ပို့စ်သင်္ကြန်


၁။
မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ...

လန်းဆတ်သည့် နှစ်သစ်ကူး အခါသမယအား ပြန်လည် တမ်းဆွတ် နေမိစဉ်တွင် သင်္ကြန် မိုးရေစက်တို့၏ နောက်ကွယ်က ဒဏ်ရာတွေ အကြောင်းလည်း သတိ ရမိသွားတော့သည်။ သင်္ကြန် တွင်းတုန်းကတော့ သင်္ဃန်းကျွန်း ဆေးရုံကြီး၏ သားဖွားမီးယပ် ဆောင်ထဲမှာ တိတ်တခိုး မျက်ရည် လည်ရင်းသာ သင်္ကြန်ကို ကုန်ဆုံးခဲ့ရဖူးသည်။

သင်္ကြန်က မိမိအတွက် ဘာအဓိပ္ပာယ်များ ရှိလိုက်ပါသလဲ။ ပုထုဇဉ် ပီသစွာပင် အနည်းငယ် ဖြစ်စေ သင်္ကြန်ရေ စိုချင်မိသည်ပေါ့...။ နောက်ဆုံးတော့လည်း ဟောက်ဆာဂျင် ကလေးများ ကျီစယ်လိုက်သော ရေတစ်ပြောက်၊ နှစ်ပြောက် ခန့်ဖြင့်သာ ဆေးရုံ၌ အကျဉ်းရုံး သင်္ကြန်လေး ဖြစ်ပွားခဲ့ရသည်သာ။ နှစ်ဆန်းတစ်ရက် မတိုင်မီအထိ ဘယ်တစ်ရက်ကများ ကျွန်မအတွက် အခွင့်အရေး ပေးလာလိမ့်မည်ဟု မျှော်လင့်မိမြဲ။

“ဗိုက်တွေနော်၊ သည်ဗိုက်တွေကို တစ်ဗိုက်ချင်းစီ သော့ခတ် ထားပစ်ချင်တယ်”
တိုက်ဆိုင်တာ ပေပဲလား။ သင်္ကြန်ရက် ဆိုမှဖြင့် ၀ှီးချဲပေါ် မသက်မသာ ရောက်လာသည့် လူနာတွေက မွေးလူနာတွေ ဖြစ်နေလေတော့ မေသင်္ကြန်၊ မောင်သင်္ကြန်လေးတွေ လောကကြီးထဲ ရှောရှောရှူရှူ ထွက်လာဖို့ နှစ်ပေါင်းမည်မျှ ကြာအောင် ဆေးရုံပေါ် အိမ်စောက် ခဲ့ရပြီးပြီလဲ။ တွေးမိတိုင်း အသည်းကတော့ တစ်ချက်လောက် အောင့်ရပါသည်။

“အူဝဲ”

သံရှည်ဆွဲ အော်ဟစ်လိုက်သံက ဆေးရုံ အပြင်ဘက်ရှိ ရေစို နေကြသူများနှင့် အပြိုင်။ ကိုယ့် ဘ၀ကိုယ် ဘယ်လိုနည်းနှင့်မှ မပိုင်တော့ပါဘူးဟု ယူကျုံးမရ ဖြစ်မိသည့် ပြန်လဲယူ မရနိုင်သော ဆရာဝန် တစ်ယောက်၏ဘ၀၊ ထိုထက် ဆိုးရွားသည်က ဘွဲ့လွန် ဘာသာရပ်အား သားဖွားမီးယပ် အထူးပြု ဖြစ်ခဲ့ သည်ကိုက မဟာအမှား ဖြစ်သွားခဲ့ပြီ။ သို့ရာတွင် ဆည်းလည်းသံ ပမာ “အူဝဲ”ဟု အော်မြည် လိုက်သံလေးတွေကြောင့်သာ သက်ပြင်းတွေ ညင်သာ ခဲ့ရသည်။

“လက်ျာတို့များနော်၊ မွေးခါနီး စိတ်မရှည်ဘူး။ ကလေးလည်း ထွက်ပြီးရော ရုပ်ရော အသံပါ ချက်ချင်း ပြောင်းသွားတာ”

ဘွဲ့လွန် အတူတက်ခဲ့သည့် သူငယ်ချင်း ဟေမာက ဖွင့်ဟတော့ ကျွန်မ ထောက်ခံ လိုက်ပါသည်။ ဟေမာက ဘွဲ့လွန်အတူ တက်ခဲ့ဖူးရုံ မက ဆေးတက္ကသိုလ် ၂ ကျောင်းသူ ဘ၀ကတည်းက ရင်းနှီးသော သူငယ်ချင်းတွေ ဖြစ်လေတော့ ကျွန်မ ၀မ်းနာအား ဟေမာပင် သိကျွမ်းခဲ့ဖူးသည်။ ထို့ကြောင့် သင်္ကြန် ရောက်ပြီဆိုလျှင် ဟေမာက ကျွန်မ နား၌ အရိပ် တကြည့်ကြည့်။

သင်္ဃန်ကျွန်း ဆေးရုံးကြီး ဆီမှာ ကျွန်မ ခိုဝင် နားခဲ့သည့် နှစ်အရေအတွက်က ဆယ်စုနှစ် တစ်ခု စာကျော်ရစ်ခဲ့ပြီ။ ကျွန်မ တွယ်တာသော ဆေးရုံ ကြီးဆီမှာ ကျွန်မအတွက် ပညာ ဆည်းပူးခဲ့ဖူးသလို မြောက်မြားစွာသော အသက်တွေကို ကယ်တင် ခဲ့ဖူးပြီ။

“ဆရာမ ကိုယ်တိုင် ကျွန်မကလေးကို နာမည် မှည့်ပေးပါ”
ဟု တောင်းဆိုဖူးသူတွေကြောင့် စိတ်လွတ် လပ်ပေါ့ပါးစွာ ပေးမိလိုက်သော နာမည်လေး တွေအား ခုချိန်ထိ မှတ်မိနေဆဲ ဖြစ်ရသည်။ အထူးသဖြင့် သင်္ကြန်ရက်အတွင်းက မွေးဖွား ပေးခဲ့ဖူးသော ကလေးများအား ပိုလို့ အမှတ် ရမိသည်။ မေသင်္ကြန်၊ ဧပြီမိုး၊ မိုးစက်ခင်၊ သင်္ကြန်အေး၊ သင်္ကြန်ပြည့်စုံ၊ အို- စုံမှစုံလင် လွန်းလှတော့။

