ကိုယ်ပိုင်သံစဉ်တိမ်တိုက်များ…



ဒေါင်ဒင်လား၊ ဒင်ဒေါင်လား ခွဲခြား မရနိုင်တဲ့ နာရီသံတွေ တဆိတ် လွန်လွန်းနေပြီ။
သည်အချိန်မှာ ကိုယ်ဆုပ်ကိုင် ထားရမယ့် အရာက နောင်တလား၊ အမှန် တရားလား ဆိုတာတောင် ခွဲခြား မသိသေးဘူး။ လောလောဆယ်တော့ ပြတင်း ပေါက်ကနေ လှမ်းဖမ်းဆွဲလို့ မရသေးတဲ့ တိမ်တိုက်တွေကို
မြည်းစမ်း ကြည့်ချင်တုန်းပဲ။ တိမ်တွေပြေးလေ ကိုယ်ကလိုက်လေ၊ တိမ်တွေနဲ့ကိုယ် စိန်ပြေးတမ်း ကစား နေမိတာ ကြာခဲ့ပေါ့။ တိမ်တွေ အရောင် ပြောင်းတတ်သလို ကိုယ့်ရင်ခုန်သံ နရီတွေလည်း အမြဲတစေ ပြောင်းတတ်ခဲ့တယ်။ ဒါပေမဲ့ တိမ်တိုက်တွေ ဘယ်လောက်ပြေးပြေး ကောင်းကင်ကနေ လွတ်မြောက်ခွင့် မရှိနိုင်ဘူးလေ။

မိုးတွေ ထစ်ချုန်းနေတဲ့ သြဂုတ်လရဲ့တစ်ခုသော နေ့မှာ ကိုယ့်ရဲ့အာခေါင်ခြစ် ငိုသံနဲ့ ကောင်းကင်ကြီးကို ပထမဆုံး အကြိမ် စိန်ခေါ် ပစ်နိုင်ခဲ့တယ်။ ငယ်ငယ်တုန်းကတော့ ကိုယ်ငိုလို့များ တိမ်တွေ ထက်ခြမ်းကွဲ သွားသလားပေါ့။ နောက်ပြီး ညဘက်တွေ မိသားစု လျှောက်လည်ဖြစ်တိုင်း တရွေ့ရွေ့ သွားနေတဲ့ ကားလေးပေါ်ကနေ လမင်းကြီးကို တိတ်တခိုး ချောင်းကြည့်ရတယ်။ လမင်းကြီးက ကိုယ်တို့နောက် လိုက်နေခဲ့တယ် ထင်ပြီး ပုန်းမိ ခဲ့ကြရပြန်တယ်။

တစ်နေ့မှာတော့ လမင်းက ကိုယ့်ကို လိုက်နေခဲ့တာ မဟုတ်မှန်း သိရလို့ ကိုယ်ရင်ကွဲ သွားတယ်။ အဲဒီအချိန်က စပြီး ကိုယ့်ဘ၀ကို လမင်း အစားထိုး စိန်ခေါ်လာသူက ပုံပြင် စာအုပ်တွေလေ။ ကိုယ့်မေမေမှာ ချမ်းသာသမျှ ဆိုလို့ စာအုပ်တွေ ပဲရှိတာ။ အဲဒီတုန်းက ကိုယ့်ညီမနဲ့ အတူ စာအုပ် အငှားဆိုင် ဖွင့်တမ်း ကစားခဲ့ကြတယ်။ သူ့ဆိုင် ကိုယ်သွားငှား၊ ကိုယ့်ဆိုင် သူလာငှားနဲ့ပေါ့။

တကယ်တမ်း ကိုယ့်ရင်ခုန်သံဟာ ရသ စာပေပါလားလို့ ပြက်ပြက်ထင်ထင် ပေါ်လွင်စေတဲ့ ၀တ္ထုလေးကိုတော့ ကိုယ် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဆဋ္ဌမတန်း အရွယ် ကလေး တစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ ပထမဆုံး အကြိမ် မိုးထစ်ချုန်း ရွာစေတဲ့ ၀တ္ထုလေးပေါ့။ ဆရာမ မစန္ဒာရဲ့ ကွက်လပ်ကလေး ဖြည့်ပေးပါလေ။ အဲဒီ အချိန်က စပြီး ကိုယ်ဟာ ဆရာမရဲ့ ၀တ္ထုတွေကို သဲကြီးမဲကြီး ရှာဖတ်ခဲ့တယ်။ အမှန်တော့ စာဖတ် ၀ါသနာ ဆိုတာ ငယ်စဉ်ကတည်းက ပျိုးထောင် ယူလာရတဲ့ ပန်းခင်းတစ်ခင်း မဟုတ်လား။

