တောင်ပံကျိုးတဲ့ မိုးကောင်းကင်


၁။ 
“နင်တို့ နှစ်ယောက် အရမ်း တူတာပဲ..”
မြူခိုး ဝေနေသော မျက်ဝန်းများထဲ စိုးထိတ် အားငယ်မှုတွေ ပျော်ဝင် နေသော မမကို ကြည့်ရင်း အလိုလို ၀မ်းနည်းလာသည်။
ညာဘက်ပါးပြင်ပေါ် ကြည်လဲ့သော အရာတစ်ခု ရုတ်တရက် ဖြတ်ပြေး သွားသည်ကိုပင် ကျွန်မ လက်ဖမိုးက မတားဆီး လိုက်နိုင်ခဲ့။ စားပွဲပေါ်၌ အသင့်ရှိနေသော အငွေ့ တထောင်းထောင်းနှင့် အိုဗာတင်း ဖျော်ထားသည့် ခွက်ကလေး
“ငါ ဒါကို ငါ့အဖေနဲ့ အမေကိုတောင် မတိုက်ခဲ့ဘူး၊ သူ ပေးထားမှန်း သိလို့၊ ငါ အဲဒီ အခွံတွေတောင် သိမ်းထားခဲ့တာ၊ ငါ ဘယ်လောက် ရူးသလဲနော်”

မမ မျက်လုံးတွေ အနည်းငယ် နီကြင်နေပြီ။ မို့အစ်နေသော မျက်ခွံများကြောင့် ကျွန်မဆီ နာကျင်မှုတွေ ကူးခတ်သွားသည်။
“ရည်၊ Sky ဘယ်သူလဲ၊ သိလား ”

“မမ အိုတီမှာ ကေ့(စ်) အသင့်ဖြစ်ပြီ”

ရုတ်တရက် ဘလူးစတက်(ဖ်) လာ အကြောင်းကြားတော့ မမနှင့်ကျွန်မ သတိ အနေအထား ပြန်ကပ်လိုက်ရသည်။ မမကေ့(စ်) ၀င်လျှင် အကူ ဟောက်ဆာဂျင် အနေနှင့် ကျွန်မ ၀င်လေ့ရှိသည်။
“ရည်၊ ငါနင့်ကို အရမ်း ကျေးဇူးတင်တယ် သိလား၊ ဒါကြောင့် ငါတိုက်တာ တစ်ဝက်တော့ သောက်သင့်ပါတယ် ”

ငြင်းဆန်နေသည့် ကြားက သူမ အတင်း တိုက်တော့ ကျွန်မ သောက်ပစ် လိုက်ပါသည်။ ထို့နောက် မပြေးရုံတစ်မည် ခပ်သော့သော့ ခြေလှမ်းဖြင့် ခွဲစိတ်ခန်းဆီ ချီတက်တော့ မမ ခန္ဓာ ကိုယ်သေးသေးလေးက ပစ်လဲကျမတတ်။ သား ဖွားဆောင်မှ ခွဲစိတ်ခန်းသို့ အကူး ပြေးလွှားရင်း ကပင် ကျွန်မ မမအတွက် နာကျင်ရပါသည်။

၂။
စနစ်တကျ ပိုးသတ်ထားသော ၀တ်ရုံအား ခြုံလွှမ်းလျက် ခွဲစိတ်ရန် အသင့် အနေအထားဖြစ် နေသောမမ။ အခုတော့လည်း အစောက ဝေဒနာ တွေ တံစက်မြိတ် အပြင်ဘက်ကို လွင့်စဉ် သွားသလို။ မမမျက်လုံးတွေ ပြန်လည် ကြည်လင်လာ ပြီး အော်ပရေးရှင်း နယ်ပယ် ထဲမှာသာ ကျောက် ချထား နိုင်ခဲ့ပြီ။ ဒါပေမဲ့ ဒါသည် တကယ့်ကို တဒင်္ဂဆိုတာ ကျွန်မ သိပါသည်။
ကေ့(စ်)က တီအေအိတ်(ခ်ျ)၊ ဘီအက်(စ်) အိုဟု ကျွန်မတို့ အတိုကောက် သုံးနှုန်းသော သား အိမ်၊ သားဥအိမ်နှင့်ပြွန် ဖယ်ရှားပစ်ရမည့် ကေ့(စ်) ဖြစ်သည်။ မမဘေး၌ အကူ ၀င်နေရင်းက ကျွန်မ ထမင်း မစားရသေးတာ သတိရသွားသည်။ အနည်းငယ် ရီဝေေ၀ ဖြစ်နေရင်းက ရိထရက်တာ ကိရိယာ သုံးချောင်းကို အားတင်း၍ ဆွဲထားရ သည်။ ဟောက်ဆာဂျင် ဘ၀၌ ရိထရက်တာ ဆွဲရခြင်းသည် တာဝန် တစ်ခုပဲဖြစ်သည်။ လက်အံ သေပြီး လွှတ်ချ လိုက်လျှင်ဖြင့် မမ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်သွားမှာပဲ။အနည်း ငယ်အားနာစွာပင် ကြွက်သားတွေအား ပင်ပန်းစွာ ဆိုင်းထားရသည်။
“အဲ- ရည်၊ ထမင်းမစား ရသေးဘူးပဲ၊ လူလဲလိုက်ပါလား၊ ရိထရတ်တာ ဆွဲရတာ ပင် ပန်းတယ်၊ ဗိုက်မပိတ်သေးဘူး၊ ကြာဦးမှာ ”
တခုတ်တရ သတိရ ဖြစ်ပေးတော့ မမကို ကျွန်မ ကျေးဇူး တင်ရသည်။ သေသပ်သော ခွဲစိတ်မှု အောက်၌ ချောမွေ့ ညီညာနေသော သားအိမ်လေး ပါလာသည်။ မမထက် ခန္ဓာကိုယ် ကြံ့ခိုင် သန်စွမ်းသော ကျွန်မမှာမူ ရီထရက်တာ ဆွဲနေ ရတာဖြင့် အတော် ပင်ပန်းနေခဲ့ပြီ။ မမကတော့ နူးညံ့ သေသပ်သော လက်ချောင်းများဖြင့် ခမ်းနားသော ခွဲစိတ်မှုကို လုပ်ဆောင် ပြီးစီးသွားသည်။

ခွဲခန်းမှ အထွက် နာရီကို လှမ်းကြည့်တော့ အတော် ညစ်ညူးသွားသည်။ ညနေငါးနာရီထိုး တော့မည်။ အင်္ဂါနှင့် ကြာသာပတေးက သားဖွား မီးယပ်ဆောင်၏ ခွဲခန်းနေ့ဖြစ်လေတော့ ခွဲမည့် သူများသည့်အခါ ရုံးချိန် ကျော်လွန်သွားတတ်ပါ သည်။

“ဟဲ့ ရည်မွန်၊ နင်ဘယ်သွား မလို့လဲ၊ ဟို ဘက်ယောင်လို့ မသွားနဲ့၊ ဆိုင်ကလုန်း မုန်တိုင်း ၀င်နေတယ်”
မိုးသန့် သတိပေးတော့ ကျေးဇူးတင်ရ သည်။ ဟောက်(စ်)ဆင်းတာ အရှိန် ရလာသည်နှင့် အမျှ ဆိုင်ကလုန်းဆိုလျှင် ရှောင်တတ်လာခဲ့ပြီ။
ရုတ်တရက်.....
“ရည်၊ Sky ဘယ်သူလဲ၊ နင်သိလား”

