နောက်ထပ်မိုး

၁။
ထိုနေ့မှစ၍ မောင့်အပြုံးတွေသည် ယခင်ထက် များစွာ လေးလံ ထိုင်းမှိုင်းနေမှန်း ကျွန်မ ပါးနပ်စွာ သိရှိ ခဲ့ပါသည်။
ဒါတွေသည်ပင် ခေတ်မီလွန်းသော မောင့်မိသားစုကြောင့်ပေလား၊ သံသယ များလွန်းသော မောင့်စရိုက်ကြောင့်ပေလား၊ သို့မဟုတ် မောင်နှင့် ပတ်သက်သမျှ ဆိုလျှင် အရာရာကို လိုက်လျော နိုင်စွမ်းသော မိန်းမ တစ်ယောက်၏ အရိုးစွဲ ကြိုးပြတ်မှုကြောင့်များလား။ တွေးလေတိုင်း ကျွန်မကိုယ် ကျွန်မ နောင်တ ရမိ၍ မဆုံးပေ။ ပထမဆုံးအကြိမ် ကြားသိရ သည်လောက်တော့ ဘယ်အရာမှ ရင်ခုန် စိတ်လှုပ်ရှားဖွယ် မကောင်းပါဘူးလေ။ သို့သော် မောင်ကတော့ ထိုနေ့မှစ၍ စိုးရိမ် သောကများဖြင့် တစ်စုံတစ်ခုအား ဇွတ်နှစ် စေခိုင်းတတ်ခဲ့သည်။ ကျွန်မ ငြင်းဆန်လေလေ မောင့်အတ္တတွေ ခက်ထန်လေလေ။ ကြာသော အခါ၌ ချစ်သူသက်တမ်း ခြောက်နှစ်တိုင် ခဲ့ဖူးသော အိမ်ထောင်ရေးသည် ခပ်ညံ့ညံ့ ထုတ်ကုန်များဖြင့် ပြုလုပ်ထားသော စုတ်ချာချာ ပေါင်မုန့် တစ်လုံးလို သိမ်ဖျင်း သွားလေသည်။

“မြန်မြန် ရှင်းလိုက်တော့နော် ခိုင်”

“ဘာအတွက်လဲ မောင်”

များသောအားဖြင့် အဖြေ မရှိသော မေးခွန်းများ အား မောင့်သက်ပြင်းသံက သာ ဖုံးလွှမ်းဖူးသည်ချည်း။ တစ်ခါတစ်ရံ ကျွန်မမှ သိပ် အေးစက်လွန်းလျှင် သို့မဟုတ် မအောင့်အည်းနိုင်စွာ မေးမိ လျှင်တော့ မောင့်အတ္တတွေ သက်ဝင်နေသည့် အရာအား စက်ဆုပ်စွာ တွေ့မြင်ရတတ် လေသည်။
“မင်း မရှင်းပစ်ရင် ကိုယ်အတင်း ရှင်းပစ်ရမှာပဲ”

“ရှင် လုပ်ရဲရင် လုပ်ကြည့်လေ။ ရှင့်ကို ကျွန်မ တရားစွဲမှာ။ ရှင်ထောင်ထဲမှာပဲ တစ်သက်လုံး နေရအောင် ထိ ကျွန်မ ရှင့်ကို လက်စား ချေမှာ”

“တောက်”

အနုနည်း မရ၍ ခက်ထန်စွာ ပြောဆိုတတ်လာသော ခင်ပွန်းသည်အား မုန်းတီး လာတတ်ရင်းကပင် ကျွန်မ ရင်ထဲ၌ သစ်တစ်ပင် ပျိုးခဲ့မိ ပြီ။ အဆိပ်သီးဟု မှိုချိုးမျှစ် ချိုး ထိခိုက် လာတတ်သော မောင့်ဆွေမျိုးများအား တော်လှန် တတ်လာရင်းက မောင့် ကညာပျို ခိုင်ခိုင်ဇော်သည် မောင့်မိသားစု တစ်ခုလုံး၏ ချဉ်ဖတ် ဖြစ်သွားခဲ့သည်။

ကြာလာသော အခါ ကျွန်မတို့၏ အိမ်ထောင်ရေးမှာ လူမသိ သူမသိ စစ်အေး တိုက်ပွဲ ဖြစ်ခဲ့ရသည်မှာ မိုး ကျွန်မ ဘ၀ထဲသို့ ရောက် လာသည် အထိဖြစ်သည်။

