မင်းဖတ်ဖို့ ကဗျာ


ကိုယ့်ကို မချည်နှောင်ချင်ပါနဲ့
ကိုယ်က မင်းရည်းစားမဟုတ်သလို
မင်းမိန်းမလည်း မဟုတ်ဘူးလေ
ကိုယ့်ကို ပေးပျံသန်းပါ
စကားလုံးတွေနဲ့ ချိန်ဆ တိုက်ခိုက်မနေပါနဲ့
မင်းက ကိုယ့်ကို အဝေးက သေသပ်စွာ ချိန်တတ်တဲ့ စနိုက်ပါလို
အလဲထိုးသတ်ချင်လို့လား
ဘာလို့လဲ
ဘာလို့ ကိုယ့်ကို နားမလည်တာလဲ
သဘောတူညီခဲ့ကြတဲ့ အတိတ်အိတ်ထောင်ကို
သူငယ်ချင်းဆိုတဲ့ ဘောင်ထဲမှာ ကန့်သတ်ပေးထားပါ
ကိုယ့်ကို လိုက် သ၀န်မတိုပါနဲ့
ကိုယ်က အရမ်းကောင်းတဲ့ မိန်းမ မဟုတ်ဘူး
အဆိုးမြင်တယ်လေ
သံသယလည်း များတယ်
ကိုယ့်ဆီ ချဉ်းကပ်တဲ့ မင်းကိုရော သံသယမထားရတော့ဘူးလား
ဘာလို့ ကိုယ့်ကို လှောင်အိမ်ထဲ ထည့်ထားချင်တာလဲ
ဘာလို့ အခန့်မသင့်ရင် အော်ငေါက်ပြီး အချိန်ခပ်များများမှာ ကိုယ့်အပေါ်ကောင်းနေရတာလဲ
မတော်သေးဘူးလား
စိတ်ညစ်ခံပြီး ပတ်သတ်ဦးမလို့လား
ရည်းစားမဖြစ်ချင်တဲ့ မိန်းမတစ်ယောက်ကို
ရှင့်နှလုံးသားထဲ ရေရှည်ထည့်ထားနိုင်မယ် ထင်လို့လား
ကိုယ်က စာရေးသူပါ
ဘာလို့ ကိုယ်ရေးတဲ့ စာတိုင်းကို လျှောက် နှိုင်းနေရတာလဲ
ပုံရိပ်ယောင်တွေကိုကိုယ် မုန်းတယ်
ကိုယ့် ကို ကြိုက်သလောက် အပြစ်ခြံခတ်နိုင်ပါတယ်
အစကတည်းက ၀န်ခံခဲ့ပါတယ်
ကိုယ်က ကော်ရက်ရှင်ပန် မသုံးတတ်တဲ့ အမှား မပြင်ချင်သူပါ
ကိုယ့်လို စာရေးသူတွေကို မုန်းတဲ့ ရှင်
ကိုယ့်ကိုပါ မုန်းလိုက်ပါ
သည်နေရာမှာ ကျွန်မလို့ပဲ ပြောတော့မယ်
ကျွန်မပြောတာ ကျွန်မကို မယုံဘူးဆိုရင်
ဆက်ပြီး သံသယတွေထဲ မြင်နေဦးမယ်ဆိုရင်
သံယောဇဉ်ဖြတ်လိုက်ပါ
ကျွန်မ ပြေးတိုင်းရှင် နောက်က မလိုက်ပါနဲ့
တစ်ခါတလေ
တူတူပုန်းတမ်းဆော့ရရင်လည်း
မမြင်ချင်ယောင်ဆောင်ပေးရမှာ ရှင့်တာဝန်ပါပဲ
ကျွန်မ ကို ရှင်
မဖတ်ရသေးတဲ့ စာအိတ်လို
ကြမ်းခင်းပေါ် ပစ်ချထားခဲ့လည်း ရပါတယ်
ဒါပေမယ့် ကျွန်မ တောင်းပန်ပါတယ်
ကျွန်မကို အိုးမလုံ အုံပွင့်လို့လည်း မပြောပါနဲ့
ကျွန်မ ဘ၀နဲ့ ကျွန်မ ရှိပါစေ
မကယ်တင် ချင်ပါနဲ့
ကျွန်မ လုပ်သမျှ ဒေါက်ထောက် မကြည့်ပါနဲ့
ကျွန်မ ညာခဲ့တယ်ဆိုရင်လည်း လျှော်ပစ်ပါ
ရှင့်ကို မျှော်လင့်ချက်မပေးချင်ဘူး
တကယ်လို့ ကျွန်မ မှားနေတယ်ဆိုရင်တောင်
ကျွန်မကို ရှင် မုန်းလို့ရပါတယ်
ကြတ်ခြေခတ်များတဲ့ ကျွန်မ ဘ၀ထဲလည်း
ရှင့်ကို အ၀င်မခံပါဘူး
ကျွန်မက ရှင့် ကောင်မလေး လည်း မဟုတ်ပါဘူး
ရှင့် အစေခံလည်း မဟုတ်ပါဘူး
ရှင် ကျွန်မအပေါ် အသားလွတ်လည်း မကောင်းပြပါနဲ့
ကျွန်မ ပေါက်ကွဲလာအောင် ရှင် မရက်စက်ချင်ပါနဲ့
ကျွန်မ ဒဏ်ရာ အကင်းမသေသေးခင်
အစားထိုးမိကောင်း မိမယ်
အဲဒါတွေကို လိုက်ထောက်လှမ်းမနေပါနဲ့
ရှင့်ကို ကျွန်မ မမုန်းချင်ပါဘူး
ရှင်ပြောသလို စာရေးဆရာတွေ သူတို့ မကောင်းကြောင်းကျမရေးဘူးဆိုလို့
ကျွန်မ ရေးပြနေပါတယ်
သည့်ထက်ရေးဆိုလည်း ရေးပါဦးမယ်
မြင်တတ်ရင် မြင်အောင်ကြည့်ပါ
ကျွန်မက တစ်ဖတ်ကြည့်မှန်ပါ
ဒါကြောင့် ရှင့် မျက်နှာကို မသဲကွဲဘူး
ကျွန်မကိုယ် ကျွန်မ ဘာတွေ လုပ်နေမိမှန်း မသိဘူး
ဒါပေမယ့် ကျွန်မ ကျေနပ်နေတယ်
ရှင် ရွဲ့တတ်သလို ကျွန်မလည်း မညံ့လှပါဘူး
ကျွန်မကို ဘယ်လို မိန်းမလဲ လို့ အီကွေးရှင်း မထုတ်ပါနဲ့
ကျွန်မက အပေါစား ဆလူးရှင်းကို မုန်းတယ်
မိုးပျံပူဖောင်းလို ပေးပျံပါရှင်
အငွေ့ကုန်ရင် ပြန်လာခဲ့ပါ့မယ်
ခုနေတော့ ကျွန်မကို ဘောင်မခတ်လိုက်ပါနဲ့
ချည်နှောင်ခြင်းကို ကျွန်မ ခံနိုင်ရည် မရှိလို့ပါ..။
တောင်းပန်ပါတယ်...။

No comments:

Post a Comment