ညနှင့် အသည်းကွဲ သစ်ရွက်များအကြောင်း

Leave at Night in the Clouds
သည်နေ့ည..
ငါဟာ အိမ်မပြန်ချင်ဘူး
ဓူဝံကြယ်ကို ရှာခဲ့တယ်
ခုနစ်စဉ်ကြယ်ကို ရှာခဲ့တယ်
မှိတ်တုတ် မှိတ်တုတ် မလင်းတလင်း  ဘ၀တွေကို
ဒဏ်ရာတွေနဲ့ နှိုင်းခဲ့တယ်
မျက်နှာတွေဟာ မသဲကွဲဘူး
ငိုရင်း ကျမလာတဲ့မျက်ရည်က
ဆိုရင်း အက်ကွဲလာတဲ့ အဲလက်စ်သီချင်းကို လွှမ်းသွား
အသည်းလေးကွဲကာ မျက်ရည်တွေနဲ့ပေါ့
သည်လို ရူးမိုက်တဲ့ နှလုံးသားလေးမှာ
ကိုးကွယ်တာ မင်းပေါ့...မင်းပေါ့..
သည်လိုနဲ့
တစ်ချို့က လမ်းမီးတိုင်အောက်မှာ
စာကြည့်နေကြတယ်
တစ်ချို့က စက်ဘီးပေါ်မှာ ကြူနေကြတယ်
တစ်ချို့က ချိန်းတွေ့နေကြတယ်
ငါဟာ တိမ်တွေနဲ့ ပြေးတမ်းလိုက်တမ်းဆော့
ငါဟာ သစ်ရွက်များပေးတဲ့ မနက်ဖြန်ကို
အိပ်ကပ်ထဲ ထိုးသိပ်ပေါ့
ငါဟာ ကျိုးသွားတဲ့ အနာဂတ်ကို
ကောင်းကင် ခြင်းတောင်းထဲ ၀ှက်လို့ထားတော့
ဂစ်တာမလိုဘူး
သည်ညမှာ
ကိုယ်ရယ်
သူငယ်ချင်းရယ်
ကောင်းကင်ရယ်
ရွက်ကြွေရယ်
လမ်းမီးတိုင်ရယ်
ဟန်ဆောင်ခြင်း အမှောင်ထုရယ်
အသည်းကွဲ ရင်ဘတ် တစ်ခြမ်းနဲ့
သထုံလမ်းက အက်ကွဲ သံစဉ်ရယ်...။

ခြေရာကောက်မရသော ...


တစ်ဖက်က ငါ့ရဲ့ အလင်းဘက်ခြမ်းကို
နင်မြင်နိုင်ပြီး
တစ်ဖက်က ငါ့ရဲ့ အမှောင်ထု တစ်ခြမ်းကို
နင် မဖတ်ရှုနိုင်ခဲ့တာ
ငါ သိပ်ညံ့လွန်းလို့ ဖြစ်မှာ...။

နင့်ကို ရောင်စဉ်မရှိတဲ့ နံနက်ခင်းမှာ
ကင်ပွန်းတပ်ခဲ့တာ
ငါ့အသည်း ထက်ခြမ်းကွဲဖို့မှ မဟုတ်တာ..။

နင့်ကို ချည်နှောင်တဲ့ ကြိုးတိုင်းကို
လိုက်ဖြတ်နေမိရင်း
ငါ့ကို နင် ချည်ထား နင့်ကြိုးများ
မသိမသာ လျော့ရဲလာ..
ငါ သတိမထားမိခဲ့တာ...
ငါ နုံချာလွန်းလို့ပါ.........။

နှလုံးသားနဲ့ ရင်းတဲ့ ကုန်ကြမ်းများ


သည်လိုပါပဲ....
လူတွေဟာ ကုန်ကြမ်းတွေ လာလာပေးလို့
ခဏ ခဏ ခလုတ်တိုက် တတ်ကြတယ်..
နောက်ဆုံးတော့.....
ဘာတစ်ခုမှ ဟန်မဆောင်နိုင်
ခပ်ညံ့ညံ့ အချစ်စာရေးဆရာမ
သူ့အသည်းသူ ..ပြန်ပြန်ချုပ်ရတာပဲ....။

လင်းစက်

ပုံနှိပ်စာမျက်နှာ နှင့် ဖန်သားပြင်စာမျက်နှာ မီဒီယာအားပြိုင်ဆွေးနွေးပွဲ...(ဖူးငုံဆယ်ကျော်သက် TEEN MAGAZINE)