ကိုယ့်အဘွား စာရေးဆရာမကြီးရဲ့ သွေးတွေ ကိုယ့်ဆီမှာ ကိန်းအောင်း နေလိမ့်မယ်လို့ ယောင် လို့တောင် မတွေးမိခဲ့ဘူး။ အဘွားနဲ့ အဘိုးက စလို့ ပျိုးထောင် လိုက်မိတဲ့ ပန်းခင်းဟာ ကိုယ့်လက် ထက်မှာလည်း ပျက်သုဉ်း မသွားပါဘူး။ ငယ်ငယ်တုန်းကတော့ စာရေး ဆရာမကြီး ဖြစ်ချင် လိုက်တာလို့ တစ်ခါမှ စိတ်ကူး မယဉ်မိခဲ့ဘူး။

နေ့ရက်တွေ ခေါက်ရိုးကျိုး သေသပ် မလိုနဲ့ မှုန်ဝါး သွားတဲ့အခါ၊ အနာဂတ်တွေ ပီပြင်ကြည် လင်တော့မလိုနဲ့ အနည်းငယ် ပြတ်ရှ ကွဲအက်သွားတဲ့ အခါ ကိုယ်သိပ်ချစ်တဲ့ ရန်ကုန်မြေကို ခွာပြီး မြို့ကြီး တစ်မြို့မှာ အခြေ ချခဲ့ရတယ်။ လောကရဲ့ မထင်မှတ်တဲ့ ပြတ်ရွေ့ကြောင်းတွေပေါ့။

တစ်ခါတစ်ရံတော့ ကိုယ့်ရဲ့ပြတ်ရွေ့ကြောင်း တွေဟာ နာကျင်ဖွယ် သံစဉ်တွေနဲ့ အတူ ကျရှုံးစေ တတ်ပြီး အဲဒီ ဒဏ်ရာတွေကြောင့်ပဲ ကိုယ့်အနာ ဂတ်တွေ ပိုမိုပီပြင် လာခဲ့ရတယ်။ ကိုယ်ဟာ ဒဏ်ရာတွေ ပြည့်နှက်ဖူးတဲ့ တိမ်သား ထုကြီးထဲမှာတင် ကိုယ့်အနာဂတ်ကို ရုပ်လုံး ကြွစေခဲ့ရတယ်။

ပြတ်ရွေ့ကြောင်း(၁)
တကယ်တမ်း ကိုယ့်ဇာတိချက်ကြွေ မွေးရပ်မြေကို ခွဲရင်း မြင့်မားတဲ့ တက္ကသိုလ်ဝင်တန်း သင်ခန်းစာတွေကို ကြမ်းတမ်း ခက်ခဲစွာ သင်ယူခဲ့ ရချိန်မှာတော့ ကိုယ့်မျက်ရည်တွေ မခန်းနိုင်တော့ ဘူးလေ။ မပျော်ပိုက်တဲ့ နေရပ်ဆီမှာ တစ်ခုတည်းသော ပန်းတိုင်ကိုသာ ရည်စူးပြီး ၀မ်းနည်းခြင်း ဆိုတာကို အငွေ့ ပြန်စေခဲ့တယ်။

တီတီစီက အသားကျပြီး ချစ်ခင်ဖွယ် ကိုယ့်သူငယ်ချင်းတွေနဲ့ ဝေးရာဆီမှာ ဆန့်ကျင်ဘက်တွေ များလွန်းတဲ့၊ ကိုယ်နဲ့မကိုက်တဲ့ ပေတံတွေ ထောင်ထားတဲ့နေရပ်မှာ ကိုယ့်အသည်းတွေ တစ်လွှာချင်း အနွှာ ခံနေရသလိုပဲ။ မိသားစုနဲ့ ခွဲနေခဲ့ဖူးလို့ နေသားကျပြီ ဖြစ်တဲ့ ကိုယ်ဟာ ကိုယ်မြတ်နိုးတဲ့ ကျောင်းတော်ကြီးကို ထားရစ်ခဲ့ ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူးလေ။