ပင်ပန်းလွန်း အားကြီးသည့် အခိုက်အတန့် တွေထဲ သူတို့ ကလေးတွေကို နာမည် မှည့်ပေးဖို့ ထပ်မသွားဖို့ ရေးမှတ် စီစဉ် ရတာကလည်း ကျွန်မ အတွက် သင်္ကြန်က ပေးသည့် တာဝန်တစ်ခု ဖြစ် နေသေးသည်။ မြူးကြွသည့် တေးသံနှင့် ပိတောက်ဖူးစိုရုံ ဖျန်းပက်ခဲ့သော သင်္ကြန်မိုးရေ စက်တွေ လွင့်ပြယ်သွားပြီ ဆိုလျှင်ဖြင့် အိုဂျီအားလုံး ကြောက်လန့် နေရတော့သည်။ သင်္ကြန် ဆိုတာက ဒဏ်ရာကိုလည်း မွေးဖွား ပေးတတ်သည် မဟုတ်လား။

၂။
“သည်အချိန် ရောက်လာရင်ကွယ် ကိုယ်တို့ လက်တွေ ခြစ်ခြစ်လာတယ်”

ဟေမာ အရွှန်းဖောက်လိုက်သည့် အခါ သမယမှာ အမှန်တကယ်ပင် ကျွန်မတို့ ဆေးရုံ၌ အခြစ်ဇာတ် ခင်းနေချေပြီ။ အရင်ကမှ တဖွဲဖွဲနှင့် လူနာတွေ ရောက်လာရသည့် အထဲ သင်္ကြန် ပြီးဆုံးရက် အပတ် အနည်းငယ် အတွင်းမှာတော့ မတွေ့ချင်ဆုံး အမျိုးအစားတွေမှာ အခြစ် လူနာများ ပင်ဖြစ်သည်။

ရောက်လာသည့် ပုံစံက ညင်သာ နူးညံ့စွာ ဆိုက်ရောက် လာတာမျိုး မဟုတ်။ သေမင်းအား လက်ချိတ်လျက် ပိုးဆိပ်သင့် လက်လွန်ပြီး မရှူ နိုင် မကယ်နိုင် ပုံစံမျိုးဖြင့် ရောက်လာတာမျိုး။ သည်ကြားထဲမှာ ရောဂါ ရာဇ၀င် မေးလိုက်တော့ အတော် အူကြောင်ကြောင်နိုင်သည့် အဖြေမျိုး ကြောင့် ဒေါသ ထွက်ဖူးတာလည်း အကြိမ်ကြိမ်။

“သူက ကျွန်မ ညီမလေးပါ ဆရာမရယ်။ ဖြစ်ချင်တော့ အဲဒီနေ့က သူ့ယောက်ျား နယ်ထွက် သွားတယ်။ အဲတော့ သူ့အိမ် ကျွန်မက လိုက်သွားရော ဖြစ်ချင်တော့.....”

“မေးတာဖြေပါ၊ ရှင့်လူနာရှော့(ခ်) ရနေ တယ်။ ရှည်ရှည်ဝေးဝေးတွေ မပြောပါနဲ့။ အချိန် လုံးဝ မရဘူးလေ”

ဆရာဝန်တွေ ဆေးရုံပေါ်မှာ သည်လိုလူနာ တွေအတွက် ဘယ်လောက် ရေးကြီးခွင်ကျယ် စွန့်စား နေရသလဲ သဘော မပေါက်ကြသူများ ကတော့ အော်ဟစ် နေတာကိုသာ မြင်ကြသည်။ နိုင်ငံတကာရော ကမ္ဘာ့ အဆင့်မီ သားဖွားမီးယပ် စာအုပ်ကြီးတွေထဲမှာ ပြဋ္ဌာန်းထားတာသည် “Shout for help“။ ထိုအချိန်၌ ၀ါ့(ဒ်) ထဲတွင် ရနိုင်သမျှ လူစုနှင့် အပြေးအလွှား အလုအယက် အသက်ကယ်ဖို့ စွန့်စားကြရသည်သာ။ လူနာ ရှော့(ခ်)ရနေသည့် အခိုက်အတန့် အတွင်း မှန်ကန် သော ရောဂါ ရာဇ၀င်မှလွဲ၍ ကျွန်မတို့သည် တခြားဘာကိုမှ စိတ်မ၀င်စားပါ။

သည်အချိန်မျိုးမှာ “ညီမရဲ့ ညီမလေးက ဘယ်လိုဖြစ်လို့ သည်လိုပုံစံ ဖြစ်သွား ရပါသလဲ” ဟု ညင်သာ လွန်းနေလျှင်တော့ သေမင်းက အလစ် ၀င်တော့မှာ ဖြစ်သည်။ သေမင်းနှင့် ဆရာဝန်သည် စက္ကန့် လက်တံများအား တစ်ချက်မျှ မျက်ခြည် ပြတ်သွားလို့ မရနိုင်သော ပြိုင်ဘက်များဖြစ်သည်။

“ဟုတ်ကဲ့ပါ ဆရာမ၊ မညာပါဘူး။ ရထားပေါ်က ပြုတ်ကျတာပါ”

“မညာနဲ့နော်၊ ဒါ ကျွန်မညီမ မဟုတ်ဘူး။ ရှင့်ညီမ၊ တစ်ခုခု ဖြစ်သွားရင် ရှင့်ညီမသာ ဖြစ်မှာ။ ရထားပေါ် ရထား မောင်းနေလျက်က ပြုတ်ကျပြီး ဗိုက်တစ်ခုတည်းကိုသာ ရွေးချယ် ထိတယ်ဆိုတဲ့ အကြောင်းပြချက်ကို ရှင်ဘယ်လို အတွေးအခေါ်မျိုးနဲ့ တွေးလိုက်ပါလိမ့်”

