Heart transplant( fiction)

အဲဒီ နေ့က လင်းစက်နွယ်ဆိုတဲ့ မတောက်တခေါက် စာရေးသူတစ်ယောက်ဟာ မာယာတွေ လိမ်းကျံထားတဲ့ ခပ်အိုအို ရထားလမ်းဘေးမှာ သူ့ အပြစ်သူ ဆေးကြောနေခဲ့တယ်...သူမ လွယ်အိတ်ထဲက သိပ် အကုန်အကျ မများတဲ့ ဒဏ်ရာတွေကို ..ရန်သူ့ စစ်တပ်ထဲ ၀င်ရသလို ခပ်ဖြည်းဖြည်းချင်း ဆွဲထုတ်ခဲံ့တယ်...အဲဒီနေရာမှာ အချိန် ဆိုတာ မရှိဘူး .နေံလား ညလားလည်း ခွဲခြားမသိနိုင်သလို..မှောင်လား လင်းလားလည်း ဘယ်သူမှ မရေရာနိုင်ဘူး..အဲဒီနေရာမှာ မသိစိတ်တွေဟာ သိစိတ်ဖြစ်ပြီးတော့ ..သိစိတ်တစ်ချို့ဟာ မသိစိတ်အဖြစ် ပေကပ်စွာ အသွင်ပြောင်းတတ်တာတွေလည်း ရှိသတဲ့.။ သည်နေရာ မှာ ..သူမ တစ်ချိန်က မြတ်နိုးဖူးတဲ့ အစိမ်းရောင်မျက်ဝန်းတစ်စုံ နဲ့ အညိုရောင်မှည့်တစ်လုံး မရှိဘူး ။သည်နေရာမှာ တစ်စုံတစ်ယောက်ကို အလဲထိုးဖို့ သို့မဟုတ် တစ်စုံတစ်ယောက်ရဲ့ ဖက်တွယ်ခြင်းကို ခံရဖို့ အခြေအနေမပေးဘူး။ သည်နေရာဟာ ဘယ်လို နေရာ ဖြစ်တယ်ဆိုတာ သူမကိုယ်သူမတောင် မသဲကွဲဘူး။ ဒါနဲ့များ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ သည်နေရာကို သူမလာခဲ့သလဲ။ တော်သေးတယ်။ သူမရဲ့ အလွတ်ရအောင်ကို ခေါက်ရိုးကျိုးဖူးတဲ့ လူတစ်ယောက်ရဲ့ နာမည်ကိုတော့ ဘယ်သူမှ မဖျက်ဆီးခဲ့ကြဘူး။
ခပ်ဝေးဝေးမှာ ရေအိုင်တစ်ခုရှိတယ်..ထူးတာက ရေအိုင်ဟာ သူမ မြင်ခဲ့ဖူးသမျှရေအိုင်တွေထဲမှာ အထူးခြားဆုံးပဲ။ သူ့မှာ အရောင်မရှိဘူး...ကြည်လဲ ကြည်မနေဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လာရင်းရည်ရွယ်ချက်အရ အဲဒီရေအိုင် ကို သူမ ၀တ်ကျေတန်းကျေ နှုတ်ဆက်လိုက်ပါတယ်။ ရေအိုင်ဟာ သံတမန်ဆက်ဆံရေးလောက်တောင် ဖက်လဲတကင်း မရှိပါဘူး။ ရေအိုင်ဟာ အမေရိကန်စင်တာ ဒါမှမဟုတ် သံရုံး တစ်ရုံးရုံးရဲ့ ဂိတ်ပေါက်ဝက ဦးလေးကြီးများလို ဟိုစစ် သည်စစ် စစ်မနေပြန်ပါဘူး။ ရေအိုင်ဟာ ခွေးတစ်ကောင်လို လည်း အမြိးနှန့်မပြသလို...အယ်ဒိတာ တစ်ယောက်လိုလည်း စိစစ်မနေပါဘူး။ ဘာပဲဖြစ်ဖြစ် ရေအိုင်ကို သူမ နှုတ်ဆက်လိုက်ပါတယ်။