ကဲလေ...၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နေ့ရက် တွေဟာ အထီးကျန်ဆန် လွန်းလှပြီး ကိုယ်ရှာဖွေ ချင်တဲ့ ကိုယ့်ရဲ့နောက်ထပ် အိပ်မက်လေးတွေ ရနိုင်ဖို့ အခွင့်အလမ်း နည်းပါးတဲ့ ကမ္ဘာ တစ်ခုမှာ ကိုယ်စိတ်ရော၊ လူရော နှစ်မြှုပ်ပစ် လိုက်ရတယ်။ ငယ်ငယ်ကတည်းက ချည်နှောင်ခြင်းကို မုန်းတဲ့ ကိုယ်က ကျောင်းက ချည်နှောင်တာ၊ ကျူရှင်က ချည်နှောင်တာ၊ လူတွေက ချည်နှောင်တာ၊ ကိုယ့်ကိုယ်ကိုယ် ချည်နှောင် မိတာစတဲ့ ချည်နှောင်ခြင်း တွေကို လစ်ရင် လစ်သလို ဖြတ်တောက် ပစ်လိုက်တယ်။ အဲလိုမှ မဟုတ်ရင် ကိုယ် အသက်ရှူဖို့ တောင် မလွယ်လောက်ဘူးလေ။

အဲဒီ အရပ်မှာ ကိုယ့်ရဲ့ ပထမဆုံး အိပ်မက်နွံထဲ မရုန်းဆန်ဘဲ နစ်ဝင် မိခဲ့တယ်။ ဘယ်သူကမှ ဒါ ဖြစ်ကိုဖြစ်ရမယ်လို့ တထစ်ချ အမိန့်တွေ မပေးခဲ့သလို ကိုယ် ငယ်စဉ်ကတည်းက ရွေးချယ်ဖို့ စနစ်တကျ ပျိုးထောင် ယူလာခဲ့ရတဲ့ ပရော်ဖက်ရှင်နယ် ရေစီးကြောင်း တစ်ခုဟာလည်း အဲဒီ အိပ်မက်ပဲ မဟုတ်လား။ မြန်မာစာနဲ့ သိပ္ပံကို ချစ်ပြီး သင်္ချာနဲ့ ရူပမှာ အဂ္ဂမဟာပဏ္ဍိတ မစ္စ ဖွတ်ကျားလို့ ကိုယ့် ဆရာကြီးက သမုတ်လိုက်တဲ့ ကိုယ်ဟာ အမှန် တကယ်ပဲ ကိုယ့်အိပ်မက်ရဲ့ အနားသတ် မျဉ်းနဲ့ ကပ်လျက်လေး ဘောင်ဝင် သွားခဲ့ရတယ်လေ။

ဘယ်လိုပဲ ပြောပြော ပြတ်ရွေ့ ကြောင်းနံပါတ် တစ်ကြောင့် ကိုယ့်ဘ၀၊ ကိုယ့်အိပ်မက်၊ ကိုယ့် အနာဂတ် တစ်ခု ရုပ်လုံး ပေါ်လာခဲ့တာကိုတော့ ကိုယ် ၀န်ခံရမှာပါ။

ပြတ်ရွေ့ကြောင်း(၂)
အဲဒီအရပ်မှာ ကိုယ် ပထမဆုံးနဲ့ နောက်ဆုံး ချစ်မြတ်နိုးဖူးတဲ့ နှောင်ကြိုးက ကိုယ့်ရဲ့တက္ကသိုလ် ပေါ့။ မိုးတိမ်တွေ မပြယ်လွင့်တတ်ခင်လေးတင် မှာပဲ အိပ်မက်ကမ္ဘာထဲ ခြေဗလာနဲ့ ဖော့လျှောက် နေလိုက်တယ်။ အဲဒီမှာတင် ဖိနပ်မပါတဲ့ ကိုယ့် ဖ၀ါးထဲ နက်နဲတဲ့ ဆူးဒဏ်ရာတွေ တရစပ်ခုတ် ပြေးသွားခဲ့တယ်။ အဲဒီအချိန်က စပြီး ကောက်ကျစ် စဉ်းလဲတတ်တဲ့ မြေခွေးတွေ အကြောင်း ခက်ခဲစွာ သဘော ပေါက်ခဲ့ရတယ်။ လူတွေဟာ ချိုပေါက် မနေတတ်ဘူး ဆိုတာ သွေးထွက်အောင်ကို မှန်နေတော့တာလေ။