ထိုအခါမှ တုန်လှုပ်သော အကြည့်ဖြင့် အမှန်တရားအား မချိတင်ကဲ ထွက်ဆိုလေတော့သည်။
“ဟုတ်ပါတယ် ဆရာမရယ်၊ လက်သည်နဲ့ ကြံမိကြံရာ ကြံလိုက်ရတာပါ” ဆိုတာမျိုး။ လူနာ တွေက အတော် ဆိုးရွားတာတွေလည်း ပါသည်။ သူတို့ စိတ်ထဲ၌ ဆရာဝန်တွေကို ညာဖို့က အရင်။ အသက်ဟူသမျှ ဆေးရုံရောက်လျှင် မသေဟု များ တထစ်ချ ခံယူထားကြလေသလား။ အဆိုးဆုံး အဆင့် “Irreversible Shock”၊ “ပြုပြင်၍ မရနိုင် တော့သော ရှော့(ခ်)” ၀င်ပြီ ဆိုလျှင်တော့ မျက်ရည်မိုး ဖြိုင်ဖြိုင် ရွာချပြတော့သည်။

ကိုယ်ဝန် ဖျက်ပြီးသည်မှာ ငါးရက်ခန့် ရှိပြီ။ သည်အတောအတွင်း အိမ်မှာ အပြင်းဖျားပြီး ဗိုက်တစ်ပြင်လုံး မခံမရပ်နိုင်အောင် အောင့်နေသည်။ ထိုအထိ ထောင်ကျမည် စိုးသောကြောင့် ဆေးရုံသို့ ခေါ်မလာသေး။ ပိုးဆိပ်ပျံ့နှံ့ပြီး အလွန် အစွမ်းထက်သော ပဋိဇီဝ ဆေးတွေဖြင့်ပင် ချေမှုန်း မရနိုင်တော့သော နောက်ဆုံး အဆင့်ကျမှ ထောင် ကျမှာ မကြောက်တော့ဘဲ ပေါ်လာတော့သည်။

ဖြုတ်ခနဲ ကြွေလွင့် သွားတာကိုပင် လူနာရှင် တွေက ဆရာဝန်တွေ၏ အပြစ်လိုလို မကျေမနပ် မျက်စောင်း ခဲသူကခဲ၊ တောက်ခေါက်သူက ခေါက်၊ အံကြိတ်သူက ကြိတ်၊ တိုင်သူကတိုင် သောင်းကျန်းကြလေတော့သည်။ သူတို့တွေ ဘယ်လောက်များ ယေဘုယျ ဆန်လိုက်သလဲ ဆိုလျှင် ဆရာဝန်တွေက လူနာ တစ်ယောက်ကိုမှ မသေစေရ ဆိုသလိုမျိုး ဖြစ်သည်။

“သူတို့ကိုယ်တိုင် လုပ်ခဲ့တဲ့ ကိစ္စ သူတို့ ဘာသာ ဖြေရှင်းပါလား။ ဒါမှမဟုတ် ဆေးရုံကို အချိန်မီ လာကြပါလား။ သေမင်းလက်ထဲ ၉၉ ရာခိုင်နှုန်း ရောက်နေတော့မှ ငါတို့ ကြိုးစားနေလျက် သေသွားတာကျ မကျေနပ်ကြဘူး။ ဖျက်ပေးတဲ့ လက်သည်ကျ ကျေးဇူး အလွန်တင်”

ဟေမာသည် ထိုကိစ္စမျိုးနှင့် ပတ်သက်ပြီး အမြဲတစေ ဒေါသ ထွက်ရသူဖြစ်သည်။ လူနာဆို တာမျိုးက လိုချင်ကြတာပဲသိသည်။ လိုက်နာ ကျင့်သုံးဖို့ရာ ဝေးစွ။ ခုခေတ် ကိုရီးယား ကားတွေ ခေတ်စား လာလို့ပဲလား။ ထစ်ခနဲရှိ တိုင်မယ် ဆိုတာချည်း။ သူတို့ တိုင်ချင်သည့် ဆရာဝန်က ဘယ်အတိုင်းအတာထိ သမားကောင်း ဖြစ်ခဲ့ဖူး သလဲ။ ဟစ်ပိုကရေးတီး ကျမ်းကျိန်စာအား ဘယ်ရွေ့ဘယ်မျှ လိုက်နာကျင့်သုံး ခဲ့ဖူးသလဲ။ ထို့နောက် ထိုဆရာဝန်က သူတို့ လူနာတွေ အတွက် အချိန်နှင့် လုပ်အား ဘယ်လောက်ထိ ပွန်းပဲ့စေခဲ့ဖူးသလဲ။

ဒါတွေကိုတော့ ကိုကိုတိုင်၊ မမတိုင်များ တစိကလေးမျှ နားမလည်ဖူးသော၊ နားလည်၍လည်း ဘယ်တော့မှ ရမည်မဟုတ်သော၊ နားလည်ရန် ကြိုးစားမည်လည်း မဟုတ်သော အရာများသာ ဖြစ်လေတော့သည်။ ဆယ်တန်းအောင် လက်မှတ် တစ်ခုဖြင့် တက္ကသိုလ်လျှောက်လွှာနေရာ၏ အမှတ်စဉ် ၁ ၌ ဆေးတက္ကသိုလ်ဟု ရဲဝံ့စွာ လျှောက်လိုက်မိ သည့်နေ့မှစ၍ တစ်သက်လုံး ကျွန်မတို့သည် ဆရာဝန်များသာ ဖြစ်သည်။ ထို့အတူ ထို့နေ့မှစ၍ ကျွန်မတို့သည် ကိုယ်ပိုင်သည့် အရာဟူသမျှ စွန့်လွှတ်ပစ် လိုက်ရပြီဆိုတာ ပြန်ပြင်ခွင့်မရ လောက်အောင် ခရီးတစ်ဝက် ကျိုးမှ ရိပ်စားမိခဲ့ပြီ။ ဆေးကျောင်း တက်ကတည်းက အချိန်ပေါင်း များစွာ၊ ငွေကြေးများစွာ၊ ကိုယ်ပိုင် လွတ်လပ်ခွင့် များစွာ၊ တခြားတခြား အိပ်မက်များစွာ စွန့်လွှတ်ရင်း ပင်ပန်း ဆင်းရဲမှုအား ထိမ်းမြားကြရသည်။

ဗိသုကာ ပညာရှင် သူငယ်ချင်းအား အားကျ မိစဉ်တွင်တော့ ကျွန်မ မှီတွယ်ထားသော နံရံအား ဘယ်လိုနည်းနှင့်မှ မစွန့်လွှတ် နိုင်တော့ပါ။ ဆင်း ရဲမှုထဲ နေသားကျစွာပင် ရင်ခုန်ရပါသည်။
“နင့်မှာလည်း ပင်းပန်းလိုက်တာ လက်ျာရယ်၊ အစကတည်းက နင်သာ အာခီတက် လုပ်ခဲ့ရင်”

