ကျီးအပုံပြင်

ပိုမို တိုးတက် ခံ့ညားလာတဲ့ သာယာဝတီ ဆေးရုံကြီးကို ငေးကြည့် နေရင်းကပဲ မျက်ရည်တစ်ပွင့် တလိမ့်ခေါက်ကွေး ကျသွားလေတယ်။ ကျွန်မ မျက်ရည်တွေ လျှံအားကောင်း လာဖို့ အချွန်နဲ့ မပေးမယ့် လေပြည်လည်း ဆိတ်ငြိမ်နေတယ်။ ကောင်းကင်မှာ တိမ်တိုက်တွေ မည်းညစ် နေပြီး သိပ်မခမ်းနားတဲ့ ရာသီဥတုဟာ ကျွန်မ နှလုံးသားနဲ့ အပြိုင် အုံ့ဆိုင်း နေခဲ့တယ်လေ။ သာယာဝတီကို လမ်းကြုံလို့ ၀င်မိတာလား၊ ၀င်မိတော့မှပဲ လမ်းကြုံချင်ယောင် ဆောင်လိုက် ရတာလား သိပ်မမှတ်မိတော့ ပေမယ့် ကျွန်မနဲ့ အတူ ပါလာတဲ့ သူငယ်ချင်းက အနည်းငယ် ယိုင်နဲ့တဲ့ အပြုံးနဲ့ နှစ်သိမ့်ခဲ့ ပါရဲ့။ သာယာဝတီဟာ အခုဆို လှပသေသပ် ခမ်းနားတဲ့ မြို့တစ်မြို့ ဖြစ်နေခဲ့ပြီလေ။ လူသွား လူလာလည်းများ၊ စီးပွားရေး အရ တိုးချဲ့ဆောက်လုပ်ထားတဲ့ အဆောက်အအုံကြီးတွေလည်း များလာကြပြီလေ။ ဘာရယ် မဟုတ်ပေမယ့်လည်း ကျွန်မနဲ့ရွှေစင် ဆလွန်းကားလေးကို အသာရပ်ပြီး အနည်းငယ် သက်သောင့်သက်သာ ရှိမယ့် အနေအထားမျိုးနဲ့ ဆေးရုံကြီးကို တွေဝေစွာငေးစိုက်လို့ နေလေရဲ့။

“လွန်ခဲ့တဲ့ ဆယ့်လေးနှစ် တုန်းက အလွန် ချစ်စရာ ကောင်းတဲ့ Team လေး တစ်ခုဟာ လူ့အသက်ကို ကယ်တင်ဖို့ အတွက် အင်တိုက် အားတိုက် ရုန်းကန်ခဲ့ကြဖူး တယ်နော် နွယ်”

ရွှေစင် ခပ်ဟဟလေးပြောလို့ ကျွန်မ သူမကို လှမ်းကြည့်လိုက်တော့ ရွှေစင့်မျက်လုံးတွေဟာ ဆေးရုံဆီမှာပဲ ဝေ့နေခဲ့တယ်။ ဆေးရုံမှာ လတ်တလော တာဝန်ကျနေတဲ့ ဆရာဝန်လေးတွေ မြင်များသွားရင် ကျွန်မတို့ နှစ်ယောက်ကို အသည်းအသန် စပ်စုဦးမှာ အသေအချာပါပဲ။
ဆေးရုံကို ပြန်လည် လွမ်းဆွတ် နေခဲ့ချိန်မှာ လက်ရှိပိုင်ဆိုင်ထားတဲ့ ကျွန်မတို့ရဲ့ ရာထူးတွေ၊ သြဇာတိက္ကမတွေကို မသိသားဆိုးရွား စွာ မေ့ဖျောက်ထားခဲ့ရပါတယ်။

တွဲဖက်ပါမောက္ခ မေ့ဆေး ဆရာဝန်ကြီး ဒေါက်တာရွှေစင်နဲ့ ခွဲစိတ်အထူးကုပါမောက္ခ ဒေါက်တာနွယ်လင်းတို့ဟာ ဘွဲ့လွန် ဘာသာရပ်တွေ အောင်မြင်ပြီးနောက် သည်ဆေးရုံလေးမှာ အတူတူတာဝန်ကျရင်း လက်တွဲဖြစ်ခဲ့ကြတယ် ဆိုတာ ခုချိန်မှာ သိပ်နားထောင်လို့ မကောင်းတဲ့ ပုံပြင် တစ်ပုဒ်ရယ်ပါ။
“အင်းနော်၊ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က ငါခွဲစိတ်ခန်း ၀င်နေရင်း ခွဲစင်ပေါ်မှာ ဆုံးသွားတဲ့ ကေ့စ်ကို ငါအမှတ်ရသွားတယ် ရွှေစင်ရယ်”

ပြောပြီးမှ ပစ္စုပ္ပန်ကို ပဉ္စလက်ဆန်ဆန် ချေဖျက်ကြည့်ဖို့ကြိုးစားကြည့်တယ်။ ရန်ကုန်ကို မေ့ဖျောက်ဖို့ အနည်းငယ် ရယ်မောကြည့်ရတယ်။ အဲဒီနောက်မှာတော့ ကျွန်မ ဦးနှောက်တွေ အတိတ် ဆီ သယ်ဆောင်သွားလေသမျှ မရုန်းဆန်ဘဲ လိုက် သွားလိုက်ရတယ်လေ။ ပစ္စုပ္ပန်ရဲ့ အနာတရကို ကုစားဖို့ အတိတ်ဆိုတဲ့ သမားတော်ကသာ စွမ်း နိုင်မှာပေါ့လေ။
သည်လိုနဲ့ပဲ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်ဆီက။

၂။
“မမနွယ်က သာယာဝတီ ရောက်ခါစမို့ ညည်းတာပါ၊ နောက်တော့လည်း ကျွန်မတို့ဆီက မြွေတွေ၊ ပင့်ကူတွေနဲ့ နေသားကျသွားမှာပါ”

ထဘီအပြာဝတ် ဘလူးစတက်ဖ် ဒေါ်ရည်မြဟာ ကျွန်မရောက်ရှိလာတဲ့ ပုံစံကိုကြည့်ရင်း အူလှိုက်သည်းလှိုက် ဟားခဲ့ပါသေးတယ်။ အဲဒီ တုန်းက သာယာဝတီဆေးရုံဝင်း အကျယ်ကြီး ထဲမှာ သွပ်မိုးထရံကာ တစ်ထပ်အိမ်လေးတွေ တစ်လုံးချင်းစီ နေရာခြားလျက် ဆောက်လုပ်ထား ခဲ့တယ်။
ကျန်းမာရေးလုပ်သားအားလုံး တစ်ဝင်းထဲမှာ တစည်းတလုံးတည်း နေခဲ့ကြရတဲ့အဖြစ်ပါ။ ကျွန်မတာဝန်ကျတဲ့ ပထမလမှာတင်ပဲ ရန်ကုန် ကို ပြန်ပြေးချင်လောက်အောင် စိတ်ညစ်ညူးခဲ့ရ ပါတယ်။

“ကိုမိုးကြီးရေ၊ ကျွန်မ ခြံဘေးပတ်လည်က တောပင့်ကူကြီးတွေ ရှင်းပေးပါဦး”

“ရှင်းတာပဲ ဆရာမရေ၊ သည်ကောင်ကြီးတွေက ဘယ်ကဘယ်လို ပြန်ရောက်လာလဲ မသိဘူးဗျ”

ကျွန်မ မျက်မှောင်ကြုတ်သွားတာကို ဆေးရုံ အလုပ်သမားကိုမိုးကြီးက အနည်းငယ် စပ်ဖြဲဖြဲ နိုင်စွာ ကြည့်နေခဲ့ပါတယ်။ ကျွန်မက ပင့်ကူတွေကိုမှ မသတ်ချင်ဘဲ။ အဲဒီတော့ ပင့်ကူကို အရှင် လတ်လတ် ကြွပ်ကြွပ်အိတ် တစ်လုံးနဲ့ဖမ်းပြီး ခပ်ဝေးဝေးကို လွှင့်ပစ်ပေးရမြဲဖြစ်တဲ့ ကိုမိုးကြီး အတွက် အလုပ်ပိုစေပါရဲ့။

ကြာတော့လည်း တောပင့်ကူတွေနဲ့ ကျွန်မ ထူးဆန်းစွာ နေသားကျသွားခဲ့တယ်။ ပင့်ကူရန် ကို သိပ်မကြောက်မိပေမယ့် အမျိုးသမီးတစ်ဦး တည်းနေတဲ့ တစ်ထပ်ပျဉ်ထောင် အိမ်လေးထဲမှာ အလွန်ကြီးတဲ့ မြွေအရေခွံနှစ်ခု တွေ့လိုက်ရတဲ့ တစ်ခဏ ကြောက်ဖျားဖျားခဲ့လေတယ်။
များမကြာမီမှာပဲ အင်းဆက်ပိုးမွှားတွေ၊ တွားသွားသတ္တ၀ါတွေဟာ ခွဲစိတ်ခန်းမှာသာ ရင်ခုန်ရတဲ့ ကျွန်မနှလုံးအိမ်ကို ခပ်ပြင်းပြင်းလေး တုန်ခါစေသူတွေ ဖြစ်ခဲ့တယ်လေ။ သာယာဝတီ ဆေးရုံဟာ အဲသလို တုန်လှုပ် ချောက်ချားမှုတွေကို ရသ တစ်မျိုးအဖြစ် ပေးစွမ်းနိုင်ခဲ့ပါရဲ့။

၃။
ရန်ကုန်မြို့ကြီးကို စနေ၊ တနင်္ဂနွေမှာ ပြန် လာဖို့ စိတ်ကူးမိခဲ့ပေမယ့် သာယာဝတီဟာ ဖြည်း ဖြည်းချင်းပဲ ကျွန်မအသည်းကို နုတ်ယူသွားနိုင် ပါတယ်။ ဆရာဝန်ဆိုတာ အားလပ်ရက်မှ မရှိဘဲနော်။ ဒါပေမယ့် မိုးတွေထစ်ချုန်းနေတဲ့ ညတစ် ညမှာ ဆေးရုံဝင်းထဲ ဒယီးဒယိုင် လျှောက်လှမ်း ရင်း ကျွန်မရဲ့ဘယ်ဘက်လက်က သုံးတောင့်ထိုး လက်နှိပ်ဓာတ်မီးကို ကိုင်၊ ညာဘက်လက်မှာ တော့ ၀ါးရင်းတုတ် တစ်ချောင်းဆောင်ရင်း ရန်ကုန်ကို ဖုန်းလှမ်းဆက်ဖို့ ဖုန်းခွက်ရှိရာသို့ အားတင်းပြီး လျှောက်လှမ်းခဲ့ရတယ်လေ။ မိုးကာ အင်္ကျီကို ဖြန်းခနဲပက်လိုက်တဲ့ မိုးစက်တွေရဲ့ အသံ ဟာ ကျွန်မနှလုံးသား ဒုန်းစိုင်းခုန်ပေါက်သံ လောက် မကျယ်လောင်ခဲ့ဘူး။

ဖုန်းခွက်နားရောက်တော့ ကျွန်မထက်အရင် ဦးအောင်ရောက်နှင့်တဲ့ ရွှေစင်က သူမ မျက်ရည် တွေကို လက်ဖမိုးနဲ့အသာဖိသုတ်ရင်း ဖုန်းချဖို့ ပြင်နေပြီ။
“နွယ်၊ ကိုယ်ဖုန်းခေါ်ပေးရမလား”

အနည်းငယ် ဆို့နင့်တဲ့အသံဟာ မိုးစက်တွေ ရိုက်ခတ်နေတဲ့ ညမျိုးမှာ ဌာန်၊ ကရိုဏ်းမကျဘဲ ထွက်ပေါ်လာခဲ့တယ်။ ကျွန်မရဲ့ ရန်ကုန်အိမ်ဖုန်း ကို အလွတ်ရနေပြီဖြစ်တဲ့ ရွှေစင်က ဂဏန်းလေး တွေကို တစ်ခုချင်းစီ တုန်တုန်ရင်ရင် နှိပ်ပြနေခဲ့ တယ်။
“ဟယ်လို၊ မေမေလား”

တစ်ဖက်ကအသံဟာ ကျွန်မမှန်းသိတော့ ရုတ်တရက် တိမ်ဝင်သွားပါတယ်။
“အေးအေး သမီး၊ မေမေကတော့ အဆင် ပြေပါတယ်ကွယ်၊ မြေးမကြီးက တစ်ချိန်လုံး ငိုနေတယ်၊ မေမေခေါ်ပေးမယ်၊ ပြောလိုက် သမီး”

ကျွန်မ သမီးကြီးရဲ့ဖူးနုနေတဲ့ မျက်နှာလေးကို ပြန်မြင်ယောင်ရင်း မျက်ရည်ကျလုဆဲဆဲ သမီးကြီးက
“မေမေ မကောင်းဘူး၊ သမီးတို့ကို နေ့တိုင်း ဖုန်းဆက်မယ် ပြောပြီး မေမေညာတယ်”