ဒဏ်ရာတွေ နက်နေချိန်မှာ နှလုံးသားကို ခလုတ် တိုက်သွားဖူးတဲ့ အဆိပ်ပြင်းတဲ့ ဆူးတစ်ခု အကြောင်း ပြောပြရဦးမယ်လေ။ ကစားတယ် ဆိုရင်တောင် ကိုယ်က အတည် ကစားတာပါကွယ်။ သုံးနှစ်တာ စိုက်ဝင်ဖူးတဲ့ ဆူးကို ကိုယ်ကိုယ်တိုင် ဆွဲနုတ်ပစ်ဖို့ ကြိုးစားတာ မအောင်မြင်ခဲ့ပြန်ဘူး။ သူကိုယ်တိုင် ကိုယ့်နှလုံးသားကနေ ခုန်ထွက်သွား ခဲ့တာလေ။ နှလုံးသား ဟောက်ပက်နဲ့ နေ့ချင်းညချင်း ကကြိုး ပျက်သွားတဲ့ ကိုယ်ဒဏ်ရာတွေ ကြား ထဲက ရုန်းထွက်ပစ်ဖို့ လိုလိမ့်မယ်။ ပြတ်ရွေ့ကြောင်းနှစ်ဟာ ဒဏ်ရာထဲကမှ မနက်ဖြန် အတွက် စုတ်ချက်တွေကို အသက်ဝင် စေခဲ့တယ်လေ။

ပြတ်ရွေ့ကြောင်း(၃)
ကိုယ်က စာကြမ်းပိုး မဟုတ်တဲ့ အပြင် လောကအကြောင်း ခေါက်ထားရင်း ဆေးစာအုပ် ပုံကြီး တွေထဲ ခေါင်းထိုး နစ်နေတဲ့ စာကြမ်းပိုး ဟူသမျှကို အလွန် မုန်းသူပေါ့။ တစ်သက်လုံး ဖြေမဆုံးနိုင်မယ့် ကိုယ်တို့ စာမေးပွဲတွေ အတွက်များ သူတို့မို့ ခေါင်းမီးတောက် ခံတယ်။ ဒါကြောင့်ကျောင်းရဲ့စာကြည့် တိုက်ထဲမှာ ဆေးစာအုပ် ထူကြီးတွေ ကိုယ် ဖတ်မနေခဲ့ဘူး။ မှတ်မှတ်ရရ ကျောင်းငါးနှစ် သင်တန်းမှာ စာကြည့်တိုက်ကို ရောက်ဖူးတာ သုံးခါတည်းရယ်။

လူတကာတွေ တက္ကသိုလ် ဆိုတာကြီးကို နေ့စဉ်နဲ့ အမျှ ဖြတ်သန်း နေကြချိန် ကိုယ်ကတော့ ကျောင်းခေါ်ချိန် ပြည့်ဖို့အတွက်နဲ့တော့ အတန်းထဲ သွားမထိုင် တတ်ခဲ့ဘူး။ ကျောင်းပျက်လေ့ ရှိသလို ကျောင်းတက်ပြီ ဆိုရင်လည်း ကိုယ့်အာရုံက သင်ခန်းစာထဲမှာသာ အခိုင်အမာ ကျောက်ချ ထားတတ်တယ်။ ညဥ့်နက်အောင် ၀တ္ထု ထိုင်ရေးရတဲ့ ကိုယ်ဟာ မနက်ပိုင်းတွေဆို နောက်ကျနေတဲ့ နာရီ လက်တံတွေကိုသာ ဖက်တွယ်ခဲ့ရတယ်။ ဒါပေမဲ့ သူများတွေထက် ကိုယ်သာတဲ့ တစ်ချက်က ကိုယ်အရမ်း ၀ါသနာပါတဲ့ ကျောင်းမှာ ကိုယ့်ရင်ခုန် သံတွေကို လုံးလုံးလျားလျား နှစ်မြှုပ် ထားနိုင်ခဲ့တယ်။

ဝတ္ထုနဲ့ ကဗျာတွေ ထိုင်ရေးနေပေမယ့် စာကျက် မပျက်ခဲ့သလို စာကြမ်းပိုးလောက် ဟိုက်ပါ မကျခဲ့တဲ့ ကိုယ်ဟာ ဒုတိယ နှစ်ကနေ နောက်ဆုံး နှစ်အထိ နှစ်စဉ်ဂုဏ်ထူး အခေါ် ခံခဲ့ရတယ်လေ။ ကိုယ်တို့ ကျောင်းမှာ ဂုဏ်ထူးရဖို့ မပြောနဲ့၊ အောင်ဖို့တောင် မနည်း ကြိုးစားကြရတာ။ ဒါပေမဲ့လည်း ကိုယ်အရမ်း မုန်းတဲ့ သင်္ချာနဲ့ ရူပဗေဒ ရှိတဲ့ ပထမ နှစ်မှာ ဘာဂုဏ်ထူးမှ မပါခဲ့ဘူး။ ပထမနှစ်မှာ ကိုယ့်ရင်ခုန်သံက ဂစ်တာထဲမှာသာ ရှိတာလေ။