“အား- တော်တော် လင်း၊ ငါ့ဘ၀ ငါ ရင်ခုန်တယ်။ ငါ ကျေနပ်တယ်”

သူငယ်ချင်း ကိုယ်တိုင် ဆောက်လုပ်ဒီဇိုင်း ဆွဲထားသည့် အိမ်ကလေး။ ကျွန်မ စိတ်ကူးထဲက အကြိမ်ကြိမ် လိုချင်ခဲ့ဖူးသော ပြင်သစ် ရနံ့တွေ ပေါင်းစုထားသည့် အိမ်ကလေးအား မြင်မိတော့ မုဒိတာ ပွားရသည်။

“နင့်အိမ်ကို ငါကိုယ်တိုင် ဒီဇိုင်းဆွဲပေးပါ့မယ် လက်ျာရယ်။ နင်က ပြင်သစ်ရနံ့ကို ချစ်တော့”

“အလကားလား”

“အလကားပေါ့ဟ”

ကျွန်မ အနည်းငယ် အူကြောင်ကြောင်နိုင်စွာ အသံထွက် ရယ်တော့ သူမပါ ဘုမသိ ဘမသိ လိုက်ရယ်သည်။
“အေးပေါ့ လင်းရယ်၊ နောက်အနှစ် နှစ်ဆယ် လောက်ဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်”
နောက်ထပ်တစ်ခါ အသံထွက်ရယ်တော့ လင်းက လိုက်မရယ်ပါ။

၃။
“NA ရောက်တယ်”

ထိတ်ခနဲ ဖြစ်သွားသော ရင်အစုံအား အသာ ဖိလျက် ကျွန်မနှင့် ဟေမာ တစ်ယောက်ကို တစ်ယောက် မပြောဘဲနှင့် နားလည်လိုက်ကြ၏။ လူနာအား မမြင်သေးခင်မှာပင် ဆိုးဝါးသော ကျွန်မတို့နှင့် နှစ်ပေါင်းများစွာ အသား ကျဖူးသော အနံ့တစ်ခု။ ထိုအနံ့၏ နောက်၌ကပ်လျက် လိုက်ပါလာသူ တစ်စုံတစ်ယောက်။ သေမင်း၏ အငွေ့အသက် မပြယ်နိုင်သော ညှီစို့စို့ ပုပ်ဟောင် ဟောင် အနံ့မျိုး။

ထင်သည့်အတိုင်း ပင်ပန်း ညှိုးလျော်စွာ သွေးမရှိသလို ဖြူဆုတ်နေသူ ကလေးမလေး။
“ဂိုင်နီ(Gynae) ပေးရှင့် ရောက်တယ်။ အင် ဂျူး(စ်) (Induced Abortion) ဟေ့၊ ရှော့(ခ်)နဲ့”

ဝါ့(ဒ်)ထဲ၌ ရနိုင်သမျှ လူထုအား စုစည်းလျက် ပထမဆုံး အနေဖြင့် အကူအညီ တောင်းရ တော့သည်။
“G & M (သွေးအုပ်စု ခွဲခြင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း)ဖောက်၊ Screening (ကူးစက်နိုင် သောရောဂါရှိ/မရှိ စစ်ဆေးခြင်း)လုပ်၊ လိုင်းချိတ်ယ်

ပြောရင်းက သွေးကြော ရှာရသည်။ အနည်းငယ် ပြားချင်နေသော၊ သိပ်မကောင်းတော့သည့် သွေးကြောများထဲ ခက်ခဲစွာ အပ်စိုက်၊ အရေးပေါ် သေတ္တာထဲမှာ ဆောင်ထားသည့် နော်မယ်(လ်) ဆေးလိုင်း (Normal Salind) ပုလင်းအား လူနာ၏ ဘယ်လက်ဖျံနှင့် ညာလက်ဖျံ နှစ်ဖက်ပြိုင် လျက်ကသွင်း။ အရေးပေါ် သွေးနှစ်လုံးတောင်း။ သည်အချိန်မှာ တစ်စုံတစ်ခု ခပ်သေးသေး အရာပဲ ဖြစ်ဖြစ် လွဲချော်သွားလျှင် သေမင်းက ပြက်ရယ် ပြုတော့မှာ ဖြစ်သည်။

ထင်သည့် အတိုင်းပင် သွေးပေါင်ချိန်သည် ဆိုးရွားစွာ ပြုတ်ကျနေခဲ့ပြီး သွေးခုန်နှုန်းကတော့ တစ်ဟုန်ထိုး မြန်နေခဲ့သည်။ ပုပ်ညှီနေသော အနံ့က မိန်းမ တစ်ယောက်၏ အင်္ဂါအစိတ်အပိုင်း ပိုးဝင် ရောင်ရမ်းခြင်းကို ညွှန်ပြနေသည်။ ကျွန်မသည် အခြေအနေကို အလွန် ကြောက်ပါသည်။ တစ်ခုခု ဖြစ်တော့မလို အာရုံမျိုး။ မဟုတ်ဘူး။ တစ်ခုခု ဖြစ်ခဲ့ဖူးသလို အထင်မျိုး။ ဘုရားရေ။ ကျွန်မ သူ့ကို တစ်နေရာရာမှာ ရင်းရင်းနှီးနှီး မြင်ခဲ့ဖူးပါရဲ့။ ဘယ်နေရာမှာ သိကျွမ်းဖူးပါလိမ့်။

“မာလာ”

ရုတ်တရက် ဆို့နင့်စွာ တမ်းတလိုက်သည့် အသိဝိညာဉ် တစ်ခုထဲမှာ သူမနာမည် ကပ်ငြိ လာသည်။ အဖြစ်အပျက်တွေ တိုက်ဆိုင်လွန်း သည်ဟု ဆိုရမလား။ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်မ တစ်ယောက်တည်း ထိုင်သည့် ဆေးခန်းသို့ သူမ လာပြခဲ့ဖူးသည်။ အနည်းငယ် ကပိုကရို ၀ဲကျနေသော ဆံနွယ်များအား သပ်တင်လိုက်တော့ သူမနဖူးပြင်ကျယ်၌ ခြစ်ကုတ် ဒဏ်ရာတွေ။