“မမတော့ ရှစ်(ထ်) တွေ လုပ်နေပြီကွာ”

ကျွန်မနှင့် မမက စိတ်မကြည်လျှင် အင်္ဂလိပ်လို အသံထွက် ဆဲပစ်တတ်ကြသည်။ ရှစ်(ထ်) ဟုဆဲရတာ အားရပါးရရှိသတဲ့။ မမ၏ ကောင်းကင်က ထိုသို့ သုံးနှုန်းတော့လည်း ကျွန်မပါ အကျင့်စွဲကာ သုံးနှုန်းမိသွားပြီ။
“အေးဟာ၊ ရှစ်(ထ်) တွေ လုပ်နေမိပြီ”

ရယ်မလိုလိုနှင့် မချိုပြုံးဖြင့် တန့်သွားသော မမမျက်နှာကို မြင်တော့ ပြုံးရင်းစွဲ ကျွန်မ နှုတ် ခမ်းသားတွေ တွန့်ကြေကုန်သည်။

၃။
အိုဂျီဝါ့(ဒ်) ရောက်ခါစကပင် အားငယ်သော မမ၏အသွင်အား သတိပြုမိခဲ့သည်။ နောက် ဆုံးနှစ်၌ မမက ကျွန်မတို့အား စာသင်ဖူးမည် ဖြစ်သော်လည်း ရေရာစွာ သတိမထားမိ။ အလုပ်ထဲမှာ အစ်မတွေ အများကြီး ရှိလျက်နှင့် မမ ကိုသာ ကျွန်မ နှောင်တွယ်မိသည်။ အနည်းငယ် စိတ်မရှည်စွာ အော်တတ်မြဲဖြစ်ပေမယ့် မမအော်လျှင် ခဏလေးနှင့် ပြီးဆုံးသွားတတ်တာ၊ ဟောက်(စ်)တွေနှင့် ချစ်ခင်ရင်းနှီးစွာ ညီအစ်မတွေ ပမာ တရင်းတနှီး နေပေးတာ တွေကြောင့် မမကို အားလုံးက ၀ိုင်းပြီး ချစ်ကြတာ မဆန်းပါ။

အချိန်ခဏလေး အတွင်းမှာ မမနှင့် ကျွန်မ အလွန် ရင်းနှီးသွားသည်။ မာနကြီး မလိုနှင့် ပျော့ ပျောင်းအားငယ် တတ်သော မမ၏ စရိုက်ကြောင့် မမအား သနားမိခဲ့သည်။
“မြတ်နိုးချစ် ဆိုတဲ့ ကလေးလေး၊ ကိုယ် အဲဒီ ကလေးကို အရမ်း ချစ်မိသွားပြီ ဆိုမှ၊ ကိုယ့်ရဲ့ သူရဲ ဘောကြောင်မှုတွေကြောင့် သူ့ကို သူများလက်ထဲ ထည့်လိုက်ရတာ ၊ အမှန်က ကိုယ် သူ့ကို မွေးစား လို့ရတယ်”
မမ ကျွန်မအား ၀မ်းနည်းစွာ ဖွင့်ဟခဲ့ဖူးသည်။ ၀ါ့(ဒ်)ထဲ၌ မွေးပြီး ပစ်ထားခဲ့သော ကလေးအား မမ အရမ်း နှောင်တွယ် သွားခဲ့ ဖူးသတဲ့။ ထို့နောက်မှာ သူမ ဘ၀၏ အရေးကြီးသော နောက်ထပ် လူတစ်ယောက်။ တမင်တကာကြီး လှစ်ဟပြတာ မဟုတ်ပေမယ့် ကျွန်မ မြင်သာနိုင် ပါသည်။

ခင်မင်ရင်းစွဲ ရှိလာချိန်မှာတော့ ကျွန်မ ၀တ္ထု ရေးကြောင်း မမအား ဖွင့်ဟဖြစ်ခဲ့သည်။ ကျွန်မ ၀တ္ထုတိုများအား အချိန်ပေး ဖတ်၍ ဝေဖန်ရင်းနှင့် ပင် မမ နှလုံးသား ဝေဒနာက ပိုပိုဆိုးလာကြောင်း ရိပ်မိခဲ့သည်။
“ငါ နင့်ဝတ္ထုတွေ ဖတ်ရမှာ ကြောက်တယ်ဟာ”
ကျွန်မ အသံထွက် ရယ်မောတော့ သူမ လိုက်မရယ်။

“နင့်ဝတ္ထုတွေက ငါ့ကို စောင်းရေးနေသ လိုပဲ”

“မမနဲ့ မတွေ့ခင်ကတည်းက ရေးထားတာ ပါ မမရဲ့”

“မဟုတ်သေးဘူး။ ငါ နင့်ကို အရမ်း ကြောက်တယ်၊ နင် သူနဲ့ အရမ်းတူတာပဲ”

ဘုရားရေ။ ကျွန်မ နောက်တစ်ခါ အသံ ထွက် ရယ်မောမိပြန်သည်။
“အပျိုစင်က နင့်ရဲ့ ပျက်သုဉ်းအိမ်ကို ဖတ် ပြီး ငါ မျက်ရည်ကျတယ်၊ နင် မကောင်းဘူး”

ကျွန်မ အမှန်တကယ် ရယ်မောတော့ သူမ မကျေနပ်ပါ။
“မရယ်နဲ့၊ ငါ တကယ်ငိုမိတာ၊ အဲဒီဝတ္ထုထဲ ကလိုပဲ၊ သူ့ဘ၀က”

မကြာခင်မှာ ကျွန်မ အတင်း ဖတ်ခိုင်း၍ နှောင်ငင်မိသော ကောင်းကင်အား မမ ဖတ်ပေးခဲ့ချိန်မှာတော့ အရှုံးတွေ သက်ဝင်နေသော မမ နှလုံးသား အား တစေ့တစောင်း အကဲခတ်ခွင့်ရခဲ့သည်။
“ဟုတ်တယ် ရည်၊ အဲဒီဝတ္ထုထဲကလို ချွတ်စွပ်ပဲ၊ မိုက်ရိုင်းတယ် သိလား၊ ဒါပေမဲ့ ငါသူ့ကို အရမ်းချစ်တယ်ဟာ”

“အာ- ဘယ်လိုလဲ မမရဲ့၊ သမီးဝတ္ထုတွေက အဲသလောက်တောင် တိုက်ဆိုင်နေရလား၊ ဘာလဲ အဲဒီ ၀တ္ထုထဲကလို မမတို့ နှစ်ယောက်က”

မမ ရယ်လိုက်တော့ ကျွန်မ ဆက်မေးရမှာ အားနာသွားသည်။
“ဟုတ်တယ်ရည်၊ သူက ငါ့ရဲ့ကောင်းကင်ပဲ၊ Sky ပဲ”

ဒါနှင့်ပင် သူမ နှလုံးသားထဲက ပုံရိပ်အား Sky ဟု အမည်တပ်ခဲ့ကြပြန် သည်။ ထို့နောက်တွင်တော့ သူမအား အငိုက်ဖမ်း၍ မေးခွန်းထုတ်လိုက် ရသည်။ မမက သူ့အသက်နှင့် ပတ်သက်၍ မေးလျှင် ဘယ်တော့မှ မဖြေ တတ်သူဖြစ်သော်လည်း သည်တစ်ချိန်မှာတော့-
“မမ အဲဒီ ၀တ္ထုထဲကလို လေးဆယ်ကျော်လို့လား”

“အင်း..”