“ ကျွန်မ ရှင့်ဆိလာတာ အကြောင်းပြချက် တစ်ခုသာရှိတယ် ဆိုတာ ကျွန်မ ရှင်းပြစရာလိုမယ် မထင်ပါဘူး”
“ အင်း လာကြပြန်ပြိ...သည်လိုပဲ မင်းတို့လို မနူးမနပ် ကောင်မလေးတွေ ...ဗုံမဟုတ် ပတ်မဟုတ်တဲ့ ကဗျာဆရာတွေ..အစုံပဲ..ငါ့ဆီလာခဲ့ဖူးတယ်”
“ အင်း ကျွန်မ က ရှင့်ဆီလာဖူးတဲ့ ကဗျာဆရာတွေနဲ့ မတူဘူးရှင့်”
ရေအိုင် ဟာ အနည်းငယ် ကသိကအောက်ဖြစ်အောင် ရယ်မောပြန်တယ်..။ရယ်မောတယ်ဆိုပေမယ့် သူ့သွားတွေ ကိုတော့ မြင်မနေရဘူးပေါ့လေ...။
“ကဲပါ မင်းလိုရင်း ကိတ်စက ရော သူတို့လိုပဲ မဟုတ်လား”
သူမ ခေါင်းညိတ်လိုက်တော့ စကားဖြူပန်းလေး တစ်ပွင့်ဟာ ခပ်ဝေ့ဝေ့လေး လွင့်မျောပြိး ရေအိုင်ရဲ့ ပါးပြင်နဲ့ မိတ်ဆက်သွားတယ်။ တော်တော်ေ၇အိုင်ပါးဝတဲ့ ရေအိုင်...ကြည့်စမ်း..။သူမ ပန်းလေးကို ကောက်မပေးပဲ သည်တိုင်း ကြည့်နေပြန်တယ်။ သူမ စိတ်ကို ထိန်းချုပ်ရင်း......
“ကဲ ခု ကျွန်မ အသည်းနှလုံးကို ထုတ်လို့ရပြီလား”
“နေဥိး မိန်းကလေး အလောမကြီးနဲ့...သေချာတယ်ဆိုမှပြော..နောင်တဆိုတာ နောင်မှရတယ်ဆိုတာ မမေ့နဲ့လေ”
“အိုရှင် ..စကားများလိုက်တာ...သေချာလို့ပေါ့ရှင့်.. ဘယ်သူက မသေချာပဲ သည်ခရီးကို နှင်ခဲ့မလဲ”
ရေအိုင်ဟာ အထာပါတဲ့ မျက်လုံးမျိုးနဲ့ တစ်ချက်သာ ငဲ့ကြည့်လေတယ်။ ပြီးတော့ စိတ်မရှည်စွာပဲ...
“အိုကေ စတော့”
သူမဟာ သူမရဲ့ ဘယ်ဘယ်ရင်အုံအောက်က အရာတစ်ခုကို ခပ်ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တယ်။ “ကျွတ်” စုပ်သပ်သံတစ်ခုထွက်အံ..ညည်းတွားသံတစ်ချို့ ကျကွဲ...အနီရင့်ရောင် ၀ိုင်များ စက်လက် စက်လက်ဖိတ်ကျ...။
“ဟဲ့ မိန်းကလေး...ဖြည်းဖြည်း...အို ညည်းတော့ ဒုတ်ခပဲ ...”
ရေအိုင်ဟာ တော်တော်ကြိးကို စိတ်မသက်မသာဖြစ်သွားပုံရပါတယ်..။
“ကြည့်ပါဦး။ ညည်းနှလုံးသားမှာ အမာရွတ်တွေချည်းပဲ..။ဒါတွေနဲံ့ ညည်းတစ်သက်လုံးနေသားကျခဲ့တာလား....အို..ငါပြောတာ မင်းနှလုံးသားရဲ့ တစ်စိတ်တစ်ဒေသကို ထုတ်ခိုင်းတာလေ...တစ်ခုလုံးထုတ်ဖို့ပြောတာ မဟုတ်ဘူး..”