သမီးနှစ်ယောက်ကို ငါးပါးသီလလုံဖို့ အထပ်ထပ်အခါခါ သတိပေးမြဲဖြစ်တဲ့ ကျွန်မ တစ်ယောက် မနေ့ညက သမီးဆီ ဖုန်းဆက်ဖို့ လစ် ဟင်းသွားခဲ့တယ်။ စတုတ္ထတန်း ကျောင်းသူဖြစ်တဲ့ သမီးကြီးက ဒေါသကိုလည်း အတောင့်လိုက် ထွက်ပြလာတတ်ပါတယ်။
“သမီးကို မေမေ မညာပါဘူးကွယ်၊ မနေ့ညက Urgent တစ်ယောက်ရှိလို့ သမီးရဲ့”

အဖေရော၊ အမေပါ ဆရာဝန်မို့ ကျွန်မသမီး တွေဟာ ဆေးပညာ စကားလုံးတွေ၊ ဝေါဟာရတွေနဲ့ အကျွမ်းတ၀င်ရှိပြီး နားရည်ဝနေကြ ပါတယ်။
“ဘာကေ့စ်လဲ မေမေ”တဲ့လေ။ သမီးကြီး က လူကြီးဆန်စွာ တွေးခေါ်နေရင်း မေးလိုက် တာပါ။
“ဘေလုံးကွဲသွားတာ သမီးရဲ့၊ ကလေးလေး တစ်ယောက်လေ၊ သစ်ပင်ပေါ် တက်ဆော့ရင်း ပြုတ်ကျသွားတာ” သမီးကြီးက စုတ်တသပ်သပ် နဲ့ယူကျုံးမရဖြစ်နေတုန်း သမီးငယ်နဲ့ သမီးကြီးရဲ့ ရန်ဖြစ်သံကို ခဏနေတော့ကြား လိုက်ရတယ် လေ။

“နင်ချည်းပဲ ပြောမနေနဲ့ အကြီးမ၊ ငါလည်း မေမေနဲ့ ပြောမယ်”

သူတို့နှစ်ယောက် ရန်ဖြစ်တာ ၀ပြီးတော့မှ အငယ်လေးက ဖုန်းခွက်ကို အမောတကော လာကိုင်လေတယ်။
“မေမေ၊ မေမေနမ်းသွားတဲ့ ခေါင်းအုံးပေါ်က နှုတ်ခမ်းနီရာတွေ ပျောက်သွားပြီ”ပြောရင်း ဆိုရင်း သမီးငယ်က ငိုပါတော့တယ်။ အမေကို အရမ်း တွယ်တာတဲ့ သမီးတွေဟာ ကျွန်မ ရန်ကုန်ကနေ သာယာဝတီမြေပေါ် ပြန်နင်း ရတော့မယ့်အခါ ကျွန်မနှုတ်ခမ်းနီရာလေးကို သူတို့တွေရဲ့ ခေါင်းအုံးစွပ်တွေ ပေါ် နမ်းရှိုက် အရာ ထင်စေခဲ့ပါတယ်။ ကျွန်မ အလွမ်းပြေတဲ့လေ။

ှSUNMOON ဆိုတဲ့Express ကားကြီးပေါ် ကျွန်မ နေရာယူပြီးတာနဲ့ ကလေးတွေရဲ့အဖေရော၊ သမီးနှစ်ယောက်ပါ ကားလေးပေါ်က လက်ပြ နှုတ်ဆက်ကြမြဲ။ ကျွန်မကတော့ Expressျ ကားကြီးပေါ်မှာ ငြိမ်သက်စွာ ထိုင်ရင်း စော်ဘွားကြီးကုန်းကားဂိတ်ဝင်းကနေ တစ်စစပျောက်ကွယ်သွား တဲ့ ကားလေးဆီ မျက်စိတစ်ဆုံး ငေးစိုက်ကြည့်ဖူးတယ်လေ။ SUNMOONက ဒရိုင်ဘာရော၊ စပယ်ယာတွေပါ ကျွန်မကို မှတ်မိနေကြပြီ။ ရုတ်တရက် သမီးငယ်ရဲ့ ရှိုက်သံကြားမှ ကျွန်မ လန့်ဖျပ်သွားရပါရဲ့။

“အဘွားပေါ့၊ ခေါင်းအုံးစွပ်ကို မနက်က ဖြုတ်လျှော်ပစ်လိုက်တာ”

သမီးတွေကို အသာချော့ရင်း ဖုန်းချပြီးချိန်မှာတော့ ကျွန်မရဲ့ ကျလို့ ကျမှန်း မသိတဲ့ မျက်ရည်တွေကို ရွှေစင်က လက်ကိုင်ပ၀ါနဲ့ အသာသုတ်ပေး နေခဲ့ပြီ။ ရွှေစင်က အပျိုကြီးဆိုပေမယ့် သူမရဲ့ မိခင်အို မုဆိုးမကြီးကို ညီမတွေနဲ့ ထားခဲ့ရတာဖြစ်လို့ စိတ်မချနိုင်ဖြစ်နေပါတယ်။
သာယာဝတီနဲ့ ရန်ကုန်ဟာ နီးနီးလေးပါလေ။ ဒါပေမယ့် မျှော်လင့် ထားသလို အပတ်စဉ် ပြန်ခွင့်မရတဲ့ အခါ လစဉ်ပြန်ဖြစ်ဖို့ ကြိုးစားကြရင်းနဲ့ ပဲ ကျွန်မရဲ့လူနာတွေကို တရစပ်ခွဲ၊ ရွှေစင်ကလည်း အပတ်တကုတ် မေ့ဆေးတွေ ပေးရင်းနဲ့က သာယာဝတီဆေးရုံကြီးကို ဒုတိယအိမ် အဖြစ် နွေးထွေးစွာ အသိအမှတ်ပြုလိုက်ကြရပါတယ်။

၎။
“ဟဲ့ နွယ်၊ ငါပြောတာ မကြားဘူးလား”

ကျွန်မရဲ့ လည်နေတဲ့ စိတ်ကို ရွှေစင်က လှုပ်နှိုးပေးလိုက်ပါတယ်။ မိုးက ပိုအုံ့လာပြီး လေကတော့ ငြိမ်သက်မြဲဖြစ်နေတယ်။ ကျွန်မကို သတိပေး လိုက်တဲ့ ရွှေစင်ကတော့ ဆေးရုံကြီးဆီကို ဖြန့်ကြက်ထားတဲ့ သူမမျက်လုံး တွေအတွက် ရုပ်သိမ်းနိုင်စွမ်း မရှိသေးဘူးလေ။
“မှတ်မိလားနွယ်၊ အဲဒီတုန်းလေ ငါတို့ကို ငြင်းဆန်နေတဲ့ကြားက ငွေနှစ်ရာ အတင်းလက်အုပ်ချီ ကန်တော့သွားတဲ့ လူနာကိုလေ”
ကျွန်မ ရယ်လိုက်တော့ ရွှေစင်ကပါ ခပ်ဟဟလေးရယ်မောခဲ့လေတယ်။ ငွေနှစ်ရာဆိုတာ သည်ဘက်ခေတ်မှာ သိပ်အရေးမပါတဲ့ အေ<ကစက္ကူ တစ်ရွက်ဆိုပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတော့ တန်ဖိုးရှိတဲ့ ငွေပါလေ။
အဲဒီတုန်းက။

၅။
သာယာဝတီဆေးရုံဟာ ကျွန်မကို ထိတ်လန့်မှုတွေနဲ့ ပျော်ဝင်အသား ကျစေခဲ့တယ်။ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ ရင်ခုန်မှု၊ စိုးထိတ်မှုနဲ့ မျက်ကလဲ ဆန်ပျာဖြစ်မှုတွေကို တစ်သားတည်း စီးမျောစေခဲ့တယ်။ ကျွန်မအတွက် Plan ချပြီး နေ့ရက်သတ်မှတ် ခွဲစိတ်ရတဲ့ ကေ့စ်တွေထက် Urgent လို့ခေါ် တဲ့ အရေးပေါ်လူနာတွေက ပိုများနေခဲ့တယ်လေ။

အဲဒီညဟာလည်း အရင့်အရင်ညများစွာလို ပိန်းပိတ်အောင် မှောင်နေခဲ့ တယ်။ ကိုမိုးကြီးရဲ့ အသံကြောင့် တစ်ပိုင်းတစ်စ ထွက်အံနေတဲ့ ထွန်းအိန္ဒြာဗိုရဲ့ သီချင်းလေးကို အသာတိုးလိုက်ရတယ်။ ဓာတ်ခဲနဲ့ဖွင့်ရတဲ့ ကက်ဆက်လေးဟာ မီးမလာတဲ့ ညများစွာရဲ့ အရှင်သခင်ဖြစ်မှန်း မသိ ဖြစ်လို့နေခဲ့ပါရဲ့။
မီးပျက်နေတဲ့ ကာလဟာ အဆန်းတကြယ် မဖြစ်တော့ဘူးလေ။ မခွဲခင် စမ်းသပ် စစ်ဆေးမှု တွေလုပ်တော့ လူနာဟာ အသက်ရှူ မြန်နေခဲ့ပြီး အူအတက် ရောင်တဲ့ လက္ခဏာတွေ တွေ့လိုက်ရတယ်။ ဆေးရုံအုပ်ကြီးဆီ သတင်းပို့ပြီး သေချာ အောင် အထပ်ထပ် Confirm ပြန်လုပ်ရင်း ကေ့စ်ကို ခွဲစိတ်ဖို့ပြင်ဆင်ခဲ့တယ်။ မီးလာတဲ့ အချိန်တွေမှာ စနစ်ကျစွာပေါင်း ထားတဲ့ ခွဲခန်းအင်္ကျီရဲ့ ရနံ့ဟာ ကျွန်မရဲ့စိတ်ညစ်ညူးမှုကို သက်သာပြေလျော့စေပါရဲ့။ ရွှေစင်က လူနာကို ပုစွန်တုပ်လို ကွေးခိုင်းပြီး ကျောရိုးမကနေ တစ်ဆင့်Spinal (ထုံဆေး) ပေးလိုက်တော့မှ ကျွန်မ ရင်ခုန်သံတွေမြန်နေခဲ့တယ်။

ဒါတွေဟာ ပုံပြင်တစ်ပုဒ်လားလို့ အမေးခံရ ဖို့ထိ နီးစပ်မလား ကျွန်မ မသိခဲ့။ ခွဲစိတ်ခြင်းကို လေးဖက်လေးတန်က သုံးတောင့်ထိုးဓာတ်မီးကြီး တွေနဲ့စခဲ့ကြတယ်။ ကျွန်မရယ်၊ မေ့ဆေးရယ်၊ ဘလူးစတက်ဖ် ဒေါ်ရည်မြရယ်၊ ထဘီအနီဝတ် နှစ်ယောက်ရယ်၊ အလုပ်သမား နှစ်ဦးရယ်။ ၀င်းဝင်းလတ်ရဲ့ ၀တ္ထုထဲကလို ကျွန်မတို့ရဲ့ ခွဲစိတ် ခြင်းအပြီးမှာ ကိရိယာသံတွေ ဆူညံနေခဲ့တဲ့ နိမိတ်ကောင်းလေး ပုံဖော်နိုင်ခဲ့ပါတယ်။

မီးမလာတဲ့ ညပေါင်းများစွာရဲ့ ခွဲစိတ်မှုတွေ ထဲက အမှတ်ထင်ထင်ခွဲ စိတ်ခြင်း တစ်ခုရှိခဲ့ဖူး သေးတယ်လေ။ ကျွန်မအတွက် လူနာသေဆုံးခြင်းကို ဆို့နင့်စွာ လက်ခံလိုက်ရဖူးတဲ့ တစ်ညပေါ့။ ခွဲနေရင်းက ခွဲစင်ပေါ်မှာ အသက်ရှူသံတွေ နာရီတစ်လုံးလို ရပ်ဆိုင်းသွားတဲ့အဖြစ်ကို ဘယ်ခွဲ စိတ်ဆရာဝန်မှ ပျော်ရွှင်စွာ ကြည့်မနေနိုင်ကြပါဘူး။

Do (Or) Die ဆိုတဲ့ အခြေအနေ တစ်ခုမှာ Do ကိုရွေးမိတိုင်း နောင်တတစ်သီကြီး ရနေမိတဲ့ ကျွန်မ အတွက် ရွှေစင်က ပြန်လည်နှစ်သိမ့်ခဲ့တယ်။
“နွယ်ရယ်၊ ဆာဂျင်တွေရဲ့ဘ၀မှာ Operation is Successful, But the Patient is Dead ဆိုတဲ့ စကားလည်း ရှိနေတာပဲလေ၊ လူနာရှင်တွေက လည်း ငါတို့ စေတနာကို နားလည်နေကြပါတယ်။ ကွန်ဒစ်ရှင်က မခွဲရင်ကျိန်းသေ သေနိုင်မယ်၊ ခွဲရင်တော့ သေကောင်းသေနိုင်သလို ကံကောင်း ရင်တော့ ရှင်သွားနိုင်တယ် မဟုတ်လား”