“ဒါဆို လေးဆယ်နဲ့ ဘယ်လောက်ဖြစ်မလဲ”

“မမေးနဲ့ဟာ..၊ ရှစ်(ထ်) တွေ”

“လေးဆယ့်နှစ်”
သူမ ခန္ဓာကိုယ် ဆတ်ခနဲ တင်းသွားတော့ ကျွန်မ ရယ်ချင်သွားသည်။ နောက်ထပ် သူက စကားတစ်ခွန်း မတိုင်မီ အထိပေါ့လေ။
“သူ ဘယ်နှနှစ်လဲ၊ မမေးတော့ဘူးလား”

ဟုတ်ပါရဲ့၊ မမပြောမှ ကျွန်မမေးဖို့ သတိရသွားသည်။
“သူ့မှာလေ”

၎။
စကိုင်းဟု အမည်တွင် သူမှာ အညိုရောင် မျက်ဝန်းလေးတွေ ရှိကြောင်း မမ ပြောပြခဲ့တုန်းက ကျွန်မ အနည်းငယ် ရယ်ချင်သွားသည်။ မမ၏ မျက်လုံး များမှာလည်း ပီဘိ အညိုရောင်လေးတွေ မဟုတ်လား။
“သူ့မှာ အညိုရောင် မျက်ဝန်း လေးတွေရှိတယ်။ အဲဒီ မျက်ဝန်း တွေကြောင့် ငါသူ့ကို ချစ်မိသွားတာ”
စကိုင်းနှင့် မမ ဆယ့်ခုနစ်နှစ် ကွာကြောင်း သိရစဉ်က ကျွန်မ မအံ့သြမိ ပါ။ မမဘ၀၌ အသက်လေးဆယ် အရွယ်မှာမှ အချစ်နှင့် ရင်ခုန်မှုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည့် အချိန် ကျွန်မ မမကို အလွန် အံ့သြမိရသည်။

“ဟုတ်တယ် ရည်၊ တစ်သက်လုံး ထိန်းချုပ် လာပြီးတော့မှ ငါဘယ်လို ကြောင်သွားမှန်း မသိတာ”
စကိုင်း ဟောက်ဆာဂျင်ဆင်းတော့ မမကို အရမ်းချစ်ခဲ့တာ...။
မမအတွက် သည်းသည်း လှုပ်ခဲ့ဖူးတာ....။
စကိုင်းက လက်တွေ့ လုပ်ဆောင်သည့် နေရာမှာ အလွန်တော်တာ...။ စကိုင်းအကြောင်း ပြောလျှင်ဖြင့် မမ မျက်လုံးညိုလေးတွေ လက်သွား တတ်တာ ကျွန်မ မြင်ပါသည်။
“ငါ ၀ါ့(ဒ်) ထဲမှာဆို သူလိုက်လာတယ်။ ငါအိုပီဒီ ဆင်းလည်း အနားမှာ ရှိတယ်။ အိုတီဝင်လည်း သူလိုက်ပေးတယ်။ ငါ့ကို သူ့မျက်စိ အောက်ကကို လုံးဝ အပျောက် မခံခဲ့တာ ရည်”

ထို ဂရုစိုက်မှု တွေကြောင့်ပဲ မမ အနည်းငယ် ကြောင်သွားတာ ဖြစ်မည်ဟု ကျွန်မ ထင်မြင် ချက်ပေးတော့ မမ ရယ်ပါသည်။
“ပြီးတော့ နင်နဲ့စကိုင်း အရမ်းတူတယ်။ ဆိုးတာရော၊ တော်တဲ့နေရာရော၊ စကိုင်းက နင့်လိုတော့ ဟိုစပ်စပ် သည်စပ်စပ် မလုပ်ဘူး၊ သီချင်းဆိုလည်း မတော်ဘူး၊ စာလည်း မရေးတတ်ဘူး၊ ဒါပေမဲ့ သူက လူနာတွေကို ဂရုစိုက်တဲ့ နေရာမှာ အရမ်း စိတ်ရှည်တာ”
အဲ- ကျွန်မကတော့ စိတ်မရှည်ဘူးပေါ့လေ။ အလိုလို ခဏခဏ စကိုင်းနှင့် နှိုင်းယှဉ်ခံ လာရတော့လည်း အနည်းငယ် ချဉ်လာပြီ။
“မမက စကိုင်းကို ချစ်မိသွားတာ အညို ရောင်မျက်ဝန်းတွေရဲ့ ဖြားယောင်းမှုပေါ့လေ”

“ရှစ်(ထ်)တွေ၊ ၀တ္ထုထဲကလို လာမပြောနဲ့၊ လရောင်ရဲ့ဖမ်းစားမှုတွေ ဘာတွေ”

တဖြည်းဖြည်းနှင့် မအားလပ်သည့် ကြားက စကိုင်းအကြောင်း ကျွန်မကို ပြောပြလျှင်ဖြင့် သူ ပင်ပန်းမှုတွေ သက်သာ ပြေလျော့တတ်တာ သတိ ထားမိခဲ့သည်။ အိုတီထဲမှာ သူနှင့် မျက်နှာချင်း ဆိုင်လျက် အကူ ၀င်ရလျှင်တော့ အညိုရောင် မျက်ဝန်းများ ထဲက အားငယ်ရိပ်ကို ကျွန်မ ဖမ်းဆုပ်လို့ ရနိုင်ပြီ။ မမနှင့် ကျွန်မ၏ နာရီများ၌ အလုပ်ကိစ္စ ပြီးလျှင် စကိုင်းက နေရာယူတတ် လာခဲ့ပြီ။ စကိုင်းက မမကို သာမက ကျွန်မကိုပါ ဖမ်းစားလာနိုင်ခဲ့ပြီ။

“စကိုင်းကို သမီး ကြူပစ် လိုက်မယ်ကွာ၊ သည်လောက်ဆိုးတဲ့လူ”

“မရယ်နဲ့၊ သူ့မှာ အရမ်းချစ်ရမယ့် ကောင်မလေး ရှိနေပြီ”

ပြောရင်းနှင့် မမ ငိုပြန်သည်။ ကျွန်မနှင့် စကားပြောတိုင်း မမ ငိုတော့ ကျွန်မပါ ငရဲကြီး ရသည်။ ထိုသို့ပြောလျှင်တော့ မမ စိတ်ဆိုးတတ်သည်။
“ငါဟောက်စ်တွေနဲ့ ရင်းရင်းနှီးနှီး မနေတော့တာ နှစ်နှစ်ရှိပြီ၊ ငါ အရမ်းပြောင်းလဲသွားတာ၊ နင်ရောက်လာမှ ငါ နင်နဲ့ ရင်းရင်းနှီးနှီး နေတာ၊ ဒါပေမဲ့ ငါ နင့်ကို ကြောက်တယ်ဟာ”
ထို့နောက်တွင်တော့ ပဟေဠိဆန်သော မမ၏ လျှို့ဝှက်ချက်များထဲ ကျွန်မပါ အနည်းငယ် ကြောင်သွားသည်။ မမတော့ ရူးနေပါပြီဟု မညှာမတာ ကောက်ချက်ချတော့ မမ ထောက်ခံပါသည်။

