နှောင်ငင်မိသော ကောင်းကင်

“ကျွီ”ခနဲ မြည်သွားတဲ့ ပတ္တာအို တစ်ခုရဲ့ အော်မြည်သံကြောင့် ကျင့်သား ရနေတဲ့ ကိုယ့် မျက်လုံး တွေကို အစိမ်းရင့်ရောင် နာရီအို တစ်ခုဆီ လွှဲထား ပစ်လိုက် တယ်။ ညနေ ခြောက်နာရီက ရန်ကုန်မြို့ ထဲမှာ မီးတွေ ထိန်ညီးနေ၊ လူတွေဆူညံ အုံကြွနေသလောက်၊ ကိုယ့်ရင်ဘတ်တွေဆီမှာ တော့ ပူလောင်ခြင်းတွေ မြှိုက်လို့ ထားခဲ့ပေါ့။ မင်းရောက်လာပြီ။ ကိုယ်မင်းကို ကြည့်မနေဘဲ ကိုယ့်မျက်လုံးတွေကို နာရီဆီကိုပဲ ဌာပနာ ခဲ့တာပါ။ မင်းရောက် လာတာကို သတ္တမမြောက် အာရုံကနေ သိတယ်လို့ ပြောရင် မင်းနှုတ်ခမ်းလေးတွေ အဆမတန် ပျော့ခွေ သွားမှာဘဲ။ ဟုတ်တယ်။ မင်း ဟားတိုက်လိုက်ရင် ကိုယ့်ကောင်းကင်ပေါ်မှာ အဲဒီည အတွက် နက္ခတ် မဲ့သွားတယ်။ ခုမှလား။ မဟုတ်ပါဘူး။ မင်း တတိယနှစ်ကတည်းက ကိုယ့်ညတချို့ ကာလာမဲ့ သွားခဲ့တယ်။

၂။
ဦးချစ်မောင်လမ်းဆီ တရွေ့ရွေ့ ပြေးနေတဲ့ ကိုယ့်ဆလွန်းကားလေး ရုတ်တရက် ဖျားနာသွားလို့ ကိုယ်အလျင်အမြန် ပလက်ဖောင်းနဲ့ မိတ်ဆက် လိုက်ရတယ်။ လမ်းမီးတွေ ကင်းမဲ့နေတဲ့ တစ်ည တုန်းကပေါ့။ ကိုယ်မရည်ရွယ် ခဲ့ပေမယ့် ကိုယ့် ကားရဲ့ညာဘက် မီးသီးလေးက မင်းကို သွားပွတ်မိတယ် ဆိုရင်ပဲ “အား”ဆိုတဲ့ ကျင်တက်နေတဲ့ အော်သံတစ်ခုကို ကိုယ်အထိတ် တလန့် လက်ခံ လိုက်ရတယ်။
ကိုယ် လစ်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဘတ်ထရီ ဒေါင်းသွားတဲ့ ကိုယ့်ကားလေးက ကိုယ့်ကို မကယ်တင်နိုင်ခဲ့ဘူး။ မင်းက တစ်ကိုယ်လုံး အနက်ရောင်တွေချည်း ဆင်မြန်း ထားခဲ့တာကိုး။

“ခင်ဗျား မျက်စိ ကန်းနေသလား။ ဒီမှာ လူတစ်ယောက်လုံးကို မမြင်ရအောင်၊ အို မဟုတ်ဘူး၊ ဒါ ခင်ဗျား ကျွန်တော့်ကို တမင် လုပ်ကြံတာ”

ကိုယ်လေ ပိန်းပိတ်အောင် မှောင်နေတဲ့ မဟူရာ ညမှာ မင်းစကားတွေ အတွက် ရယ်မောဖြစ် သွားတယ်။ မင်းကို ကိုယ်က လုပ်ကြံရအောင် မင်းက ကမ္ဘာကျော် နိုင်ငံရေး သမားလည်း မဟုတ်ရပါလား။ အဲသလို ကိုယ်ရယ်မိသွားတုန်း ကိုယ့်ကားလေးရဲ့ ညာဘက် တံခါးကို မင်းတအား ဆွဲဖွင့်တယ်။ ကိုယ် ချက်ခတ်ထားမှန်း သိလို့ မင်းလက်တွေက ဖွင့်ထားတဲ့ ပြတင်းမှန်ကနေ ချက်ကလေးဆီ အလုအငင် တိုးဝင်လာတယ်။
ကိုယ်က မင်းဆွဲ မထုတ်ခင်ပဲ ကားပေါ်က အရင်ဆင်းနှင့်ပြီးသား ဖြစ်သွားတယ်လေ။

“သြော် လက်စသတ်တော့ ခင်ဗျားက လေးလုံးမကြီးပဲ”

မင်းမျက်နှာ နုနုလေးကိုပဲ ဘာလမှ မသာတဲ့ ညက ကိုယ်အကြီးအကျယ် ဖတ်ရှုခဲ့ လိုက်မိတယ်။ ကိုယ့်ရဲ့ ပါဝါမျက်မှန် ထူထူ အောက်က မျက်လုံးတွေ ဘယ်လောက် ထိုင်းမှိုင်း သွားမလဲ မင်းမြင်မှာ မဟုတ်ဘူး။ မင်းဟာ အဲသည်ကတည်းက ကိုယ့်ကို သဲကြီးမဲကြီး ဖတ်ရှုဖို့ ကြိုးစားနေတဲ့ ခပ်အအ ယောက်ျား တစ်ယောက်ပဲ။

“ငါဘာသာငါ လေးလုံးမက၊ ခြောက်လုံး ဖြစ်ဖြစ် မင်းအပူ မပါဘူး”

“ခင်ဗျားကလည်း ကျွန်တော့်ကို ၀င်အောင်း သေးတယ်။ စကားပြောတာ ရင့်လှချည်လား။ ခု ကျွန်တော် ကျေနပ်အောင် ခင်ဗျား ဘာလုပ် ပေးမလဲ”

မင်းလေသံကို ကိုယ်တော်တော် အမြင် ကတ်သွားတယ်။ ဖျားနေတဲ့ လမ်းကလေးနဲ့ ရောယောင်ပြီး ကိုယ်ဖျား သွားခဲ့သေးတယ်။ ကိုယ်အဖျားရှိန် တက်နေတုန်းမှာပဲ...
“ဟေ့ကောင် မင်းအဲဒီလို အောက်တန်း မကျနဲ့ကွာ၊ ငါဘာမှ မမြင်ရဘူး”

ကိုယ့်မျက်မှန်ကို မင်း အလျင်အမြန် ဆွဲယူ သွားတယ် ဆိုရင်ဘဲ ကိုယ်တအားကို ထူပူသွားတယ်။ ပိန်းပိတ် အောင်မှောင်သွားတဲ့ ကိုယ့်ကမ္ဘာ တစ်ခုကို မင်းကိုအငှား ခံစား ကြည့်စေချင် တယ်။ မင်းရဲ့ အော်ဟစ် ဟားတိုက်သံတွေ၊ ကိုယ် သိပ်မုန်းတဲ့ အာခေါင်ခြစ် အော်သံတွေကို နားထောင် မိနေရင်းကပဲ ကိုယ့် မျက်နှာတွေ စိုစွတ် နွေးထွေးသွားတာ ကိုယ်သိလိုက်တယ်။