၂။
“ဒို...ရေ...မီ...မီ.. အဲ...မေ့”

ရုတ်တရက် သား၏ အသံကြားတော့မှ နှစ်ပေါင်း များစွာ သံပတ်လို ကျင့်သား ရပြီးဖြစ်သော ခန္ဓာကိုယ် ဆတ်ခနဲ တင်းသွားသည်။ သားက ကျွန်မ၏ လန့်ဖျပ် သွားသော အမူအရာကို ကြည့်ပြီး တခစ်ခစ် သဘော ကျရယ်နေတတ်လေသည်။

“မီ မီ ပြီး”

“မီ ပြီးတော့ ဖာလေ သားရဲ့”

“အင်း။ ဖာ..ဆို..လာ ဒီ”

ခဏနေတော့ သားက စန္ဒရား လက်ခုံပေါ် သူ့လက် ချောင်းလေးတွေ တင်၍ “ဒို ...ရေ...မီ” ကို အသံထွက် ဆိုနေလေသည်။ မဆိုးပါဘူး။ ဒါကို သားက တစ်ရက် အတွင်း တတ်မြောက်ခဲ့သည်။ အရင်ကထက်တော့ သားက အများကြီး တိုးတက် လာခဲ့ပြီ။ သေချာကြည့်မှ သား၏ တိုတိုတုတ်တုတ် လက် ချောင်းလေးတွေက လှပခိုင်ခံ့ သည့် သံစဉ်အား မွေးဖွားနေ ခဲ့သည်ကို သတိပြုမိတော့ “နှင်း”ကို ကျွန်မ ကျေးဇူး တင်၍ မဆုံးပေ။

နှင်း ပြောခဲ့သလိုပင် သားကို ကျွန်မ နှစ်ဆ ပိုချစ်  ခဲ့ပါသည်။ နှင်းက သား၏ အသက်သခင် ဆိုလျှင်လည်း မမှား။ သားကို လောကကြီးထဲ ခေါ်ယူ အသက်သွင်းခဲ့သူ ဆိုလျှင်လည်း မမှားချေ။ နှင်းနှင့် တွေ့ခဲ့ခြင်းကပင် သားကို မြတ်နိုးတတ်ဖို့ သင် ယူမိသော အခါကာလများ အဖြစ် ရုပ်လုံးကြွခဲ့ဖူးသည်။
“Genetic အဖြေက သေချာတယ် ခိုင်”

“ဟုတ်လို့လား ဟယ်”

မျိုးရိုးဗီဇ ဘာသာရပ်၌ ကျမ်းပြုစုခဲ့ဖူးသူ သူငယ်ချင်း ဆရာဝန်မအား တန်ပြန်မေးခွန်း ထုတ်လိုက်တော့ နှင်းက လိုက်မရယ်ပါ။ နှင်းက ပြုံးပင်မပြုံး။ ထိုကတည်းကပင် ကျွန်မ ဘ၀၌ သားကို စိတ်ကူး ပုံဖော်ကြည့်ရင်း သားနှင့် မသိလိုက် မသိဘာသာ နှောင်တွယ် မိသွားခဲ့ပြီ။

“ဒါ ခရိုမိုဆုမ်း ပြဿနာ တစ်ခုပေါ့ ခိုင်ရယ်။ နင်က အသက် သုံးဆယ့်ရှစ်မှ သားဦး လွယ်ရတယ်။ နောက် တစ်ခုက ခရိုမိုဆုမ်းတွေ ပျက်ပြားစေတဲ့ တခြား အကြောင်းအရာတွေ အများ ကြီး ရှိသေးတယ်”

နှင်း ရှင်းပြသောအခါ ကျွန်မမှာ နောင်တ ရရမည်လား၊ မောင့်ကိုပဲ အပြစ်တင် ရတော့မည်လား ဝေခွဲ မရချေ။ အကယ်၍ သည် ပြဿနာသည် ပညာရေးဘက် လောဘတကြီး နိုင် လွန်းလှသူ ကျွန်မကြောင့်ဟု ဆိုလျှင်တော့ ကျွန်မကိုယ် ကျွန်မ နောင်တရ၍ ဆုံးမည် မဟုတ်ချေ။

“ကျွန်မ ပီအိတ်ခ်ျဒီ ဆက်တက်ချင်သေးတယ် မောင်”