၅။ ၀ါ့ဒ်ထဲ၌ ပြဿနာ ဖြစ်ပြီဆိုလျှင်ဖြင့် ကျွန်မ၌ တိုင်တည်စရာ မမသာ ရှိသည်။ ပြဿနာ တော်တော်များများကို မမ ဖြေရှင်း ပေးနိုင်တာ များသည်။ ထိုနေ့ကတော့ ချစ်သူများ နေ့၌ ကျွန်မ နာမည်နှင့် ချောကလက် ရောက်လာခဲ့ကြောင်း မမကို ဖွင့်ဟခဲ့မိ ချိန်ထိ ထူးထူးခြားခြား မရှိသေး။ ချောကလက်နှင့် အတူပါလာသော သီချင်းလေးတွေကြောင့် သီချင်း ပိုင်ရှင်အား စိတ်ဝင်စား မိသွားသည်ဟု ဆိုလိုက်မိတော့ သူနှင့် ကျွန်မ အကြီးအကျယ် စကားများသည်။

“ဒါ တကယ့် ရှစ်ထ် အလုပ်တွေ၊ ဒါဟာ လုံးဝ အရေးမကြီးဘူး ရည်၊ လူ့ဘ၀မှာ အရေး ကြီးဆုံးက စားဝတ်နေရေးပဲ၊ နင့်မှာ စားဖို့မပူရ ဘူး၊ နေဖို့ မပူရဘူး၊ ဒါကြောင့် နင် အရည်မရ၊ အဖတ်မရတွေအတွက် အချိန် ကုန်ခံနိုင်တာ”

မမ စကားက မှန်နေသလို ထိပါး လွန်းနေ ခဲ့သည်။ မမ ကျွန်မကို ဘာတွေပြောင်းလဲပေး ခဲ့သလဲ။ တစ်လောကလုံးကို အရွဲ့တိုက် ချင်သည့် ညစ်စုတ်စုတ် စိတ်ဓာတ်ကို အစွယ် ကျိုးစေခဲ့တာ၊ ပြဿနာနှင့် ရင်ဆိုင်ရတိုင်း အရင်ကဆို ကျွန်မ ကိုယ်တိုင် ဖြေရှင်းပြီး ဘာမှမဖြစ်သလို နေနိုင်ခဲ့ သောဘ၀ကနေ နေ့ချင်းညချင်း ပြဿနာဆိုတာ ကို နောက်ဖေးပေါက်ကနေ ပြေးပြီး ရှောင်တတ် ခဲ့တာ၊ အလွန်မုန်းသူ များကိုပင် ထိပ်တိုက်တိုး တိုင်း နှစ်လိုဖွယ် ဟန်ဆောင်ပြုံးပြနိုင်ခဲ့တာ၊ အပိုး ကျိုးပိရိသေသပ်စေခဲ့တာ၊ သည်အချိန် မှာတော့ဖြင့် ဘယ်သူမှ ပုံသွင်းမရ ခဲ့သော ကျွန်မ တကယ့်ကို ချောမွေ့ သေသပ် နေခဲ့ပြီ။ ထိုအချိန်မှာမှ
“ငါ့လို နေစရာ အတွက် နင်ပူရလား၊ ငါ့လို ပိုက်ဆံရဖို့ ရှာဖွေနေရလား၊ စိတ်ညစ်စရာ မရှိတဲ့ ဘ၀မှာ တမင်ကြီး လုပ်ဇာတ်ထွင်ပြီး ရှာကြံ မနေနဲ့၊ အချစ်ဆိုတာ နံပါတ်နှစ်ပဲ”

“မမက ရည့်ကို တစ်ကိုယ်ကောင်းဆန် တတ်အောင် သင်ပေးနေတာပဲ”

နေ့တိုင်း ချစ်ခင်စွာခေါ်ပြောခဲ့သော ကျွန်မ တို့နှစ်ယောက် ရုတ်တရက် သူစိမ်းတွေလို ဝေး ကွာ ပျက်စီးသွားကြပြီ။ ထိုနေ့တွေမှာ စကိုင်း အကြောင်း မေ့ဖျောက် ထားခဲ့ကြသည်။ မမနှင့်
မျက်နှာချင်းဆိုင် တွေ့လျှင်တောင်မှ ကျွန်မ မမကို မခေါ်တော့။

“ရည်မွန်မိုး”
မမ၏ အော်ခေါ်သံကိုပင် လျစ်လျူရှု ပစ်နိုင် လောက်သည် အထိ ကျွန်မ မမအပေါ် ပြတ်သား ခဲ့သည်ဟု ထင်ခဲ့ပေမယ့် အားငယ် စိုးထိတ်သော အညိုရောင် မျက်လုံးများအား သတိ ရမိစဉ်မှာ တော့ ကျွန်မ မမအား ပြန်ခေါ်ခဲ့ပါသည်။ ထို အချိန်မှစ၍ ကျွန်မမှ မမအား အမြဲရွဲ့ခဲ့သော စကားတစ်ခွန်း ရှိသည်။
“လူ့ဘ၀မှာ စားဝတ်နေရေးက အရေးကြီးဆုံး” ဆိုတာလေ။

“နင် ငါ့စေတနာကို အရမ်း စော်ကားတယ် ရည်မွန်မိုး၊ အတူတူပဲ၊ နင်တို့နှစ်ယောက်၊ ငါ ပြုပြင်ပေးလို့ ပြောင်းလဲခဲ့တာလည်း နင်တို့ပဲ၊ ငါ့ကို စော်ကားခဲ့ တာလည်း နင်တို့ပဲ၊ နင်တို့ နှစ်ယောက်က ငါ့ကို စော်ကားဖို့ လူဖြစ်လာသလား အောက်မေ့ရတယ်”

ပြောရင်းဆိုရင်း မမ ငိုပြန်တော့ သူအလွန် နှစ်ခြိုက်သော ကော်ဖီနှင့် နှစ်သိမ့်ရသည်။ အရင် ကတော့ မမ ကော်ဖီမှာလျှင် ကျွန်မ အတွက်ပါ တစ်ခွက်ပိုမှာမြဲ ဖြစ်သည်။ ထိုနေ့ကတော့ ကျွန်မ ရင်ထဲ မိုးထစ်ချုန်း စေခဲ့သောနေ့ ဖြစ်လေသည်။ မမက အဆောင်ကို ခေါ်တော့ စိတ်ရှုပ်စွာပင် လိုက်သွားမိသည်။ အနည်းငယ် သေသပ်သော အခန်းငယ် လေးခန်း ဖြင့်ဖွဲ့စည်း ထားသည့် သူမ၏ အဆောင်ခန်း လေးကိုတော့ ကျွန်မ နှစ်ခြိုက်သွားပါသည်။