“ငါ့မျက်မှန် ပြန်ပေးပါ။ ငါတောင်းပန်ပါ တယ်ကွာ”

အဲသလိုငါ ခယ လိုက်ပေမယ့် မင်းအသံ လုံးဝ မကြားရတော့ဘူး။ ည ဆယ်နာရီခွဲ ဆိုတဲ့ အချိန်ဟာ ငါ့အသိထဲက ရိုမန်တစ်မဆန်တဲ့ နတ်ဆိုး တစ်ကောင်ရဲ့ သောင်းကျန်းမှုလို ၀ုန်းဒိုင်း ကြဲ ပေါက်ကွဲသွားတယ်။ ကားသံတချို့ ငါ့ဘေး နားကနေ ရှပ်တိုက်ဖြတ်သွားတယ်။ ငါဘာမှ မမြင်ရဘူး။

“ဟေး တစ်ယောက်တည်းလား ညီမလေး၊ အစ်ကိုကြီးတို့နဲ့ လိုက်မလား”

စူးစူးဝါးဝါး ရမ္မက်သံ ဗလုံးဗထွေးထဲ ကိုယ် အထိတ်တလန့် မျက်ရည် ကျသွား ခဲ့ပြန် တယ်။ ကိုယ့်နားမှာ အန္တရာယ် ပေးနိုင်တဲ့ တစ်စုံ တစ်ယောက် ရှိနေနိုင်တယ်။ ဒါပေမယ့် ကိုယ်ထိုင်ချပြီး ရှိုက်ငို မိနေတုန်း မှာပဲ မင်းကိုယ့် ညာဘက် ပုခုံးစွန်းကို လာထိတယ်။
“ကျွန်တော် စတာပါ အစ်မရယ်၊ မငိုနဲ့ တော့နော်”

ရယ်စရာ ကောင်းတာ တစ်ခုက ကိုယ်က မင်းကို ချော့ရမှာ ဖြစ်ပေမယ့် မင်းကကိုယ့်ကို နှစ်သိမ့် သွားခဲ့တယ်လေ။
“ကျွန်တော်က မနက်ဖြန် စာမေးပွဲ ဖြေရမှာမို့ လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်နေတာ။ ကျွန်တော်က တတိယနှစ် ဆေးကျောင်းသား မနက်ဖြန် လူနာနဲ့ ဖြေရမယ့် စာမေးပွဲရှိလို့ Stress များသွားတယ် ထင်တယ်။ ဆောရီးဗျာ”

ကိုယ်ကယောင်ပြီး ဒါမှမဟုတ် သတိ လက်လွတ်ဖြစ်သွားပြီး မင်းကျောကို တအား ထုရိုက် ပစ်လိုက်တယ်။ ဒါဟာ ကိုယ်စိတ်ဆိုး နေတဲ့ လူတစ်ယောက်ကို စိတ်ပြေခါနီး ပြုမူနေကျ အကျင့်တစ်ခု ဆိုတာ မင်းက ဘယ်သိနိုင် ပါ့မလဲ။ မာနကြီး ပုံရတဲ့ မင်းဟာ အလိုက်ကန်းဆိုး မသိစွာဘဲ မင်းရဲ့ကိုယ်ကို ဟိုဘက် ရွှေ့သွား တယ်။ အဲဒီတော့ ကိုယ် အငိုတိတ် ပစ်လိုက်ရတယ် လေ။

၃။
ကိုယ့်လိပ်စာကို သဲကြီးမဲကြီး မေးသွားတဲ့ မင်းကို ကိုယ်အဲဒီ ညက လိပ်စာ ပေးမိလိုက်တာ ကိုယ့်အိတ်ထောင်ထဲ ကံဆိုးခြင်း မိုးတိမ်တွေကို တအိအိ ပြိုဆင်း စေခဲ့သလိုပါပဲ။ မင်းကအမှန် တကယ် ကိုယ့်ဆီ ရောက်လာခဲ့တယ်လေ။ ကိုယ်တစ်ယောက်တည်းနေတဲ့ တိုက်ခန်း တစ်ခုရဲ့ အညိုရင့်ရောင် တံခါးကို အရှိန်ပြင်းပြင်းနဲ့ ခေါက်ခဲ့သေးတယ်။ ကိုယ့်သူငယ်ချင်းတွေ မှတ်လို့ တံခါး ဖွင့်ပေးမိလိုက်တဲ့ကိုယ် မင်းကို တွေ့လိုက်တဲ့ တဒင်္ဂ၊ ဘယ်ဘက်ရင်အုံအောက် က ညင်သာတဲ့ ရိုက်ခတ်မှုကို သတိထားမိ လိုက်တယ်။

ကိုယ်အစောက ကော်ဖီ သောက်ထားလို့ ရင်တုန် သွားတာလည်း ဖြစ်နိုင်တာပဲလေ။ ကိုယ်ကြောင်ပြီး ရပ်နေတုန်းမှာ မင်းက ကိုယ့်အဖြစ် အပျက်ကို ရယ်နေတယ်။
“ခင်ဗျား တံခါး ဖွင့်မပေးရင်လည်း ကျွန်တော် ပြန်ရတော့မှာပေါ့နော်”

မင်းက ဆရာဝန်လောင်း ပီသစွာ ကိုယ့်ကို သွေးတိုးစမ်းလိုက်တယ်။ ကိုယ်က ရှေ့ကတစ်ခု တည်းသော အဖြူရောင် သံပန်းတံခါးကို ဖွင့်ပေး ရနိုးနိုး ချိန်ဆနေတယ်လေ။ ဒါပေမယ့် ကိုယ်ဘယ်လောက် တုံးသလဲ ဆိုရင် ကိုယ်ကိုယ်တိုင် သတိ မထားမိခင်မှာပဲ သံပန်း တံခါးလေးကို ဆွဲဖွင့်ပေးလျက်သား ဖြစ် နေပြီ။ မင်းက ချိန်ကိုက်ဗုံး ထောင်ထားတဲ့ အခန်းတစ်ခုထဲ ၀င်နေရသူလို တစ်လှမ်းချင်းစီ ၀င်လာတယ်။
“ထိုင်လေ”

သံပန်း တံခါးကို ကိုယ်မပိတ်ဘဲသည် အတိုင်း ဖွင့်ထားလိုက်မိတယ်။ အကယ်၍ တစ်စုံ တစ်ယောက်က ကိုယ်တို့နှစ်ယောက်ကို မြင်သွား ရင် ရိုးရှင်းမှု သင်္ကေတ တစ်ခု အဖြစ်ပေါ့။ မင်းဟာ ကိုယ့်ရဲ့တစ်ခုတည်းသော ပက်လက် ကုလားထိုင်ပေါ် မှီချလိုက်တော့ ကိုယ် ရုတ်တရက် အငိုက်မိသွားတယ်။ အဲတော့ ဧည့်သည်ကို ဦးစား ပေးရမယ့် ထုံးစံအတိုင်း ကိုယ်ကတော့ မင်းနဲ့ မျက်နှာချင်းဆိုင် ကြမ်း ပြင်ပေါ်မှာ စွေ့ခနဲ ၀င်ထိုင်လိုက်တယ်။