အဲဒီအချိန် ကျွန်မဘ၀နဲ့ရင်းပြီး ရိုက်နှိပ် လိုက်ရတဲ့ တံဆိပ်ဟာ “ကံကြမ္မာ”တဲ့လေ။ မြန်မာ လူမျိုးတွေဟာ ကံကံ၏အကျိုးကိုလည်း ယုံကြည် သက်ဝင်ကြသလို လူနာသေဆုံးခြင်းအတွက် ကျွန်မတို့ရဲ့ အစွမ်းကုန်ကြိုးစားခြင်းကိုလည်း လှိုက်လှဲစွာ လက်ခံခဲ့တယ်။ ရယ်ရတာ တစ်ခုက တစ်ပတ်နီးပါး အခန်းအောင်း ကြေကွဲချင်ပေမယ့် ကျွန်မ ၀မ်းနည်းလှိုက်စားပြဖို့ တာဝန်က မျက်နှာ သာမပေးခဲ့ပြန်ဘူးလေ။

“Appendicectomy လုပ်ထားတဲ့ ကေ့စ်က ကန်တော့ချင်လို့တဲ့ နွယ်”

“မဟုတ်တာ ရွှေစင်ရယ်၊ ဆေးရုံFund ထဲထည့်ရင် တစ်မျိုးပေါ့”

အူအတက် ဖြတ်ထုတ်ထားတဲ့ လူနာရဲ့ ငွေနှစ်ရာဟာ ဆေးရုံရဲ့Fund ထဲဝင်သွားခဲ့တယ် လေ။ ဒါပေမယ့်Fund ထဲမှာ ငွေဆိုတာ မရှိ သလောက်ပါပဲ။ ကျွန်မရဲ့လူနာတွေဟာ အလွန် ရိုးသားပြီး ဆင်းရဲသားလက်လုပ်လက်စားတွေ များတယ်။ ရန်ကုန်ကို ပြန်လည် ထရန်စဖာကျဖို့တောင် ဆုမတောင်းနိုင်တော့ဘဲ ကျွန်မရဲ့ပိုက်ဆံအိတ်ထဲက တစ်ရွက်ချင်းစီ ပဲ့ပါသွားတဲ့ ငွေတွေအတွက် ပီတိဖြစ်ပြီး အားရ နေခဲ့ပြန်တယ်။ တစ်ခါတစ်ရံ လူနာတွေရဲ့ရိုးသားမှုဟာ အံ့မခန်း ကြည်နူးဖွယ်ပေါ့လေ။ ငါးခြောက်တွေကို အတွဲလိုက်၊ တစ်ခါတစ်ရံ ဆီပုံးတွေ၊ များသော အားဖြင့် အုန်းသီးတွေ အခိုင်လိုက်ယူလာရင်း ငြင်းဆန်တဲ့ကြားက ထိုင်ကန်တော့ကြတယ်။ ကန်တော့ ပစ္စည်းတွေကို ဟင်းအဖြစ် အသွင်ပြောင်းရင်း ၀ါ့ဒ်ထဲက လူနာတွေရော၊ ကျွန်မတို့Team ပါ တပျော်ကြီး စားသောက်ကြတယ်။ အဲသည် ပီတိတွေကို ရေမျောကမ်းတင် ဖြစ်ကုန်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။

နောက် ဆယ့်လေးနှစ်အကြာမှာ ပုထုဇဉ် တစ်ယောက်ရဲ့ ခံနိုင်အားက အနုတ်ဒီဂရီဆီ ထိုး ဆိုက်သွားနိုင်မယ့် အကြောင်း တစ်စုံတစ်ယောက် က သတိပေးနိုင်ရင် သိပ်ကောင်းမှာ။ စော်ကားတယ်လို့ မခံယူမိစဉ် အထိပေါ့လေ။ ကျွန်မကိုယ် ကျွန်မ နှစ်သိမ့်နိုင်ခဲ့ပါရဲ့။

၆။
သာယာဝတီကနေ နောက်ထပ်မြို့ကြီး တစ်မြို့ဆီမှာ တတိယအိမ်အဖြစ် မှီတွယ်၊ အတန် ငယ် နေသားကျပြီးချိန်မှာတော့ ရန်ကုန်မြေကို ပြန်နင်းနိုင်ခဲ့တယ်လေ။ တကယ့်ကို နှစ်ပေါင်း များစွာကြာမှပါ။ ရန်ကုန်ဆေးရုံကြီးရဲ့ ခွဲစိတ်ဆောင်မှာ ပါမောက္ခဌာနမှူးဆိုတဲ့ ရာထူးနဲ့ ပြောင်းရွှေ့မိန့်ကျလာချိန်ဟာ ကံကောင်းခြင်း လား၊ ကံဆိုးမိုးမှောင်ကျခြင်းလား။ သေချာတာ ကတော့ အဲဒီနေ့က။
“ကျွန်တော် ခင်ဗျားကို ရအောင် တရား စွဲမယ်”

ပရော်ဖက်ဆာ ဒေါက်တာနွယ်လင်းဆိုတဲ့ ဆိုင်းဘုတ်ကို အသံမြည်အောင် ရိုက်နှက်ရင်း စူးရှ ခက်ထန်တဲ့ မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ ရင်တွင်းတစ်နေရာက အောင့်သက်မှုကို မသိကျိုး ကျွန်ပြုထားခဲ့ရတယ်။ တစ်ပြိုင်တည်းမှာပဲ အပြာ ရင့်ရောင် Arrow ရှပ်ကို သေသပ်စနစ်ကျစွာ ၀တ်ဆင်ထားတဲ့သူဟာ ကျွန်မမျက်လုံးတွေထဲ တရားခံစစ်သလို ရှာဖွေနေခဲ့တယ်။

“ကျွန်တော့် အဖေသေရတာ ခင်ဗျားကြောင့် ပဲ၊ ခင်ဗျားက ခွဲစိတ်ဆရာဝန် မဟုတ်ဘူး၊ လူသတ် ဆရာဝန်”

လက်ထောက်ဆရာဝန်လေးတွေရဲ့ ရှေ့ မှောက်မှာ ရင့်သီးစွာ အစွပ်စွဲ ခံလိုက်ရတဲ့ ကျွန်မရဲ့ မကျေနပ်မှုကို သူရှာဖွေနေပုံရပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ဝမ်းနည်းမှုတွေသာ နေရာ ယူမိခဲ့လို့ ဘုရား သခင်ကိုပဲ အပြစ်တင်ရမလား။ ဒါမှမဟုတ်ဘုရား ရေလို့ အကျယ်ကြီး မတမိတဲ့ ကျွန်မ နှုတ်ခမ်း သားတွေကိုပဲ ကောင်းချီးပေးလိုက်ရမလား။

သေချာတာကတော့ ကျွန်မ သတိမထားမိ ခင်မှာဘဲ မျက်ရည်တစ်ပေါက် အလိုလိုကြွေဆင်း ပြီးသွားပြီ။
“ခင်ဗျား မျက်ရည်ခံထိုးလို့ ဘယ်နည်းနဲ့မှ မရနိုင်ဘူး၊ ခင်ဗျား”

“ရှင် ကျွန်မ မျက်ရည်ကို ဘယ်တော့မှ ခွဲခြမ်း စိတ်ဖြာကြည့်လို့ မရနိုင်ဘူး ဦးသက်နိုင်၊ မျက်ရည်ခံထိုးတယ်လို့ ရှင်သတ်မှတ်လို့ ရအောင် ကျွန်မ ငိုမိသွားတဲ့ အတွက် ကျွန်မ မျက်လုံးတွေကို ကျိန်ဆဲပစ်လိုက်မယ်”

လူနာကို ဆေးရုံခေါ်ခဲ့တုန်းက အလွန်နောက် ကျနေခဲ့ပြီး ကျွန်မဘ၀ရဲ့ ဒုတိယအကြိမ်မြောက် လူနာသေဆုံးခြင်းကို ဆို့နင့်စွာ လက်ခံလိုက်ရ တယ်။ အစာအိမ်ကင်ဆာရဲ့ ဆိုးရွားတဲ့အဆင့်ကို ရောက်ရှိနေခဲ့ပြီး လူနာကို ဗိုက်ဖွင့်လိုက်လို့တွေ့ လိုက်ရမယ့် အနေအထားဟာ ကျွန်မ ဘယ်ဘက်လက်မှာ ရှိနေတဲ့ သေမင်းကို ရုတ်တရက် သတိရသွားစေတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သာယာဝတီ ဆေးရုံရဲ့ ကြေကွဲ ဆို့နင့်ဖွယ် ညကို ယောင်ယမ်း သတိရသွားတယ်။
Bleeding တွေ အရမ်းများတော့ ကျွန်မ လက်တွေတုန်ရင်သွားမှာစိုးလို့ ထိန်းချုပ်ထားရရင်း လန့်ဖျပ်နေတဲ့ အကူဆရာဝန်လေးတွေကို အားပေးရင်း ဟန်ဆောင် ခွဲစိတ်နေရတယ်။ ခွဲစိတ်ဆရာဝန်ရဲ့ပြိုင်ဘက်ဟာ သေမင်းဆိုတဲ့ ဖြစ်ရပ်ကို ကျွန်မ ဆို့နင့်စွာလက်ခံလိုက်ရတယ်။ “On the table”လို့ ဆာဂျင် တွေ သုံးနှုန်းတဲ့ စကားလေ။ ခွဲစင်ပေါ်က သေဆုံးခြင်း အတွက် ဖြေသိမ့်ဖို့ ကြိုးစားနေကြတဲ့ စကားတွေဟာ အဲဒီအချိန်မှာတော့ ဖွဲမီးလို တစ်စစငုံ့လောင် ကျွမ်းစေခဲ့တယ်။

ဒါပေမယ့်...
“ခင်ဗျားကြောင့် ကျုပ်အဖေသေတာ”တဲ့လေ။

ဦးစီးခွဲစိတ်သူ ဒေါက်တာနွယ်လင်း၊ မေ့ဆေးဒေါက်တာရွှေစင်နဲ့ စတက်ဖ် တွေအားလုံးကို တရားစွဲဆိုလိုက်တဲ့ အကြောင်းကြားရချင်းမှာ ရွှေစင် တစ်ယောက် ကျွန်မအိမ်ကို ဒေါသတကြီး ရောက်လာတယ်လေ။
“စေတနာက ဝေဒနာဖြစ်စေတယ်ဆိုတာ တယ်မှန်တာပဲ နွယ်၊ ဖြစ်နိုင် ဖွယ် အနေအထားတွေလည်း ရှင်းပြခဲ့တယ်၊ ဃသကညျနူငညါ လုပ်ပြီး ခွင့်ပြုချက် ရယူပြီးမှ ခွဲစိတ်ခဲ့တာလေ”

“ငါတို့ မမှားပါဘူး ရွှေစင်ရယ်”

ဒါဆို ဘယ်သူမှားလဲလို့ ရေရွတ်လိုက်တဲ့ ရွှေစင့်ကို ကျွန်မအနည်းငယ် သနားသွားတယ်။ လူနာရှင်တွေမှားတယ်လို့ သူမ မယိုးစွပ်ရက်ဘူး။ အဲဒီ သတင်းကို ရွှေစင် သယ်ဆောင်လာတဲ့ ညတစ်ညရဲ့ ကော်ဖီတွေဟာ နွေးထွေး မှုတွေ ဝေးလွင့်ကင်းမဲ့နေခဲ့တယ်။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အနည်းဆုံးတော့ ပြုံးပြဖို့ကြိုးစားရင်း နှစ်သိမ့်သင့်တာပဲ မဟုတ်လား။ မတိုင်ပင်ဘဲ ပြုံးပြမိ ချိန်မှာတော့ နှုတ်ခမ်းတွေ ကြေတွန့်သွားတာကို ကျွန်မတို့ နှစ်ယောက်လုံး နားလည်လိုက်တယ်။ ယိုင်နဲ့တဲ့အပြုံးဟာ ဘယ်လောက်ကြေကွဲ ဖွယ်ကောင်း လဲဆိုတာကိုတော့ တမင်သက်သက် မေ့ဖျောက် ထားခဲ့ရင်းပေါ့လေ။

၇။
“ဟဲ့ နွယ်၊ ကားပေါ်တက်တော့၊ ပြန်မယ်”

ရွှေစင်လှမ်းအော်တော့မှ ခပ်ဖွဲဖွဲ၊ ခပ်ကျဲကျဲကျနေတဲ့ မိုးစက်တွေကို လက်ဖ၀ါးနဲ့ အသာလေး ခံယူကြည့်နေမိတယ်။ မိုးရွာ နေခဲ့ပြီပေါ့လေ။
“ပြန်မယ်၊ ဘယ်ကိုလဲ ရွှေစင်”

“နင်တော့ သန်ဘက်ခါအတွက် တုန်လှုပ်နေပြီ ထင်တယ်။ ရန်ကုန်လေ၊ ဘယ်ပြန်ရမှာလဲ”