 ခုတစ်လော ကျွန်မတို့ရဲ့ ဖူးငုံ ဆယ်ကျော်သက် magazine ကနေ လူငယ်များအတွက် အဓိက ရည်ရွယ်ပြီး သုံးလတစ်ခါ..လေးလတစ်ခါ ..ပွဲလေးတွေ စီစဉ်ပြုလုပ်ပေးလျက်ရှိနေပါပြီ..။ ပထမအကြိမ် ဖူးငုံရဲ့ ၉နှစ်မြောက်နှစ်ပတ်လည် အမှတ်တရအနေနဲ့ စက်တင်ဘာ ၂၀၁၁ မှာ တစ်ကြိမ်၊ ဇန်န၀ါရီ ၂၀၁၂ မှာတော့ “လွပ်လပ်မှု..ငြိမ်းချမ်းရေးနှင့် အနုပညာ ဆွေးနွေးပွဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုတိယအကြိမ်အဖြစ်ကျင်းပပေးခဲ့ပြီးပါပြီ။  ခုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ စာပေမီဒီယာတစ်ခု ဖြစ်ထွန်းရေးအတွက်ရော..၊ကျွန်မတို့နိုင်ငံရဲ့  လက်ရှိမီဒီယာလောကကို ထင်ဟပ်စေမယ့်ဆွေးနွေးပွဲလေးတစ်ခုကို ဖန်တီးချင်တာရောကြောင့်ပါ ဖူးငုံဆယ်ကျော်သက်ရဲ့ အယ်ဒီတာ တစ်ဦးဖြစ်တဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း)နဲ့ အတူ ပူးပေါင်းစီစဉ်ခဲ့ကြပါတယ်..။ 
        တိုးတက်ပြီး နည်းပညာထွန်းကားလာတဲ့ ခေတ်ထဲမှာ ကျွန်မတို့ရဲ့ မီဒီယာဟာ ခေတ်နောက်ပြန်ဆွဲနေလို့ မဖြစ်တော့ပါဘူး။အရင်လို ပုံနှိပ်မီဒီယာတစ်မျိုးတည်းကိုသာ ဖတ်ရှုလို့ အဆင်မပြေနိုင်တော့တာမို့ ..နည်းပညာရဲ့ အကူနဲ့  အွန်လိုင်းမီဒီယာဟာ ပိုလို့နေရာရနိုင်ခဲ့ပြီဖြစ်ပါတယ်။ လူအများစုဟာ အလုပ်ထဲကြုံလို့  အင်တာနက်သုံးရင်းစာဖတ်လိုက်တာမျိုး..လူထု ဆိုက်တွေမှာ စာတွေတင်ကြတာမျိုးနဲ့ အွန်လိုင်းပေါ်မှာတင် စာပေဥယျာဉ်ကြီးတစ်ခု ဖြစ်ထွန်းနေပြီ မဟုတ်ပါလား။ သည်လိုခေတ်ကြီးထဲမှာ ပုံနိပ်မီဒီယာရဲ့ role ဟာကျဆင်းနေလို့တော့ မဖြစ်ပါဘူး။မြန်မာနိုင်ငံရဲ့ စာဖတ်နှုန်းဟာ အင်မတန်နည်းတာမို့  ဘယ်မီဒီယာကိုရွေးချယ်ပါစေ..စာဖတ်ဖြစ်ဖို့ကသာ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ့် မီဒီယာကိုရွေးချယ်ပြီး ရသစာပေပိုမိုဖွံ့ ဖြိုးရေးအတွက် အထူးရည်ရွယ်ကာ သည်လို ထူးခြားတဲ့ ပွဲလေးကိုစီစဉ်ဖြစ်ခဲ့ပါတယ်..။ဒါဟာ စကားရည်လုပွဲတစ်ခု မဟုတ်ပါဘူး။ မိမိမီဒီယာအတွက် ယုံကြည်စွာဆွေးနွေးခြင်းဟာ သူတစ်ပါးအာနည်းချက်ကို နင်းခြေတာမျိုးမဟုတ်ပဲ...မိမိတို့ရဲ့ အာသာချက် အားနည်းချက်များကိုကောင်းစွာသဘောပေါက် နားလည်ပြီး မီဒီယာလောကကို တစ်နည်းနည်းနဲ့ အကျိုးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်..။
        သည်ပွဲမှာ ပါဝင်ဆွေးနွေးမယ့် စာရေးဆရာ ဆရာမများဟာလည်း ဖူးငုံမှာ ပါဝင်ရေးသားခဲ့ဖူးသူများဖြစ်ပါတယ်..။ ပုံနှိပ်မီဒီယာဘက်မှာ ဆရာ ဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)နဲ့ ဆရာမ ခင်ဆုမြတ်ထွန်းတို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပြီး အွန်လိုင်းမီဒီယာဘက်မှာတော့ ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနှီ၊ ဆရာ သူရဿဝါတို့ဆွေးနွေးပေးကြမှာဖြစ်ပါတယ်။ ဆရာမ ခင်သန္ထာကိုတော့ အားပြိုင်ဆွေးနွေးကြမယ့် စာရေးဆရာများနှင့်အတူ ပါဝင်ကူညီဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။  ပွဲချိန်အနေနဲ့ ၂၈ ဂျူလိုင် နေ့လည် ၂နာရီမှ ၄နာရီအထိ.ရွှေဂုံတိုင်က...တော်ဝင်နှင်းဆီ စားသောက်ဆိုင်ရဲ့ ခန်းမမှာ ကျင်းပပြုလုပ်သွားမှာမို့  စိတ်ဝင်စားသူမည်သူမဆို ၀င်ကြေးအခမဲ့ တက်ရောက်နိုင်ပါတယ်..။ ထူးခြားတာတစ်ခုက သည်ပွဲမှာ ပါဝင်ကူညီဆွေးနွေးကြဖို့  ပရိတ်သတ်များကိုပါ ခင်းကျင်းပေးမှာဖြစ်ပြီး ..ဆွေးနွေးသူတစ်ဦးချင်းစီအတွက် ဖူးငုံစာအုပ်လက်ဆောင်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
         လွတ်လပ်ပွင့်လင်းစွာနဲ့ မိမိရဲ့ အမြင်ကို ကျွန်မတို့တွေနဲ့ အတူတူမျှဝေနိုင်ဖို့ ..ရသစာပေထွန်းကားရေးနဲ့  ပြည်သူများအတွက် မိမိတို့နဲ့ အကိုက်ညီဆုံးမီဒီယာကို ရွေးချယ်ဖတ်ရှူနိုင်စေဖို့ ကျွန်မတို့ရဲ့ မီဒီယာအားပြိုင်ဆွေးနွေးပွဲလေးကို အရောက် တက်လှမ်းကြပါလို့ စာချစ်သူများကို ဖိတ်ခေါ်လိုက်ပါရစေ..။ 