“နင်တို့နှစ်ယောက် သိပ်တူတာပဲ သိလား”

“သည်လောက် တူနေမှတော့ သမီးကို စကိုင်းနဲ့ သဘော တူလိုက်ပါလား”

“မဖြစ်ဘူး ရည်၊ စကိုင်းဆိုတာ ဘယ်သူလဲ သိလား၊ နင်သိရင် ငါ့ကို မုန်းမှာ”
ကျွန်မ ရယ်လိုက်တော့ မမ လိုက်မရယ်ပါ။

“သူနဲ့ သဘောတူလို့ မရတာ ဘာကြောင့်လဲ၊ သူက သမီးရဲ့ ရည်းစားဟောင်းများလား၊ ဒါမှ မဟုတ် သမီးရဲ့အစ်ကိုတွေထဲက တစ်ယောက် များလား၊ အစ်ကိုထဲက ဘယ်သူ ရှိနိုင်မလဲ၊ ကိုကြည်မိုးပဲ ရှိမှာပေါ့”
“ရည်မွန်မိုး”

ဘုရားရေ။ ကျွန်မ ကျီစယ်လိုက်တာ ဖြစ်ပေမယ့် သူ့မျက်ရည်တွေ ပါးပြင်ပေါ် ဖြတ်ပြေးသွားသည်။
“မမ ပြတ်ပြတ်သားသား ပြောနော်၊ သမီးအစ်ကို မဟုတ်ဘူးလို့”
“သူ မနေ့ညက ကိုယ့်ဆီ ဖုန်းဆက်တယ်၊ သူ့ကောင်မလေး ဘယ် လောက် ချစ်စရာကောင်းတဲ့ အကြောင်း၊ ငါ အရမ်းမုန်းတာပဲ”

ကျွန်မ အနည်းငယ် ရိုင်းပျစွာပင် သူ့မျက်လုံးများနှင့် ထိပ်တိုက်ရင် ဆိုင်ပစ်လိုက်သည်။ ရုတ်တရက် ပွင့်အာသွားသော သူမ နှုတ်ခမ်းသားများ။ ဒါကြောင့် ကျွန်မတို့ နှစ်ယောက်ကို အရမ်းတူတာပဲလို့ သူပြောခဲ့တာကိုး၊ သူက တစ်ချိန်လုံး ၀ှက်ဖဲကြီး ကိုင်ပြီး နေရစ်ခဲ့သူပဲ။ ကျွန်မရော၊ ကိုကိုပါ Passလို့ ပြိုင်တူ အော်ဟစ်ရမည့် နှစ်စပိတ်ဒ်၊ အကြီးဆုံး ဖဲချပ်အား သူမ ကိုင်ဆောင် ထားခဲ့တာပဲ။

သူမ ကျွန်မအပေါ် အလွန်အကျွံ ဂရုစိုက်ခဲ့တာ၊ တခြားဟောက်ဆာဂျင် တွေထက် အရေးပေးခဲ့တာတွေဟာ ကျွန်မကို ချစ်လို့မှမဟုတ်ဘဲ။ ကိုကို့ မျက်နှာကြောင့်သာ။

“ဟုတ်တယ် ရည်၊ ငါ ဒါကြောင့် နင့်ကို အရမ်းကြောက်ခဲ့တာ၊ နင် မမှတ်မိလို့ပါ၊ နောက်ဆုံး နှစ်တုန်းက ဆေး ၂ ၀င်းထဲမှာ ငါတို့နှစ်ယောက် အတူ ရှိနေတုန်း နင် လာနှုတ်ဆက်ဖူးတယ်၊ နင့်အစ်ကိုက ဒါကျွန်တော့် ညီမလေလို့ ပြောတယ်၊ အဲဒီ ကတည်းက၊ ငါ နင့်ဆရာမ ဖြစ်ကတည်းက ငါ နင့်ကို ကြောက်နေခဲ့ရသူပါ”
“ရှစ်ထ်”
ဟု ကျွန်မအသံထွက် ဆဲမိသွားသည်။ ကျွန်မ လက်ဖျား ခြေဖျားတွေ အေးစက် ထုံကျဉ်သွားသည်။ သူမကို ကျွန်မ အံ့အားသင့် ရသလို အမှန် တကယ် ခါးသီးမိသွားသည်။

“ဒါကြောင့် မမက ကျွန်မကို အရမ်းမျက်နှာသာ ပေးခဲ့တာကိုး”
ရုတ်တရက် သူမ ပစ်ပေါက်လိုက်သော လက်ကိုင်ဖုန်းက ကျွန်မ ညာဘက်ခြမ်းအား ရှပ်ထိသွားသည်။

“မမိုက်ရိုင်းနဲ့၊ အဲဒါနဲ့ ဘာမှမဆိုင်ဘူး၊ တကယ့်ကို ငါကြောက်နေခဲ့တာ”

မမ ရှိုက်သံကြား၍ လှည့်ကြည့်လိုက်တော့ ပါးပြင်တွေ စိုလက်နေတာ သုတ်ပေးဖို့ သတိရသည်။ အမှန်တော့ ကျွန်မ မမကိုမုန်းဖို့ဆိုတာ အဝေးကြီးပါ။ ယောက်ျား တစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်နေသေးသော မမ အတွက် ကျွန်မကိုယ်တိုင်ကပင် ကူးစက် နာကျင်ခဲ့သေးတာ မဟုတ်လား။
“ဘာလုပ်မလို့လဲ ရည်”

သူမ လက်ကိုင်ဖုန်းဖြင့် ကိုကို့ဖုန်းကို လှမ်းဆက်တော့ သူမလှမ်းတား သည်။
“မလုပ်နဲ့၊ သူမမကို အရမ်း အမြင်ကတ် သွားလိမ့်မယ်၊ မမအပေါ် အရမ်း ဂရုစိုက်တတ်တဲ့ ကလေး တစ်ယောက်ဟာ ရည်မွန်ပါလို့ သူသိထား ခဲ့ပြီးသား၊ ဒီကိစ္စ ရည်မွန်ကို ပြောလိုက်တယ်လို့ သူသိရင် သူနဲ့ မမဖုန်းတောင် ပြောရတော့မှာ မဟုတ်ဘူး”

ပေကတ်စွာပင် ကိုကို့ကို ဖုန်းခေါ်တော့ သူ ရုတ်တရက် ထထွက် သွားသည်။ ကိုကိုနှင့် စကား ပြောနေစဉ်တွင်တော့ သူမ ဘုရားရှေ့၌ သောက် တော်ရေကပ်နေခဲ့ပြီ။ ပုဆစ်တုပ် ဆုတောင်း နေသည့် သူမ၏ ခွေပျော့ပျော့ ပုံရိပ်လေးကိုတော့ ကိုကိုမြင်လျှင် သနားချင်မှ သနားတော့မည် ဆိုတာ သိနှင့်သည့် အတွက် မမကို အားနာမိပါသည်။

၆။
“ငါနင်တို့ အသိုင်းအ၀ိုင်း ကြီးလွန်းလို့ကို ကြောက်တယ် သိလား”