ထိုတုန်းကတည်းက မာလာနှင့် အတူ အရက်ခိုး ဝေနေသည့် မျက်ဝန်းများအား ယှဉ်တွဲ တတ်သည့် အကျင့်တစ်ခု ကျွန်မ၌ ပိုင်ဆိုင်ရ လာပြီ။ သူမ၏ ပြဿနာသည် “Domestic Violence” ဟူသော “အိမ်တွင်း အကြမ်းဖက်မှု”ဟု ပဲဆိုရမလား။ ညှဉ်းပန်းနှိပ်စက်မှု များစွာထဲ ပျော်ဝင် အသားကျနေတာကိုပင် သူမမှာ ကျင့်သားရ မထူးခြားတော့ သယောင်။

သုံးလခံ သန္ဓေ တားဆေးအား ပုံမှန် လာထိုးနေလျက်က သူမတစ်ယောက် လွတ်သွားသည့် အခါမျိုးလည်း ရှိ၏။ နီရဲနေသော အငမ်းမရ ရန်လိုနေသည့် သူမခင်ပွန်း။ ခင်ပွန်းဟုပင် မခေါ် ထိုက်သော သာမန်ထက် အများကြီး ယုတ်ညံ့ သိမ်ဖျင်းသည့် ယောက်ျားတစ်ယောက်အား ကျွန်မ အမုန်းဆုံး ဖြစ်ခဲ့မည် ထင်သည်။ ကျွန်မထံ မာလာ ဆေးလာ ထိုးတာကိုပင် သူ့အား ရဲတိုင်မည် အထင် နှင့် ခြိမ်းခြောက်ကလူ ပြုတတ်သူလည်း ဖြစ်၏။

“ကျွန်မ ကိုယ်ဝန်ရလို့ မဖြစ်ဘူး”

မာလာ အမြဲတစေ ကျွန်မရှေ့၌ ညည်းပြသည့် စကားဖြစ်သည်။ ထို့နောက် သူမ အကြာကြီး ပျောက်သွားသည်။ သင်္ကြန် မတိုင်မီ လပေါင်းများစွာ။ ပြန်ပေါ်မည့် ပေါ်လာတော့လည်း ကျွန်မ အတိတ်အား တူးဆွသည့် ပုံစံမျိုးဖြင့်။ ခဏနေတော့ အရေးပေါ် တောင်းထားသည့် သွေးအား သွင်းလိုက်ရသည့် အခိုက် မာလာအား လှမ်းကြည့်ဖြစ်တော့ ရယ်မြူးဟန် သူမ မျက်ဝန်းတွေ နှင့် တိုက်ဆိုင်သွားသည်။ ထိုမျက်လုံးမျိုးကို ကျွန်မ တစ်နေရာရာ၌ ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးသည်။ အဲဒီ မျက်လုံးမျိုး ဘယ်နေရာမှာ မြင်ခဲ့ဖူးလိမ့် မလဲ။

အခြေအနေ အားလုံး တည်ငြိမ်စ ပြုသည့် အချိန်မှာတော့ အရက်ခိုး ဝေနေသည့် မျက်ဝန်း တစ်စုံအား အပြာရောင် ကန့်လန့်ကာ နောက်၌ ဖတ်ရှုမိသွားသည်။ တောင်းပန် တိုးလျှိုးသည့် မျက်လုံးတွေလား။ ကျေနပ် အားရဟန် မျက်လုံး မျိုးလား။ မဟုတ်ချေ။ လောကကြီးသည် သူနှင့်ဘာမှ မဆိုင်တော့သယောင် ဗလာသက် သက် မျက်လုံးများပင် ဖြစ်သည်။

၎။
“သြော်- အချစ် ဇာတ်လမ်းတွေကြောင့် အခြစ် ပြဿနာ လုပ်နေရတယ်နော်”

သင်္ကြန်တွင်း လူငယ်ပီသစွာ လွတ်လပ် ပျံသန်းမြူးထူးခဲ့ကြသူလေးများ၊ လွတ်လပ်စွာ ကိုယ်ဝန်ရှိသွားသော ဖြစ်ရပ်အတွက် ဈေးပေါပေါနှင့် ခပ်လွယ်လွယ် နည်းလမ်းတစ်ခုဆီ ချဉ်း ကပ်လိုက်ကြတော့ အဖြေက အသက်ဆုံးရှုံးခြင်းသာ ဖြစ်လေကြောင်း သူတို့လေးတွေ တွေးမှတွေး တတ်ရဲ့လား။

“မိုးမိုးကို နင် သတိရမှာပဲနော်။ မာလာက တကယ်တမ်းတော့ ဆယ့်ကိုးနှစ်သာသာ ရှိသေးတာ။ Rtenage Pregnacy ကို လွယ်လင့်တကူ ဖျက်ဆီးချင်တာက တစ်ကြောင်း၊ ယောက်ျားကို အရွဲ့တိုက်ပြီး ခင်ပွန်း မဟုတ်သူ တခြားတစ်ယောက်နဲ့ အတူ နေပစ်တာက တစ်ကြောင်း၊ အင်း- ထုံးစံအတိုင်း သည်သင်္ကြန်မှာ ဖြစ်သွားရပြန်ပြီ”

ဟေမာက တွေးတွေးဆဆနှင့် ပြောတော့ မိုးမိုးအား ပိုလို့ သတိရဖြစ်သွားသည်။ လွန်ခဲ့ သည့် တစ်နှစ်က သင်္ကြန်ပြီးစ အချိန်လေးမှာ မိုးမိုး ဆေးရုံ တက်ရသည်။ မိုးမိုးက မာလာ့လိုတော့ အခြေအနေ မကောင်း။ မာလာက လက်မတင်လေး အချိန်မီ လိုက်၍ ရှင်ကျန်ရစ်သည်။ မိုးမိုး ဒုက္ခ ဘယ်လောက် ဆိုးသလဲဆိုလျှင် သူမ ဆေးရုံ ပေါ်စရောက်လာစဉ်၌ ဆရာဝန်တိုင်း ကြောက် သော DIC (Dissiminated Intravarular Coagulation) ၀င်နေခဲ့ပြီ။

