန်မ နှလုံးအိမ်က အလိုလို ပျော့ခွေ ယိုင်လဲသွားပြန် သည်။ မောင်က ကျွန်မရဲ့ ဂိုက်ဒ်ဆရာ မဟုတ်လားကွယ်။ တကယ်တော့ ပုံသွင်း ခံရဖူးသော နေ့ရက်တွေ ခမ်းနားစွာ ဖြစ်တည်ခဲ့သည့် အတွက် မောင့်ကို ကျွန်မ ကျေးဇူးတင်ရမည်လေ။

ဆို့နင့် အက်ကွဲမှုကို ချုပ်တည်းရင်းက မျက်ရည် လည်ချင်လာသည်။ ကျွန်မ ပြောပြရတော့မှာပေါ့။ ကျွန်မကို အသိမပေးဘဲ ပါရီကို ထွက်သွား ခဲ့ဖူးတဲ့ မောင့်ကို ဘာတစ်ခုမှ အပြစ် မတင်မိအောင်တော့ ကျွန်မ ထိန်းချုပ်နိုင်ပါတယ်လေ။
“မောင်”

အို သွားပြီ။ ကျွန်မ ကြောင်ပြန်ပါပြီ။ မောင့် ခန္ဓာကိုယ် ဆတ်ခနဲ တင်းသွားတာကို မြင်တော့ ညွတ်နူးပျော့ခွေချင်သည့် စိတ်တွေ အနည်းငယ် အမ်းသွားသည်။ ကျွန်မနှုတ်ခမ်းက ကိုယ့်ထက် ၅ နှစ်ခန့်ကြီးသော ရည်းစားဟောင်းကို “မောင်” ဟုခေါ်သတဲ့။ မောင် ကျွန်မကို ကြည့်မနေဘဲ ဗလာ ကျင်းထားသော စားပွဲကိုသာ စူးစိုက်၍ ကြည့်နေသည်။ ထို့နောက်...
“မင်း ရူးနေလား”

နေပါစေတော့ကွယ်။ မောင် အထင်သေး လျှင်လည်း ရှိစေတော့။ မောင် ပြောသလို ကျွန်မ ဘက်က ထုချေပြရတော့မည် မဟုတ်လား။ ထားပါစို့။ ကျွန်မ ထုချေချက် အတွက် မောင် နောင်တရိပ်လေး တွဲခိုသွားသည် ဆိုဦးတော့။ ကျွန်မ ကကြိုးပျက်ခဲ့တာ တန်ပါပြီလေ။
“မောင် ကျွန်မနဲ့ ပတ်သက်ပြီး ခံစားမှု တစ်ခု တလေ မရှိတော့ဘူးတဲ့လား”

“ထင်တာပဲ“

''Pourquoi''
ကျွန်မက ဘာဖြစ်လို့လဲ မေးလိုက်သော်လည်း မောင့်နှုတ်ခမ်းတွေ တွန့်ကြေ သွားတာကိုသာ အဖြေတစ်ခု အဖြစ် ပိုင်ဆိုင်လိုက်ရသည်။
“မောင်ဟာလေ တကယ်တော့ မောင် ပါရီကို ထွက်သွားခဲ့တာ မှားတယ် သိလား“

“ဘာ”

မောင့်အော်သံက အနည်းငယ် တင်းမာသွား ၍ ကျောင်းသူ တချို့ မသိမသာ အကဲခတ်သွား ကြသည်။ ကျွန်မ၏ မောင်က ဒေါသကြီးဆဲပါပဲ။
“ငါ ဘယ်တော့မှ မမှားဘူး။ အထူးသဖြင့် မင်းလိုသစ္စာ မရှိတဲ့ မိန်းမနဲ့ ဝေးကွာသွားရတဲ့ အတွက် ငါ့ကိုယ်ငါ မှန်တယ်လို့ ယူဆတယ်”

“နေပါဦး မောင်ရဲ့။ ဘာတစ်ခုမှစုံစမ်း မသွားဘဲ ကျွန်မ အမှားလို့ချည်း သတ်မှတ်ခဲ့တာ မောင် တရားသလား”

မောင့်မျက်ဝန်းတွေက စောစောပိုင်းကနှင့် မတူဘဲ ခက်ထန်နေသည်။ တဆိတ် ကျေးဇူး ပြီး...။
“မင်းက ငါကို ကျောရရုံကြံတာကိုး”

“မောင်က ပြောင်းပြန်တွေ ပြောတတ်သားနော်”