ဘယ်လိုေ ပြာပြော လက်လွန်သွားပါပြီ..။သူမက သူမနှလုံးသားတစ်ခုလုံးကို အပြင်ကို ထုတ်ပစ်ပြီးပြီ..။ရေအိုင်က လက်ခံပေးဖို့သာ လိုတော့တာ မဟုတ်လား။
“ဒီမယ် ကလေးမ..မင်းလွှင့်ပစ်ဖို့ အဆင်သင့်ဖြစ်ပြီလား... သေချာလို့လား.. ပြန်မရဘူးနော်..ဒါက သင်္ချိုင်းတစ်ခုပဲ..ထာဝရ ချိတ်ပိတ်ထားတဲ့ စာအိတ်တစ်လုံးပဲ.”
စကားရှည်နေတဲ့ ရေအိုင်ကို သူမ စိတ်ရှည်ပြမနေတော့ပါဘူး...။အချိန်မရှိတော့ဘူး မဟုတ်လား။
ရေအိုင်ဟာ သူမရဲ့ အပြုအမူကို ခပ်ထွေထွေငေးကြည့်နေခဲ့တယ်။ အနီရောင်သွေးစက်တွေဟာ ရေအိုင်ရဲ့ မျက်နှာပြင်တစ်ခုလုံးကို စိုစွတ်သွားစေတယ်။ ရေအိုင်မှာ အရောင်ရှိသွားပြီ။ ကြည့်ပါဦး..ရေအိုင်ဟာ အနိရောင် ပိုးစလေးတစ်ခုလို နွဲ့ပျောင်း သေသပ်နေသေးတော့..။ကြည့်ရင်းနဲ့ တင် ရေအိုင်ဟာ လူကြိးလူကောင်းတွေအတွက် ခင်းထားတဲ့ အနိရောင်ကော်ဇော ဖြစ်သွားပြန်တယ်..။အနီရောင် အဲလောက်ထိလှတတ်မှန်း သူမ မသိခဲ့ဘူး။ သူမ ဘ၀မှာ ရင်းနှိးဖူးတဲ့ အနိရောင်ဆိုလို့ မေမေလက်ဆောင်ပေးဖူးတဲ့ နှုတ်ခမ်းနီတစ်တောင့်ရယ်...၊သူ အမှတ်တရ ပေးဖူးတဲ့ အနီရောင် နှင်းဆီတစ်ပွင့်ရယ်ပဲ ရှိတာ..။နှင်းဆီဆိုလို့ ခုနက ရေအိုင်ထဲ ပြုတ်ကျသွားတဲ့ သူမရဲ့ စကားဖြူလေးကို အလျင်စလို ၇ှာမိတယ်။ အလို...ခုနလေးတင် တဝေ့ဝေ့မျောနေခဲ့တဲ့ စကားဖြူလေး ဘယ်ကိုရောက်သွားလဲ။ ရုတ်တရက် သူ ဆိုမှ သူ့ ပုံရိပ်ကို ဖမ်းကြည့်ပြန်တယ်။ ကျွတ်..ရေအိုင်က ဘယ်ကလာမှန်း မသိပေမယ့် မြန်မာပြည်က ဆိုတာတော့ သေချာသွားပါတယ်. ကွန်နက်ရှင်တွေ မကောင်းတော့ဘူး။ သူ့ပုံရိပ်ကို အလင်းယိုင် နိယာမများလို သီအိုရီဆန်ဆန် တွက်ချက်အဖြေထုတ်ပစ်တယ်. အလကားပဲ။
ရေအိုင်ဟာ သူမ မျက်စိထဲမှာ တဖြည်းဖြည်းချင်း မှိန်သွားတယ်...။ အို..ရေအိုင်က တိမ်သွားပြီး ပျောက်တော့မယ်။ ရေအိုင်ကို သူမစကားပြောဖို့ ကြိုးစားတယ်။မရဘူး။ စကားဘယ်လိုပြောရမှန်းကို မသိတော့တာ။