ခန္ဓကိုယ်ရှိ သွေးကြောများမှ သွေးယိုစိမ့် ခြင်း၊ ပိုးဆိပ်ပျံ့နှံ့၍ဖြစ်သော ရှော့(စ်) (Septicaemic Shock)၏ နောက်ဆက်တွဲ ကြောက်စရာ ကောင်းလွန်းသော အဆင့်။ ထိုအဆင့်ရောက်မှ Do OR Die ဟူသော ခွဲစိတ် ဆရာဝန်တို့၏ ရွေးချယ်မှု။ အခြေအနေ လုံးဝ မဟန်နိုင်တော့သ လောက် မှာပင် ရှင်များ ရှင်သွားမလား ဟူသည့် ခပ်ယဲ့ယဲ့ မျှော်လင့်ချက်ဖြင့် ပုပ်ပွနေသော သူမ၏ သားအိမ်အား ထုတ်ပစ်ရသည်။ ၀မ်းခေါင်း အတွင်းမှာ မြောက်မြားစွာသော ပုပ်အဲ့အဲ့ ပြည်များ၊ ဆိုးရွားစွာ ရောင်ရမ်းနေသည့် ကလီစာ အစိတ်အပိုင်းများ၊ ပိုးသတ် သန့်စင်ထားသော ဆလိုင်းဖြင့် ၀မ်းခေါင်းအား သေချာစွာ ဆေးကြောပြီး ချိန်မှာတော့ ကျွန်မ ခြေကုန်လက်ပန်း ကျနေပါပြီ။

“နင့်ညီမ၀မ်းကွဲလေးဆို”

ထိုတုန်းက ဟေမာသည် ခွဲစိတ်ပြီးမှ အခြေ အနေအား ရိပ်မိသည်။ ကိုယ့်ညီမကိုယ် ခွဲစိတ် ရဲသည့် ဆရာဝန်မျိုး ဘယ်နှယောက်များ ရှိလိမ့်မလဲ။ အထူးကြပ်မတ် ကုသဆောင်ထဲ မိုးမိုးအား ကုသ နေစဉ်တွင်တော့ ဆေးရုံ ရောက်ခါစ ယိုင်နဲ့စွာ ရယ်ပြုံးဖူးသော မိုးမိုး မျက်လုံးများအား သတိ ရဖြစ်သွားသည်။ တစ်ခုခုကို အားရသည့် မျက်လုံးမျိုး၊ တစ်စုံတစ်ခုအား အနိုင် ရသွားလို့ ကျေနပ်နေသည့် မျက်လုံးမျိုး ဖြစ်သည်။

“ဒီဖစ်(Defibrillation) ထုမယ်”

ရပ်သွားသော နှလုံးအား ပြန်လည် နိုးထလာရန် လျှပ်စစ်ဓာတ်ဖြင့် ကြိုးစား ထုရိုက်ရဆဲ ကာလမှာပင် မိုးမိုး၏ အနိုင် မျက်လုံးများကို သတိ ရမိပြန်သည်။ မိုးမိုး ကျေနပ်သွားသည်။

“ကောင်လေးကို သူက အရမ်းချစ်တာ၊ ကောင်လေးက သူ့ကို ကျောရရုံပါ အစ်မရယ်၊ ထုံးစံအတိုင်း သင်္ကြန်မှာ သူတို့ လည်ကြတယ်။ အတူ နေမိကြတယ်။ ဖြစ်လာတဲ့ အရာကို ကောင်လေးက လုံးလုံးငြင်းတော့ ကောင်မလေးက ခြိမ်းခြောက်တယ်။ အလွယ်တကူ ရမယ့် နည်းလမ်းကို ရှာကြံလိုက်တော့ ကိုယ်ဝန်ဖျက်မိ သွားတာပေါ့”

မိုးမိုး၏ သူငယ်ချင်းမလေးက ကရုဏာ ဒေါသောဖြင့် ဖွင့်ဟခဲ့သည်။ မိုးမိုးက ကျွန်မနှင့် အလွန် ရင်းနှီးသော ၀မ်းကွဲညီမလေးဖြစ်ပေမယ့် သည်ကိစ္စမှာ ကျွန်မအား တိုင်ပင် ဆွေးနွေးခဲ့ဖို့ ကောင်းသည်။ EC ဟု အတိုကောက် သုံးနှုန်းသော အရေးပေါ် သန္ဓေတားဆေးကတ် အကြောင်း သူမ မသိဘဲ နေမလား။ ကျွန်မကိုယ်တိုင် ညီမ များအား စုစည်းလျက် မျိုးဆက်ပွား ကျန်းမာရေး အကြောင်း ပို့ချခဲ့ဖူးတာပဲ။

အဖြေမှာ သူမ ထိုဆေးလုံးများအား လုံးလုံး မသောက်ခဲ့တာသာ ဖြစ်သည်။ ကောင်လေးကို သည်းထန်စွာ ချစ်သော သူမဆီမှာ လက်စားချေ လိုမှုတွေ ရာခိုင်နှုန်းများစွာ စိမ့်ဝင် နေလိမ့်မည်။ ကောင်လေးက ငြင်းဆိုတော့ အမှန်တကယ်ပင် ဖျက်ချပစ်သည်။

ခြင်တစ်ကောင်ပင် မသတ်ဖူးသူ မိုးမိုးက ကလေး တစ်ယောက်အား လွယ်လင့်တကူ ဖျက် ချပစ်ဖို့ဆိုတာ တော်ရုံ အတွေးမျိုးနှင့် ဟုတ်ဟန် မတူပါ။
“သူ နိုင်သွားသလား ဟေမာ”

“ကောင်လေးလား”

“ဟင့်အင်း- ညီမလေး မိုး”

တွေဝေစွာ ဖွင့်ဟတော့ ဟေမာက အဖြေ ထုတ်သည်။
“ဘယ်သူမှ မနိုင်ဘူး။ ကောင်လေးရော၊ ငါတို့ ဆရာဝန်တွေရော၊ ကျေနပ် သွားခဲ့တဲ့ မိုးမိုး ရော”

“ဒါဆို ဘယ်သူနိုင်တာလဲ”

“သေမင်း”