“အမှန်တော့ မာမီပြောတာ အစောကတည်းက ကိုယ် လက်ခံခဲ့ဖို့ ကောင်းတယ်။ မင်းက ချစ်သူ အဖြစ်တောင် လက်မတွဲသင့်တဲ့ မိန်းမဆိုတာ ကိုလေ”

'' Je ne compxends Pas ''
“မင်း တကယ် နားမလည်တာလား။ လွန်ခဲ့တဲ့ လေးနှစ်ကျော်က အင်္ဂါနေ့လယ်ခင်း တစ်ခုမှာ မင်းလက်မှတ် တစ်ခုကို ပိုင်ဆိုင်ခွင့် ရဖို့ တရားရုံးမှာ တစ်နေ့လုံး ငေါင်နေတဲ့ ကိုယ့်ဖြစ်အင်ကို မင်းမြင် သွားခဲ့သလား”

“Non မဟုတ်သေးဘူး မောင်ရဲ့”
“အေးလေ၊ မင်းက ဆေးကျောင်းသူ ဖြစ်နေခဲ့ပြီကိုး။ ဘယ်စွန့်လွှတ် ချင်ပါ့မလဲ။ မင်းဂုဏ်သိက္ခာတွေ အတွက် မင်း ကိုယ့်ကို ရိုက်ချိုးပစ်ခဲ့တယ်။ မာမီတို့ သဘောမတူတဲ့ကြားက မင်းနဲ့ ခွဲရမှာစိုးလို့ လက်ထပ် သွားချင်တဲ့ ကိုယ့်ဆန္ဒတွေကို တစ်စစီဖဲ့ခြွေခဲ့တယ်။ အဲဒီနေ့က မင်း မလာဘူး။ မင်းဟာ သစ္စာမရှိတဲ့မိန်းမ”

ကျွန်မနှင့်မောင် တော်တော်လေးကို လွဲချော်သွားခဲ့ပြီ။ ကျွန်မ ယုံကြည် ထားတာ မောင်က ကျွန်မကို နောက်တစ်နေ့ လာတွေ့လိမ့်မည်ဟုသာ။ အမှန်တော့။
“အမှန်တော့ မောင်၊ အဲဒီနေ့က”

ကျွန်မ ညာဘက်ခြေထောက်နားမှ လုံချည်စကို ဆွဲမည်ပြုစဉ်မှာပင်။
“မောင်“

'' Sophie ''
အမျိုးသမီး တစ်ယောက်၏ မောင်ဟု တမ်းတလိုက်သံမှာ ပြင်သစ်သံဝဲ နေကြောင်း အလျင်အမြန် နားလည်လိုက်သည်။
အို... ဘုရားရေ...။ သူမ...။
Sophie ဆိုတာ ကျွန်မ၏ ပြင်သစ်ဆရာမ။

သူမက ရင်းနှီး သွက်လက်စွာပင် ကျွန်မ နံဘေးက ခုံလွတ်မှာ ၀င်ထိုင် လိုက်သည်။ ဘယ်လိုမှ ဆက်စပ်၍ မရသည်က ပြင်သစ်မက မြန်မာအမျိုးသား ကို မောင်ဟု ခေါ်သတဲ့။ အင်း။ ကျွန်မ နားကြားလွဲတာဖြစ်မည်။
“မောင်၊ Je suis de'sole' ”
ဆရာမက မောင်ဟု ပီပီသသ ခေါ်ပြီး တစ်စုံတစ်ခု အတွက် တောင်းပန် လိုက်တာဖြစ်မည်။ ထိုတစ်စုံ တစ်ခုက ဘာလဲ။ ကျွန်မ မောင်ရှေ့မှာ ရှိနေခြင်း အတွက်တဲ့လား။

“မင်း ဒီမှာ Class ရှိတယ်ဆိုတာ ကိုယ့်ကို Sophie ပြောပြတာ”

“သူက ဘာလို့ မောင့်ကို”

“ဟေး... မင်း သူ့ရှေ့မှာ ကိုယ့်ကို အဲသလို မခေါ်နဲ့လေ”

“ဘာလို့လဲ”

မောင် နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ မောင့်အပြုံးမှာ ရက်စက်မှု တစ်ခု တွဲလဲခို နေကြောင်း ကျွန်မ မြင်သည်။ မဟုတ်နိုင်ပါ။ မောင်က ပန်းနုရောင် စာအိတ် တစ်ခုအား ကျွန်မဆီ ကမ်းပေးလိုက်သည်။ တဒိတ်ဒိတ် ခုန်နေသော ရင်ကို မသိကျိုးကျွန်ပြုရင်း တုန်ခါနေသော လက်တွေ၏ လှုပ်ရှားမှုနောက်... သေသပ် လှပသော ကတ်လေးတစ်ခု။