ခရမ်းနဲ့ အနက်ရောင် ရောဖောက်ထားတဲ့ အိုးလှလှနဲ့ ဂစ်တာလေးကို ၀ယ်မိခဲ့စဉ်ကဆို ကိုယ့်အမေက ကိုယ့်ကို အထင်ကို မကြီးတော့ဘူး။ ဘာလုပ်လုပ် အပြစ် မြင်ခဲ့သလို ဂစ်တာ တီးခါစက ထွက်တဲ့ ကကြိုးကကြောင် အသံတွေက အမေတို့ကို နှိပ်စက်သလို ဖြစ်နေတော့တာကိုး။ ဂစ်တာတီး တတ်သွားတဲ့ တစ်နေ့မှာတော့ ကိုယ့်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေ လက်ခံသွား ခဲ့တယ်လေ။ မိန်းကလေး ဆိုပေမယ့် ဘာမဆို ယောက်ျားတွေနဲ့ အတူ ရင်ပေါင် တန်းနိုင်ရမှာပဲ မဟုတ်လား။

အဲဒီ ဂစ်တာလေးကြောင့် ကိုယ့်နေ့ရက်တွေကို သံစဉ်တွေနဲ့ သွန်းဆစ် လိုက်ရတယ်ဆို မမှားလောက်ဘူး ထင်ရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ချည်နှောင်ခြင်း တွေကနေ အမြဲ ရုန်းထွက်နေတတ်တဲ့ ကိုယ်ဟာ နှစ်စဉ် ကျောင်းခေါ်ချိန် မပြည့်တဲ့ အထဲ ညပ်ပါသွားတတ်ပြန်တယ်။ ဒါပေမဲ့ ကိုယ့်ကလက်စ်ဝါ့ခ်တွေ ကောင်းနေလို့ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူးလေ။ အိပ်မက်တွေ များလွန်းတဲ့ ကိုယ်ဟာ အချိန်တွေကို လိုရင်လိုသလို ဖဲ့ဖဲ့ ကိုက်ပစ်ခဲ့ရတာပဲ။ မိန်းကလေး တန်မဲ့ ကျောင်းခေါ်ချိန် မပြည့်ဘူး ပြောပြော နောက်ဆုံးမှာတော့ ဂုဏ်ထူး တစ်လုံးလောက် အနည်းဆုံး ထွက်သွားတာ မဟုတ်လား။ ဒက်ဖနေရှင်း ဟူသမျှကနေ ကင်းလွတ်ခွင့် ပေးခဲ့တဲ့ ပြတ်ရွေ့ကြောင်း နံပါတ်သုံးကိုတော့ ကိုယ့်မန်မိုရီကနေ ဘယ်တော့မှ ထုတ်ပစ်တော့မှာ မဟုတ်ဘူး။

ပြတ်ရွေ့ကြောင်း(၄)
ကိုယ့်ဆုတောင်းတွေ ငါးနှစ်ကြာမှ ပြည့်သွားတယ်။ ရန်ကုန်မြေကို ပြန်လည် ခြေချနိုင်ခဲ့ပြီ။ အဲဒီတော့မှ ငါးနှစ်တာ သိမ်းဆည်း ထားသမျှ မျက်ရည်တွေ၊ နောင်တတွေကို အင်းလျားကန်ထဲ သွားသွန်ပစ်လိုက်တယ်။ ပေါ့ပါး လန်းဆန်းသွားလိုက်တာ...။
အဲဒီတော့မှ ကိုယ့်ရဲ့ မတောက်တခေါက် ပေတိပေကတ် အတွေးအခေါ်နဲ့ စီရင်ထားတဲ့ဝတ္ထုတိုတွေ၊ ကဗျာတွေကို မဂ္ဂဇင်း တိုက်တွေဆီပို့၊ လစဉ်မျှော်လင့် စောင့်စားရင်းနဲ့မှ ကိုယ့်မျှော်လင့်ချက်ကို ပထမဆုံး လက်ယပ်ခေါ်လိုက် တဲ့ teen ကြောင့် ကိုယ့်တိမ်တိုက်တွေ မပြိုကွဲတော့ပါဘူး။