မမ ၀မ်းနည်းစွာ ဖွင့်ဟတော့ ကျွန်မမှာ ရယ်ရအခက်၊ ငိုရအခက်။ ကိုကိုနှင့် ကျွန်မက မောင်နှမ အရွယ်တွေ ဖြစ်ပေမယ့် တကယ်တမ်း ကျတော့ တစ်ဝမ်းကွဲ တော်သော တူဝရီးတွေ ဖြစ်၏။
“ကိုကိုနဲ့ ခုတွဲနေတဲ့ ကောင်မလေးက အဆင် ပြေကြတယ် ညီမလေး၊ အိမ်ကလည်း သိနေ ကြပြီ၊ မမလား၊ အင်း- အဓိကက အသက် ကွာတာပေါ့လေ၊ ဘယ်လိုမှ ကိုယ့်အိမ်က သဘောတူမှာ မဟုတ်ဘူး”

ကိုကိုနှင့် စကား ပြောပြီးချိန် တွင်တော့ ကျွန်မတို့ နှစ်ယောက်တည်းသာ သိနိုင်သော အဖြေကို ဆုပ်ကိုင် ထားနိုင်ခဲ့ပြီ။ မျက်လုံးသေ များဖြင့် ကျွန်မအား မော့ကြည့်နေသော မမ မျက်လုံး ညိုလေးများဆီ ကျွန်မက ဘယ်လို ရက်စက်သော စုတ်ချက်မျိုးဖြင့် ခြယ်သရမှာ တဲ့လဲ။ အနည်ထိုင်ပြီးသော ကိုကို့ဘ၀၌ မမ ဘာကြောင့်များ အနည်မထိုင် သွားခဲ့ရတာလဲ။ အမှန်တကယ် မမနှင့် ကိုကို့ ဇာတ်လမ်းက လွန်ခဲ့ သည့်ခြောက်လ ကတည်းက ပြတ်တောက်သွား ခဲ့ပြီ။

စကိုင်းကြောင့် (Gastritis) အစာအိမ်ရောင် ခဲ့ရသည့် ဇာတ်လမ်းကိုလည်း ကျွန်မ သိသည်။ ထမင်းတောင် မစားနိုင်ဘဲ အလုပ်ကိုသာ တရစပ် ဖိလုပ်ခဲ့သည့် မမ။ ဆရာမ ၀င်းဝင်းလတ်၏ ၀တ္ထုထဲမှ “ဒေါက်တာခင်ဦးနွယ်” လို အလုပ်က ဒဏ်ရာကို ကုစား ပေးသွားနိုင်ရင် ကောင်းလိမ့် မည်။ အလွန် ပိန်လှီပါးလျပြီး ခပ်ဝေးဝေးမှ ကြည့် လျှင် ဖြူလွှလွှစက္ကူပါးလေး တစ်ချပ်လွင့်လာ သည်နှင့်တူသော မမ။ အချစ်က နံပါတ်နှစ်ဟု ပခုံးစောင်းတိုက် ရွဲ့ခဲ့သော မမ။ စားဝတ်နေရေးအား အချစ်ထက် အရေးကြီး ပြခဲ့သော မမအား အရှုံးတွေလွန်းထိုးနေသည့် ပုံစံနှင့် မြင်တွေ့ရချိန်မှာ ကျွန်မရင်ထဲ နင့်သီးနေခဲ့သည်။

“ကိုယ်တို့က တကယ်တမ်း ပြတ်သွားခဲ့ပြီး ပါပြီ၊ ခုချိန်မှာ ကိုယ်နဲ့ ညီမလေး သူ့ကို ဖေးဖေး မမနဲ့ ကူညီကြဖို့ပါပဲ၊ ကိုယ်တို့ ဇာတ်လမ်းက တကယ်တော့ အားလုံး သိခဲ့တဲ့ လျှို့ဝှက်ချက်ကြီး ပါပဲ”
ကိုကို့စကားက တည်ငြိမ် ပြတ်သားလွန်း သလောက် မမ ငိုရှိုက်သံကေ၀၀ါး လှုပ်ခတ်နေဆဲ ဖြစ်သည်။

၇။
“နင်တို့နှစ်ယောက် အရမ်း ရက်စက်တတ် တာပဲ”

“ပြန်ခံစားရပါစေလို့ ဆုမတောင်းချင်ဘူး လား မမ”

“တစ်ခါတစ်ရံ ငါကျိန်မိတယ်”

မိုးစက်တချို့ အနည်းငယ် အူကြောင်ကြောင်နိုင်စွာ ကျလာခဲ့ပြီ။ သင်္ကြန်အကြို မိုးရေစက်များ ဟု ဆိုရမလား။ သေချာသည်က ပူလောင်သော ရင်ဘတ်နှစ်ခု တစ်ခဏချင်း အေးစက် သွားကြပြီ။ မိုးရေစက်တွေ ဘယ်နေရာက ကျလာသလဲ။ ခုနေ မမ တစ်ယောက် မော့မကြည့် မိဖို့တော့ လိုလိမ့်မည်။

မိုးရေစက် တွေကို မွေးဖွား ပေးနိုင်သော တိမ်သားထုတွေ ကောင်းကင်ဆီက ဖြစ်တည်လာ သည်ဆိုတာ မမ သတိ မရသေးခင်ထိ သည်တိုင်း လေး ဝေဒနာတွေထဲသာ မမအား စီးမျောစေချင် ပါသည်။
“စကိုင်းက ငါ့ကို ဘာပြောလဲ”
ဟု မေးလာလျှင်တော့ ကောင်းကင်ကို မော့မကြည့်ဖြစ်ဖို့ ကျွန်မ အားယူရမှာပဲဖြစ်သည်။

စက္ကူပါးလေးနှင့် တူသည့် လေးဆယ်ကျော် အရွယ် အမျိုးသမီး တစ်ယောက်၏ အရှုံးတွေ လွန်း ထိုးနေသည့် မျက်နှာဆီ မိုးရေစက်တွေ ခပ်ပြင်း ပြင်းလေး ရိုက်ခတ် နေကြသည်။ ခုနေ အညိုရောင် မျက်ဝန်းတစ်စုံ ကောင်း ကင်ဆီ အကြည့်လွှဲ မသွား ဖို့ကိုတော့ ကျွန်မ ဆုတောင်း နေရဆဲ ဖြစ်လေသည်။ မမအား ကျွန်မတို့ နှစ်ယောက်လုံး ထားပစ်ခဲ့ ရမှာ အမှန်ပင်ဖြစ်သောကြောင့် အကယ်၍ မမနှင့်အတူ တာဝန်ကျခဲ့ပါလျှင် ဂရုစိုက်ပေးကြ ပါရန် လုပ်ဖော်ကိုင်ဖက် ဟောက်ဆာဂျင် များအား မေတ္တာရပ်ခံ အပ်ပါသည်။

လင်းစက်နွယ်
(Teen မဂ္ဂဇင်း၊မေလ ၂၀၁၁)