ဆလွန်းကား တံခါးကို ရွှေစင် ဆွဲဖွင့်ပေးလိုက်တော့မှ ထိုင်ရမယ်ဆိုတဲ့ အသိ ၀င်လာခဲ့တယ်။ သန်ဘက်ခါမှာ ကျွန်မတို့ကို စစ်ဆေးမယ့် စာမေးပွဲကြီး စတင်တော့မယ်ဆိုတဲ့အသိကြောင့် နွမ်းလျသွားရတယ်လေ။ အသပြာ ဆရာဝန်လို့ ယိုးစွပ်ခံခဲ့ရတဲ့ စကားဟာ လူနာရှင် တစ်ယောက်ရဲ့ပါးစပ် တစ်ပေါက်ထဲက ထွက်အန်လာတဲ့ အတွက် ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရမလား။

ကျွန်မတို့ရဲ့ မဆုံးနိုင်တဲ့ ခရီးမှာ တတိယအရွယ်ကို ရောက်ပေမယ့်လည်း စာမေးပွဲတွေနဲ့ ကင်းကွာခွင့် မရခဲ့သေးဘူးလေ။ သန်ဘက်ခါ စာမေးပွဲကတော့ ကျွန်မတို့ အရည်အချင်းကို စစ်ပြီး ခမ်းနားတဲ့ဘွဲ့တစ်ခုတလေ ချီးမြှင့်မယ့်ပွဲမှ မဟုတ်လေဘဲ။ ဂုဏ်သိက္ခာ၊ အမည်နာမတွေနဲ့ ရင်းပြီး အနည်းငယ်အောင့်သီးအောင့်သက်နိုင်မယ့် မေးခွန်းမျိုးတွေကို ရင်မနာမိအောင် သတိ ထားရင်း ဖြေရမယ့်ပွဲပါ။

အမျိုးသမီး ဆာဂျင်ဘ၀ကို ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစား ထုဆစ်ခဲ့ဖူးတဲ့ နေ့ရက်တွေ၊ အိတ်စိုက် မေတ္တာတွေ၊ သေအံ့နီးနီးဖားတွေကို ပလိုင်းပေါက် နဲ့ ကောက်ဖို့ ကြိုးစားခဲ့ရတာ တွေကို ပစ္စုပ္ပန်အတွက် ခုံရုံးတဲ့လား။ ခုနစ်နှစ်တိုင် သင်ကြား တတ်မြောက်ဖူးခဲ့တဲ့ ဆေးပညာ အတွက် ချီးမြှင့်လိုက်တဲ့ ဘွဲ့ဟာ ဟစ်ပိုကရေးတီးစ် OATH ကို ချိုးဖောက်သူလို့ ယိုးစွပ် ခံရလောက်အောင်ထိ နာကျင်စေခဲ့ မှန်းသိရင် အဲဒီ အခမ်းအနား ကတည်းက ကျွန်မ လက်တွေကို ရိုက်ချိုးခဲ့ဖို့ ကောင်းရဲ့။
ဟော။ မိုးက ကျဲရာက စိပ်စပြုပြီ။ ပြန်ဖို့ ဒွိဟ ဖြစ်နေတုန်းပဲ။ ရွှေစင်ရဲ့ ကားစက်နှိုးသံ ကြောင့် လက်ဖ၀ါးတွေရဲ့အေးစက်မှုက ခန္ဓာဆီ ကူးစက်သွားတယ်။ သာယာဝတီ ဆေးရုံကြီးဆိုတဲ့ စာတန်းကို လှမ်းကြည့်လိုက်တော့ အနည်းငယ်ေ၀၀ါးနေတယ်။ ကားဘီးက လိမ့်စပြုပြီ။

ကျွန်မနဲ့ ရွှေစင်တစ်ယောက် သာယာဝတီ မှာ ဒုတိယအိမ်ကို ငါးနှစ်ကြာ တည်ထောင်ဖူး တယ်၊ နောက်ပိုင်းမှာ ကျွန်မကတော့ အခြားမြို့ ကြီးတစ်မြို့ဆီ တာဝန်ကျချိန် ရွှေစင်ကတော့ ပုသိမ်ဆေးရုံကြီးမှာ တတိယအိမ်ကိုထူထောင်ဖို့ ကြိုးစားကြတယ်။ ရန်ကုန်ပြန်ရောက်လာချိန်မှာတော့ မီးခိုးရင့်ရောင်လို့ ယဉ်ကျေးစွာသုံးနှုန်းခံ ရတဲ့ ဆံပင်ဖြူတွေ ကျိုးကျဲပေါက်နေခဲ့ကြပြီ။ ရွှေစင်တစ်ယောက် အပျိုကြီး ဖြစ်နေဆဲမှာ ကျွန်မ သမီးနှစ်ယောက်ကလည်း သူတို့ယုံကြည်ရာ တက္ကသိုလ်ဆီမှာ သင်ယူနိုင်ကြပြီ။

သမီးတွေက ရန်ကုန် ဆေးရုံကြီးကို တာဝန် ကျတာ ဘာမှမကြာသေးခင် တရားစွဲခံလိုက်ရတဲ့ အမေအတွက် ရှက်နေမလား၊ ခံရခက်နေမလား၊ အနည်းငယ်ယူ ကျုံးမရဖြစ်နေမလား။ ကျွန်မနဲ့ ရွှေစင်ရဲ့ သွေးရူးသွေးတန်းနိုင်စွာ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်ကို တစ်ခဏ ပြေးမြင်ယောင်ဖို့ ကားဘီးလိမ့်ရာနောက် လိုက်ခဲ့ကြတာကိုပဲ အပြစ်တင် ကြလေမလား။

ခုချိန်မှာတော့ ကျွန်မတို့ ပြန်မြင်ယောင်ဖို့ ကြိုးစားမိတဲ့ သာယာဝတီမြို့ကြီးတောင် သူစိမ်း ဆန်နေခဲ့ပြီလေ။ အရင်က ဆန်သိုလှောင်ရုံတွေ၊ စားသောက် ဆိုင်တွေရဲ့နေရာမှာ ဆိုင်ခန်းကိုယ်စီ နဲ့ အစားထိုးလိုက်ကြပြီ။ အိမ်ခြေတွေ စိပ်လာခဲ့ သလို စံချိန်စံညွှန်းတွေ၊ ပေတံတွေ ပြောင်းလဲ လာကြပြီ။

၈။
လေရှိန်ကိုမြှင့်လိုက်လို့ ကားအဲကွန်းရဲ့ အအေးဓာတ်ဟာ ခန္ဓာထဲ ပိုလို့ စိမ့်ဝင်သွားတယ်။ မိုးက ပိုသည်းလာတိုင်း ယိမ်းကနေတဲ့ ၀ိုက်ပါ တစ်စုံဟာ အလုအယက်နဲ့ မိုးစက်တွေကို သုတ်သင်နေလေရဲ့။ တမင်သက်သက်နဲ့ပဲ ကြွေလုလု ထန်းသီး အပေါ် ခြေစုံပစ်ဝင်နင်းမိတဲ့ ကျီးတွေအကြောင်း မသိကျိုးကျွန်ပြုရင်း ဇာတ်ကို တစ်ခန်းရပ်ရဦး မယ်။ ဘ၀ဇာတ်ခုံပေါ်မှာ နောက်ထပ်အခန်း ဆက်တွေကို ဘယ်ကြမ္မာဆိုးတွေက ဒက်ဖနေး ရှင်းဖွင့်ဆို ရှင်းလင်းပြဦးမလဲ။ နောက်ထပ် နောက်ထပ် အချင်ယောင် ဆောင်ဦးမယ့် ကျီးအတွေအတွက် ထန်းသီး ဘယ်နှလုံးက ကြွေပြကြဦးမလဲ။ ခုံရုံးဘယ်နှခုက လှပသေသပ်တဲ့ စွဲချက်တွေနဲ့ တုပ်နှောင်ပြဦး မလဲ။ ကိုယ်ကျင့်တရားနဲ့ လိပ်ပြာကို အဖန်ဖန် သတိရနေဖို့တော့ ကျွန်မ ကြိုးစားရဦးမှာပါ။

၉။
သိပ်မခမ်းနားတဲ့ ပုံပြင်တစ်ပုဒ်ကို နာကျင်စွာ သတိရနေဖို့ သိပ်မညင်သာတဲ့ ရိုက်ချက်တွေနဲ့ မိုးက သည်းနေတုန်းပဲလေ။ ခပ်ဝေးဝေးဆီက ကျီးကန်းတစ်ကောင်ရဲ့ သံရှည်ဆွဲ အော်မြည်သံ။ မိုးသံတွေကြားက ခပ်သဲ့သဲ့လေးရယ်။ ကြားလိုက်မိသလားလို့ပါ။ သေချာတာပေါ့။ အဲဒီကျီးကန်းက နောင်တ မရတတ်သေး ဘူးလေ။ ဟစ်ပိုကရေးတီးစ် ကျမ်းကျိန်စာမှာ “ကျွန်ုပ် သည် ဂီလာနထန်းသီးများအတွက် ခြေစုံပစ်နင်း မည့် ကျီးအ အဖြစ် ကိုယ့်ကိုယ်ကို ထုဆစ်ပါ မည်” လို့များ ထည့်သွင်းခဲ့သလား။ အင်းလေ။ တစ်နေ့နေ့မှာတော့ ရာစုတစ်ခုရဲ့ ပြဋ္ဌာန်းစာမှာ ထည့်သွင်းနိုင်ကောင်းရဲ့။
ပစ္စုပ္ပန်မှာတော့ သန်ဘက်ခါ အတွက် ဆို့နင့် နေကြတဲ့ ကျီးအတစ်သိုက်ရဲ့ ရင်ဘတ်တွေမှာ မိုးသံတွေ ခက်ထန်နေတုန်းပဲ။
လင်းစက်နွယ်

နှောင်ငင်မိသော ကောင်းကင်

“ကျွီ”ခနဲ မြည်သွားတဲ့ ပတ္တာအို တစ်ခုရဲ့ အော်မြည်သံကြောင့် ကျင့်သား ရနေတဲ့ ကိုယ့် မျက်လုံး တွေကို အစိမ်းရင့်ရောင် နာရီအို တစ်ခုဆီ လွှဲထား ပစ်လိုက် တယ်။ ညနေ ခြောက်နာရီက ရန်ကုန်မြို့ ထဲမှာ မီးတွေ ထိန်ညီးနေ၊ လူတွေဆူညံ အုံကြွနေသလောက်၊ ကိုယ့်ရင်ဘတ်တွေဆီမှာ တော့ ပူလောင်ခြင်းတွေ မြှိုက်လို့ ထားခဲ့ပေါ့။ မင်းရောက်လာပြီ။ ကိုယ်မင်းကို ကြည့်မနေဘဲ ကိုယ့်မျက်လုံးတွေကို နာရီဆီကိုပဲ ဌာပနာ ခဲ့တာပါ။ မင်းရောက် လာတာကို သတ္တမမြောက် အာရုံကနေ သိတယ်လို့ ပြောရင် မင်းနှုတ်ခမ်းလေးတွေ အဆမတန် ပျော့ခွေ သွားမှာဘဲ။ ဟုတ်တယ်။ မင်း ဟားတိုက်လိုက်ရင် ကိုယ့်ကောင်းကင်ပေါ်မှာ အဲဒီည အတွက် နက္ခတ် မဲ့သွားတယ်။ ခုမှလား။ မဟုတ်ပါဘူး။ မင်း တတိယနှစ်ကတည်းက ကိုယ့်ညတချို့ ကာလာမဲ့ သွားခဲ့တယ်။

၂။
ဦးချစ်မောင်လမ်းဆီ တရွေ့ရွေ့ ပြေးနေတဲ့ ကိုယ့်ဆလွန်းကားလေး ရုတ်တရက် ဖျားနာသွားလို့ ကိုယ်အလျင်အမြန် ပလက်ဖောင်းနဲ့ မိတ်ဆက် လိုက်ရတယ်။ လမ်းမီးတွေ ကင်းမဲ့နေတဲ့ တစ်ည တုန်းကပေါ့။ ကိုယ်မရည်ရွယ် ခဲ့ပေမယ့် ကိုယ့် ကားရဲ့ညာဘက် မီးသီးလေးက မင်းကို သွားပွတ်မိတယ် ဆိုရင်ပဲ “အား”ဆိုတဲ့ ကျင်တက်နေတဲ့ အော်သံတစ်ခုကို ကိုယ်အထိတ် တလန့် လက်ခံ လိုက်ရတယ်။
ကိုယ် လစ်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဘတ်ထရီ ဒေါင်းသွားတဲ့ ကိုယ့်ကားလေးက ကိုယ့်ကို မကယ်တင်နိုင်ခဲ့ဘူး။ မင်းက တစ်ကိုယ်လုံး အနက်ရောင်တွေချည်း ဆင်မြန်း ထားခဲ့တာကိုး။