“ကျွန်မ ပြုစုထားတဲ့ ကျမ်းတွေက လေးလို့တဲ့။ အဲဒါ နောက်ထပ် တင်ရဦးမယ်”

“ဟင့်အင်း အရင်ကျမ်းထက် အများကြီး နက်နဲတယ် မောင်။ ဒါက ပုဂံရာဇ၀င် တစ်ခုလုံးရဲ့ အသက်”

ပညာရေးကို အကြောင်းပြပြီး တဖြည်းဖြည်း ဆင်ခြေ များလာတတ် သော ကျွန်မအား “လက်ထပ် ကြရအောင်”ဟု မောင် မညှိနှိုင်းတော့ပါ။ မောင်လက် လျှော့သွားသော အခါမှ ကျွန်မ မောင့်အား လက်ထပ်တော့ မည်ဟု အသိ ပေးခဲ့ဖူးသည်။ ထိုအချိန်က ကျွန်မ၏ အသက် သုံးဆယ့်ခုနစ်ထဲ ၀င်ချေပြီ။ မည်သို့ပင်ဖြစ်စေ ကျွန်မ အပေါ် အလိုက်သိ နားလည် ပေးဖူးသော မောင့်မိဘများကြောင့်ပင် သုံးဆယ်ကျော် အိမ်ထောင်ရေးမှာ ငယ်ရွယ်သူများ နည်းတူ ခမ်းနား ထည်ဝါခဲ့လေသည်။

“ငါ့ကြောင့် ထင်တယ် နှင်းရယ်။ ငါသာ ပီအိတ်ခ်ျဒီ မယူသေးဘဲ လက်ထပ်ဖြစ်ခဲ့ရင်”

“အို ဒီလိုမတွေးနဲ့လေ ခိုင်ရဲ့။ ဒါ နင်တစ်ယောက်တည်းမှ မဟုတ်တာ။ ကမ္ဘာ အရပ်ရပ်မှာ မိခင်တွေ ရင် ဆိုင်နေဆဲ ပြဿနာလေ။ နင် အသက်ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်လည်း ဖြစ်နိုင်ခြေ လုံးဝမရှိမှာမှ မဟုတ်ဘဲ။ ဖြစ်နိုင်ခြေ နည်းသွားတာပဲ ရှိတာ။ ဘာပဲဖြစ်ဖြစ်တို့ မြန်မာတွေ အတွက်တော့ ဒါဟာ ကံပဲ”

“နင့်လို ဆရာဝန်မက ကံကြမ္မာကို ယုံကြည်သတဲ့ လား နှင်းရယ်”

“အင်း”
နှင်းက တည်ငြိမ်စွာ အဖြေပေးလေသည်။ အကယ်၍များ ကျွန်မ ဘ၀၌ နှင်းလို သူငယ်ချင်းကောင်း တစ်ယောက်သာ မရှိခဲ့ဘူးဆို လျှင်အသိခေါက်ခက် အ၀င် နက်မိမည်လား မခန့်မှန်း တတ်ချေ။ သေချာသည်က ယိုင်နဲ့နဲ့ ကမ်းမမြင် လမ်းမမြင် ရွက်လှေအား လမ်းပြ ပေးသူ အဖြစ်တော့ နှင်းက ကျွန်မဘ၀၌ ခိုင်ခံ့စွာ ရပ် တည်ပေး နိုင်ခဲ့လေသည်။

“သား”ကို မွေးဖွားခဲ့သူ မှာလည်း “နှင်း”ပင် မဟုတ် လား။

၃။
“ကလင် ကလင်”

ဖုန်းသံကြားတော့ စန္ဒရားသံက ရုတ်တရက် ရပ်သွားသည်။ အို သားက ဖုန်း ကို ပြေးကိုင်လိုက်တာပါ။ ဖုန်းခွက်ကိုလည်း နှုတ်ခမ်း နားအတင်းတေ့ထားသေးသည်။
“မေမေ ရှိတယ်”

“ဘယ်သူလဲ သား”

“တီ”
တီတီနှင်းကို “တီ”ဟု တစ်လုံးတည်း ခေါ်ဝေါ် သုံးစွဲတတ်သော သားသည် နှင်း ၏ အချစ်တော်လေး ဖြစ်သွား သည်။ နဂိုကတည်းကမှ သားက မျက်နှာ ချိုရသည့် အထဲ နှင်းအား ချွဲတတ်လွန်း သောကြောင့် ကလေး မချစ်တတ်သူ နှင်းပင် အရည်ပျော် ခဲ့ရလေပြီ။