တဖြည်းဖြည်းနဲ့ ကိုယ်ဟာ ကျောင်းစာမှာလည်း ထိပ်ဖြစ်အောင် ကြိုး စား၊ တစ်ဖက်မှာတော့ ကိုယ့်ဝါသနာ ပျိုးခင်းဖြစ်တဲ့ စာရေးဆရာမ ဘ၀ကို ရုပ်လုံးပေါ်အောင် ထုဆစ် နေရဆဲပေါ့။ နားကြပ်တစ်ဖက်၊ ကလောင်တစ်ဖက်နဲ့ ရှိနေတုန်း ၀ုန်းဆို ပေါက်ကွဲသွားတဲ့ တိမ်တိုက်တစ်လုံး ရှိသေးရဲ့။ အဲတော့မှ ကိုယ့်သွေးကြောထဲမှာ ရှိနေတာ ဂီတပါလားလို့ အလန့်တကြား သိရှိ သွားတယ်လေ။ ဟုတ်တယ်၊ ဂစ်တာကို ချစ်မြတ်နိုးခဲ့တာ ဂီတကြောင့်ပဲ မဟုတ်လား။ ခက်တာက ကိုယ်က အဆိုတော်ကြီး ဖြစ်ရမှာ မဟုတ်ဘူး။ သီချင်းနဲ့ သံစဉ်ထဲ မှာ စိတ်ရှိလက်ရှိ ရွက်လွှင့် နေချင်တာဆိုတာ တရေးရေး သဘောပေါက် လာရ တယ်။ ငယ်စဉ်ကတည်းက စိန်ခေါ်မှုတွေနဲ့သာ အသားကျ ပျော်ရွှင်ချင်တဲ့ ကိုယ်ဟာ ဘ၀တစ်လျှောက် ထိပ်တိုက် တိုးလာသမျှ ပြိုင်ပွဲတိုင်းကို ၀င်ပြိုင် လိုက်တာချည်း။ ရှုံးတာများပေမယ့် ရှုံးရတဲ့ ခပ်ခါးခါး အရသာကိုက ကိုယ့် အတွက် အနှစ်သာရ တစ်ခုပေါ့။ ဘာမှမဟုတ်ဘဲ အိမ်ထဲမှာသာ ၀ါးလုံးခေါင်းထဲ လသာ နေလို့မှ မရဘဲလေ။ ယှဉ်ပြိုင်ခြင်းတွေကသာ အောင်မြင်မှုကိုမွေးဖွား နိုင်မှာလို့ တထစ်ချ ယုံကြည် ထားခဲ့တယ်။

ကံကောင်းတာ တစ်ခုက ၀တ္ထု ပြိုင်ပွဲတွေမှာ တစ်ပုဒ်ဆို ဆိုသလောက် အရွေးချယ် ခံရတယ်။ ကံဆိုးတာက သီချင်းဆို ပြိုင်ပွဲမှာ နိုင်လိုက်၊ ရှုံးလိုက်။ နိုင်ရင်လည်း စနစ်တကျ ပျော်ရွှင်တတ်သလို ရှုံးတိုင်းလည်း နှစ်ပြီး ခံစားပစ် လိုက်တယ်။ ဘ၀မှာ ခံစားချက် ပီပြင်မှ လူပီသတာ မဟုတ်လား။ အုံ့ပုန်း လုပ်လွန်းပြီး အရာရာ မပွင့်လင်းတတ်တဲ့ အရှုံးသမားထဲမှာ ကိုယ်မပါဘူး။ ကိုယ်က အကောင်းဆုံး အရှုံးသမား ဖြစ်ချင်သူပါ။

ဂီတကို အရူးအမူး ဖက်တွယ်ထားတာ မဟုတ်တာတောင် Level တက်သွားတော့မှ ရုတ်တရက် အကျနာစွာ ပြုတ်သွားတဲ့ ကိုယ့်အတွက် ဆွေတော်မျိုးတော် အပေါင်းက ပညတ် နေကြတုန်းပဲ။ “ဒီလို ပြုတ်တာတောင် စိတ်မကုန် သေးဘူးလား သမီးရယ်။ လက်လျှော့လိုက်ပါတော့” ဆိုတာတွေက ရေပေါ်မှာ အရုပ် ရေးနေတာနဲ့ အတူတူပဲလေ။ ကိုယ့်ပြိုင်ပွဲက လောလောဆယ် မြန်မာပြည်မှာ တကယ့် ပရော် ဖက်ရှင်နယ်တွေကို မွေးထုတ် ပေးနေတဲ့ ပွဲကိုး။