“လွယ်လိုက်တာဟာ”
ကောင်လေး ဆေးရုံသို့ ရောက်လာစဉ် ကျွန်မနှင့် ထိပ်တိုက် တွေ့လေသည်။ ချည့်နဲ့စွာ လျှောက်လှမ်းနေသော သူ့ခြေလှမ်းတွေထဲမှာ ကျွန်မ တစ်ခုခုကို ရှာဖွေရမည်။ သူ့အား ထိုးကြိတ် ပစ်ချင်စိတ်ကို အကြိမ်များစွာ မျိုသိပ်လျက် ရင်ဆိုင်ပစ်လိုက်ချိန်တွင် ဘာအရိပ်အယောင်မှ မရှိသော ဗလာသက်သက် မျက်လုံးများ။ ထို မျက်လုံးများနှင့် မာလာ့ ယောက်ျား၏ မျက်လုံး များမှာ တထေရာတည်း ဖြစ်သေည်။

၅။
“နောက် အဲလို မလုပ်နဲ့တော့နော် မာလာ၊ ကဲ- ကိုယ်တို့ သားဆက်ခြား နည်းတွေအကြောင်း ဆွေးနွေး ကြည့်ရအောင်”

Post abortal Counselling ဟုခေါ်သော ကိုယ်ဝန်ပျက်ကျ(သို့) ဖျက်ချပြီးသော လူနာများအား နှစ်သိမ့် ဆွေးနွေး ပညာ ပေးခြင်းအား မာလာ့ ကို ရှင်းပြလိုက်သည်။
“အရေး မပါတော့ပါဘူး အစ်မရယ်”

“ဘာလို့လဲ”

“ကျွန်မ သူနဲ့ ကွာတော့မယ်”

“အို”

“နောက်ပြီး ဘယ်သူနဲ့မှ နောက်ထပ် ဒီလို မဖြစ်စေရတော့ဘူး”

“အင်း”

“ခုချိန် မာလာ အလိုချင်ဆုံးအရာဟာ ဘာလဲ သိလား မမ”

ညင်သာစွာ ခေါင်းခါလိုက်သော အခါ မာလာ့မျက်ရည်တစ်ပွင့် လွင့်စဉ်ကျလာတာနှင့် တိုက်ဆိုင်သွားပါသည်။
“မာလာ့ ရင်သွေးလေးပေါ့”

သည်လို ဆိုတော့လည်း မိခင်စိတ် မပြယ်တတ်သည့် ဆယ်ကျော်သက် အရွယ်ကလေး မလေးအား ကရုဏာသက်မိရသည်။ မိန်းမတွေ ဘာကြောင့် ကလေး ဖျက်ရသလဲ။ ဖျက်ချင်လို့ ဖျက်ရသူတွေလည်းပါသလို တခြားအကြောင်း တွေကြောင့် မဖျက်ချင်ဘဲ တမင်ဖျက်ကြတာ မျိုးလည်း ပါသည်။

ဘယ်တော့မှ နောင်တရမည် မဟုတ်သော ၀ါရင့် အဖျက်သမားများအား ကြုံတွေ့ရသလို အိမ်ထောင်၊ ငွေကြေး အဆင်ပြေပါလျက် သန္ဓေ တားဆေး ပြတ်သွားသည့် ကာလမှာ မလိုချင်ဘဲ ရလာသည့် ကိုယ်ဝန်မျိုးအား နှစ်ဦး သဘောတူ ဖြေရှင်း လိုက်တာမျိုးကျ မုန်းဖို့ကောင်းသည်။ ဖျက်ချင်တိုင်း ဖျက်ပြီးမှ အကြောဆေး ထိုးတာ နာလွန်း၍ မျက်ရည်ပေါက်ပေါက် ကျသော မိန်းမမျိုးတွေ ဒုနှင့်ဒေး။

“ဖျက်တုန်းက သည်ထက် အများကြီး နာမှာပေါ့”

ထိုအခါ သူတို့အားလုံး မကျေနပ်ကြ။ သေကောင်ပေါင်းလဲ ဘ၀မျိုးတွင်တော့ ဆရာဝန်အား ဖက်တွယ် ထားတတ်သည်။ ၀ါ့(ဒ်)ထဲမှ ပိုက်ဆံများ စုပေါင်းစိုက်ပြီး နှာနပ်ယူ အသည်းအသန် ကုသပြီး၍ ခေါင်းထောင် လာပြီဆိုလျှင်တော့ ဆရာဝန် ဆိုတာကိုပင် ဆရာ လုပ်ချင်ကြသည်။

“သိပ်မခက်ပါဘူး။ အဲလိုမျိုး ဆေးခန်းတွေ ရှိတယ်။ အတောင့်လေး တစ်တောင့်နဲ့ အလုပ် ဖြစ်တယ်” ဆိုတာမျိုး။ ယောက်ျား ကိုယ်တိုင်က ကလေး ဖျက်ခိုင်းပြီး မိန်းမသေလုမြောပါး ဖြစ်တော့မှ ယူပါ ကယ်ပါ အော်တာမျိုး။ ဆိုးဝါး စုတ်ပြတ်သည့် စာရိတ္တတွေ သူတို့ ဘာကြောင့် ဖက်တွယ် ထားရသလဲ။ ဒါကို လူသတ်မှုလို့ သူတို့ မယူဆကြဘူးလား။ ဒါဆို တစ်သက်လုံး သြကာသတို့၊ ပါဏာတိပါတာတို့ကို လိပ်ပြာ လုံစွာ ရွတ်ဆို နိုင်ပါဦးမလား။

“လွတ်လပ်စွာ ကွဲလွဲ ပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီပေါ့ လက်ျာရယ်၊ အရေး မစိုက်နဲ့။ သူဖြစ်သူခံပဲ။ ငါတို့ တာဝန်က ရသလောက် ကယ်မယ်။ ၀မ်းမနည်းဘူး။ ဒါပဲ”
စစ်မှန်သည့် ဆရာဝန် စိတ်ဓာတ်ဆိုတာ ပြတ်သား တတ်ဖို့လည်း လိုလိမ့်မည်။ ကျွန်မတို့ ပြတ်သားရလိမ့်မည်။

၆။
“စာနယ်ဇင်း လွတ်လပ်ခွင့်တွေ အများကြီး ပေးသင့်တယ်။ မျိုးဆက်ပွားကျန်းမာရေး အကြောင်း နယ်ရောမြို့ပါ သည့်ထက် ထိထိ ရောက်ရောက် ပို့ချသင့်တယ်။ ဥပမာ NGO အဖွဲ့အစည်းတွေ့နဲ့ အင်တိုက်အားတိုက် အကောင်အထည် ဖော်နေတဲ့ HHAL လို သင်တန်းမျိုးတွေ အများကြီး ရှိသင့်တယ်။ နောက်ပြီး မိန်းမတိုင်း စာတတ်မြောက်သင့်တယ်”
ဟေမာက ဖြစ်သင့်တာများအား ချိန်ဆလျက် ပြောနေသည်။