“ခင်ဗျား မျက်စိ ကန်းနေသလား။ ဒီမှာ လူတစ်ယောက်လုံးကို မမြင်ရအောင်၊ အို မဟုတ်ဘူး၊ ဒါ ခင်ဗျား ကျွန်တော့်ကို တမင် လုပ်ကြံတာ”

ကိုယ်လေ ပိန်းပိတ်အောင် မှောင်နေတဲ့ မဟူရာ ညမှာ မင်းစကားတွေ အတွက် ရယ်မောဖြစ် သွားတယ်။ မင်းကို ကိုယ်က လုပ်ကြံရအောင် မင်းက ကမ္ဘာကျော် နိုင်ငံရေး သမားလည်း မဟုတ်ရပါလား။ အဲသလို ကိုယ်ရယ်မိသွားတုန်း ကိုယ့်ကားလေးရဲ့ ညာဘက် တံခါးကို မင်းတအား ဆွဲဖွင့်တယ်။ ကိုယ် ချက်ခတ်ထားမှန်း သိလို့ မင်းလက်တွေက ဖွင့်ထားတဲ့ ပြတင်းမှန်ကနေ ချက်ကလေးဆီ အလုအငင် တိုးဝင်လာတယ်။
ကိုယ်က မင်းဆွဲ မထုတ်ခင်ပဲ ကားပေါ်က အရင်ဆင်းနှင့်ပြီးသား ဖြစ်သွားတယ်လေ။

“သြော် လက်စသတ်တော့ ခင်ဗျားက လေးလုံးမကြီးပဲ”

မင်းမျက်နှာ နုနုလေးကိုပဲ ဘာလမှ မသာတဲ့ ညက ကိုယ်အကြီးအကျယ် ဖတ်ရှုခဲ့ လိုက်မိတယ်။ ကိုယ့်ရဲ့ ပါဝါမျက်မှန် ထူထူ အောက်က မျက်လုံးတွေ ဘယ်လောက် ထိုင်းမှိုင်း သွားမလဲ မင်းမြင်မှာ မဟုတ်ဘူး။ မင်းဟာ အဲသည်ကတည်းက ကိုယ့်ကို သဲကြီးမဲကြီး ဖတ်ရှုဖို့ ကြိုးစားနေတဲ့ ခပ်အအ ယောက်ျား တစ်ယောက်ပဲ။

“ငါဘာသာငါ လေးလုံးမက၊ ခြောက်လုံး ဖြစ်ဖြစ် မင်းအပူ မပါဘူး”

“ခင်ဗျားကလည်း ကျွန်တော့်ကို ၀င်အောင်း သေးတယ်။ စကားပြောတာ ရင့်လှချည်လား။ ခု ကျွန်တော် ကျေနပ်အောင် ခင်ဗျား ဘာလုပ် ပေးမလဲ”

မင်းလေသံကို ကိုယ်တော်တော် အမြင် ကတ်သွားတယ်။ ဖျားနေတဲ့ လမ်းကလေးနဲ့ ရောယောင်ပြီး ကိုယ်ဖျား သွားခဲ့သေးတယ်။ ကိုယ်အဖျားရှိန် တက်နေတုန်းမှာပဲ...
“ဟေ့ကောင် မင်းအဲဒီလို အောက်တန်း မကျနဲ့ကွာ၊ ငါဘာမှ မမြင်ရဘူး”

ကိုယ့်မျက်မှန်ကို မင်း အလျင်အမြန် ဆွဲယူ သွားတယ် ဆိုရင်ဘဲ ကိုယ်တအားကို ထူပူသွားတယ်။ ပိန်းပိတ် အောင်မှောင်သွားတဲ့ ကိုယ့်ကမ္ဘာ တစ်ခုကို မင်းကိုအငှား ခံစား ကြည့်စေချင် တယ်။ မင်းရဲ့ အော်ဟစ် ဟားတိုက်သံတွေ၊ ကိုယ် သိပ်မုန်းတဲ့ အာခေါင်ခြစ် အော်သံတွေကို နားထောင် မိနေရင်းကပဲ ကိုယ့် မျက်နှာတွေ စိုစွတ် နွေးထွေးသွားတာ ကိုယ်သိလိုက်တယ်။

“ငါ့မျက်မှန် ပြန်ပေးပါ။ ငါတောင်းပန်ပါ တယ်ကွာ”

အဲသလိုငါ ခယ လိုက်ပေမယ့် မင်းအသံ လုံးဝ မကြားရတော့ဘူး။ ည ဆယ်နာရီခွဲ ဆိုတဲ့ အချိန်ဟာ ငါ့အသိထဲက ရိုမန်တစ်မဆန်တဲ့ နတ်ဆိုး တစ်ကောင်ရဲ့ သောင်းကျန်းမှုလို ၀ုန်းဒိုင်း ကြဲ ပေါက်ကွဲသွားတယ်။ ကားသံတချို့ ငါ့ဘေး နားကနေ ရှပ်တိုက်ဖြတ်သွားတယ်။ ငါဘာမှ မမြင်ရဘူး။

“ဟေး တစ်ယောက်တည်းလား ညီမလေး၊ အစ်ကိုကြီးတို့နဲ့ လိုက်မလား”

စူးစူးဝါးဝါး ရမ္မက်သံ ဗလုံးဗထွေးထဲ ကိုယ် အထိတ်တလန့် မျက်ရည် ကျသွား ခဲ့ပြန် တယ်။ ကိုယ့်နားမှာ အန္တရာယ် ပေးနိုင်တဲ့ တစ်စုံ တစ်ယောက် ရှိနေနိုင်တယ်။ ဒါပေမယ့် ကိုယ်ထိုင်ချပြီး ရှိုက်ငို မိနေတုန်း မှာပဲ မင်းကိုယ့် ညာဘက် ပုခုံးစွန်းကို လာထိတယ်။
“ကျွန်တော် စတာပါ အစ်မရယ်၊ မငိုနဲ့ တော့နော်”

ရယ်စရာ ကောင်းတာ တစ်ခုက ကိုယ်က မင်းကို ချော့ရမှာ ဖြစ်ပေမယ့် မင်းကကိုယ့်ကို နှစ်သိမ့် သွားခဲ့တယ်လေ။
“ကျွန်တော်က မနက်ဖြန် စာမေးပွဲ ဖြေရမှာမို့ လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်နေတာ။ ကျွန်တော်က တတိယနှစ် ဆေးကျောင်းသား မနက်ဖြန် လူနာနဲ့ ဖြေရမယ့် စာမေးပွဲရှိလို့ Stress များသွားတယ် ထင်တယ်။ ဆောရီးဗျာ”

ကိုယ်ကယောင်ပြီး ဒါမှမဟုတ် သတိ လက်လွတ်ဖြစ်သွားပြီး မင်းကျောကို တအား ထုရိုက် ပစ်လိုက်တယ်။ ဒါဟာ ကိုယ်စိတ်ဆိုး နေတဲ့ လူတစ်ယောက်ကို စိတ်ပြေခါနီး ပြုမူနေကျ အကျင့်တစ်ခု ဆိုတာ မင်းက ဘယ်သိနိုင် ပါ့မလဲ။ မာနကြီး ပုံရတဲ့ မင်းဟာ အလိုက်ကန်းဆိုး မသိစွာဘဲ မင်းရဲ့ကိုယ်ကို ဟိုဘက် ရွှေ့သွား တယ်။ အဲဒီတော့ ကိုယ် အငိုတိတ် ပစ်လိုက်ရတယ် လေ။

၃။
ကိုယ့်လိပ်စာကို သဲကြီးမဲကြီး မေးသွားတဲ့ မင်းကို ကိုယ်အဲဒီ ညက လိပ်စာ ပေးမိလိုက်တာ ကိုယ့်အိတ်ထောင်ထဲ ကံဆိုးခြင်း မိုးတိမ်တွေကို တအိအိ ပြိုဆင်း စေခဲ့သလိုပါပဲ။ မင်းကအမှန် တကယ် ကိုယ့်ဆီ ရောက်လာခဲ့တယ်လေ။ ကိုယ်တစ်ယောက်တည်းနေတဲ့ တိုက်ခန်း တစ်ခုရဲ့ အညိုရင့်ရောင် တံခါးကို အရှိန်ပြင်းပြင်းနဲ့ ခေါက်ခဲ့သေးတယ်။ ကိုယ့်သူငယ်ချင်းတွေ မှတ်လို့ တံခါး ဖွင့်ပေးမိလိုက်တဲ့ကိုယ် မင်းကို တွေ့လိုက်တဲ့ တဒင်္ဂ၊ ဘယ်ဘက်ရင်အုံအောက် က ညင်သာတဲ့ ရိုက်ခတ်မှုကို သတိထားမိ လိုက်တယ်။

ကိုယ်အစောက ကော်ဖီ သောက်ထားလို့ ရင်တုန် သွားတာလည်း ဖြစ်နိုင်တာပဲလေ။ ကိုယ်ကြောင်ပြီး ရပ်နေတုန်းမှာ မင်းက ကိုယ့်အဖြစ် အပျက်ကို ရယ်နေတယ်။
“ခင်ဗျား တံခါး ဖွင့်မပေးရင်လည်း ကျွန်တော် ပြန်ရတော့မှာပေါ့နော်”

မင်းက ဆရာဝန်လောင်း ပီသစွာ ကိုယ့်ကို သွေးတိုးစမ်းလိုက်တယ်။ ကိုယ်က ရှေ့ကတစ်ခု တည်းသော အဖြူရောင် သံပန်းတံခါးကို ဖွင့်ပေး ရနိုးနိုး ချိန်ဆနေတယ်လေ။ ဒါပေမယ့် ကိုယ်ဘယ်လောက် တုံးသလဲ ဆိုရင် ကိုယ်ကိုယ်တိုင် သတိ မထားမိခင်မှာပဲ သံပန်း တံခါးလေးကို ဆွဲဖွင့်ပေးလျက်သား ဖြစ် နေပြီ။ မင်းက ချိန်ကိုက်ဗုံး ထောင်ထားတဲ့ အခန်းတစ်ခုထဲ ၀င်နေရသူလို တစ်လှမ်းချင်းစီ ၀င်လာတယ်။
“ထိုင်လေ”

သံပန်း တံခါးကို ကိုယ်မပိတ်ဘဲသည် အတိုင်း ဖွင့်ထားလိုက်မိတယ်။ အကယ်၍ တစ်စုံ တစ်ယောက်က ကိုယ်တို့နှစ်ယောက်ကို မြင်သွား ရင် ရိုးရှင်းမှု သင်္ကေတ တစ်ခု အဖြစ်ပေါ့။ မင်းဟာ ကိုယ့်ရဲ့တစ်ခုတည်းသော ပက်လက် ကုလားထိုင်ပေါ် မှီချလိုက်တော့ ကိုယ် ရုတ်တရက် အငိုက်မိသွားတယ်။ အဲတော့ ဧည့်သည်ကို ဦးစား ပေးရမယ့် ထုံးစံအတိုင်း ကိုယ်ကတော့ မင်းနဲ့ မျက်နှာချင်းဆိုင် ကြမ်း ပြင်ပေါ်မှာ စွေ့ခနဲ ၀င်ထိုင်လိုက်တယ်။

မင်းလည်း မနေနိုင်တော့ဘဲ ကိုယ့်ရှေ့က နေရာတစ်ခုပေါ် ဆင်းထိုင် လိုက်တယ်။
“မင်း လျော်ကြေး တောင်းမလို့လား။ ကိုယ်က သူဌေး မဟုတ်ဘူးနော်။ သည်အခန်းက ငှားထားရတာ”

ကိုယ် တမင်သက်သက် ညာပြောလိုက်တယ်။ ကိုယ့်အာရုံက မင်းကိုယ့်ကို ငွေညစ်တော့မယ်လို့ တထစ်ချ တွေးထင် နေမိတုန်းပဲလေ။
“ခင်ဗျား ပါပါရာဇီလုပ်ရင် အညံ့ဆုံးဖြစ်မှာပဲနော်။ ကျွန်တော် ခင်ဗျား ကို တွေ့ချင်လို့ လာတာပေါ့။ လျော်ကြေးတောင်းရအောင် ကျွန်တော့် ညာဘက်ဒူး နည်းနည်းပွန်းသွားတာကလွဲရင် အကြီးအကျယ် ထိခိုက်မှု မရှိပါဘူးလေ”

မင်းဟာ လေပျော့လေးနဲ့ တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ အတတ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူပဲ။ ကိုယ်နည်းနည်းလေး ထိခိုက်သွား တယ်။
“ဒူးပွန်းသွားတော့ တော်တော် စပ်မှာဘဲနော်။ ဆောရီး။ ကိုယ် အဲဒီညက နည်းနည်း တွေဝေသွားလို့”
“ဘာလဲ အသည်း ကွဲခဲ့တာလား”

မင်းရဲ့လက်နှစ်ဖက်က အလျင်အမြန် အသည်း နှလုံးပုံလေး ကွေးပြ လိုက်တယ်ဆိုရင်ပဲ ကိုယ်တအား ရယ်ဖြစ်သွားတယ်။
“ကိုယ်က အသည်း မရှိဘူးကွ။ အသည်းကွဲတယ် ဆိုတာ ပျော့ညံ့တဲ့ မိန်းမတွေရဲ့အလုပ်”