ခါးတဲ့ တမာ



ဝေါခနဲ ခန္ဓာဗေဒအခန်းကြီး ပွင့်သွားချိန်ဝယ် အပြင်ဘက်စင်္ကြံရှိအုံကြွနေသော ဒုတိယနှစ်ကျောင်းသားထုကြီး၏ အထိတ်တလန့်အော်သံက ပျံ့လွင့်လာသည်။
အပြင်ဘက်မှ ဆော်သွေးလိုက်သောနွေလေရူးကြောင့်လား မသိ။ ဆေးရည်စိမ်အလောင်းများ၏ ဖော်မလင်နံ့ကားထောင်းခနဲ ဝေ့၍ လာသည်။ ဆရာတွေကအခန်းထဲဝင်လာဖို့ ခေါ်သည်။

အို... သတ္တိကြောင်တာမှ မဟုတ်လေဘဲ။ဒါ ပထမဆုံးနေ့ဆိုတော့ ဒီလောက်တော့ရှိမပေါ့။ တချို့ကတော့ အပြင်ဘက်ဘေစင်တွေနား အန်နေကြပြန်သည်။အနံ့ကလည်း ဘာဆိုးသလဲ မမေးနဲ့။ကြည့်ပါဦးလေ။ စင်ပေါ်တွင် အလောင်းကြီးဆန့်ဆန့်လဲနေပုံက အသည်းယားစရာ။ဘေးဘီဝန်းကျင်မှာလည်း ဆေးရည်စိမ်ထားတဲ့ဦးနှောက်တွေ၊ နှလုံးတွေ၊ ကျောက်ကပ်တွေ။ သည့်ထက်ပိုဆိုးတာက အ၀တ်မပါသောခန္ဓာကိုယ်ကြီးတွေပင်။


အင်းလေ...ရှက်စရာမှမလိုဘဲ။ သူတို့က သေနေပြီပဲဟာကို။ဒုတိယနှစ်၏ ပထမဆုံး Anatany practical ကတော့ နှစ်တိုင်းပင်ရာဇ၀င်တွင်လောက်ပါပေသည်။တချို့ဆို နှာခေါင်းစည်းကြီးတွေ စည်းလို့ရယ်။အကုန်လုံးနီးပါး မျက်လုံးတွေက ဂနာမငြိမ်။ဟိုကြည့်သည်ကြည့်။ ကျွန်မသူငယ်ချင်းသီရိကတော့ ကျွန်မလက်ကို တင်းတင်းဆုပ်ရင်းမျက်ကလဲဆန်ပြာ ဖြစ်နေသည်။ ဘယ်လိုပင်ကြောက်ကြောက် နောက်ဆုံးတော့ ကိုယ့်အုပ်စုကိုယ်ခွဲရင်း သက်ဆိုင်ရာ အလောင်းနားအုံ၍ ရောက်သွားသည်ပေါ့။ ထိုအခါမှ ပိုဆိုးတော့ သည်။

သီရိမျက်နှာ ချွေးစေးတွေပင် ပြန်နေ၏။
"လင်းစက်၊ နင်... နင် ဒီအလောင်းကို သေချာကြည့်စမ်း"

ဟုတ်ပါရဲ့။ သီရိပြောမှ သေချာကြည့်မိ တော့သည်။ သည်အလောင်းက ယောက်ျား၊ နှုတ်ခမ်းမွေးစစနှင့်။ အသက်တော့ကြီးမည့်ပုံပဲ။ နားသယ်နားက ဆံပင်တိုစတွေက ဖြူနေသည်။ ပြီးတော့ မေးစေ့မှ အငုတ်ကလေးလို ထွက်နေ သော မုတ်ဆိတ်မွေး ဖြူဖြူလေးတွေက အသည်း ယားချင်စရာ။ သီရိနှင့် ကျွန်မ လက်တို့၍ ရယ်လိုက်မိသံက တစ်တန်းလုံး တိတ်ဆိတ် နေသည်နှင့် တိုက်ဆိုင်၍ ပိုဆိုးသွားသည်။ ရှုတည်တည် ကြည့်လိုက်သော ဆရာမ ဒေါ်စန္ဒာမျိုး၏ မျက်လုံးများ အောက်ဝယ် ကျွန်မတို့နှစ်ယောက် မခုတ်တတ်သည့် ကြောင် ကလေးတွေလို ၀ပ်နေလိုက်ရသည်။


ထိုအချိန် ဘယ်သကောင့်သားမှန်း မသိ၊ ကျွန်မတို့ကို မျက်စောင်းထိုးလေသည်။ ပါးစပ်မှ လည်း ပွစိပွစိနှင့်။


"တော်တော်ရွတဲ့ဟာတွေ"


အမယ်မယ်... သည်သကောင့်သားက များ။ ဘယ်ယောက်ျားကမှ ရွတယ်ဟု အပြော မခံရဖူးသော ကျွန်မနှင့် သီရိ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ကျွန်မသည် ဒေါသနှင့် မာနနှစ်ခုလုံးကို အရည်ကျိုခံလိုက် ရသောအခါ သည်းခံစိတ်ဟူသည် ခြေရင်းဝယ် နစ်ဝင်သွားရမြဲ။ သည်တော့လည်း မာနက ခေါင်း ပေါ်တက်ကာ တဆတ်ဆတ် တုန်ယင်နေရတော့ သည်။


သည်လူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဟိုတစ်နေ့က သီရိ ပြောဖူး၍သာ သိရခြင်း ဖြစ်သည်။ ရန်ကုန်သားဆိုလား။ ရန်ကုန်သား သာဆိုသည် မိုက်လိုက်တဲ့ စတိုင်လ်ကလည်း အပျံစားပါ။ ဆေးကျောင်းနှင့် ပြဇာတ်မှားပဲ ရောက်လာလေရော့သလား။ ကြည့်ပါဦး။ နာမည်ကလည်း တင့်ဦးဝေေ၀တဲ့။ မျက်မှန်ပါဝါ ထူရုံမက ကိုင်းထူထူကြီးနှင့်ဆိုတော့ သာ၍ပင် အကြည့်ရ ဆိုးသေးတော့သည်။ ဆံပင်ကလည်း ထူလပျစ်ဆိုပေမယ့် ဆီတွေ ရွှဲနစ်အောင် လိမ်း ထားတော့သည်။ ကဲ... ဒါလား ရန်ကုန်သား။


ကျွန်မ သည့်ထက် ကြည့်မရသည်က သူ၏ ကချင်ပုဆိုးလိုလို ဘာလိုလို ကြောင်ကျားကျား အကွက်တွေ ဖော်ထားသည့် ပုဆိုးကြီးကို ဖြစ် သည်။ ရုပ်ရည်သနားကမားလေးနှင့် မလိုက် ဖက်စွာ ပါးစပ်မှလည်း ပွစိပွစိ ရွတ်နေတတ် သေးတော့သည်။

ကဲ... သည်တော့လည်း ကျွန်မ၏ နေ့စဉ် မှတ်တမ်း စာအုပ်ကလေးထဲတွင် ထိုရန်ကုန်သား လူထူးလူဆန်းလေးကို နေရာပေးရတော့မပေါ့။
၂။
ဘယ်လိုမှန်းတော့ မသိပေ။ ထိုပုံတုံးတုံး ရန်ကုန်သားလေးကိုမှ ကျွန်မ တစ်နေ့ မကြည့်ရ လျှင် မနေနိုင်အောင် ဖြစ်နေခဲ့သည်။ ခန္ဓာဗေဒ အခန်းထဲမှာဆိုလည်း ခွဲစိတ်ဓားတစ်ချောင်းကိုင် ၍ဆရာကြီးပုံအပြည့် ဖမ်းပြတတ်သေးသည်။ Physiology အချိန်ဆို သူက အဆိုးဆုံး။ Centrifage တွေ Untra-Centrifage တွေကြားထဲ လိပ်ပတ်လည်အောင် ရှင်းပြနေသော ဆရာ၏ စကားကို မျက်လုံးလေး ကလယ်ကလယ်နှင့် စိတ်ဝင်စားပြတတ်သေးသည်။