“စာနယ်ဇင်း မလွတ်လပ်ရင် တင်ပြချင် ပေမယ့် ပြည်သူက သိသွားမှာ မဟုတ်ဘူး။ ဒါကို ပွင့်လင်းစွာ ဖွင့်ဟရမယ်။ ကာကွယ်လို့ ရနေ တာပဲ။ နောက်ပြီး EC အကြောင်း၊ သန္ဓေတားပုံ အမျိုးမျိုး အကြောင်း၊ အဲဒါတွေ မီဒီယာကနေ ရသမျှ ရှင်းပြရဦးမှာပဲ”

“သူတို့ ဘာကြောင့် ဒီလို အလွယ်လိုက်တာလဲ ဟေမာ”

“Education နဲ့လည်း ဆိုင်တယ်။ Attitude နဲ့လည်း ဆိုင်တယ်။ Culture နဲ့လည်း ဆိုင်တယ်။ ပညာ မတတ်တော့ လုပ်မိသွားတာ ထားတော့၊ ပညာတတ် အသိုင်းအ၀ိုင်းမျိုးမှာတင် စုတ်ပြတ်နေတဲ့ စာရိတ္တတွေ ရှိတယ် လက်ျာ။ ဒါကို သူတို့က လူသတ်တယ် မယူဆဘူး။ သန္ဓေသား ဆိုတာ အသက်မပါတဲ့ အစိုင်အခဲလေးလို့ သဘော ထားကြတာ။ မသိလွန်းကြတာ၊ ခေါင်လွန်းကြတာ”

“လူငယ်လေးတွေကို အရမ်း နှမြောတယ် ဟေမာ၊ ခုမှ တစ်ဟုန်ထိုး ပျံတက်ကြမှာ၊ သူတို့ရဲ့ အတောင်ပံတွေက ခမ်းနားတယ်။ ငါတို့လို ညောင်းညာနေတဲ့ တောင်ပံမျိုး မဟုတ်ဘူး။ သူတို့အတွက် နှမြောမိတယ်”

ကျွန်မကတော့ တိုးတက်သည့် နည်းပညာ ခေတ်ထဲမှ အိုင်ကျူမြင့်မား ကြသော လူငယ်လေးတွေကို ပိုလို့ နှမြောမိသည်။ သူတို့ဆီက ကျွန်မတို့ သင်ယူရမှာတွေ အများကြီး ရှိသေးသည်။ အတောင်လေးတွေ တဖြုတ်ဖြုတ် ကြွေကုန်တာတော့ ကြည့်မကောင်းပါ။

“စာတတ်လာပြီ ဆိုပါတော့။ စာဖတ်အောင် လုပ်ရဦးမယ်။ တခြား မီဒီယာကနေလည်း တွင်ကျယ်စွာ ပညာ ပေးရဦးမယ်။ အဲဒါတွေ သိနေရုံ မက ကျင့်သုံးဖြစ်အောင် ကြိုးစားစေရဦးမယ်”

ဟေမာက သက်ပြင်း တစ်ချက်အား လေးကန်စွာ မှုတ်ထုတ် လိုက်လေသည်။ ကျွန်မတို့တွေ ဘာတွေ လုပ်ပေးနိုင်မလဲ။ ရနိုင်သမျှတော့ ခြစ်ကုတ် ကြိုးစား နေဦးမှာပဲ ဖြစ်သည်။

၇။
သင်္ကြန် ပြီးဆုံးသွားခဲ့ပြီ။ Post သင်္ကြန်ကာလဆိုလျှင်ဖြင့် အတိတ်တစ္ဆေ ရော ပစ္စုပ္ပန်တစ္ဆေပါ ခြောက်လှန့် နေတတ်ပြီ။ တခြား အချိန်မျိုးမှာလည်း အဘောရှင်း ပေးရှင့်တွေ များရနေသည့် အထဲ သင်္ကြန်တွင်း ပြီးလျှင် ပို၍ တွေ့ရ တတ်တာ အတောင်ပံတွေ အစွမ်းကုန် ဖြန့်ကြက်ထားသော လူငယ် အုပ်စုတွင် ဖြစ်နေတော့သည်။

“လောင်းကာပက်ကာ မောင်ရင်းနှမ ပမာကြည်လင်စွာ” ဆိုတာမျိုး မရှိ တော့ဘူးလား။ တွေ့တာနှင့် သည်လောက်ပင် လွယ်ကူ နေကြပြီတဲ့လား။ လိုက်မမီနိုင်ပါ။ နောင်နှစ် သင်္ကြန်တွေမှာ အချစ်နှင့် အခြစ် ညီမျှခြင်း ချနေရ ဦးမှာ အသေအချာပဲ ဖြစ်သည်။ သူတို့တွေ၏ အရှုပ်ထုပ်များ အတွက် သားအိမ် ခြစ်ဖို့ စောင့်နေရဦးမှာပဲ။ ထိုအတွေးကြောင့် ကြက်သီး ထမိသွားသည်။

နှစ်သစ်ကူးမှာ အကုသိုလ်အား လက်ထပ် ထိမ်းမြားလိုက်တာမျိုး အတွက်တော့ သူတို့အစား ၀မ်းနည်းရသည်။ သင်္ကြန် ဆိုတာကိုတော့ ကျွန်မ တစ်ယောက် နှစ်စဉ်နှစ်တိုင်း မျှော်လင့် ရင်ခုန်နေရဦးမှာပဲ ဖြစ်သည်။ သန့်ရှင်းသော သင်္ကြန် မိုးရေစက်တွေအား ပိတောက်ဖူး စိုရုံသာ ပက်ဖျန်းနိုင်ပါ စေဟု ဆုတောင်းလျက်က ၀ါ့(ဒ်)စောင့်ကြီး အဖြစ်သာ ဆေးရုံ၌ ကျန်ရစ် လေဦးတော့ မိလက်ျာ။

လင်းစက်နွယ်
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

No comments:

Post a Comment