နှစ်ဆယ့်တစ်ခုမြောက် အံဝှက်



တောင်ကမ်းပါးယံက
ဒါမှမဟုတ်
အမြင့် တစ်နေရာရာက
အငွေ့ပြန်သွားတဲ့ တိမ်တိုက် တစ်ခုကို
ကျွန်မ ယီးလေးခို ကြည့်ဖူးတယ်

မဟာပထ၀ီ မြေပေါ်
ဗိုက်ဆာတာကို ဖြေရှင်းတဲ့ ဖဲချပ်တွေ
ကွဲပြားကြ
တချို့က ခြေလက် အစုံနဲ့
တောင်းရမ်းကြ

တချို့ကျ တွန်းထိုးကျော်ခွ ရုန်းကန်ကြ
ပိုဆိုးတာက
ဇိမ်ခံ ကားကြီးပေါ်ကနေ မျက်စောင်း ထိုးနေကြ
ရောင့်ရဲမှုတွေက ထမင်း မကျွေးနိုင်လို့
အတ္တကို ပေါင်းသင် နေကြရတယ်
ဒါဟာ လူသားဆန်ခြင်း သီအိုရီလား မေမေ။

ယိုင်နဲ့နဲ့ ကြိုးတံတားပေါ်မှာ
ငွေစက္ကူ တချို့အတွက
် ကျွန်မ မပြေးလွှားဖူးဘူး
တာထွက် နောက်ကျသွားမှာ မကြောက်သလို
ခလုတ် တိုက်လဲမှာ မပူရဘူး
တစ်ခါတစ်ရံတော့
အပြုစု မခံရရှာတဲ့
ဘွန်ဆိုင်းပင်လေးလို
ငြိမ်သက် သေးသိမ် ညှိုးခြောက်လို့
တံလျှပ်ကို ရေထင်မိတဲ့ အခါခါ အတွက်
ကွင်းလယ်ဒိုင်က အနီကတ် ပြတာလည်း
ခံခဲ့ဖူးတယ် မေမေ။

ကန့်သတ်ခြင်း သီအိုရီတွေကို
တရွေ့ရွေ့ ချိုးဖောက် နေရင်းက
အမည်းစက်လေးတွေ များလာတဲ့
နှလုံးသား အတွက်
နေကာမျက်မှန် တစ်လက်
ဝယ်တပ် လိုက်ရတယ် လူတွေဟာ
ညစ်မှောင်ခြင်းကို မဖျက်ချင်တော့တဲ့ အခါ
အမည်းကို အမည်းနဲ့ပဲ မြင်ချင်လာတတ်တော့တယ်
တစ်ခါတစ်ရံတော့လည်း
စိုက်သွားတဲ့ ငါးရိုးကို
သည်အတိုင်း ပစ်ထား လိုက်ရတယ်။
စက္ကန့် လက်တံတွေနဲ့ တစ်ထပ်တည်း
နှလုံးခုန်သံတွေ ပြေးလွှားခဲ့တုန်းက
အချစ်နဲ့ ငယ်ရွယ်မှုကို
လွဲမှားစွာ ဒက်ဖနေးရှင်းဖွင့်
နောက်ဆုံးတော့ လှေကားထစ် ဖြစ်သွားတဲ့
ကျောပြင်အတွက် ချုပ်ရိုး မရှိခဲ့ဘူး။

ကွဲပြားတဲ့ အသက်ရှူသံ ရောင်စုံထဲ
ငါ့လှေငါ ထိုးပေမယ့် ပဲခူး မရောက်တာ ခက်တယ်
တဖြည်းဖြည်းနဲ့ နာရီတွေကို
မုသား မသုံးနိုင်တော့သလို
ပြက္ခဒိန်တွေကို လှည့်စားရတာ
အားနာ လာသလို
ကိုယ့်ကိုယ်ကိုယ် ညာနေရတာ
ရှက်လာသလို နောက်ဆုံးတော့လည်း
အတ္တတွေ ရေချိန် ကိုက်နေတဲ့ လမ်းပေါ် ကသုတ်ကရိုက် ပြေးလိုက်ရတယ်။

ဖြူစင်မှုတွေ
ထမင်းရည်ပူ စီးသွားတာကို
သာလွန်မင်းတရားကြီးကလည်း
လျစ်လျူ ရှုလိုက်ရပြီ
ချိန်ခွင်တွေ ကမောက်ကမ ဖြစ်သွားတာကို
နှာစေးချင်ယောင် ဆောင်လိုက်ရပြီ
ဥသျှစ်သီး ကြွေတာကိုတောင်
ကမ္ဘာ ပျက်သလို အော်ဟစ်ခဲ့ရပြီ
လူတွေကို ဆေးကုနေရတဲ့ ကျွန်မ
ကိုယ့်အတ္တကိုယ် မေ့ဆေး မပေးနိုင်တော့ဘူး။
မနက်ဖြန်ရဲ့ မနက်ဖြန် တစ်ခုခုမှာမှ
ကျိုးပဲ့သွားတဲ့ အံဝှက်သော့အိမ်တွေကို
ပီအိုပီ ကိုင်လိုက်တော့မယ် မေမေ။  ။
လင်းစက်နွယ်
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

No comments:

Post a Comment