“ဟဲ့ မိုးက တတ်လိုက် တာဟယ်”

“အေး ခုလည်း စန္ဒရား တီးတာ ဟုတ်နေတာပဲ။ အတတ်လည်း မြန်တယ်။ နင်ပြောခဲ့သလို ငါက ကံ ကောင်းပါတယ်ဟယ်”

“ဒါနဲ့ ခိုင်၊ နင် ငါ့အိမ် လာလို့ ရမလား”

“ဟင်၊ အခုလား”

“အေး အရေးကြီး တာလေး တိုင်ပင်စရာ ရှိလို့”

နှင်းက အရင်အတိုင်း တစ်ခုခုဆို အမြဲတစေ အလျင် လိုတတ်လေ့ ရှိသည်။ သားကို လှမ်းကြည့်တော့ သား၏စိတ်က စန္ဒရားမှ သွေဖည်လျက် ကြမ်းခင်း ပေါ်မှ ပုရွက်ဆိတ်များအား စိတ်ဝင်စားလျက် ရှိနေလေ သည်။

နှင်း ဆီကိုရောက်တော့ နှင်း မျက်နှာ မကောင်းလှ။
“ကြားမိတာဟေ့။ သူက စီးပွားရေး လောကမှာ ဘုရင် တစ်ဆူလိုတောင် ဖြစ်နေပြီ မဟုတ်လား။ အမှန်က နင်နဲ့ သူက ကွာရှင်း ပြီးသားပါ။ ဘာမှဆိုင်မှာ မဟုတ်ပေ မဲ့ နင့်ကို သတိ ပေးချင်တာလည်း ဟုတ်တယ်။ သူ့မှာ အမြှောင်လေးတွေ အများ ကြီးပဲ”

ကြားလိုက်ရသော အခါ ချာချာလည်မူးသွား သော်လည်း အလျင်စလို ပြန် ထိန်းချုပ်ရသည်။ မောင်နှင့် ကျွန်မက ဘာမှမှ မသက် ဆိုင်တော့ပဲနော်။ အစက တည်းက ပညာရေး လောကနှင့် စီးပွားရေး လောက၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း နှစ်ဖက်လို တကွဲတပြား ဖြစ်တတ်မှန်း သိ လျက်က မောင့်ကိုသာ သစ္စာ မြဲခဲ့ဖူးသည် မဟုတ်လား။ သို့သော် မောင်နှင့် ပတ်သက် လျှင်တော့ ခိုင့်အသည်းက ဘယ်တော့မှ မခိုင်ခဲ့ပါ။

“လေးဆယ်ကျော်ပဲ ရှိသေးတဲ့ ယောက်ျား တစ်ယောက်ဟာ။ ငွေကြေးကလည်း တောင့်မှတောင့်ပဲ။ ဒီ နှင်းဆီခိုင်ကြီးကတော့ ဆူးများ လွန်းပါတယ်ဟာ”

နှင်းက ရှုံ့တွ၍ ပြော သော်လည်း ကျွန်မကတော့ ဟိုးယခင် မောင့်ကတိစကား များကိုသာ ယိုင်တိယိုင်တိုင် ကြားယောင်မိမြဲ ဖြစ်သည်။
“ခိုင် တစ်ယောက်တည်းသာ မောင့်ဘ၀ပါ” ဆိုသော ခပ်ညံ့ညံ့ ပြက်လုံး မျိုးကိုပေါ့။

၎။
“သေချာရဲ့လား မနှင်း”

မောင်က ဆောက်တည် ရာမရ ဖြစ်လေတိုင်း ကျွန်မ  ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့ရ မြဲ ဖြစ်သည်။ ခေတ်ပညာ ကြွယ်ဝလွန်းပြီး သိပ္ပံပညာနှင့် အဖြေ ထုတ်ချင်လွန်းသော မောင့်ကိုသာ ကျွန်မ အပြစ် တွင်တွင် တင်ရပေလိမ့်မည်။ မျိုးရိုးဗီဇ စစ်ဆေးမှု။ မြန်မာ စာအဓိကဖြင့် ပီအိတ်ခ်ျဒီပင် ခက်ခဲစွာ ယူခဲ့ပြီးသူ တစ် ယောက်အတွက်ပင်လျှင် မောင့်ကမ်းလှမ်းချက်က ပြက်လုံးတစ်ခု ဆိုဦးတော့၊ ကံကြမ္မာကို ကြိုတင် သိမြင် လိုသူ မောင့်အတွက် ကျွန်မ လိုက်လျောနိုင်စွမ်း ကြီးမား လွန်းခဲ့သည်။