မင်းလည်း မနေနိုင်တော့ဘဲ ကိုယ့်ရှေ့က နေရာတစ်ခုပေါ် ဆင်းထိုင် လိုက်တယ်။
“မင်း လျော်ကြေး တောင်းမလို့လား။ ကိုယ်က သူဌေး မဟုတ်ဘူးနော်။ သည်အခန်းက ငှားထားရတာ”

ကိုယ် တမင်သက်သက် ညာပြောလိုက်တယ်။ ကိုယ့်အာရုံက မင်းကိုယ့်ကို ငွေညစ်တော့မယ်လို့ တထစ်ချ တွေးထင် နေမိတုန်းပဲလေ။
“ခင်ဗျား ပါပါရာဇီလုပ်ရင် အညံ့ဆုံးဖြစ်မှာပဲနော်။ ကျွန်တော် ခင်ဗျား ကို တွေ့ချင်လို့ လာတာပေါ့။ လျော်ကြေးတောင်းရအောင် ကျွန်တော့် ညာဘက်ဒူး နည်းနည်းပွန်းသွားတာကလွဲရင် အကြီးအကျယ် ထိခိုက်မှု မရှိပါဘူးလေ”

မင်းဟာ လေပျော့လေးနဲ့ တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ အတတ်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူပဲ။ ကိုယ်နည်းနည်းလေး ထိခိုက်သွား တယ်။
“ဒူးပွန်းသွားတော့ တော်တော် စပ်မှာဘဲနော်။ ဆောရီး။ ကိုယ် အဲဒီညက နည်းနည်း တွေဝေသွားလို့”
“ဘာလဲ အသည်း ကွဲခဲ့တာလား”

မင်းရဲ့လက်နှစ်ဖက်က အလျင်အမြန် အသည်း နှလုံးပုံလေး ကွေးပြ လိုက်တယ်ဆိုရင်ပဲ ကိုယ်တအား ရယ်ဖြစ်သွားတယ်။
“ကိုယ်က အသည်း မရှိဘူးကွ။ အသည်းကွဲတယ် ဆိုတာ ပျော့ညံ့တဲ့ မိန်းမတွေရဲ့အလုပ်”

ထုံးစံအတိုင်း မင်းက အာခေါင်ခြစ် ရယ်သံနဲ့ ကိုယ့်ကို ဟားပြန်တယ်။
“ခင်ဗျားက လှမှ မလှတာ၊ ဘယ်သူက ကြိုက်မှာလဲ”

“ဘာ”

မင်းက လက်ခုပ် လက်ဝါးတီးပြီး ခပ်သော့သော့လေး ရယ်လိုက်တော့ ဖြူဖွေးညီညာတဲ့ သွားလေးတွေကို ကိုယ့်ရဲ့ပါဝါမျက်မှန် ထူအောက်က အလုအယက် ငေးကြည့်မိသွားတယ်။ ကိုယ်လည်း မိန်းမ တစ်ယောက်ပဲ လေ။ လှတယ်ပြောတာ မျိုးတော့ ကိုယ်မျှော်လင့် နေမိတာပေါ့။ အထူးသဖြင့် မိန်းမ တစ်ယောက်တည်း နေတဲ့ တိုက်ခန်း တစ်ခုထဲမှာ သူစိမ်းယောက်ျား တစ်ဦးရဲ့ ချီးကျူးမှုကိုတော့ ကိုယ်ငံ့လင့်မိမှာပဲလေ။

“ကြည့်ဦးလေ။ ကိုယ့်ရုပ်ကိုယ်၊ နေပါဦး။ ခင်ဗျားက ဘာအလုပ် လုပ်လဲ”

“မင်းက MRTV-4 က အင်တာဗျူဝါလား။ ထားပါ၊ ကဲ ကိုယ်က NGO တစ်ခုမှာ လုပ်တယ်”

“ဘာနဲ့ ပတ်သက်သလဲ”

“အစုံပဲ။ ကူးစက် ရောဂါပြန့်ပွားမှု ထိန်းသိမ်း ကာကွယ်ရေး စီမံချက်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၊ နောက်ပြီး မျိုးဆက်ပွား ကျန်းမာရေး (Reproductive Health) စီမံချက်တွေပေါ့”

မင်းမျက်လုံးလေးတွေ လက်သွားတာကို ကိုယ်ငေးစိုက် ကြည့်နေမိပြန်တယ်။ ဖြူဖျော့နေတဲ့ မင်းအသားအရေ အတွက် ညိုညစ်ညစ် ကိုယ့် ကွန်ပလက်ရှင်ကို နည်းနည်း အားနာသွားတယ်။ ဘာဆိုင်သလဲနော်။
“ခင်ဗျား နာမည်က”

မင်းနဲ့ကိုယ် ပြိုင်တူ ရယ်မောဖြစ်သွားတယ်လေ။ အို ဘုရားရေ။ ကိုယ့် နာမည်တောင် မသိတဲ့၊ ကိုယ်ကလည်း နာမည်မမေးမိထားတဲ့ သူစိမ်း ယောက်ျား တစ်ဦးရဲ့ အမေးကြောင့် ကိုယ်တို့ နှစ်ယောက်လုံးရဲ့ အူကြောင်ကြောင် အဖြစ် အတွက် ရယ်မော မိသွားတယ်။
“ကိုယ့်နာမည်က သက်ခါး။ မင်းရော”

“ကျွန်တော်လား။ အင်း၊ ကျွန်တော်က ဘယ်သူပါလိမ့်နော်။ အိုဘားမားလည်း ဖြစ်နိုင်တာပဲ၊ ဒါဗင်ချီလည်း ဟုတ်ရင်ဟုတ်မှာ၊ အဲလ် ဘတ်ကမူးဆိုလည်း မမှားလောက်ပါဘူး”

မင်းက ရယ်ကျဲကျဲ လုပ်နေတော့ ကိုယ်စိတ်မရှည်သလို ကိုယ့်ဘေးက နံရံကြီးကို လုံးချေပြီးသား စက္ကူနဲ့ ကောက်ပေါက် ပစ်လိုက်တယ်။ မင်းတော့ တကယ့် ဂြိုဟ်ကောင်ပဲ။
“စတာပါ။ ကျွန်တော့်နာမည်က သူရိန်ခါး၊ အဟတ်”

ကြည့်စမ်းပါဦးလေ။ ကိုယ့်ရဲ့ သက်ခါးဆိုတဲ့ အထူးတဆန်း နာမည်ကိုပဲ မင်းရဲ့နေမင်းလို ပူလောင်တဲ့ နာမည် နောက်မှာ “ခါး”ဆိုပြီး သွတ်သွင်း လိုက်သေးရဲ့။ အဲဒီအချိန်ကစပြီး သက်ခါးဆိုတဲ့ မိန်းမ တစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းထဲမှာ မျိုးဆက်ပွား ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ အတူ “သူရိန်” ဆိုတဲ့ ယောက်ျားတစ်ယောက် ညပ်ညပ်ပါသွားတယ်။ မင်းဟာ အပူ ဟပ်စေတဲ့ နေရောင်စဉ်တွေကို ကိုယ့်အသည်းဆီ အစွမ်းကုန် ဖြန့်ကြက်ထား ခဲ့လိမ့်မယ်လို့တော့ ကိုယ် မတွေးထင်ခဲ့ဘူးလေ။