ထုံးစံအတိုင်း မင်းက အာခေါင်ခြစ် ရယ်သံနဲ့ ကိုယ့်ကို ဟားပြန်တယ်။
“ခင်ဗျားက လှမှ မလှတာ၊ ဘယ်သူက ကြိုက်မှာလဲ”

“ဘာ”

မင်းက လက်ခုပ် လက်ဝါးတီးပြီး ခပ်သော့သော့လေး ရယ်လိုက်တော့ ဖြူဖွေးညီညာတဲ့ သွားလေးတွေကို ကိုယ့်ရဲ့ပါဝါမျက်မှန် ထူအောက်က အလုအယက် ငေးကြည့်မိသွားတယ်။ ကိုယ်လည်း မိန်းမ တစ်ယောက်ပဲ လေ။ လှတယ်ပြောတာ မျိုးတော့ ကိုယ်မျှော်လင့် နေမိတာပေါ့။ အထူးသဖြင့် မိန်းမ တစ်ယောက်တည်း နေတဲ့ တိုက်ခန်း တစ်ခုထဲမှာ သူစိမ်းယောက်ျား တစ်ဦးရဲ့ ချီးကျူးမှုကိုတော့ ကိုယ်ငံ့လင့်မိမှာပဲလေ။

“ကြည့်ဦးလေ။ ကိုယ့်ရုပ်ကိုယ်၊ နေပါဦး။ ခင်ဗျားက ဘာအလုပ် လုပ်လဲ”

“မင်းက MRTV-4 က အင်တာဗျူဝါလား။ ထားပါ၊ ကဲ ကိုယ်က NGO တစ်ခုမှာ လုပ်တယ်”

“ဘာနဲ့ ပတ်သက်သလဲ”

“အစုံပဲ။ ကူးစက် ရောဂါပြန့်ပွားမှု ထိန်းသိမ်း ကာကွယ်ရေး စီမံချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၊ နောက်ပြီး မျိုးဆက်ပွား ကျန်းမာရေး (Reproductive Health) စီမံချက်တွေပေါ့”

မင်းမျက်လုံးလေးတွေ လက်သွားတာကို ကိုယ်ငေးစိုက် ကြည့်နေမိပြန်တယ်။ ဖြူဖျော့နေတဲ့ မင်းအသားအရေ အတွက် ညိုညစ်ညစ် ကိုယ့် ကွန်ပလက်ရှင်ကို နည်းနည်း အားနာသွားတယ်။ ဘာဆိုင်သလဲနော်။
“ခင်ဗျား နာမည်က”

မင်းနဲ့ကိုယ် ပြိုင်တူ ရယ်မောဖြစ်သွားတယ်လေ။ အို ဘုရားရေ။ ကိုယ့် နာမည်တောင် မသိတဲ့၊ ကိုယ်ကလည်း နာမည်မမေးမိထားတဲ့ သူစိမ်း ယောက်ျား တစ်ဦးရဲ့ အမေးကြောင့် ကိုယ်တို့ နှစ်ယောက်လုံးရဲ့ အူကြောင်ကြောင် အဖြစ် အတွက် ရယ်မော မိသွားတယ်။
“ကိုယ့်နာမည်က သက်ခါး။ မင်းရော”

“ကျွန်တော်လား။ အင်း၊ ကျွန်တော်က ဘယ်သူပါလိမ့်နော်။ အိုဘားမားလည်း ဖြစ်နိုင်တာပဲ၊ ဒါဗင်ချီလည်း ဟုတ်ရင်ဟုတ်မှာ၊ အဲလ် ဘတ်ကမူးဆိုလည်း မမှားလောက်ပါဘူး”

မင်းက ရယ်ကျဲကျဲ လုပ်နေတော့ ကိုယ်စိတ်မရှည်သလို ကိုယ့်ဘေးက နံရံကြီးကို လုံးချေပြီးသား စက္ကူနဲ့ ကောက်ပေါက် ပစ်လိုက်တယ်။ မင်းတော့ တကယ့် ဂြိုဟ်ကောင်ပဲ။
“စတာပါ။ ကျွန်တော့်နာမည်က သူရိန်ခါး၊ အဟတ်”

ကြည့်စမ်းပါဦးလေ။ ကိုယ့်ရဲ့ သက်ခါးဆိုတဲ့ အထူးတဆန်း နာမည်ကိုပဲ မင်းရဲ့နေမင်းလို ပူလောင်တဲ့ နာမည် နောက်မှာ “ခါး”ဆိုပြီး သွတ်သွင်း လိုက်သေးရဲ့။ အဲဒီအချိန်ကစပြီး သက်ခါးဆိုတဲ့ မိန်းမ တစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းထဲမှာ မျိုးဆက်ပွား ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ အတူ “သူရိန်” ဆိုတဲ့ ယောက်ျားတစ်ယောက် ညပ်ညပ်ပါသွားတယ်။ မင်းဟာ အပူ ဟပ်စေတဲ့ နေရောင်စဉ်တွေကို ကိုယ့်အသည်းဆီ အစွမ်းကုန် ဖြန့်ကြက်ထား ခဲ့လိမ့်မယ်လို့တော့ ကိုယ် မတွေးထင်ခဲ့ဘူးလေ။

၎။
မင်းဟာ ကိုယ့်မွေးနေ့ မွေနံ ရာဟုက လွဲရင် ကျန်တဲ့ ခြောက်ရက်လုံး ကိုယ့်ဆီ လာလည်ခဲ့ တယ်။ မင်းရဲ့အကြောင်းပြချက် တစ်ခုကြောင့် ကိုယ်တံခါးတွေ အလိုလို ပွင့်အံသွားခဲ့တာပါ။ ကိုယ်သိပ်ချစ်တဲ့ အ၀ါရောင် နှင်းဆီပန်းတွေကို မရိုးနိုင်အောင် လက်ဆောင် ပေးရင်းပေါ့။
“မ အခု ကျွန်တော် သင်တန်းတစ်ခုတက် မလို့။ MMA မှာဖွင့်မှာလေ”

“ဟုတ်လား။ မဟုတ်မှလွဲရော၊ HHAL လား”

မင်းပြုံးလိုက်တော့ ကိုယ့်ရဲ့ ရင်ခုန်သံက ကိုယ့်ကို အငိုက် ဖမ်းလိုက်တာ ခံခဲ့ရတယ်လေ။ HHAL (Happy and Health Adolescent Life)ဆိုတဲ့ ပျော်ရွှင် တက်ကြွဖွယ် လူငယ် သင်တန်း တစ်ခုကို ကိုယ်သိနေခဲ့တာ မင်းအံ့သြသွားမှာပဲ လေ။
“မက ဘယ်လိုလုပ် သိတာလဲ”

“ကိုယ် အကြားအမြင် ရနေတာလေ။ သမထ အားကောင်းနေလို့ ထင်တယ်”

နောက်ပြီးကိုယ်က ဆရာဒေါက်တာ ဦးနေ၀င်း ဦးစီး ဖွင့်လှစ်တဲ့ အဲဒီ သင်တန်းလေး တစ်ခု အကြောင်း မင်းနဲ့ ဆွေးနွေးဖြစ်တယ်။ အသက် ၁၅ နှစ်က ၂၄ နှစ်ထိသာ တက်ရောက်ခွင့် ပေးထားတဲ့ ဆယ်ကျော်သက် လူငယ်ဖွံ့ဖြိုးရေး သင်တန်းလေးဆီမှာ ကိုယ့်အသက် ၂၃ နှစ် တုန်းက သင်တန်းသူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ။

KPA (Knowledge, Attitude, Practice) စတဲ့ အတိုကောက် စာလုံးလေးသုံးလုံးနဲ့ လှပစွာ သိမ်းထုပ်ထားတဲ့ ကိုယ်တို့ သင်တန်းလေး (ခုတော့ မင်းသင်တန်းလေး) အကြောင်းမင်းကို ပြောပြဖြစ်တယ်။
“မက အဲလို သင်တန်းတွေရော တက်သလား၊ ဘာလို့လဲ”

“ကိုယ်က ရခဲတဲ့ လူငယ် ဘ၀ကို မက်မော တွယ်တာတယ်လေ။ နောက်ပြီး လူငယ်တွေမှာ အိပ်မက် အမှုန်အစတွေ ရှိတယ်။ ဟိုနေရာ တစ်ကွက်၊ သည်နေရာ တစ်ကွက် ကြဲပြန့်နေတဲ့ အဲဒီ အမှုန်အစတွေ ပေါင်းဆုံသွားပြီး နောက်ထပ် ခမ်းနားတဲ့ အနာဂတ် တစ်ခုအတွက် အရင်းအနှီး လှေကားထစ်တွေ ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူ ပြောလဲ။ ကိုယ့်အိပ်မက်က လူမှုရေး လုပ်ငန်းတွေလေ။ လူငယ်တစ်ယောက် ဖြစ်ခဲ့တုန်းက ကိုယ် အလုပ်နိုင်ခဲ့ဆုံး ဗခအငလငအပ တွေပေါ့”

မင်းက ကိုယ့်ကို မျက်တောင် မခတ်တမ်း ငေးကြည့် နေခဲ့တယ်။ ကိုယ် ရှက်ရမ်းရမ်းပြီး လွန်ခဲ့သော သက္ကရာဇ်များ ဆီက Leadership Training (လူငယ်ခေါင်းဆောင်မှုဆိုင်ရာ သင်တန်း)လေးတစ်ခုကို အလျင်အမြန် ဖောက်သည်ချရတယ်။ ကိုယ့်ရဲ့ လူငယ် မဟုတ်တော့တဲ့၊ လူကြီးအရာလည်း မမြောက်တဲ့ ဘ၀ကို သက္ကရာဇ် အဟောင်းထဲ လှိုက်စား စေခဲ့တယ်။

သြော် ပြီးတော့ မင်းလာနေကျဖြစ်လို့ နောက်ထပ် ပက်လက်ကုလား ထိုင်တစ်လုံးကို ကိုယ်ဝယ် ထားလိုက်တယ်။ ခဏနေတော့ မင်း မှတ်မိမလား။ ကိုယ်တို့ နှစ်ယောက်လုံး အသည်း အသန် စွဲလမ်းတဲ့ Cafe Latte ကို ကိုယ်ကိုယ်တိုင် ဖျော်စပ် ပေးခဲ့တာကိုလေ။
ရုတ်တရက် ကိုယ် ဘာကြောင်သွားမှန်း မသိဘူး။ ကိုယ်သိတာ ကိုယ်ပျော်ရွှင်နေတယ် ဆိုတာပါပဲ။ မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို အရိပ် ဖမ်းမိလိုက်တဲ့ မင်းရဲ့စူးရှရှ မျက်ဝန်းတွေထဲ ကိုယ်ကျကွဲ သွားခဲ့တယ်။

“လူ့ဘ၀ဟာ ရေပွက်ပမာ
တစ်ချက်ကလေး မှားရုံနဲ့ ချောက်ထဲကျ
တလိမ့် တလိမ့် တလိမ့် တလိမ့် ချောက်ထဲ ကျ”

HHAL တုန်းက ကိုယ်တို့ ကခုန် သီဆိုခဲ့ ရတဲ့ ကဗျာ သံစဉ်လေး တစ်ပုဒ်ကို သတိရ သွားပြီး ကိုယ်မင်းရှေ့မှာ ကခုန်ပြ နေမိတယ်လေ။ အဲဒီတုန်းက သီချင်းက တဖြည်းဖြည်း မြန်သွားပြီး ယှဉ်ပြိုင်တဲ့ အဖွဲ့လေးဖွဲ့မှာ တစ်ဖွဲ့ချင်းစီ မကနိုင်ဘဲ ပြုတ်ကျန်ကုန်တယ်။ နောက်ဆုံး ကိုယ်တို့ အဖွဲ့မှာ ကိုယ်တစ်ယောက်တည်း ကျန်တော့တယ်။ အောက်က လက်ခုပ်လက်ဝါး ၀ိုင်းတီးပြီး သရုပ်ဖော် ကပြနေရတဲ့ သံစဉ်လေးကို ပိုမြန်ပစ်လိုက်တော့ ကိုယ့်မှာ လက်ကားယား ခြေကားယားနဲ့ ဖုတ်ပူ မီးတိုက် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ဇွဲဆု အနေနဲ့ ကိုယ်တို့ အဖွဲ့လေးက သွေးစက် ကလေးပုံ ကီးချိန်း လေးတစ်ခုစီ ချီးမြှင့်ခံခဲ့ရတယ်။

ဒါပေမယ့် မင်းက....
“ဟာ ဗျာ ကြည့်မကောင်းဘူး။ ကလန် ကလားကြီးနဲ့”