ကံဆိုးစွာပင် စစ်ဆေးမှု အဖြေက အကျည်းတန်လေ သောအခါ မောင့် တုန်လှုပ် မှုအား မျက်ဝါးထင်ထင် ရိပ် မိခဲ့သည်။ ကျွန်မ အလွန်တုံး သည်။ တကယ်ဆိုလျှင် မောင့်ကမ်းလှမ်းချက်အား သဘော မတူသင့်။ နောက် တော့မှ အလိုလို ပိုင်ဆိုင်ရလာသော ရင်သွေးကိုပင် ဖျက်ချပစ်ဖို့ ဆော်သြနိုင်ခဲ့ သည်ကို ကျွန်မ အံ့အားသင့်၍ မဆုံးပေ။

“ဖျက်ပေးပါ မနှင်းရယ်။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ခိုင်က ခေါင်းမာတယ်။ သူက လုပ်ချင်တာ ပဲ သိတာ။ တာဝန်ကော ယူတတ်ပါ့မလား။ ဒီလို အန္တရာယ်မျိုး သူ မဖိတ်ခေါ် သင့်ဘူး။ မနှင်း သူငယ်ချင်း ကို မနှင်းပဲ ကယ်တင်ပါနော်”

နှင်း ပြန်ပြောပြမှ မောင်က နှင်းအပေါ် နားပူနားဆာ လုပ်သွား ခဲ့သည်များကို သိရ တော့ ကျောရိုးထဲ စိမ့်သွား သည်။ မောင် ဘယ်တုန်းက အဲသလောက် ရက်စက် တတ်သွားတာလဲ။ နှင်းက တွင်တွင် ငြင်းခဲ့တော့ မောင့် မျက်နှာ တင်းသွားသည်ဆိုပဲ။

သိပ်မကြာသော အခြေ အနေ၌ မောင်ကိုယ်တိုင်ပင် ဖျက်ချဖို့ ကျွန်မအား ဆွယ် လေတော့သည်။
“နှင်း ပြောပြဖူးတယ် မောင်ရဲ့”

ကျွန်မ စိတ်ဓာတ် ကျခဲ့ဖူးချိန်၌ နှင်းက ကျွန်မ စိတ်ကို ပြန်လည်ထောင်မတ်စေ ခဲ့သည်ပင် ဖြစ်သည်။ “မိုး” လေးကို သန္ဓေ လွယ်ထားစဉ် မှာပင် အကြိမ်များစွာ “မိုး” ၏ ပုံရိပ်အား စိတ်ကူးယဉ် တည်ဆောက် ကြည့်ဖူးသည်။ နှင်းက ပြောသည်။ သည်လို ကလေးမျိုးလေးတွေ၏ ရောဂါစုကို “ဒေါင်း”ဟု ခေါ် ပြီး သူတို့လေးတွေမှာ သာမန် ကလေးတွေထက် သာလွန် သည့် အချက်က အင်မတန် မျက်နှာချိုလေ့ ရှိပြီး ဆိုရှယ် ကောင်းတတ်ကြောင်း၊ မွန်ဂို လေးတွေဟု ခေါ်ကြောင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးနိုင်စွမ်း နည်း သော်လည်း စနစ်တကျ ပျိုး ထောင် တတ်လျှင်တော့ ထူးချွန် ထက်မြက်သော စရိုက် လေးတွေ ရှိကြောင်း နှင်း ပြောပြပါ များလာသည့် အခါ ၌ ကျွန်မသားကို မြင်တွေ့ချင် လှပါပြီ။

မိုးစက် မိုးပေါက်တွေ ဆေးရုံ၏ ခေါင်မိုးပေါ် တဒေါက်ဒေါက်ကျနေသည့် အသံနှင့်အတူ သားကို မွေး ဖွားခဲ့ချိန်၌ မောင် အနားမှာ ရှိမနေပါ။ မွေးကတည်းက အံ့သြစရာကောင်းလောက် အောင် မျက်နှာချိုသော သား အား ငေးကြည့်လျက်က မျက်ရည် လည်ခဲ့ရသည်။ မိုးရာသီမှာ မွေးသော သား ကို နှင်းက “မိုး” ဟု အမည် ပေးခဲ့သည်။