၎။
မင်းဟာ ကိုယ့်မွေးနေ့ မွေနံ ရာဟုက လွဲရင် ကျန်တဲ့ ခြောက်ရက်လုံး ကိုယ့်ဆီ လာလည်ခဲ့ တယ်။ မင်းရဲ့အကြောင်းပြချက် တစ်ခုကြောင့် ကိုယ်တံခါးတွေ အလိုလို ပွင့်အံသွားခဲ့တာပါ။ ကိုယ်သိပ်ချစ်တဲ့ အ၀ါရောင် နှင်းဆီပန်းတွေကို မရိုးနိုင်အောင် လက်ဆောင် ပေးရင်းပေါ့။
“မ အခု ကျွန်တော် သင်တန်းတစ်ခုတက် မလို့။ MMA မှာဖွင့်မှာလေ”

“ဟုတ်လား။ မဟုတ်မှလွဲရော၊ HHAL လား”

မင်းပြုံးလိုက်တော့ ကိုယ့်ရဲ့ ရင်ခုန်သံက ကိုယ့်ကို အငိုက် ဖမ်းလိုက်တာ ခံခဲ့ရတယ်လေ။ HHAL (Happy and Health Adolescent Life)ဆိုတဲ့ ပျော်ရွှင် တက်ကြွဖွယ် လူငယ် သင်တန်း တစ်ခုကို ကိုယ်သိနေခဲ့တာ မင်းအံ့သြသွားမှာပဲ လေ။
“မက ဘယ်လိုလုပ် သိတာလဲ”

“ကိုယ် အကြားအမြင် ရနေတာလေ။ သမထ အားကောင်းနေလို့ ထင်တယ်”

နောက်ပြီးကိုယ်က ဆရာဒေါက်တာ ဦးနေ၀င်း ဦးစီး ဖွင့်လှစ်တဲ့ အဲဒီ သင်တန်းလေး တစ်ခု အကြောင်း မင်းနဲ့ ဆွေးနွေးဖြစ်တယ်။ အသက် ၁၅ နှစ်က ၂၄ နှစ်ထိသာ တက်ရောက်ခွင့် ပေးထားတဲ့ ဆယ်ကျော်သက် လူငယ်ဖွံ့ဖြိုးရေး သင်တန်းလေးဆီမှာ ကိုယ့်အသက် ၂၃ နှစ် တုန်းက သင်တန်းသူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ။

KPA (Knowledge, Attitude, Practice) စတဲ့ အတိုကောက် စာလုံးလေးသုံးလုံးနဲ့ လှပစွာ သိမ်းထုပ်ထားတဲ့ ကိုယ်တို့ သင်တန်းလေး (ခုတော့ မင်းသင်တန်းလေး) အကြောင်းမင်းကို ပြောပြဖြစ်တယ်။
“မက အဲလို သင်တန်းတွေရော တက်သလား၊ ဘာလို့လဲ”

“ကိုယ်က ရခဲတဲ့ လူငယ် ဘ၀ကို မက်မော တွယ်တာတယ်လေ။ နောက်ပြီး လူငယ်တွေမှာ အိပ်မက် အမှုန်အစတွေ ရှိတယ်။ ဟိုနေရာ တစ်ကွက်၊ သည်နေရာ တစ်ကွက် ကြဲပြန့်နေတဲ့ အဲဒီ အမှုန်အစတွေ ပေါင်းဆုံသွားပြီး နောက်ထပ် ခမ်းနားတဲ့ အနာဂတ် တစ်ခုအတွက် အရင်းအနှီး လှေကားထစ်တွေ ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူ ပြောလဲ။ ကိုယ့်အိပ်မက်က လူမှုရေး လုပ်ငန်းတွေလေ။ လူငယ်တစ်ယောက် ဖြစ်ခဲ့တုန်းက ကိုယ် အလုပ်နိုင်ခဲ့ဆုံး ဗခအငလငအပ တွေပေါ့”

မင်းက ကိုယ့်ကို မျက်တောင် မခတ်တမ်း ငေးကြည့် နေခဲ့တယ်။ ကိုယ် ရှက်ရမ်းရမ်းပြီး လွန်ခဲ့သော သက္ကရာဇ်များ ဆီက Leadership Training (လူငယ်ခေါင်းဆောင်မှုဆိုင်ရာ သင်တန်း)လေးတစ်ခုကို အလျင်အမြန် ဖောက်သည်ချရတယ်။ ကိုယ့်ရဲ့ လူငယ် မဟုတ်တော့တဲ့၊ လူကြီးအရာလည်း မမြောက်တဲ့ ဘ၀ကို သက္ကရာဇ် အဟောင်းထဲ လှိုက်စား စေခဲ့တယ်။

သြော် ပြီးတော့ မင်းလာနေကျဖြစ်လို့ နောက်ထပ် ပက်လက်ကုလား ထိုင်တစ်လုံးကို ကိုယ်ဝယ် ထားလိုက်တယ်။ ခဏနေတော့ မင်း မှတ်မိမလား။ ကိုယ်တို့ နှစ်ယောက်လုံး အသည်း အသန် စွဲလမ်းတဲ့ Cafe Latte ကို ကိုယ်ကိုယ်တိုင် ဖျော်စပ် ပေးခဲ့တာကိုလေ။
ရုတ်တရက် ကိုယ် ဘာကြောင်သွားမှန်း မသိဘူး။ ကိုယ်သိတာ ကိုယ်ပျော်ရွှင်နေတယ် ဆိုတာပါပဲ။ မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို အရိပ် ဖမ်းမိလိုက်တဲ့ မင်းရဲ့စူးရှရှ မျက်ဝန်းတွေထဲ ကိုယ်ကျကွဲ သွားခဲ့တယ်။

“လူ့ဘ၀ဟာ ရေပွက်ပမာ
တစ်ချက်ကလေး မှားရုံနဲ့ ချောက်ထဲကျ
တလိမ့် တလိမ့် တလိမ့် တလိမ့် ချောက်ထဲ ကျ”

HHAL တုန်းက ကိုယ်တို့ ကခုန် သီဆိုခဲ့ ရတဲ့ ကဗျာ သံစဉ်လေး တစ်ပုဒ်ကို သတိရ သွားပြီး ကိုယ်မင်းရှေ့မှာ ကခုန်ပြ နေမိတယ်လေ။ အဲဒီတုန်းက သီချင်းက တဖြည်းဖြည်း မြန်သွားပြီး ယှဉ်ပြိုင်တဲ့ အဖွဲ့လေးဖွဲ့မှာ တစ်ဖွဲ့ချင်းစီ မကနိုင်ဘဲ ပြုတ်ကျန်ကုန်တယ်။ နောက်ဆုံး ကိုယ်တို့ အဖွဲ့မှာ ကိုယ်တစ်ယောက်တည်း ကျန်တော့တယ်။ အောက်က လက်ခုပ်လက်ဝါး ၀ိုင်းတီးပြီး သရုပ်ဖော် ကပြနေရတဲ့ သံစဉ်လေးကို ပိုမြန်ပစ်လိုက်တော့ ကိုယ့်မှာ လက်ကားယား ခြေကားယားနဲ့ ဖုတ်ပူ မီးတိုက် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ဇွဲဆု အနေနဲ့ ကိုယ်တို့ အဖွဲ့လေးက သွေးစက် ကလေးပုံ ကီးချိန်း လေးတစ်ခုစီ ချီးမြှင့်ခံခဲ့ရတယ်။