အယ်ဒီတာ - မသီတာ(စမ်းချောင်း)၊ ဦးမျိုးမြင့်ညိမ်း
စီစဉ်သူ     -လင်းစက်နွယ်
အချိန်       - ၂၈.၇.၂၀၁၂ (စနေနေ့) နေ့လည် ၂မှ ၄ အထိ
နေရာ       - တော်ဝင်နှင်းဆီ၊ ရွှေဂုံတိုင်၊ဗဟန်းမြို့ နယ်
ပါဝင်မည့်သူများ - ပုံနှိပ်မီဒီယာ - ဆရာဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)၊ ဆရာမ ခင်ဆုမြတ်ထွန်း
                           အွန်လိုင်းမီဒီယာ- ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနီ ၊ ဆရာ သူရဿဝါ

ဆုံးဖြတ်ချက်


မှားသတဲ့လား..
မှားတယ် ဆိုရင်တောင်
ဘယ်တော့မှ...
နောက်မဆုတ်ကြေး...။


လင်းစက်

အီကွေးရှင်း.....


မနေ့က........
ညနေဟာ ဆည်းဆာရဲ့ တေးသွားနဲ့အတူ...
အင်းယားဟာ ကြက်ခွပ်ရဲ့ အိပ်မက်နဲ့အတူ..
အတွဲများဟာ ....အနာဂတ်ရဲ့ မီးအိမ်များနဲ့ အတူ..
လူငယ်များဟာ...သူတို့ရဲ့ အယ်လ်ဇေးရှင်းများနဲ့ အတူ
အမျိုးသမီးများဟာ....အိုင်ပေါ့ ရဲ့ ခြေလှမ်းများနဲ့အတူ
ဦးလေး ကြီးများဟာ...အနုအရွ မြတ်နိုးခြင်းများနဲ့အတူ
ဗယာကြော် ကုလားဟာ..မုန့်နှစ်ပေကျံ လက်အစုံနဲ့ အတူ..
ဂစ်တာဟာ ပိုင်ရှင်အတွက်...တိတ်ဆိတ်ခြင်းနှင့်အတူ...
ကိုယ်ဟာ....သူ့ရဲ့ အနမ်းတစ်ပွင့် နဲ့ အတူ....။                 ။


ထာဝရ...အတွက်
လင်းစက်

ကျွန်မ ချစ်သော နောင်တ


နင် ယုယဖို့ မေ့နေခဲ့တဲ့ လူကို
ငါ အဲသည်နေ့က မိုးရိပ်တွေထဲတွေ့တယ်
နင် မပြုစုလို့ ညှိုးခြောက်နေတဲ့ သူ့ကို
ငါသနားလွန်းလို့  ငါ့အိပ်ကပ်ထဲကောက်သိမ်းလိုက်တယ်
နင့် ပျိုးခင်းထဲက ပန်း...
ကြွေ ချင်သလို ကြွေနေတာ ငါသည်တိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး
နင် သိသိ မသိသိ
နင့်ကို မျှော်ရင်း အကြင်နာငတ်နေတဲ့ ပုတီးကုံးကို ငါဆွဲလိုက်တယ်
နင် သိအောင် ငါပြောမယ်
ခု နင့် ခြံထဲက ချစ်ခြင်း ပန်းတစ်ပွင့်ဟာ
ငါ့နှလုံးသားပေါ် ကျေနပ်စွာ အိပ်စက်တယ်
နင် နှိုးပြီး ပြန်ခေါ်သွားရင်တောင်
ဘာတစ်ခုမှ မမျှော်လင့် ...ပန်းကြွေ တစ်ပွင့်
ကောက်ယူမွေးစားတဲ့ ငါ့လို ငတုံးမကို
အပြစ်မတင်ပါနဲ့
ဘာလို့လဲ ဆိုတော့...
ငါ့အပြစ်ငါ ဂုဏ်ယူချင်နေသေးတယ်.....။

လင်းစက်