“မောင်အာကာနှင့် မဆိုဖီမေဦး”

ဆိုဖီ.. ဆိုဖီက ကျွန်မနံဘေးရှိ အမျိုးသမီးလေ။ ဘယ့်နှယ်လုပ်ပြီး။ ထို့နောက် အခြေအနေကို ရုတ်ခြည်း နားလည်လိုက်ချိန် ဆရာမ၏ အပြုံးနှင့် ထိပ်တိုက် တိုးသွားသည်။
“ကိုယ် ဆိုဖီ့ကို လက်ထပ်ဖို့ အတွက် မြန်မာပြည်ကို ပြန်လာခဲ့တာလေ။ ဘယ်လိုလဲ၊ မင်းဆရာမရဲ့ မြန်မာ နာမည်က လှတယ် မဟုတ်လား။ ကိုယ်တို့ နောက်တစ်ပတ်လောက် လက်ထပ်ပြီးရင် ပါရီကိုပြန်မယ်။ မင်းကိုဖိတ်ဖို့ အတွက် ခက်ခက်ခဲခဲ လိုက်ရှာစရာ မလိုဘဲ ကိုယ်ယုံထားခဲ့သလိုAlliance မှာ မင်းရှိနေတယ်”

“မဟုတ်ဘူးလေ။ မဟုတ်”

သတိထားဦးမှပေါ့။ ကျွန်မ အမူအရာတွေ ပျက်ယွင်းစ ပြုပြီ။ ထင့်။ ကြောင်ဦး မှာလားကွယ်။ ကျွန်မက မောင်နဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ကြောင်ပြရဦးမှာလဲ။

“ကိုယ်တို့နှစ်ယောက် ပါရီမှာ ကတည်းက ဆုံဖူးတာပါ။ သူက မြန်မာပြည်ကို ချစ်သလို ကိုယ်ကလည်း ပြင်သစ်တွေကို ချစ်တယ်”

“ဘာဆိုင်လို့လဲ”

ဆို့နင့်စွာ မျိုသိပ်ထားသော ကျွန်မလည်မျို တွေဆီ မောင့်အကြည့် မရောက်ခဲ့ချေ။ မောင် ပြင်သစ်စာ သင်ယူခဲ့တာ ပြင်သစ်မ တစ်ယောက်နဲ့ လက်ထပ်ဖို့ အတွက်လား။ ဒါအတွက်များ အလွန် လှပခက်ခဲသည့် ဘာသာစကား တစ်ခုအတွက် မောင့်သက္ကရာဇ်တွေကို ကုန်ဆုံးစေခဲ့ တာလား။
“ဆိုင်တယ်လင်း။ သေချာတာကတော့ သူ ကိုယ့်ကို ဘယ်တုန်းကမှ သစ္စာ မဖောက်ခဲ့ဘူး”

သွားပြီ။ ကျွန်မ မျှော်လင့်ထားတာတွေ ဘာ တစ်ခုမှ အစရှာ မရတော့ ။ မောင်က ကျွန်မကို သည်နေ့လိုမျိုး အခြေအနေနဲ့ ကြုံရဖို့ အချက်ကျကျ စီစဉ်ခဲ့တာပဲ။ မောင့်စီစဉ်မှုတွေ ဘယ်လောက်ထိ အံဝင် သွားခဲ့ သလဲဆိုရင် ကျွန်မနှုတ်ခမ်းတွေ ပထမဆုံးအကြိမ် အဖြစ် ဟန်ဆောင်ကောင်းစွာ ညွတ်ကျိုး သွားခဲ့ပြီ။ မောင် ကျွန်မကို သေသပ်စွာ ကလဲ့စား ချေလိုက်တာပါ။
“မောင် နိုင်ပါတယ်”