ရေအိုင်ပျောက်သွားတဲံအခါ သူမ အထိတ်တလန့်နဲ့ ရထားလမ်းကို ငေးကြည့်မိတယ်။ရထားလမ်းဘေးမှာ သူမ အလာတုန်းက ပစ်ချထားခဲ့တဲ့ ကဗျာတွေ အများကြီး ပြန့်ကျဲနေတုန်းပဲ။ ပြန်ကောက်ဖို့ ကြိုးစားတဲ့အခါ မရတော့ဘူး။ ကဗျာတွေဟာ မြေကြီးတွေနဲံ ထိမ်းမြားပြိးသွားပြီ။ သူတို့ ချစ်ခြင်းကို ခွဲဖို့ မကြိုးစားတော့ပါဘူးလေ။ လိုရင်း ကိတ်စ ပြီးမြောက်ပြိ မဟုတ်လား။ ပြန်ရုံပေါ့..။
                 အလို..ဒါနဲ့ နေပါဦး။ ဘယ်ကလာလို့ ဘယ်ကို ပြန်ရမှာလဲ..။သူမ ခေါင်းစားသွားတယ်။ ဟုတ်တယ်။ အခု သူမဘယ်ကို ပြန်မလဲဆိုတာ အရေးကြီးဆုံးပဲ.။အိမ်တော့ အိမ်ပဲ..။ဘယ်အိမ်လဲ..။အိမ်နံပါတ်ကကော ဘယ်လောက်လဲ..။ အဲသည်အချိန်မှာပဲ သူမ လုံးဝမမြင်ရသေးတဲ့ အရာကို တွေ့လိုက်လို့ ရင်ခုန်သွားတယ်။ အလင်းရောင်တစ်ခုပေပဲ..။ အလင်းရှိရင် လမ်းစရှိရမှာပေါ့နော်။ သူမမျက်လုံးတွေကို စုံမှိတ်ပစ်လိုက်တယ်...။ ဘယ်သူမှ ခိုးဖွင့်လို့ မရနိုင်တဲ့ အထိ ခပ်တင်းတင်း မှိတ်ပစ်လိုက်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
                 သူမ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့ အခါ ချစ်သူလို့ အမည်ရဖူးတဲ့ အူကြောင်ကြောင် ယောက်ျားတစ်ယောက်ရဲ့ ခက်ထန်နေတဲ့ မျက်လုံးတွေကို အနိးကပ်မြင်လိုက်ရတယ်..။ရေအိုင်တို့ ရထားလမ်းတို့ဆိုတာ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးသလို။ ဘာတွေလဲ..။ အဲဒါက အိပ်မက်တစ်ခုလား။
“ မင်း ကို ငါမေးထားတယ် လင်းစက်...ဖြေဥိးလေ...”
“အလို ဘာဖြေရမှာလဲ..ကျွန်မ ကရှင်မေးတိုင်း ဖြေရအောင် မြန်မာ့ဆက်သွယ်ရေးက ဆက်သွယ်မှုarea ပြင်ပရောက်တတ်တဲ့ အမျိုးသမီး မဟုတ်ဘူးရှင့်..”
 သူ တော်တော် နာသွားပုံရတယ် ထင်တယ်..။ သူမ ကို စူးရဲစွာ စိုက်ကြည့်တယ်..။
“သည်နေ့က စပြီး ကျွန်မက ရှင့်ရဲ့ အရုပ်တစ်ရုပ်မဟုတ်တော့ဘူးဆိုတာ မှတ်ထားလိုက်တော့..ရှင် ခလုတ်နှိပ်လိုက်တိုင်း တတီတီ မြည်ပြရမယ့် ကိရိယာတစ်ခုလည်း မဟုတ်ဘူး..”