ကိုယ် အရမ်း ၀မ်းနည်းသွားပြီး မင်းကျောကို ယောင်မှားစွာ ထုမိပြန်တယ်။ မင်းရဲ့ကျောဟာ ကိုယ့်လက်သီး ဆုပ်ကလေးကို အားမနာတတ်စွာ ရှောင်တိမ်းသွားလို့ ကိုယ်ဆို့နင့် သွားတုန်းမှာပဲ တစ်စုံတစ်ခုကို ကိုယ်ကြားလိုက်တယ်။ “ချစ်တယ်”ဆိုတဲ့ စကား တစ်ခွန်းနောက် ကိုယ့်ရဲ့တစ်ချက်ကလေး သတိ လွတ်သွားတဲ့ နှလုံးသားဟာ တလိမ့်ခေါက် ကွေးလေး ပြုတ်ကျ သွားတော့တယ်။ ကိုယ်လေ အဲဒီနှလုံးသား ဘယ် ထဲပြုတ်ကျ သွားသလဲလို့ ကော်ဖီ ခွက်လေးထဲမှာ ယောင်မှားစွာ ရှာနေမိပြန်တယ်။ ကိုယ် အလျင်အမြန် မျိုချမိလိုက်တဲ့ ကော်ဖီ တစ်ငုံဟာ ကိုယ့် လည်မျိုတွေကို နွေးထွေးမှုတွေပေးမသနားခဲ့ဘူးလေ။

၅။
ကိုယ် အငိုက်မိ သွားခဲ့တယ်။ ကိုယ်နဲ့ပန်းချီ ကားတွေ အကြောင်း မျက်မှောက်ကြုတ် ဝေဖန်ခဲ့ ဖူးတဲ့၊ ကိုယ်နဲ့အတူ ဘာသာပြန်စာအုပ်တွေကို ဘယ်သူအရင်ပြီးမလဲ ပြိုင်ဖတ် ဖူးတဲ့၊ ကိုယ်နဲ့ အတူ Rock သခု ဂီတ သံစဉ်တွေထဲ မိန်းမော ပျော်ဝင်ဖူးတဲ့ ယောက်ျား တစ်ယောက်ရဲ့ မာယာထဲ ကိုယ်မတော်တဆ ပြုတ်ကျသွားခဲ့တဲ့ နေ့ဟာ မင်း ဘယ်တော့မှ ကိုယ့်ဆီ မလာဖူးတဲ့ ရာဟု ညနေခင်း တစ်ခုမှာပေါ့။

ကိုယ်က ကံကြမ္မာကို ပစ်ဆဲတတ်တဲ့ ခပ်ညံ့ညံ့ မိန်းမ တစ်ယောက် မဟုတ်ဘူး။ တကယ်တမ်း ကံကြမ္မာက အပြစ် ရှိသလား။ မင်းရဲ့ အ၀ါရောင် နှင်းဆီ ဆယ်ပွင့်ကပဲ ကိုယ့်အာရုံတွေကို ဖြားယောင်း သွားခဲ့သလား။ မင်းအသိ ဆုံးပဲ ဖြစ်မှာပါ။ အ၀ါရောင်ဟာ ကိုယ့်အသည်းကို ကစားတတ်တဲ့၊ နုလှပြီး ရက်စက် တတ်တဲ့ အရောင်လို့ ကိုယ်အလန့်တကြား လက်ခံလိုက်ရတယ်။

ကိုယ့်ရဲ့အညိုရောင် တံခါးမကြီးဆီ (မင်းကို ယုံကြည်စွာ) ချက်ထိုး ထားခဲ့မိတဲ့ ကိုယ့်လက်ချောင်းတွေကသာ အပြစ် တစ်ခုလို့ ကိုယ်ခံယူလိုက် တယ်။ သည်လောက် ဖြားယောင်းမှုတွေ အုံဆိုင်းနေတဲ့အခန်းငယ်တစ်ခုထဲ မှာ ကိုယ်တို့ နှစ်ယောက်လုံး အူကြောင်ကြောင် ရပ်နေခဲ့မိတယ်။ သြဂုတ်လ ရဲ့ ထစ်ချုန်းနေတဲ့ မိုးစက်၊ မိုးပေါက်တွေဟာ ကိုယ်တို့ရဲ့သောကတွေကို တစ်စက်ချင်းစီ ဖြတ်သန်း သွားကြတယ်။ အတော်အတန် မှောင်နေတဲ့ အခန်း တစ်ခုမှာ ကိုယ့်တိမ်တိုက် တစ်ခု ပြိုကျ သွားခဲ့တယ်။

“ကျွန်တော်... ဆောရီး”
မပြောနဲ့။ ပါးစပ် ပိတ်ထားစမ်းပါ။ တစ်ဆိတ် ကျေးဇူးပြုပြီး ကိုယ့်ရဲ့ တန်ဖိုးဖြတ် မရနိုင်တဲ့ မိန်းမဘ၀ကို ဆောရီးဆိုတဲ့ ပေါ့ပျက်ပျက် အနောက်တိုင်း စကားတစ်ခွန်းတည်းနဲ့ သိမ်းပိုက်မသွားပါနဲ့။ ကိုယ်က ကိုယ့်ရဲ့ ရင်ခုန်သံကို ကိုးကွယ်နေခဲ့တာ မဟုတ်ဘူးလေ။ ဒါဟာ ရင်ခုန်သံကြောင့် ဖြစ်တာ မဟုတ်ဘူး။ မာယာဆိုတဲ့ စနက်ကြောင့် ဖြစ်ရတာ။

“မင်း ကိုယ့်ကို လက်ထပ်ရလိမ့်မယ် သူရိန်”
အလင်းရောင် တစ်စွန်းတစ်စသာ ကျန်နေတော့ပေမယ့် မင်းရဲ့ခိုကိုးရာမဲ့ ပင့်သက်ရှိုက်သံကို ကိုယ်တုန်လှုပ်စွာ ကြားခဲ့ရတယ်။ ဟုတ်တယ်။ မင်း အရမ်းကို တုန်လှုပ်သွားတယ်။ ဒါပေမယ့်...
“ကျွန်တော်တို့ သဘက်ခါပဲ လက်ထပ်လိုက်ကြတာပေါ့”

“မင်း ရူးနေလား သူရိန်၊ မင်း အခု ဖိုင်နယ်ပါ့တ်တူးလေ။ ဆေးကျောင်းသား တစ်ယောက်ရဲ့ဘ၀ကို အဆုံးအဖြတ်ပေးမယ့် အဓိက အတန်းမှာ မင်း လက်ထပ်ဖို့...”

“ခင်ဗျားကို ကျွန်တော် လျော်ကြေးပေးနိုင်တာ သည်တစ်ခုပဲ ရှိတယ်။ အလွန်ဆုံး ကျွန်တော် သည်တစ်နှစ် နားလိုက်ရုံပေါ့”

ကိုယ်လေ မင်းရဲ့ ထေ့ငေါ့မှုတွေထဲမှာ အလဲလဲအပြိုပြို ကျဆုံး သွားတယ်။ လျော်ကြေး၊ ဟုတ်လား။ မိန်းမ တစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ စီးပွားရေး ဆန်ဆန် သင်္ချာ ဂဏန်းတွေနဲ့ ပစ်ပေါက်လို့ ရသလား။ တကယ်ပဲ ကိုယ် မသိလို့ပါ။ ကျေးဇူးပြုပြီး ကိုယ့်ဖြစ်တည်မှုကိုတော့ မရိုက်ချိုးပါနဲ့။
“မင်းက ကျောင်းမှာ နှစ်တိုင်း ဂုဏ်ထူး ထွက်နေတဲ့ လူတော် တစ်ယောက်ပဲ။ ကိုယ်မင်းကို မဖျက်ဆီးရက်ဘူး။ မင်းဘက်က တာဝန်သိစွာ ပါ့တ်တူး ပြီးရင် ကိုယ်နဲ့ လက်ထပ်ပေးပါ”

ဝုန်းခနဲ တွန်းလှဲပစ်လိုက်တဲ့ အသံတစ်ခုကို သဲကွဲစွာ မရိပ်မိသေးခင် မှာပဲ ကိုယ်အရမ်းလန့်သွားတယ်။
“မ ကျွန်တော့်ကို အမိန့် ပေးနေတာလား။ ဒါမှမဟုတ် ကျွန်တော့်ကို ချုပ်နှောင်ဖို့ ကြိုးစား နေတာလား”

“မဟုတ်ဘူး သူရိန်၊ ကိုယ်မင်းကို ဘယ်တော့မှ မချုပ်နှောင်ခဲ့ပါဘူး။ ကိုယ် မချုပ်နှောင်ခဲ့လို့ မင်းခုလို ကြိုးစားခဲ့တာပဲ မဟုတ်လား”

“မက ကျွန်တော့်ကို ဖြားယောင်းခဲ့တာကိုး”

ကိုယ် မင်းကို ပါးရိုက်မိသွားတယ်။ ရုပ်ရှင်တွေထဲကလို ပါးရိုက်ပြီးမှ တုန်လှုပ်သွားတဲ့ လက်ချောင်းတွေကို တအံ့တသြ ငေးကြည့်ဖို့လည်း ကိုယ် သတိ မရခဲ့ဘူး။ ကိုယ်က တိမ်တိုက် တစ်ခုဆိုရင် မင်းဟာ လေယာဉ် တစ်စင်းပေါ့။ မင်းကိုယ့်ကို ဖြိုခွင်းပစ်လိုက်တယ်လေ။
“ကိုယ်မင်းကို ကော်ဖီ ဖျော်ပေးဖို့ မီးဖိုချောင်ထဲ သွားခဲ့တယ်။ ကိုယ် မင်းကို ယုံကြည်လို့ ဒီနေ့မှ တံခါးချက်ကို ထိုးထားမိခဲ့တယ်။ နောက်ပြီး ကိုယ့်အခန်းထဲမှာ မင်းဝင်သွားတာကိုတောင် မင်းစိတ်ဝင်စားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ကို သွားယူတယ်လို့ တထစ်ချ ယုံကြည်ခဲ့မိတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုက စည်သွတ်ဘူး တစ်ဘူးလို သေသပ် မသွားခဲ့တာ ကိုယ့်ရဲ့ ဖြားယောင်းမှုတဲ့လား သူရိန်”

ကိုယ်မျက်ရည် ကျနေခဲ့မှာကို မင်းသိပါတယ်။ ကိုယ့်ရဲ့ ဘယ်ရောက် သွားမှန်းမသိတဲ့ မျက်မှန်ကိုတောင် မင်းကို ကိုယ့်ကားနဲ့ ပွတ်ခဲ့မိတဲ့ ညကလို ပြန်တပ် မပေးခဲ့ပါဘူး။ မှုန်ဝါးရီဝေနေတဲ့ ကိုယ့်မျက်ဝန်းတွေက မျက်ရည်တွေ ဟာ အစစ်အမှန်တွေလားလို့ မင်းရဲ့ထက်မြက်တဲ့ သိပ္ပံဥာဏ်နဲ့ ထွင်းဖောက် အဖြေထုတ်နေဆဲလား။

မင်းက အပြစ်တစ်ခုကို ကျူးလွန်သူလေ။
“မကို ကျွန်တော် ချစ်ပါတယ်။ မရဲ့ ယုံကြည်မှုကို ကျွန်တော် မရိုက်ချိုးချင်ပါဘူး”

ဘုရားရေ။ မင်းအသံတွေ အက်ကွဲတုန်ယင် နေခဲ့တယ်။ ကိုယ့်ပါးပြင် တွေဟာ မျက်ရည်တွေနဲ့ မင်းရဲ့အနမ်း၊ ထိတွေ့မှု နှစ်ခုကြောင့် နွေးထွေးမှု ချင်း မသဲကွဲခဲ့ဘူး။ ခပ်ဝေးဝေးက နှင်းဆီရနံ့တွေ ထောင်းခနဲ ဝေ့ပျံ့လာတယ်။ ကိုယ်လေ နှင်းဆီ တစ်ခုရဲ့ရနံ့ အဲလောက်ထိ စူးရှတတ်မှန်း မသိတတ်ခဲ့ဘူး။

၆။
မင်းရဲ့ အလာကျဲသွားတဲ့ အခိုက်အတန့်တွေ အတွက် ကိုယ့်မျက်ရည်ဗုံးတွေ တိတ်တဆိတ် ပေါက်ကွဲသွားတယ်။ နောက်ပြီး အညိုရောင် တံခါးချပ် ဆီကို ကိုယ့်မျက်ဝန်းတွေ ရွက်လွှင့်ထားတတ်တဲ့ အကျင့်ဆိုးတစ်ခုကိုလည်း ကိုယ်ရရှိလိုက်တယ်။ ကိုယ်မျှော်လင့်တဲ့ အတိုင်း မင်းက ထူးချွန် ပြောင်မြောက်စွာ ဖြေဆို နိုင်ခဲ့တယ်။ မင်းရဲ့အောင်စာရင်း ထွက်တဲ့နေ့က မင်း ကိုယ့်အခန်းတံခါးကို အရှိန်ပြင်းပြင်း ခေါက်ခဲ့တယ်။