“မိုးစက်တွေလို့ အဓိပ္ပာယ်ရရုံ မဟုတ်ဘူးနော်  ခိုင်။ အင်္ဂလိပ်လို “More” နောက်ထပ်လို့ အဓိပ္ပာယ်ရ တယ်။ သားက နင့်ဘ၀ အတွက် နောက်ထပ် နောက်ထပ် ခွန်အားတွေကို သယ် ဆောင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဒါပေမဲ့ ပြင်သစ်လို ဆိုရင်တော့ “More” သေဆုံးခြင်းလေ” ဟု စိတ်ထဲမှာ ရေရွတ်မိသော်လည်း နှင်းကိုတော့ ကျွန်မ မပြောဖြစ်ခဲ့။ အမှန်တကယ်ပင် သားကို မွေးပြီး တစ်ပတ်နေတော့ ကျွန်မနှင့် မောင် ကွာရှင်းသည်။ အချစ်သစ်ပင်သည် တုံးခနဲ ပြိုလဲခြင်း မဟုတ် သောကြောင့် ကျွန်မ ကံကောင်းပါသည်။ အရင် ကတည်းက ဆွေးမြည့်နေ သော၊“အချစ်”ဟု ခပ်ကြောင် ကြောင် တံဆိပ် ရိုက်ထားသော သစ်အိုပင်ကြီး သေဆုံး သွားပြီ။ ဒါသည် ပြင်သစ် လို “More” မဟုတ်လား ကွယ်။ ဘာတွေ ကျွန်မ ဆုံးရှုံးရလိမ့်ဦးမလဲ။

သို့သော် ကျွန်မ ထင် သည်မှာ မှားသွားသည်။ နှင်း နိမိတ် ဖတ်ခဲ့သလိုပင် ကျွန်မ အတွက် သားက နောက်ထပ် သစ်ပင် တစ်ပင်ကို ပျိုးပေး ခဲ့ပါသည်။ သား၏ အပြုံးတွေက တစ်ခုလပ် မိန်းမ တစ်ယောက်အား ဂုဏ်တင် ပေးခဲ့သည်။ သား၏ ရယ်သံ လွလွက အားနွဲ့သော မိန်းမသား ဘ၀ဖြစ်တည်မှုအား အရောင်စိုလက်စေခဲ့သည်။ သား၏ အနာဂတ်နှင့် ပတ် သက်ပြီး စိတ်ကူးယဉ် အိပ်မက်တွေ မက်တတ်လာသည်။ သားနှင့်ပတ်သက်လျှင် ကမ္ဘာကြီးကိုပင် စိန်ခေါ်ဖူး သူ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ သည်။

သားက ကျွန်မအတွက် နောက်ဆုံး ပတ်သက်ဖူးသော ယောက်ျားသာ ဖြစ်ရမည်။ သွေးတိုး စမ်းချင်သော သား၏ အဖေနေရာ၌ ၀င်ယူလို သော အူကြောင်ကြောင် ယောက်ျားများအား အတွေး ထဲ၌ ယောင်၍ပင် မထည့်။ ကျွန်မအတွက် ဘွဲ့တွေ၊ နိုင်ငံခြား ဟူသော ဆွယ်လုံးတွေ သည် သားနှင့်ယှဉ်လိုက် လျှင် ပါမွှားသာဖြစ်သွားပြီ။

တချို့က သားအား “လာခြင်း မကောင်းသူ”ဟု ပေါ်တင်တစ်မျိုး၊ ကွယ်ရာ တစ်ဖုံ ရေရွတ်ကြသော်လည်း ကျွန်မ ဂရု မစိုက်ပါ။ သားက ကျွန်မ၏ အသည်းစိုင်သာ ဖြစ်သည်။

၅။
“အစ်မ သားက တော် တော် ဉဏ်ပြေးတယ်။ ဒေါင်းကလေးတွေထဲ အတော်ဆုံးပဲ”

နှင်းနှင့်အတူ La Belle Vie သင်တန်းကျောင်းကို ရောက်တော့ တီချယ်စိုးက သားနှင့်ပတ်သက်ပြီး ၀မ်း သာအားရ ပြောပြလေသည်။
“ကျေးဇူးတင်ပါတယ် တီချယ်ရယ်။ ခုနကတောင် သားက အိမ်မှာ စန္ဒားတီး နေတာ ဟုတ်နေတာပဲ”