ဒါပေမယ့် မင်းက....
“ဟာ ဗျာ ကြည့်မကောင်းဘူး။ ကလန် ကလားကြီးနဲ့”

ကိုယ် အရမ်း ၀မ်းနည်းသွားပြီး မင်းကျောကို ယောင်မှားစွာ ထုမိပြန်တယ်။ မင်းရဲ့ကျောဟာ ကိုယ့်လက်သီး ဆုပ်ကလေးကို အားမနာတတ်စွာ ရှောင်တိမ်းသွားလို့ ကိုယ်ဆို့နင့် သွားတုန်းမှာပဲ တစ်စုံတစ်ခုကို ကိုယ်ကြားလိုက်တယ်။ “ချစ်တယ်”ဆိုတဲ့ စကား တစ်ခွန်းနောက် ကိုယ့်ရဲ့တစ်ချက်ကလေး သတိ လွတ်သွားတဲ့ နှလုံးသားဟာ တလိမ့်ခေါက် ကွေးလေး ပြုတ်ကျ သွားတော့တယ်။ ကိုယ်လေ အဲဒီနှလုံးသား ဘယ် ထဲပြုတ်ကျ သွားသလဲလို့ ကော်ဖီ ခွက်လေးထဲမှာ ယောင်မှားစွာ ရှာနေမိပြန်တယ်။ ကိုယ် အလျင်အမြန် မျိုချမိလိုက်တဲ့ ကော်ဖီ တစ်ငုံဟာ ကိုယ့် လည်မျိုတွေကို နွေးထွေးမှုတွေပေးမသနားခဲ့ဘူးလေ။

၅။
ကိုယ် အငိုက်မိ သွားခဲ့တယ်။ ကိုယ်နဲ့ပန်းချီ ကားတွေ အကြောင်း မျက်မှောက်ကြုတ် ဝေဖန်ခဲ့ ဖူးတဲ့၊ ကိုယ်နဲ့အတူ ဘာသာပြန်စာအုပ်တွေကို ဘယ်သူအရင်ပြီးမလဲ ပြိုင်ဖတ် ဖူးတဲ့၊ ကိုယ်နဲ့ အတူ Rock သခု ဂီတ သံစဉ်တွေထဲ မိန်းမော ပျော်ဝင်ဖူးတဲ့ ယောက်ျား တစ်ယောက်ရဲ့ မာယာထဲ ကိုယ်မတော်တဆ ပြုတ်ကျသွားခဲ့တဲ့ နေ့ဟာ မင်း ဘယ်တော့မှ ကိုယ့်ဆီ မလာဖူးတဲ့ ရာဟု ညနေခင်း တစ်ခုမှာပေါ့။

ကိုယ်က ကံကြမ္မာကို ပစ်ဆဲတတ်တဲ့ ခပ်ညံ့ညံ့ မိန်းမ တစ်ယောက် မဟုတ်ဘူး။ တကယ်တမ်း ကံကြမ္မာက အပြစ် ရှိသလား။ မင်းရဲ့ အ၀ါရောင် နှင်းဆီ ဆယ်ပွင့်ကပဲ ကိုယ့်အာရုံတွေကို ဖြားယောင်း သွားခဲ့သလား။ မင်းအသိ ဆုံးပဲ ဖြစ်မှာပါ။ အ၀ါရောင်ဟာ ကိုယ့်အသည်းကို ကစားတတ်တဲ့၊ နုလှပြီး ရက်စက် တတ်တဲ့ အရောင်လို့ ကိုယ်အလန့်တကြား လက်ခံလိုက်ရတယ်။

ကိုယ့်ရဲ့အညိုရောင် တံခါးမကြီးဆီ (မင်းကို ယုံကြည်စွာ) ချက်ထိုး ထားခဲ့မိတဲ့ ကိုယ့်လက်ချောင်းတွေကသာ အပြစ် တစ်ခုလို့ ကိုယ်ခံယူလိုက် တယ်။ သည်လောက် ဖြားယောင်းမှုတွေ အုံဆိုင်းနေတဲ့အခန်းငယ်တစ်ခုထဲ မှာ ကိုယ်တို့ နှစ်ယောက်လုံး အူကြောင်ကြောင် ရပ်နေခဲ့မိတယ်။ သြဂုတ်လ ရဲ့ ထစ်ချုန်းနေတဲ့ မိုးစက်၊ မိုးပေါက်တွေဟာ ကိုယ်တို့ရဲ့သောကတွေကို တစ်စက်ချင်းစီ ဖြတ်သန်း သွားကြတယ်။ အတော်အတန် မှောင်နေတဲ့ အခန်း တစ်ခုမှာ ကိုယ့်တိမ်တိုက် တစ်ခု ပြိုကျ သွားခဲ့တယ်။

“ကျွန်တော်... ဆောရီး”
မပြောနဲ့။ ပါးစပ် ပိတ်ထားစမ်းပါ။ တစ်ဆိတ် ကျေးဇူးပြုပြီး ကိုယ့်ရဲ့ တန်ဖိုးဖြတ် မရနိုင်တဲ့ မိန်းမဘ၀ကို ဆောရီးဆိုတဲ့ ပေါ့ပျက်ပျက် အနောက်တိုင်း စကားတစ်ခွန်းတည်းနဲ့ သိမ်းပိုက်မသွားပါနဲ့။ ကိုယ်က ကိုယ့်ရဲ့ ရင်ခုန်သံကို ကိုးကွယ်နေခဲ့တာ မဟုတ်ဘူးလေ။ ဒါဟာ ရင်ခုန်သံကြောင့် ဖြစ်တာ မဟုတ်ဘူး။ မာယာဆိုတဲ့ စနက်ကြောင့် ဖြစ်ရတာ။

“မင်း ကိုယ့်ကို လက်ထပ်ရလိမ့်မယ် သူရိန်”
အလင်းရောင် တစ်စွန်းတစ်စသာ ကျန်နေတော့ပေမယ့် မင်းရဲ့ခိုကိုးရာမဲ့ ပင့်သက်ရှိုက်သံကို ကိုယ်တုန်လှုပ်စွာ ကြားခဲ့ရတယ်။ ဟုတ်တယ်။ မင်း အရမ်းကို တုန်လှုပ်သွားတယ်။ ဒါပေမယ့်...
“ကျွန်တော်တို့ သဘက်ခါပဲ လက်ထပ်လိုက်ကြတာပေါ့”

“မင်း ရူးနေလား သူရိန်၊ မင်း အခု ဖိုင်နယ်ပါ့တ်တူးလေ။ ဆေးကျောင်းသား တစ်ယောက်ရဲ့ဘ၀ကို အဆုံးအဖြတ်ပေးမယ့် အဓိက အတန်းမှာ မင်း လက်ထပ်ဖို့...”