“နေစမ်းပါဥိး...မင်း ငါ့ကို ဘယ်နှခါ ပြန်ပြောဘူးလို့လဲ.. မင်း ဘယ်လို သတ်တိတွေ ရသွားတာလဲ..အို မင်း... မင်းမှ ဟုတ်သေးရဲ့လား”
“သိပ်ဟုတ်တာပေါ့ရှင်..ခုတော့ သည်ထက်သေချာတဲ့ စကားကို ပြောလိုက်မယ်... ခုချိန်က စပြီး ကျွန်မ ရှင့်ကို မချစ်တော့ဘူး..”
သူမ ကျောခိုင်းထွက်သွားတော့ သူ့ရဲ့ မင်သက်နေတဲ့ မျက်လုံးတစ်စုံကို နောက်ဆုံး ပတ်သတ်မှုအဖြစ် သိမ်းဆည်းထားလိုက်တယ်..။ကောင်းတယ်...အနှစ်နှစ် အလလက အကြွေးတွေ ကြေသွားပြီ။ ချက်ကောင်းကို ထိလိုက်တာပဲ..။ သူမ ရယ်မောလိုက်တော့ နှုတ်ခမ်းတွေက အလိုက်တသိ ကောင်းချီးပေးကြတယ်...။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
               ၁၀ နှစ် ဆိုတဲ့ အချိန်ဟာ အိတ်ကပ်တစ်ခု ဖွင့်ပြီး ပြန်ပိတ်လိုက်သလို အလွယ်တကူပဲ အကုန်မြန်သွားခဲ့ပါတယ်...။အဲဒီ အချိန်မှာတော့ သူမ ဘ၀ရဲ့ နောက်ထပ် ကောင်းကင်တစ်ခုကို တွေ့ရှိလိုက်ပါပြီ.။ သူ့ဆိမှာ အစိမ်းရောင်မျက်လုံးတွေအစား အညိုရောင် အိုင်းရစ်စ် လေးတွေသာရှိတယ်..။သူ့ဆီမှာ မှည့်တစ်လုံးအစား မျက်နှာပေါ်မှာ ဖြူစင်ရှင်းသန့်ခြင်းတွေပဲရှိတယ်..။သူ့အရပ်ဟာ မြင့်မားပြီး တစ်ခါတစ်ရံ ယှဉ်ပြီး ရပ်လိုက်ရင် သူက သူမ ကို သစ်ပင်တစ်ခုလိုပဲ အုပ်မိုးပေးထားတယ်...။သူ့မျက်တောင်လေးတွေဟာ ကော့ညွတ်နေပြီး သူ့နှုတ်ခမ်းများဟာဖြင့် ဆိုးဆေးမလိုပဲ နီထွေးနေခဲ့တယ်...။
               သူက သူမကို သည်နေ့ အဖြေတောင်းထားတယ်လေ..။ တွေးရင်း သူမ  ပါးပြင်တွေ လှုတ်ခတ်နီစွေးသွားပါတယ်..။သူရောက်လာပြီ..။
“ မ ကျွန်တော့်ကို အကောင်းဆုံးအဖြေတစ်ခု ပေးမယ် မဟုတ်လားဟင်”
              သူမ ခေါင်းညိတ်တယ်.။အို ခေါင်းက တစ်ခုခု တစ်နေသလို..ညိတ်မရဘူး..။ သူမ ပီတီတွေအတွက် သူ့ကို ဖွင့်ဟဖို့ ကြိုးစားကြည့်တယ်..။ အလို...ဘာဖြစ်နေကြတာလဲ..။နှုတ်ခမ်းတွေက ကော်နဲ့ ကပ်ထားသလို တင်းရင်းနေသေးတော့..။
“ မ.. ပြောလေ.. ကျွန်တော့် ကို ချစ်တယ်လို့...”