ပိုင်ဆိုင်ဖို့ ခက်ခဲလွန်းလို့ မရမက မှီတွယ် နေရင်းကိုက ဘေးစကားတွေကြောင့် ပိုပြီး ရုန်းကန်ရလေ ပိုပြီး ပိုင်ဆိုင်ချင်လေပဲ။ ကိုယ်နစ်နေတာ ရုန်းလေ မြုပ်လေဆိုတဲ့ နွံအိုင်ကြီးဆိုတာ သူတို့ကို ပြောပြနေဖို့ မလိုတော့ပါဘူး။ အဖေနဲ့ အမေရဲ့ စိတ်မသက်သာ မျက်နှာတွေကိုကြည့်ပြီး စိတ်လည်း ညစ်ရသလို ရယ်လည်း ရယ်ချင်မိတယ်။ ကိုယ့်ကို ချစ်လွန်းလို့သာ လုံးလုံးကြီး မပိတ်ပင်ဘူး ဆိုပေမယ့် ဆရာဝန် ဘ၀ကို စွန့်လွှတ်လိုက်မှာ သူတို့တွေ တွေးကြောက် နေမိပြန်ရဲ့။

“ဒီနေ့ ဘယ်ကိုသွားလဲ သမီး”

“မဂ္ဂဇင်းတိုက်၊ စာအုပ်ဆိုင်”

အဲသလိုဆို ကြည်နူးနှစ်သိမ့် နေကြပေမယ့် “ဆရာ့ဆီ သီချင်း သွားကျင့်တာ” ဆိုရင်ဖြင့် “အဓိပ္ပာယ် မရှိဘူး”ဒါမှမဟုတ် “တောက်”။ အင်း...တစ်ခုခုကတော့ ကိုယ့်ဆီ တိုက်ရိုက်လွင့်စဉ် လာတတ်တာပဲ။ ဒါတောင် ကျောင်းမှာ နှစ်စဉ် ဂုဏ်ထူး အခေါ်ခံရတာ မကျေနပ်နိုင်ကြဘူးလားလို့ တစ်ခါတစ်ရံ ရင်နာနာနဲ့ တွေးမိတတ်ခဲ့တယ်။

ကိုယ့်ရဲ့ဝါသနာ၊ ကိုယ့်ရဲ့အိပ်မက်တွေကို ချည်နှောင်ဖို့ ကြိုးစားတဲ့ ကြိုး မှန်သမျှ ဖြတ်ပစ်နိုင်ရမှာ မဟုတ်လား။ ကလောင်၊ မိုက်ခရိုဖုန်း၊ နားကြပ် သုံးခုကမှ တစ်ခုတည်း ကြိုက်ရာရွေး ဆိုရင်တော့ ကိုယ့်လူနာတွေကို ကျောခိုင်းလို့ ရမှာ မဟုတ်ပါဘူး။
ဆရာဝန် ဘ၀မှာ စာလုံးဝ မရေးရ၊ သီချင်းလုံးဝ မဆိုရသာဆို ကိုယ် သီလရှင်ပဲ ၀တ်ပစ်လိုက်တော့မယ်။

ပြတ်ရွေ့ကြောင်း(၅)
နောက်ဆုံးနှစ် အပိုင်း(ခ)။ ဆရာဝန်တစ်ယောက် အတွက် အရေးကြီးဆုံး အခန်း ကဏ္ဍမှာတော့ ကိုယ် ဆေးရုံကို မပျက်ကွက်သလောက် တက်ဖြစ်ခဲ့တယ်။ ကျောင်းက မွန်းကျပ်ပြီး ဆေးရုံမှာက လူနာတွေရဲ့အငွေ့ အသက်တွေနဲ့ လက်တွေ့ ဆန်နေတယ်လေ။ ချည်နှောင်ခြင်းတွေကို မုန်းလို့ ကျူရှင်တွေဆိုတာ စိတ်ကူးထဲတောင် မရှိဘူး။ ကျူရှင်များစွာကို ဈေးကြီးပေးပြီး တိုးဝှေ့ တက်နေကြတဲ့ သူငယ်ချင်းတွေကို အံ့သြရသလို သူတို့ကလည်း ကိုယ့်ကို အံ့သြရတယ်။