“ခင်ဗျားကို ကျွန်တော် လျော်ကြေးပေးနိုင်တာ သည်တစ်ခုပဲ ရှိတယ်။ အလွန်ဆုံး ကျွန်တော် သည်တစ်နှစ် နားလိုက်ရုံပေါ့”

ကိုယ်လေ မင်းရဲ့ ထေ့ငေါ့မှုတွေထဲမှာ အလဲလဲအပြိုပြို ကျဆုံး သွားတယ်။ လျော်ကြေး၊ ဟုတ်လား။ မိန်းမ တစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ စီးပွားရေး ဆန်ဆန် သင်္ချာ ဂဏန်းတွေနဲ့ ပစ်ပေါက်လို့ ရသလား။ တကယ်ပဲ ကိုယ် မသိလို့ပါ။ ကျေးဇူးပြုပြီး ကိုယ့်ဖြစ်တည်မှုကိုတော့ မရိုက်ချိုးပါနဲ့။
“မင်းက ကျောင်းမှာ နှစ်တိုင်း ဂုဏ်ထူး ထွက်နေတဲ့ လူတော် တစ်ယောက်ပဲ။ ကိုယ်မင်းကို မဖျက်ဆီးရက်ဘူး။ မင်းဘက်က တာဝန်သိစွာ ပါ့တ်တူး ပြီးရင် ကိုယ်နဲ့ လက်ထပ်ပေးပါ”

ဝုန်းခနဲ တွန်းလှဲပစ်လိုက်တဲ့ အသံတစ်ခုကို သဲကွဲစွာ မရိပ်မိသေးခင် မှာပဲ ကိုယ်အရမ်းလန့်သွားတယ်။
“မ ကျွန်တော့်ကို အမိန့် ပေးနေတာလား။ ဒါမှမဟုတ် ကျွန်တော့်ကို ချုပ်နှောင်ဖို့ ကြိုးစား နေတာလား”

“မဟုတ်ဘူး သူရိန်၊ ကိုယ်မင်းကို ဘယ်တော့မှ မချုပ်နှောင်ခဲ့ပါဘူး။ ကိုယ် မချုပ်နှောင်ခဲ့လို့ မင်းခုလို ကြိုးစားခဲ့တာပဲ မဟုတ်လား”

“မက ကျွန်တော့်ကို ဖြားယောင်းခဲ့တာကိုး”

ကိုယ် မင်းကို ပါးရိုက်မိသွားတယ်။ ရုပ်ရှင်တွေထဲကလို ပါးရိုက်ပြီးမှ တုန်လှုပ်သွားတဲ့ လက်ချောင်းတွေကို တအံ့တသြ ငေးကြည့်ဖို့လည်း ကိုယ် သတိ မရခဲ့ဘူး။ ကိုယ်က တိမ်တိုက် တစ်ခုဆိုရင် မင်းဟာ လေယာဉ် တစ်စင်းပေါ့။ မင်းကိုယ့်ကို ဖြိုခွင်းပစ်လိုက်တယ်လေ။
“ကိုယ်မင်းကို ကော်ဖီ ဖျော်ပေးဖို့ မီးဖိုချောင်ထဲ သွားခဲ့တယ်။ ကိုယ် မင်းကို ယုံကြည်လို့ ဒီနေ့မှ တံခါးချက်ကို ထိုးထားမိခဲ့တယ်။ နောက်ပြီး ကိုယ့်အခန်းထဲမှာ မင်းဝင်သွားတာကိုတောင် မင်းစိတ်ဝင်စားတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာအုပ်ကို သွားယူတယ်လို့ တထစ်ချ ယုံကြည်ခဲ့မိတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုက စည်သွတ်ဘူး တစ်ဘူးလို သေသပ် မသွားခဲ့တာ ကိုယ့်ရဲ့ ဖြားယောင်းမှုတဲ့လား သူရိန်”

ကိုယ်မျက်ရည် ကျနေခဲ့မှာကို မင်းသိပါတယ်။ ကိုယ့်ရဲ့ ဘယ်ရောက် သွားမှန်းမသိတဲ့ မျက်မှန်ကိုတောင် မင်းကို ကိုယ့်ကားနဲ့ ပွတ်ခဲ့မိတဲ့ ညကလို ပြန်တပ် မပေးခဲ့ပါဘူး။ မှုန်ဝါးရီဝေနေတဲ့ ကိုယ့်မျက်ဝန်းတွေက မျက်ရည်တွေ ဟာ အစစ်အမှန်တွေလားလို့ မင်းရဲ့ထက်မြက်တဲ့ သိပ္ပံဥာဏ်နဲ့ ထွင်းဖောက် အဖြေထုတ်နေဆဲလား။

မင်းက အပြစ်တစ်ခုကို ကျူးလွန်သူလေ။
“မကို ကျွန်တော် ချစ်ပါတယ်။ မရဲ့ ယုံကြည်မှုကို ကျွန်တော် မရိုက်ချိုးချင်ပါဘူး”

ဘုရားရေ။ မင်းအသံတွေ အက်ကွဲတုန်ယင် နေခဲ့တယ်။ ကိုယ့်ပါးပြင် တွေဟာ မျက်ရည်တွေနဲ့ မင်းရဲ့အနမ်း၊ ထိတွေ့မှု နှစ်ခုကြောင့် နွေးထွေးမှု ချင်း မသဲကွဲခဲ့ဘူး။ ခပ်ဝေးဝေးက နှင်းဆီရနံ့တွေ ထောင်းခနဲ ဝေ့ပျံ့လာတယ်။ ကိုယ်လေ နှင်းဆီ တစ်ခုရဲ့ရနံ့ အဲလောက်ထိ စူးရှတတ်မှန်း မသိတတ်ခဲ့ဘူး။

၆။
မင်းရဲ့ အလာကျဲသွားတဲ့ အခိုက်အတန့်တွေ အတွက် ကိုယ့်မျက်ရည်ဗုံးတွေ တိတ်တဆိတ် ပေါက်ကွဲသွားတယ်။ နောက်ပြီး အညိုရောင် တံခါးချပ် ဆီကို ကိုယ့်မျက်ဝန်းတွေ ရွက်လွှင့်ထားတတ်တဲ့ အကျင့်ဆိုးတစ်ခုကိုလည်း ကိုယ်ရရှိလိုက်တယ်။ ကိုယ်မျှော်လင့်တဲ့ အတိုင်း မင်းက ထူးချွန် ပြောင်မြောက်စွာ ဖြေဆို နိုင်ခဲ့တယ်။ မင်းရဲ့အောင်စာရင်း ထွက်တဲ့နေ့က မင်း ကိုယ့်အခန်းတံခါးကို အရှိန်ပြင်းပြင်း ခေါက်ခဲ့တယ်။

“မ ကျွန်တော် ခွဲစိတ်ကုပညာနဲ့ သားဖွား မီးယပ်ပညာ ဂုဏ်ထူးနှစ်ခု တောင်ပါတယ်။ အားလုံးထဲမှာ ဂုဏ်ထူး အများဆုံးက ကျွန်တော်ပဲ”