ကျွန်မ စကားကြောင့် မောင့်အပြုံးတွေမှာ အတ္တတွေ ဖိတ်လျှံကျကာ ပိုမို တောက်ပ သွားသည်။
''merci,Lynn...merci beaucoup''
ကျေးဇူးပဲ ဟု မောင် ပြောသတဲ့။ ခနဲ့သံ အဆုံးမှာ ကျွန်မဟာ ကျွန်မ မဟုတ်တော့ဘူး မောင်။ ရုတ်တရက် ထရပ်လိုက်တော့ ဆိုဖီက အပြစ်ကင်းစွာ နှစ်လိုဖွယ် ပြုံးပြသည်။ သည်အခြေ အနေတွေကို သူမ နားလည်ပုံမရချေ။
''Lynn,a mercredi''
သြော်... ဗုဒ္ဓဟူးနေ့မှာ လက်ထပ်ကြမည် ပေါ့။ သူမ ပြုံးရွှင်စွာ နှုတ်ဆက်သည်။
''Au revoir, professeur''
ကျွန်မ မျက်ရည်တွေ စို့ချင်လာပြီ။ နှုတ်ဆက်ရင်း ခြေထောက်ကို သတိထားရန် သူမ ကျွန်မကို လှမ်းပြောသည်။ မောင်က ပြင်သစ်လို သူမကို လှမ်းမေးလိုက်သည်။ ကျွန်မ နားမလည်သော ဝေါဟာရတွေ သက်ဝင်နေသည်။ ထို့နောက် အားတင်းရင်းက မြက်ခင်းပေါ် ဖြတ်လျှောက်ဖို့ ခြေလှမ်းတွေကို အသက်သွင်းလိုက်သည်။ ညာ ဘက်ခြေကို အရင်အားပြု... ထို့နောက် ဘယ် ဘက်။ ထိန်းလျှောက်နေသည့်ကြားက ညာဘက် ခြေထောက် နစ်ဝင် သွားတာကြောင့် ပိုမိုနာကျင် ရသည်။

မြက်ခင်းပေါ် ရောက်ပြီ။ ခုနေ ကျွန်မ ခြေထောက်တွေကို သူ စိတ်ဝင်စားမှာ အသေအချာပေါ့။ Taxi တစ်စီး အမြန်ငှားနိုင်ဖို့ လမ်းလျှောက် နှုန်းကို မြှင့်တင်လိုက်သည်။
“ဟေး မင်းခြေထောက် ဘာဖြစ်နေတာလဲ”

မျက်ဝန်းတွေေ၀၀ါးသွားတော့မှ မျက်ရည်ကျမှန်း သိရသည်။ ခပ်လှမ်းလှမ်းမှ သူ့အော်မေး လိုက်သံကြောင့် တုန်ယင်သွားသည်။
“ဟေး လင်း ဘာဖြစ်တာလဲ၊ ကိုယ့်ကို ပြောသွားဦး”

အသံ၏ နှိပ်စက်ခြင်းက ကြီးမားလိုက်တာ။ တက္ကစီတွေက သည်ညနေမှ ရှားရ သလားကွယ်။ ဘုရားရေ။ သူ ပြေးလိုက်လာပြီ။ တက္ကစီထိုး ဆိုက်ချိန်နှင့် သူပြေးလိုက်လာချိန် တိုက်ဆိုင်သွား သည်။ ဟင့်အင်း မျှော်လင့်ချက်တွေ တစ်စစီဖဲ့ ခြွေခံလိုက်ရတဲ့ မိန်းမတစ်ယောက်ဆီက နောက်ထပ် ဘယ်လို အရှုံးမျိုးကိုများ မျှော်လင့်ထားလို့လဲ မောင်။

အင်္ဂါ နေ့လယ်ခင်း တရားရုံးကို အသွားမှာ မြောင်းထဲ ပြုတ်ကျသွားတဲ့ ညာဘက် ခြေထောက်ရဲ့ ခွဲစိတ်မှု အကြောင်း၊ နဂိုထက် တိုသွားတဲ့ ခြေထောက်အကြောင်း၊ နောက်ပြီး ကျောင်းတစ်နှစ် နားလိုက်ဖူးတဲ့ မိန်းမတစ်ယောက် အကြောင်း စိုး စဉ်းမျှ သိမသွားခဲ့သူ အတွက် ကျွန်မ ရရှိလိုက် သည်က ရက်စက်စွာ နင်းခြေခံရခြင်း တဲ့လား။

မောင့်ကိုတော့ ကံကြမ္မာ၏ အနှေးပြကွက်တွေ အကြောင်း တစ်နေ့နေ့မှ ရိုးစင်းစွာ သိစေချင် ပါသည်။ အိပ်မက်တွေကို တပ်မက်ဖူးသည့်၊ အိပ်မက်တွေထဲ ရုန်းကန်ဖူးသည့်၊ အိပ်မက်တွေထဲ ခမ်းနားစွာ ပျော်ဝင်ဖူးသည့် ကျွန်မ။ အဲသည်အိပ် မက်တွေကိုပဲ နှမြောတသစွာ စွန့်လွှတ်ခဲ့ပြီးပြီ။
အိပ်မက်မှ ဝေးကွယ်ပြယ်လွင့် ချိန်မှာတော့ နာကျင်နေသော နှလုံးသားကို ကျွန်မကိုယ်တိုင် ဆွဲနုတ်ပစ်နိုင်ခဲ့ ပါသည်။

လင်းစက်နွယ်

No comments:

Post a Comment