အားနေတဲ့ အချိန်တွေ အတွက် သီချင်းတိုက်လိုက်၊ ၀တ္ထု ရေးလိုက်ပေါ့။ သည်ကြားထဲမှာ ကိုယ့်ရဲ့နောက်ထပ်အိပ်မက်တစ်ခု၊ “ပါရီ”လေ။ အဖေ့ကြောင့် ပြင်သစ်တွေ အကြောင်း စိတ်ဝင်စား ခဲ့ရသလို ကိုယ့်အကြိုက်ဆုံး စာရေး ဆရာမ ဂျူးကြောင့်ပါ ပြင်သစ်စာကို မရရအောင် သင်ဖြစ်ခဲ့တယ်။ သူများတွေ ကျောင်းစာနဲ့ လုံးပန်း နေရချိန် ကိုယ်ကတော့ ပြင်သစ် ယဉ်ကျေးမှု ဌာနမှာ ကိုယ့်အနာဂတ် ကို ပုံဖော် နေလိုက်တယ်။

ကိုယ့်ဘ၀ရဲ့ အလွှမ်းမိုးဆုံး အမျိုးသမီးထဲမှာ အဘွားပြီးရင် ဂျူးက ထိပ်ဆုံးကပါ။ ပြင်သစ် ရနံ့သင်းတဲ့ သူမရဲ့စာပေကို ကိုယ်မြတ်နိုးတယ်။ လူတိုင်း ချဉ်းကပ်လို့ မလွယ်တဲ့ ကောက်ကွေ့ပြီး ပညာပါတဲ့ သူမ အရေးအသားကို ကိုယ် ခုံမင်တယ်။ အများတကာ သတ်မှတ်ထားတဲ့ အမျိုး သမီး တစ်ယောက်ရဲ့စံချိန်ကိုတောင် ကျော်သွားတဲ့ သူမ စိတ်ဓာတ်ကို ကိုယ် လေးစားရတယ်။

အဲသလို ဂျူးခရေဇီ ဆိုတာ သိလို့ ကိုယ့်သူ ငယ်ချင်းတွေတောင် အံ့သြရတယ်လေ။ စာရေး သူ တစ်ယောက်ချင်းစီမှာ ကိုယ့်ကို အလွှမ်းမိုးဆုံး စာရေးဆရာရဲ့အငွေ့အသက်တော့ ရှိနေမှာ အမှန်ပဲ။ ကိုယ်က ကိုယ်ပိုင်သံစဉ်တွေကို ဂစ်တာ တစ်လက်နဲ့ ရှာဖွေသူဖြစ်သလို ကိုယ့်ရဲ့ဝတ္ထုတွေကိုလည်း လိပ်ပြာသန့်တဲ့ ကိုယ်ပိုင် တိမ်တိုက်တွေ အဖြစ်သာ ဖန်တီးချင်သူပါ။ ကိုယ်ပိုင် တိမ်တိုက်တွေဆိုတာ ဘယ်တော့မှ မပြိုကွဲတတ်ဘူးလေ။

ဒေါင်ဒင်လား၊ ဒင်ဒေါင်လား၊ နာရီသံတွေကို ခွဲခြားလို့ရပြီ။ ခုတော့ ကိုယ်ဆုပ်ကိုင် ထားတဲ့ အရာဟာ မျှော်လင့်ခြင်း ဆိုတာကိုတော့ ခွဲခြား သိခဲ့ပြီ။ ပြတင်းပေါက်ကနေ တိမ်တိုက်တွေကို လှမ်းမျှားမိတယ်။ သူတို့ အလိုက်သင့်လေး ပါလာတတ် ခဲ့ပြီ။ တိမ်နဲ့ကိုယ်ဟာ စိန်ပြေးတမ်း ကစားနေမိ တုန်းပဲ။ ဒက်ဖနေးရှင်းတွေ ကင်းလွတ်နေတဲ့တိမ် တိုက်တွေလို မျောလွင့်ချင်ရဲ့။ တိမ်တွေနဲ့ အတူ ကိုယ်တို့ အိပ်မက်တွေ စိတ်ရှိလက်ရှိ မက်လိုက်စမ်း ပါလေ့။ အစွမ်းကုန် ကြိုးစားခွင့်၊ မျှော်လင့်ခွင့်တွေ ရှိနေသရွေ့ ကိုယ်ပိုင် တိမ်တိုက်တွေ ဝေးလွင့် မသွားဘူး။ မနက်ဖြန်မှာတော့ အဲဒီတိမ်တိုက်တွေကနေ ကိုယ်ပိုင်သံစဉ်တွေ ပေါက်ကွဲ ထွက်အန် လာလိမ့်မယ်။    
လင်းစက်နွယ်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments:

Post a Comment