သူရိန် မင်းက မင်းရဲ့အမျိုးသမီး တစ်ယောက်ကိုတောင် ကျွန်တော်ဆိုတဲ့ ခပ်စိမ်းစိမ်း စကားလုံးတွေနဲ့ နှိပ်စက်ကလူ ပြုနေတုန်းလား။ မင်းရဲ့ ၀မ်းသာ အယ်လဲ ဖွင့်ဟလိုက်တဲ့ပျော်ရွှင်မှုတွေထဲ ကိုယ့်နှလုံးသား တစ်ခု အရည်ပျော် ကျဆုံးသွားတယ်။
“၀မ်းသာပါတယ် သူရိန်၊ ကိုယ့်ကို ဘယ်မှာ လိုက်ကျွေးမလဲ”

“လာ၊ သည်နေ့ပဲ သွားမယ်”

“ဘယ်ကိုလဲ”

Coffee Circles

“ဟာ မိုက်တယ်၊ ဖြစ်ပါ့မလား ဈေးကြီး တယ်နော်”

ကိုယ် အားနာမိနေတုန်းမှာပဲ မင်းကလက်ထဲမှာ ၀ှက်ထားတဲ့ အ၀ါရောင်နှင်းဆီတွေကို ကိုယ့် ဆီကမ်းပေးရင်း ကိုယ်ဝတ်နေကျ အနွေးထည် လေးကို ခြုံပေးလိုက်တယ်။
ကိုယ့်ရင်တွေ သိမ့်ခနဲ တုန်သွားတယ်။

'Thank You'
ကိုယ့်ရဲ့ ဆလွန်းကားလေး Coffee Circles ရှေ့ရပ်လိုက်တယ် ဆိုရင်ပဲ
“မ မနက်ဖြန်ညနေ ဒီအချိန် ကျွန်တော် လာမယ်နော်”

“ဘာလို့လဲ”

“အင်း မနက်ဖြန် သိရမှာပေါ့”

မင်းနှုတ်ခမ်းတွေ သိပ်သေသပ်လွန်းနေလို့ ကိုယ် အနည်းငယ် တုန်လှုပ် သွားခဲ့ရတယ်။

“ကိုယ် ထိခိုက်မှာကိုတော့ မင်းမလုပ်ဘူး မဟုတ်လား”
မင်း ကိုယ့်မေးခွန်းကို မကြားချင်ယောင် ဆောင်နေခဲ့တယ်။ သူရိန်၊ ဆရာ အောင်ထွန်းသက်က ယုံကြည်မှုကို တည်ဆောက်ခြင်း ဆိုပြီး ဟောပြော ပေးခဲ့သလောက် မင်းက ယုံကြည်မှုကို ဖြိုခွင်းခြင်းဆိုတဲ့ ကျမ်းတစ်စောင်နဲ့ ကိုယ့်ကို အလဲထိုး မသွားလောက်ပါဘူးနော်။

၇။
မင်းရောက်လာပြီ။ ကိုယ်တိုင်ကပ်နာရီ အိုကြီးဆီဘဲ မျက်နှာလွှဲထားခဲ့တယ်။ စေ့ထား တဲ့ တံခါးကို မင်းတွန်းဖွင့် ၀င်လာတုန်း ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြား နေရတယ်လေ။ မင်း ကိုယ့်ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ကိုယ်မင်းကို မကြည့်ဖြစ်ပေမယ့် ကိုယ့်သတ္တမ အာရုံက တစ်စုံတစ်ခုကို အလိုလို စိုးရိမ်နေတယ်။

“မ”

“အို မင်း ဒါဘာလုပ်တာလဲ”

မင်း ကိုယ့်ရှေ့မှာ ထိုင်ကန်တော့ နေတာ ကိုယ် အလန့်တကြား လက်ခံလိုက်ရတယ်လေ။
“ကျွန်တော်လေ၊ မရယ်၊ ကျွန်တော် အတ္တကြီး သွားခဲ့ရင် ခွင့်လွှတ်ပါ။ ဘာပဲပြောပြော သြစတြေးလျ သွားဖို့ အခွင့်အရေးကိုတော့ ကျွန်တော် မက်တယ် အစ်မ။ ဒါကြောင့် ကျွန်တော့် မေမေရဲ့ သူငယ်ချင်း ဒေါက်တာ နွယ်နီရဲ့သမီးနဲ့ ကျွန်တော်”

ကိုယ် ဒေါက်တာနွယ်နီဆိုတဲ့ နာမည် တစ်ခုကို တုန်လှုပ်စွာ ကြားခဲ့လိုက်ရတယ်။
“သူ့သမီးဟာ သြစတြေးလျမှာ ဒီဇိုင်နာ တစ်ယောက် ဖြစ်နေပြီ။ နာမည်ကြီး မြန်မာ ဒီဇိုင်နာပေါ့“

သိတယ်။ မင်းမပြောနဲ့ သူရိန်။ မင်းဟာ အမှန်တကယ် ယုံကြည်မှုကို ဖြိုခွင်းတတ်တဲ့ ယောက်ျားဘဲ။
မင်းယူသွားတဲ့ ကိုယ့်ဘ၀ကို ပြန်ပေးပါ။ လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ကိုယ့်ကို ရှိခိုး လိုက်တာနဲ့တင် ကိုယ့်ရဲ့ သန့်စင်ခြင်းကို ပြန်ရနိုင်ပါ ဦးမလား။
သိပ်သိတာပေါ့။ သီတာသော်ဟာ ကိုယ့်ရဲ့ ဖအေတူ၊ မအေကွဲ ညီအစ်မလေ။ ဒါပေမယ့် ကိုယ်မင်းကို ဘယ်တော့မှ ပြောပြဖြစ်မှာ မဟုတ်ဘူး။ မင်းမှာ နှလုံးသားရှိခဲ့ ရင်တောင် ရင်ခုန်သံကို မင်းအတ္တတွေလောက် တန်ဖိုးထားတတ်မှာ မဟုတ်ဘူး။

မင်းနဲ့ ကိုယ်နဲ့ကြားမှာ ဘာကြိုးမှ ချည်နှောင် မထားခဲ့ဘူး သူရိန်။ ကိုယ်က ဖြားယောင်း တတ်တဲ့ အ၀ါရောင် နှင်းဆီတွေကို သိပ်နောင် ကြဉ်သွားပြီ။ ဟော ကိုယ့်မျက်နှာကို ဖတ်ရှုတတ်တဲ့ မင်း၊ အခန်းငယ်ထဲမှာ ကိုယ်တုန်လှုပ် နေခဲ့တာကို ရင်မဆိုင်နိုင်ခဲ့ဘူး။ အပြစ် တစ်ခုကို ကျူးလွန်တတ်တဲ့ ယောက်ျား တစ်ယောက်ဟာ ကောင်းကင် ဖြစ်မယ်ဆိုရင် ကိုယ်ဟာ အဲဒီ ကောင်းကင်ထဲက တစ်ခြမ်းပဲ့ လတစ်စင်း ဖြစ်တယ်။
မင်း ကိုယ့်အနားက ထွက်သွားတယ်။ နောက်ပြီး တိုးညင်းတဲ့ တံခါးဖွင့်သံ။

“သူရိန်”

မင်း ကိုယ့်ရဲ့ အရှုံးတွေကြီး စိုးနေတဲ့ မျက်နှာကို မြင်ခွင့်ရမှာပေါ့။ ကိုယ်မင်းကို အားယူ ပြုံးပြမိတယ်။ ကိုယ့်ရဲ့ တရားမ၀င် ယောက်ျား ကို ပြုံးပြ နေသလို မဟုတ်ဘဲ သူစိမ်းယောက်ျား တစ်ဦးကို ပြုံးပြ နေသလိုမျိုးပေါ့။
“ကိုယ် မင်းကို ချစ်ခဲ့တယ် သူရိန်”