               ဒါပေါ့...ချစ်တာပေါ့..။ ခက်တာက ချစ်တယ်ဆိုတာကို သိနေပြီး ချစ်တယ်လို့ ပြောလို့မရ ထုတ်ဖောိလို့မရဖြစ်နေတယ်..။ ဘာဖြစ်တာလဲ..။ အဲဒါ ဘာဖြစ်သွားရတာလဲ။  တွေးရင်း သူ့ကို ဆုံးရှုံးရမှာ ကြောက်လာတယ်.။တစ်စုံ တစ်ခု..သူမ ကို လှုပ်ရှားခွင့်ရအောင်လုပ်ပေးပါ...။
                 သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်သွားတယ်။ နေဦးလေ..။သူမ မတားနိုင်ခင်မှာပဲ သူ နားလည်မှုလွဲမှားစွာ ထွက်ပြေးသွားတယ်...။သူမ သူ့ကို တားလို့လည်း မရဘူး..။ နှလုံးသားဆိုတာ...လွှတ်တော် တစ်ခုလိုပဲ.ဘာမှလည်း ပြန်မပြောတတ်..ဘာမှလည်း ခေါင်းထဲမ၀င်..အို တကယ်ပါ.. ဟန်ဆောင်ရတာ ဘယ်မှာကောင်းလို့လဲ..။ သူ ထွက်ပြေးသွားတဲ့ အချိန်မှာ သူမ ရေအိုင်ကို ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သတိရသွားတယ်..။ရုတ်တရက် သူမ ဘယ်ဘက်ရင်အုံအောက်ကို အသာစမ်းကြည့်...မရ..လက်ကောက်ဝတ်မှ သွေးခုန်နှုန်းများ ..မရ...အို သူမ မှာ နှလုံးသားမှ မရှိတော့ပဲ..။ ရေအိုင် ဟုတ်တယ် ရေကန် မဟုတ်တဲ့ သာမန် ရေအိုင် ကို သူမရှာရလိမ့်မယ်..။သူမ မှာ အချစ်သစ်တွေ့ပြီဖြစ်လို့ သူမ နှလုံးသားကို ပြန်တောင်းရလိမ့်မယ်.။ရုတ်တရက် ရေအိုင်ရဲ့ စကားတွေ ခေါင်းထဲဝင်လာတယ်..။
“ ဒါဟာ သချီုင်း တသစ်ခု ဖြစ်သလို ထာဝရ ချိတ်ပိတ်ထားတဲ့ စာအိတ်တစ်အိတ်လည်း ဖြစ်တယ်..”
               သူမ မျက်ရည်ကျလာတယ်..။ သူမ မျက်ရည်တော့ ကျတတ်သေးတယ်ပေါ့..။ခုချိန်မှာ သူမ အရေးပေါ်လိုအပ်နေတာ တစ်ခုပဲ ရှိပါတယ်..။  ရေအိုင်ကို သူမ ရှာရလိမ့်မယ်..။ ခက်တာက ရေအိုင် ဘယ်မှာ နေမှန်း သူမ မသိသလို သိခဲ့ရင်လည်း ရေအိုင်ဆီ ဘယ်လို သွားရမယ်ဆိုတာ သူမ သိမှာ မဟုတ်ပြန်ပါဘူး..။
              ခုချိန်မှာ တစ်စုံတစ်ယောက်က သူမကို မေးလာခဲ့ရင် ရေအိုင်ထဲ သူမ လွှင့်ပစ်ဖူးတဲ့ နှလုံးသားအစား ..အဖြူစင်ဆုံး ရှင်သန်ဖူးတဲ့ နှလုံးသားတစ်ခု အရေးပေါ် အလိုရှိနေတဲ့ အကြောင်း ...တီးတိုး ဖွင့်ဟမိမှာ သေချာပါတယ်..။


လင်းစက်နွယ်
၂.၂.၂၀၁၂

No comments:

Post a Comment