သူ ပြန်လာတဲ့နေ့..


သူ ပြန်လာခဲ့ပါပြီ
ဒါပေမယ့် သူပြန်လာတဲ့နေ့မှာပဲ
ကျွန်မဟာ ကောက်ရိုးပုံထဲ အပ်ပျောက်ခဲ့တယ်
လာပါလို့ လည်း အရင်လို မဖိတ်ခဲ့သလို
ပြန်ပါလို့လည်း အခု မနှင်ဖြစ်ပါဘူး
ဒါပေမယ့်
သူဟာ မျက်လှည့်ပြနေတဲ့
ချိန်ခွင်တစ်ခုပေါ် ကျွန်မ နှလုံးသားကို လေလံဆွဲနေတယ်
ကျွန်မကို အမိန့်များရောတဲ့ မနက်ခင်း စွပ်ပြုတ်တစ်ပွဲနဲ့
ကြင်နာချင်ယောင်ဆောင်ထားတဲ့
ပေါင်မုန့်တစ်လုံးကို လက်ဆောင်ပေးပါတယ်
သူ့ အိပ်ကပ်ထဲမှာ အရင်လို ကာလာတွေ ရှိမနေဘူး
ဒါပေမယ့်  နှုတ်ခမ်းနီတွေကို ကျွန်မတွေ့တယ်
သူ့ လည်ပင်းမှာ ကျွန်မ မဟုတ်တဲ့ ရထားတစ်စင်းကို ချိတ်ဆွဲထားတယ်
သူ့ကို ကျွန်မ မြင်ရတဲ့အခါ ကျွန်မကိုယ်ကျွန်မ နွံထဲရုန်းလေနစ်လေလိုပဲ
ကျွန်မက တောင်ပံမပါတဲ့ လေယာဉ်ကို အခွံသက်သက် စီးခဲ့သူပါ
သူ့ကို ရက်စွဲတွေနဲ့ တုပ်နှောင်မထားခဲ့
ဟုတ်တယ်...ကျွန်မက နုံချာတဲ့ မိန်းမပါပဲ..
ဒါပေမယ့် သည်နေရာကို ပြန်ရောက်လာတဲ့အခါ..
မျက်နှာဖုံးတစ်ခု ရှင်ဝယ်လာခဲ့ရင်
အချစ်ကို ဘ၀ထင်တဲ့ ကျွန်မရဲ့ မှတ်တမ်းဟောင်း
မျက်ရည်များနဲ့ စွန်းထင်းမှာ မဟုတ်..
သူပြန်လာခဲ့ပါပြီ
သူပြန်လာတဲ့နေ့မှာပဲ
ကျွန်မ အမှန်တရားက ကျွန်မကို အမိန့်ချခဲ့တာ
မင်းကို သူ မကိုးကွယ်ဘူးတဲ့ ..
ကျွန်မနှလုံးသားက ကျွန်မ နှလုံးသားအတွက်တော့
တဘ၀စာ နတ်ဘုရားပါပဲ
တဆိတ်ကျေးဇူးပြုပြီး
ကျွန်မ ရင်ထဲ မရှင်းတာကြာပြီဖြစ်တဲ့ သံယောဇဉ်တွေကို
အမျှင်ဖြတ်ပေးခဲ့ပါ..
သူ ပြန်လာတဲ့အခါ.....။                                      ။


လင်းစက်နွယ်

2 comments:

  1. သူ ပြန်လာခဲ့ပါပြီ
    ဒါပေမယ့် သူပြန်လာတဲ့နေ့မှာပဲ
    ကျွန်မဟာ ကောက်ရိုးပုံထဲ အပ်ပျောက်ခဲ့တယ်
    လာပါလို့ လည်း အရင်လို မဖိတ်ခဲ့သလို
    ပြန်ပါလို့လည်း အခု မနှင်ဖြစ်ပါဘူး

    ကဗျာလေးအရမ်းကောင်းတယ်

    ReplyDelete
  2. ကျွန်မ ရင်ထဲ မရှင်းတာကြာပြီဖြစ်တဲ့ သံယောဇဉ်တွေကို အမျှင်ဖြတ်ပေးခဲ့ပါ.. သူ ပြန်လာတဲ့အခါ.....။                                     

    ReplyDelete