မင်း ကိုယ့်ဆီ ပြေးလာတယ်။ နောက်ပြီး ဖက်ထားခဲ့တယ်။ မင်းထက် ဆယ်စုနှစ် တစ်ခုစာကြီးတဲ့ မိန်းမ တစ်ယောက်ကို မင်းနှစ်သိမ့်ပေးနေခဲ့တယ်။
“ကျွန်တော် သိပါတယ် မရယ်” ကိုယ် မျက်ရည် သုတ်လိုက်တုန်း ပါဝါ အတော်ထူတဲ့ မျက်မှန်လေး ပြုတ်ကျသွားခဲ့တယ်။ ဒါပေမယ့် ပြန်ကောက်ဖို့လည်း ကိုယ် သတိမရခဲ့ဘူး။

၈။
အဖြူရောင် ဆလွန်းကားလေး တစ်စင်းဟာ အရှုံးတွေ လွန်းထိုးနေတဲ့ ညမှာ ဦးတည်ရာမဲ့ လျှောက်မောင်း နေခဲ့တယ်။
“ကိုယ်က အသည်းမရှိဘူးကွ၊ အသည်းကွဲတယ်ဆိုတဲ့ ပျော့ညံ့တဲ့ မိန်းမတွေရဲ့အလုပ်”

အဲဒီ စကားကြောင့် လမ်းဘေးကို ငေးကြည့်မိလိုက်ရင်ပဲ အမျိုးသမီး ငယ်လေး တစ်ယောက်က အမျိုးသားငယ်လေး တစ်ယောက်ကို ခပ်မာမာလေး ကျူးရင့်နေတာ တွေ့လိုက်ရတယ်။ ည ခုနစ်နာရီ ဆိုပေမယ့် လမ်းမီးတွေကြောင့် အမျိုးသားငယ်ရဲ့ ပြောင်းလဲ သွားတဲ့ မျက်နှာကို ကိုယ်အထိတ်တလန့် ရှာဖွေမိသွားတယ်။

ကိုယ်လေ ခုမှ ယောက်ျားမာန တချို့ ဖြတ်ပြေးသွားတဲ့ အန္တရာယ် အငွေ့ အသက်တွေကို အရှောင်အတိမ်း ကောင်းခဲ့တယ်။
အဲဒီ အမျိုးသမီးငယ်လေး အတွက် ကိုယ်စိုးရိမ်သွားတယ် ဆိုရင် ကိုယ့် အလွန် မဟုတ်လောက်ပါဘူး သူရိန်။
ခဏနေတော့ ညာဘက် လမ်းကလေးထဲ ချိုးကွေ့လိုက်တယ် ဆိုရင်ပဲ။

“ခင်ဗျား မျက်စိ ကန်းနေသလား။ သည်မှာ လူတစ်ယောက်လုံးကို မမြင်ဘူးလား၊ သြော် လက်စသတ်တော့ ခင်ဗျားက လေးလုံးမကြီးပဲ”

အတွေးတွေ ကြီးစိုးနေတဲ့ ကိုယ် လူတစ်ယောက်ကို အောင်းမိသွားတယ်လေ။ သြစတြေးလျက မင်းကို ကိုယ်အရမ်းသတိရသွားခဲ့တယ်။ ကိုယ် အလျင်အမြန်ပဲ ဖွင့်ထားတဲ့ ပြတင်းမှန်ကို ပြန်ပိတ်၊ ချက်ချ၊ နောက်ပြီး ကိုယ့် ညာဘက်ခြေထောက်က လီဗာကို တအား နင်းပစ်လိုက်ရတယ်။
ရုတ်တရက် ဆောင့်ခါသွားတဲ့ ကားလေးကြောင့် စတီယာရင်လေး လည်ထွက် သွားတာကို မနည်း ထိန်းလိုက်ရတယ်။

မှန်အလုံပိတ်ထားတဲ့ ကြားက အဲဒီ ယောက်ျားရဲ့ ဆဲဆိုသံကို ကြားဖြစ် အောင်ကြားလိုက်သေးတယ်။ ကိုယ် နောက်ထပ် ဖြားယောင်းမှုအတွက် ခံနိုင်ရည် မရှိတော့ဘူးလေ။ ကိုယ့်လည်မျိုတွေဆီ ဆို့နင့်ခြင်းတွေ စိုက်ဝင် နေတုန်းမှာ ကိုယ် တစ်စုံတစ်ခုကို သတိရသွားခဲ့တယ်။
“လူ့ဘ၀ဟာ ရေပွက်ပမာ
တစ်ချက်ကလေး မှားရုံနဲ့ ချောက်ထဲကျ
တလိမ့် တလိမ့် တလိမ့် တလိမ့် ချောက်ထဲကျ“
ချောက်ထဲကနေပဲ ကိုယ်နဲ့ နှောင်ငင်ခဲ့ဖူးတဲ့ ကောင်းကင် တစ်ခုကို တဒင်္ဂ တိုက်ဆိုင်မှုတွေကြောင့် သတိရမိ သွားတယ်လို့ပြောရင် ကိုယ် မလွန်လောက်ဘူး ထင်ပါရဲ့နော်။

လင်းစက်နွယ်

4 comments:

  1. ဆရာမ.
    ဘလော့လေးပေါ်မှာလည်း ဆရာမရဲ့ စာပေလက်ရာကောင်းလေးတွေ ဖတ်ခွင့်ရမှာမို့ ဝမ်းသာမိပါတယ်။ အမြဲတမ်း အားပေးဖတ်ရှုခဲ့တဲ့ ဆရာမတယောက်မို့ ပိုလို့ ဝမ်းသာမိပါတယ်။
    စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ။
    ခင်မင်လေးစားလျက်
    သဒ္ဓါလှိုင်း

    ReplyDelete
  2. အစအဆုံးဖတ်ပြီး မောသွားရတယ်...
    ဇာတ်သိမ်းထားလိုက်ပုံကို သဘောကျတယ်...
    ဒီဝတ္တုမဖတ်ဘူးသေးဘူး...

    ReplyDelete
  3. နူးညံ့သိမ်မွေ့တဲ့ အချစ်ဆိုတာထက် ရုပ်ဝတ္တုတွေကိုဦးစားပေးလာတဲ့ အချိန်ကာလမှာ ဇာတ်ကောင်အမျိုးသမီးလေးအတွက် စာနာမိတယ်။ "ချောက်ထဲကနေပဲ ကိုယ်နဲ့ နှောင်ငင်ခဲ့ဖူးတဲ့ ကောင်းကင် တစ်ခုကို တဒင်္ဂ တိုက်ဆိုင်မှုတွေကြောင့် သတိရမိ သွားတယ်" ဆိုတာလေးက ရင်ထဲမှာ ပဲ့တင်ကျန်ခဲ့ပါတယ်။

    ReplyDelete
  4. ဆရာမ လင်းစက်နွယ်ရဲ့ လက်ဆကို လေးစားစွာဖြင့် ခံစားလျှက် ..:)

    ReplyDelete