“မ ကျွန်တော် ခွဲစိတ်ကုပညာနဲ့ သားဖွား မီးယပ်ပညာ ဂုဏ်ထူးနှစ်ခု တောင်ပါတယ်။ အားလုံးထဲမှာ ဂုဏ်ထူး အများဆုံးက ကျွန်တော်ပဲ”

သူရိန် မင်းက မင်းရဲ့အမျိုးသမီး တစ်ယောက်ကိုတောင် ကျွန်တော်ဆိုတဲ့ ခပ်စိမ်းစိမ်း စကားလုံးတွေနဲ့ နှိပ်စက်ကလူ ပြုနေတုန်းလား။ မင်းရဲ့ ၀မ်းသာ အယ်လဲ ဖွင့်ဟလိုက်တဲ့ပျော်ရွှင်မှုတွေထဲ ကိုယ့်နှလုံးသား တစ်ခု အရည်ပျော် ကျဆုံးသွားတယ်။
“၀မ်းသာပါတယ် သူရိန်၊ ကိုယ့်ကို ဘယ်မှာ လိုက်ကျွေးမလဲ”

“လာ၊ သည်နေ့ပဲ သွားမယ်”

“ဘယ်ကိုလဲ”

Coffee Circles

“ဟာ မိုက်တယ်၊ ဖြစ်ပါ့မလား ဈေးကြီး တယ်နော်”

ကိုယ် အားနာမိနေတုန်းမှာပဲ မင်းကလက်ထဲမှာ ၀ှက်ထားတဲ့ အ၀ါရောင်နှင်းဆီတွေကို ကိုယ့် ဆီကမ်းပေးရင်း ကိုယ်ဝတ်နေကျ အနွေးထည် လေးကို ခြုံပေးလိုက်တယ်။
ကိုယ့်ရင်တွေ သိမ့်ခနဲ တုန်သွားတယ်။

'Thank You'
ကိုယ့်ရဲ့ ဆလွန်းကားလေး Coffee Circles ရှေ့ရပ်လိုက်တယ် ဆိုရင်ပဲ
“မ မနက်ဖြန်ညနေ ဒီအချိန် ကျွန်တော် လာမယ်နော်”

“ဘာလို့လဲ”

“အင်း မနက်ဖြန် သိရမှာပေါ့”

မင်းနှုတ်ခမ်းတွေ သိပ်သေသပ်လွန်းနေလို့ ကိုယ် အနည်းငယ် တုန်လှုပ် သွားခဲ့ရတယ်။

“ကိုယ် ထိခိုက်မှာကိုတော့ မင်းမလုပ်ဘူး မဟုတ်လား”
မင်း ကိုယ့်မေးခွန်းကို မကြားချင်ယောင် ဆောင်နေခဲ့တယ်။ သူရိန်၊ ဆရာ အောင်ထွန်းသက်က ယုံကြည်မှုကို တည်ဆောက်ခြင်း ဆိုပြီး ဟောပြော ပေးခဲ့သလောက် မင်းက ယုံကြည်မှုကို ဖြိုခွင်းခြင်းဆိုတဲ့ ကျမ်းတစ်စောင်နဲ့ ကိုယ့်ကို အလဲထိုး မသွားလောက်ပါဘူးနော်။

၇။
မင်းရောက်လာပြီ။ ကိုယ်တိုင်ကပ်နာရီ အိုကြီးဆီဘဲ မျက်နှာလွှဲထားခဲ့တယ်။ စေ့ထား တဲ့ တံခါးကို မင်းတွန်းဖွင့် ၀င်လာတုန်း ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြား နေရတယ်လေ။ မင်း ကိုယ့်ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ကိုယ်မင်းကို မကြည့်ဖြစ်ပေမယ့် ကိုယ့်သတ္တမ အာရုံက တစ်စုံတစ်ခုကို အလိုလို စိုးရိမ်နေတယ်။

“မ”

“အို မင်း ဒါဘာလုပ်တာလဲ”

မင်း ကိုယ့်ရှေ့မှာ ထိုင်ကန်တော့ နေတာ ကိုယ် အလန့်တကြား လက်ခံလိုက်ရတယ်လေ။
“ကျွန်တော်လေ၊ မရယ်၊ ကျွန်တော် အတ္တကြီး သွားခဲ့ရင် ခွင့်လွှတ်ပါ။ ဘာပဲပြောပြော သြစတြေးလျ သွားဖို့ အခွင့်အရေးကိုတော့ ကျွန်တော် မက်တယ် အစ်မ။ ဒါကြောင့် ကျွန်တော့် မေမေရဲ့ သူငယ်ချင်း ဒေါက်တာ နွယ်နီရဲ့သမီးနဲ့ ကျွန်တော်”

ကိုယ် ဒေါက်တာနွယ်နီဆိုတဲ့ နာမည် တစ်ခုကို တုန်လှုပ်စွာ ကြားခဲ့လိုက်ရတယ်။
“သူ့သမီးဟာ သြစတြေးလျမှာ ဒီဇိုင်နာ တစ်ယောက် ဖြစ်နေပြီ။ နာမည်ကြီး မြန်မာ ဒီဇိုင်နာပေါ့“

သိတယ်။ မင်းမပြောနဲ့ သူရိန်။ မင်းဟာ အမှန်တကယ် ယုံကြည်မှုကို ဖြိုခွင်းတတ်တဲ့ ယောက်ျားဘဲ။
မင်းယူသွားတဲ့ ကိုယ့်ဘ၀ကို ပြန်ပေးပါ။ လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ကိုယ့်ကို ရှိခိုး လိုက်တာနဲ့တင် ကိုယ့်ရဲ့ သန့်စင်ခြင်းကို ပြန်ရနိုင်ပါ ဦးမလား။
သိပ်သိတာပေါ့။ သီတာသော်ဟာ ကိုယ့်ရဲ့ ဖအေတူ၊ မအေကွဲ ညီအစ်မလေ။ ဒါပေမယ့် ကိုယ်မင်းကို ဘယ်တော့မှ ပြောပြဖြစ်မှာ မဟုတ်ဘူး။ မင်းမှာ နှလုံးသားရှိခဲ့ ရင်တောင် ရင်ခုန်သံကို မင်းအတ္တတွေလောက် တန်ဖိုးထားတတ်မှာ မဟုတ်ဘူး။

မင်းနဲ့ ကိုယ်နဲ့ကြားမှာ ဘာကြိုးမှ ချည်နှောင် မထားခဲ့ဘူး သူရိန်။ ကိုယ်က ဖြားယောင်း တတ်တဲ့ အ၀ါရောင် နှင်းဆီတွေကို သိပ်နောင် ကြဉ်သွားပြီ။ ဟော ကိုယ့်မျက်နှာကို ဖတ်ရှုတတ်တဲ့ မင်း၊ အခန်းငယ်ထဲမှာ ကိုယ်တုန်လှုပ် နေခဲ့တာကို ရင်မဆိုင်နိုင်ခဲ့ဘူး။ အပြစ် တစ်ခုကို ကျူးလွန်တတ်တဲ့ ယောက်ျား တစ်ယောက်ဟာ ကောင်းကင် ဖြစ်မယ်ဆိုရင် ကိုယ်ဟာ အဲဒီ ကောင်းကင်ထဲက တစ်ခြမ်းပဲ့ လတစ်စင်း ဖြစ်တယ်။
မင်း ကိုယ့်အနားက ထွက်သွားတယ်။ နောက်ပြီး တိုးညင်းတဲ့ တံခါးဖွင့်သံ။

“သူရိန်”

မင်း ကိုယ့်ရဲ့ အရှုံးတွေကြီး စိုးနေတဲ့ မျက်နှာကို မြင်ခွင့်ရမှာပေါ့။ ကိုယ်မင်းကို အားယူ ပြုံးပြမိတယ်။ ကိုယ့်ရဲ့ တရားမ၀င် ယောက်ျား ကို ပြုံးပြ နေသလို မဟုတ်ဘဲ သူစိမ်းယောက်ျား တစ်ဦးကို ပြုံးပြ နေသလိုမျိုးပေါ့။
“ကိုယ် မင်းကို ချစ်ခဲ့တယ် သူရိန်”

မင်း ကိုယ့်ဆီ ပြေးလာတယ်။ နောက်ပြီး ဖက်ထားခဲ့တယ်။ မင်းထက် ဆယ်စုနှစ် တစ်ခုစာကြီးတဲ့ မိန်းမ တစ်ယောက်ကို မင်းနှစ်သိမ့်ပေးနေခဲ့တယ်။
“ကျွန်တော် သိပါတယ် မရယ်” ကိုယ် မျက်ရည် သုတ်လိုက်တုန်း ပါဝါ အတော်ထူတဲ့ မျက်မှန်လေး ပြုတ်ကျသွားခဲ့တယ်။ ဒါပေမယ့် ပြန်ကောက်ဖို့လည်း ကိုယ် သတိမရခဲ့ဘူး။

၈။
အဖြူရောင် ဆလွန်းကားလေး တစ်စင်းဟာ အရှုံးတွေ လွန်းထိုးနေတဲ့ ညမှာ ဦးတည်ရာမဲ့ လျှောက်မောင်း နေခဲ့တယ်။
“ကိုယ်က အသည်းမရှိဘူးကွ၊ အသည်းကွဲတယ်ဆိုတဲ့ ပျော့ညံ့တဲ့ မိန်းမတွေရဲ့အလုပ်”

အဲဒီ စကားကြောင့် လမ်းဘေးကို ငေးကြည့်မိလိုက်ရင်ပဲ အမျိုးသမီး ငယ်လေး တစ်ယောက်က အမျိုးသားငယ်လေး တစ်ယောက်ကို ခပ်မာမာလေး ကျူးရင့်နေတာ တွေ့လိုက်ရတယ်။ ည ခုနစ်နာရီ ဆိုပေမယ့် လမ်းမီးတွေကြောင့် အမျိုးသားငယ်ရဲ့ ပြောင်းလဲ သွားတဲ့ မျက်နှာကို ကိုယ်အထိတ်တလန့် ရှာဖွေမိသွားတယ်။

ကိုယ်လေ ခုမှ ယောက်ျားမာန တချို့ ဖြတ်ပြေးသွားတဲ့ အန္တရာယ် အငွေ့ အသက်တွေကို အရှောင်အတိမ်း ကောင်းခဲ့တယ်။
အဲဒီ အမျိုးသမီးငယ်လေး အတွက် ကိုယ်စိုးရိမ်သွားတယ် ဆိုရင် ကိုယ့် အလွန် မဟုတ်လောက်ပါဘူး သူရိန်။
ခဏနေတော့ ညာဘက် လမ်းကလေးထဲ ချိုးကွေ့လိုက်တယ် ဆိုရင်ပဲ။

“ခင်ဗျား မျက်စိ ကန်းနေသလား။ သည်မှာ လူတစ်ယောက်လုံးကို မမြင်ဘူးလား၊ သြော် လက်စသတ်တော့ ခင်ဗျားက လေးလုံးမကြီးပဲ”

အတွေးတွေ ကြီးစိုးနေတဲ့ ကိုယ် လူတစ်ယောက်ကို အောင်းမိသွားတယ်လေ။ သြစတြေးလျက မင်းကို ကိုယ်အရမ်းသတိရသွားခဲ့တယ်။ ကိုယ် အလျင်အမြန်ပဲ ဖွင့်ထားတဲ့ ပြတင်းမှန်ကို ပြန်ပိတ်၊ ချက်ချ၊ နောက်ပြီး ကိုယ့် ညာဘက်ခြေထောက်က လီဗာကို တအား နင်းပစ်လိုက်ရတယ်။
ရုတ်တရက် ဆောင့်ခါသွားတဲ့ ကားလေးကြောင့် စတီယာရင်လေး လည်ထွက် သွားတာကို မနည်း ထိန်းလိုက်ရတယ်။

မှန်အလုံပိတ်ထားတဲ့ ကြားက အဲဒီ ယောက်ျားရဲ့ ဆဲဆိုသံကို ကြားဖြစ် အောင်ကြားလိုက်သေးတယ်။ ကိုယ် နောက်ထပ် ဖြားယောင်းမှုအတွက် ခံနိုင်ရည် မရှိတော့ဘူးလေ။ ကိုယ့်လည်မျိုတွေဆီ ဆို့နင့်ခြင်းတွေ စိုက်ဝင် နေတုန်းမှာ ကိုယ် တစ်စုံတစ်ခုကို သတိရသွားခဲ့တယ်။
“လူ့ဘ၀ဟာ ရေပွက်ပမာ
တစ်ချက်ကလေး မှားရုံနဲ့ ချောက်ထဲကျ
တလိမ့် တလိမ့် တလိမ့် တလိမ့် ချောက်ထဲကျ“
ချောက်ထဲကနေပဲ ကိုယ်နဲ့ နှောင်ငင်ခဲ့ဖူးတဲ့ ကောင်းကင် တစ်ခုကို တဒင်္ဂ တိုက်ဆိုင်မှုတွေကြောင့် သတိရမိ သွားတယ်လို့ပြောရင် ကိုယ် မလွန်လောက်ဘူး ထင်ပါရဲ့နော်။

လင်းစက်နွယ်