“Le belle vie” “လှပ သော ဘ၀”ဟု အမည်ရသော မြန်မာပြည်၏ တစ်ခုတည်း သော သင်တန်း ကျောင်းကလေးနှင့် စတင်မိတ်ဆက် ပေးသူ နှင်းအား ထပ်၍ ကျေးဇူး တင်ရဦးမည်။ နိုင်ငံ ခြားမှာဆို ဒါမျိုးကျောင်းတွေ အများကြီးတဲ့။ နှင်းက ပြောပြလေသည်။ သူများ ကလေး တွေ ကျောင်းစတင်အပ်လေ့ ရှိသော ငါးနှစ် အရွယ်မှာပင် သားကို ကျောင်းအပ်ခဲ့သည်။

“Trisomy 21”ဟူသော ဒေါင်း (Down’s Syndrome) လက္ခဏာစု၏ အမှတ်တံဆိပ် ခရိုမိုဆုမ်း နံပါတ်ပိုင်ရှင် လေးများအတွက်တော့ “လှပ သော ဘ၀”သည် ခမ်းနား သော အိပ်မက်သာဖြစ်သည်။ အများနည်းတူ သားကို ပညာတွေ သင်ပေးလို့ မရနိုင် တော့ဘူးဟူသည့် စိုးရိမ် သောကများကို ပြေလျော့ စေသည်အထိ ထိုသင်တန်း ကျောင်းက တာဝန်ယူမှု ကောင်းလွန်းခဲ့သည်။

အကယ်၍ သားသည် တီချယ်စိုးနှင့်သာ မတွေ့ခဲ့ လျှင် သားကို တိုးတက်စေ ချင်သည့် ကျွန်မ တစ်ခုခု တော့ အားစိုက်ရဦးမှာ ဖြစ် သည်။ ခုတော့ သားက ထူးခြားစွာပင် မှတ်ဉာဏ် ကောင်းလွန်းသည်ဟု နှင်းပင် အံ့သြစွာ သတ်မှတ်ကောက် ချက်ချခဲ့သည်။ သားက အငြိုးကြီးသည့် နေရာမှာ လည်း နှစ်ယောက်မရှိကြောင်း နှင်းကို မပြောပြဖြစ်။ ဥပမာ သားကို ကျွန်မ မကစား စေချင်သည့်အခါ အရုပ်လေး တွေပြပြီး စာသင်ချင်သည့် အခါ သား မက်မောစွာ ဆော့ကစားလေ့ရှိသော အိမ် ဆောက်တမ်းကစားသည့် အတုံးများအား ၀ှက်ထားမြဲ။ ထိုအခါ သားက ပါးနပ်စွာ ပင် စာသင်သည့် အရုပ်ကား ချပ်အား ကျွန်မ လစ်လျှင် တစ်နေရာရာ၌ ၀ှက်ထား တော့သည်။

ဉာဏ်ရည်ပုံမှန်ပြေး သော ကလေးတွေထက် အနည်းငယ် မဆိုစလောက် လေးသာ သားက နှေးတာ ပါကွယ်။ တကယ်တမ်း ပန်းဝင်မည့်သူဟာ ယုန် မဟုတ်ဘူး။ လိပ်ကလေးပါ ဟု မခံချိ မခံသာပြောလေ တိုင်း နှင်းက သွားတက် လေးတွေ ပေါ်အောင်ထိ သဘောကျ ရယ်မောတတ် လေသည်။

“Le belle Vie”၌ သား ကို ခေတ္တထားခဲ့ပြီး အိမ်ပြန် တော့ နှင်းက ဘေး၌လိုက် ပါလာခဲ့သည်။

၆။
နှင်းစကားကြောင့် ကျွန်မမှာ ရယ်ရအခက်၊ ငိုရ အခက်။
“ဆူးများလွန်းတဲ့ နှင်း ဆီခိုင်ကြီးပါ”တဲ့လေ။ မောင့်ကို တင်စားပုံများ။ ရုတ်တရက် ကျွန်မ ခန္ဓာ ဆတ်ခနဲ တင်းသွားသည်။ ကိုယ့်ရင် သွေးကိုပင် လက်မခံနိုင်သော သတ္တိကြောင်သည့် ခပ်ညံ့ညံ့ ယောက်ျားသား တစ်ဦးကို ကျွန်မ၏ ၀ိညာဉ်က ကပ်ငြိ စွာ “မောင်”ဟု ခေါ်နေသေး သတဲ့လား။

ကိုးနှစ်ခန့် ကြာသွား သောအခါ “တစ်ခုလပ်” ဟူ သော ပညတ်ချက်မှာ ကျွန်မ အတွက် အဆန်းတကြယ် မဟုတ်တော့ချေ။
“ဟဲ့ ခိုင် နင့်သား ပန်းချီဆွဲထားတယ်ဆို။ ငါ့ကို ပြဦး”

ရုတ်တရက် နှင်းအသံ ကြားမှ အတိတ်ရိပ်ပုံတွေ ခွာစပြုသည်။ နှင်းက အမှတ်ရစွာ တောင်းကြည့် နေသည်။
“ထူးတော့ ထူးတယ် နှင်းရဲ့။ “လှပသော ဘ၀” က သင်ပေးလိုက်တာပဲလား။ သားဘာသာသားပဲ  ဉာဏ် ကွန့်မြူးလေသလား”

“ဘာမို့လို့လဲ ခိုင်ရယ်”

နှင်းက လက်ထဲမှ ဖုန် သုတ်လက်စ ပန်းအိုးအား စားပွဲပေါ်အသာတင်ရင်း မျက်မှောင်ကြုတ်လေသည်။
“ဒီမှာလေ နှင်း”

သေသပ်စွာ ဆွဲထား သည့် ၀လုံးကလေး သုံးလုံး နှင့် တုတ်ချောင်းကလေးများ။ သို့သော် ထိုတုတ်ချောင်း ကလေးများစွာ ပေါင်းစည်း ပြီး လူသုံးယောက် ဖြစ်သွားသည်။ ၀လုံးလေးတွေနှင့် တုတ်ချောင်းလေးများအောက် ၌ အနည်းငယ် မပီပြင်ချင် သည့် လက်ရေး။ ဒါသား ကိုး နှစ်ပြည့်မှ ရေးတတ်ခဲ့သည့် ပထမဆုံး လက်ရေးလေးသာ ဖြစ်သော်လည်း ကျွန်မ မျက်ရည် လည်ခဲ့ရသည် အထိ သား က တော်နိုင်လွန်းပါသည်။

တကယ်တမ်း တမ်းတ ၍ပဲလား။ ကျောင်းမှသင်ပေး လိုက်၍ပဲလား မသေချာလှ သော်လည်း အကယ်၍ သား တစ်နေ့နေ့၌ မေးလာခဲ့ပါလျှင် ကျွန်မ ဘယ်လို ဖြေရပါ့။

“ခွမ်း”ခနဲ နှင်းလက်ထဲ မှ အပြာရောင် ပန်းအိုးတစ် လုံးကျကွဲသွားသည်။ နှင်းက ပါးစပ်အဟောင်းသား ငေး ကြည့်နေသည့်ဆီ ကျွန်မပါ ရောယောင်ကြည့်မိတော့ ဘယ်ဘက်ရင်အုံ၏ ကိုးနှစ်ကျော် သည်အထိ ကျင့်သားရစွာ တုန်လှုပ် နာကျင်မှုကိုတော့ အသိအမှတ် ပြုလိုက်ရသည်။

ဝလုံးလေးနှင့် တုတ် ချောင်းလေး တစ်ခုအောက်၌ ရေးထားသည်က “ဖေဖေ” တဲ့လေ။           
လင်းစက်နွယ်
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

3 comments:

  1. ဒါကြောင့်လည်း လောကမှာ အမေတွေရဲ့ မေတ္တာဟာ အဖေတွေရဲ့ မေတ္တာထက် နှိုင်းမရအောင် ပိုတယ်လို့ ဆိုကြတာပေါ့...။

    ReplyDelete
    Replies
    1. ဆရာမရေ...ရယ်ဒီဖြစ်ပြီလား...ရွှေအမြုတေစာပေပွဲတက်ရောက်ပြီး
      ဆုတက်ယူရမယ်ဆိုတော့လေ...ဂုဏ်ယူပါတယ် ဆရာမ။
      ဒီလထုတ် teenမှာ အတူတူဆုံခွင့်ရတဲ့အတွက် ၀မ်းသာပါကြောင်း...
      ထော်ဦး

      Delete
  2. အားကျစရာပါပဲ .. ဇာတ်အိမ်ရော အရေးရော အတွေးပါ ..ကောင်းလိုက်တာ လင်းစက် :)

    ReplyDelete