အဆိုးဆုံးကတော့Biochemistry (ဇီဝဓာတု) လက်တွေ့ချိန်ပင် ဖြစ်၏။ အကောင် အထည်ဖော်၍မရပါသောDNA,RNA တွေက ရှေ့ကဆရာက ရှင်းပြတိုင်း သူက နောက်မှနေ၍ "သြော်" လိုက်နေ၏။ Enzyme နှင့် lock & key Function အကြောင်းရှင်းပြချိန် သူတစ်ယောက် နားလည်သလို တသြော်သြော်နှင့်။ သည်တော့မှ ကျွန်မလည်း သူ့ကို နောက်ချင်စိတ်ဝင်လာမိ သည်။


"ကိုကိုသြော်" ဟူ၍။


ဘယ်လိုဖြစ်တယ် မသိပါဘူး။ ထိုနေ့က ပြဿဒါးနေ့ပါ။ BC ခန်းကအထွက် သူနဲ့ ကျွန်မ ၀င်တိုက်မိလေရဲ့။ အမယ်မယ် ကိုကိုသြော်က စလည်းတိုက်သေး၊ှSony လည်း မလုပ်သေးဆို တော့ ကျွန်မဒေါသတွေ သည်တစ်ကြိမ် အုန်းအုန်း ကျွက်ကျွက် ဆူချေပြီ။


"သည်မှာကိုအ၀ှာ၊ ရှင် ကျွန်မကို ၀င်တိုက် သွားတာအခုချက်ချင်း တောင်းပန်ပါ"

သည်အခါမှ ပိုဆိုးတော့သည်။ တစ်လော ကလုံး သူ့လုပ်စာ ထိုင်စားနေသည့်ပုံနှင့် ခါးနှစ် ဖက်ထောက်ကာ ကျွန်မကို မျက်မှန်အောက်မှ စူးစိုက်၍ ကြည့်သည်။

"ခင်ဗျားစကားကြည့်ပြောဗျ၊ ကျုပ်ကို မထိပါးနဲ့"


ဘုရားရေ၊ သည်လူစိတ်ကြီးပုံကလည်း တစ်မျိုးပါလား။ ခင်ဗျားတွေ၊ ကျုပ်တွေနဲ့ပင် ကိုင်ပေါက်နေချေပြီ။ သူ၏ ပါးစပ်မှလည်း စက် သေနတ်ပစ်သလို မကျေနပ်သံတွေသာ တွင်တွင် ပစ်ခတ်နေတော့သည်။ ဘယ်လိုပင် မာနကြီးကြီး သူနှင့်တော့ မာနကို ဆယ်ပြန်လျှော့ရသည်။ မလျှော့၍လည်းမရ။ မလျှော့လျှင် လူတစ်ကိုယ် လုံးကိုပင် ၀ရန်တာပေါ်မှ ကိုင်ပေါက်လိုက်မှဖြင့်။ ကျွန်မလည်း အရှုံးမပေးချင်သော ကလေးဆိုး ဥာဉ်ကလေးဖြင့်...


"အမိန့်တော်မြတ်အတိုင်းပါ ကိုဒူဝေေ၀ကြီး ရှင့်"


ဟု အော်ကာ တစ်ချိုးတည်း လစ်ပြေးခဲ့ လေတော့၏။ ကြောင်အမ်းအမ်းမျက်နှာပေးနှင့် ကျန်ခဲ့သော သူ့ကို သဘောကျမဆုံးပင် ရှိခဲ့ သေးသည်။

၃။
"လူအကြောင်းပေါင်းကြည့်မှသိ" ဆိုသလို တကယ်တမ်းပေါင်းကြည့်တော့မှ"ကိုကိုသြော်" စိတ်ရင်းကို သိရတော့သည်။"ကိုကိုသြော်" က ဒေါသကြီးသော်လည်း စာအလွန်တော်သည်။ နောက်တစ်ခု သည်းခံလွယ်သည်။

သို့သော် မဟုတ်လျှင် မခံတတ်။သူနှင့် ကျွန်မ ရန်ဖြစ်သော ထိုနေ့လွန်၍ ၃ ရက်မြောက်တွင်ပင် သူနှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ သည်။ ခန္ဒာဗေဒအချိန် ဖြစ်သည်။ ထုံးစံအတိုင်း အလောင်းနံဘေးတွင် ခွဲစိတ်ဓားကိုင်ကာ "ကိုသြော်" ကြီး စာရှင်းပြချိန် ဖြစ်၏။ ဘေးနားမှ သီရိနှင့် မွန်မွန်ကတော့ သူရှင်းပြသည်ကို ဟုတ် သော်ရှိ၊ မဟုတ်သော်ရှိ အထင်တွေကြီးပြီး ခေါင်းလေးတွေ ညိတ်လို့ လိုက်နားထောင်လေ့ သည်။


ဤယနေ့တော့ ရာသီဥတုကြည်လင်သည်။ ကိုဒူဝေေ၀ကြီး ဟုခေါ်သော ကိုကိုသြော်က မုန့် လိုက်ကျွေးမည်ဆိုပဲ။ သည်လိုနှင့်ပင် ကျွန်မ ထိုင် လေ့မရှိသော ဆေးကျောင်းကန်တင်းလေးတွင် သူလို လူ့ခွစာကြီးနှင့် သိကျွမ်းခင်မင်ခဲ့ရသည် ဆိုပါစို့။ သူ၏ အပြောအဆိုများသည် နူးညံ့သိမ် မွေ့တတ်ပြီး လူတကာကို အပျော့ဆွဲဆွဲနိုင်သည် လေ။ ဒေါသကြီးတဲ့အချိန်ကလွဲရင်ပေါ့။ ပြီးတော့ ကျွန်မ အမက်မောဆုံးက သူ၏ မျက်လုံးများ။ အချိန်ပြည့် မျက်နှာကြီး ရှစ်ခေါက်ချိုးနှင့် လူ့ခွစာကြီး၏ မျက်မှန်ထူထူအောက်က မျက်လုံးတွေသည် သြဇာလွှမ်းလွန်းလှတော့သည်။


သူနှင့် ကျွန်မ တစ်ချက်တစ်ချက် အကြည့် ဆုံလိုက်တိုင်း ကျွန်မရင်တွေ အေးခဲ၍သွားသည်။ စားပွဲပေါ်မှ Ice Coffee ကလေးလို တုန်ယင် အေးစက်နေတော့သည်။ ကျွန်မနားမလည်သော ခေါင်းစဉ်မရှိသည့် ရင်ခုန်သံကို သူနှင့်ကျမှပင် ထိရှခံစားရတော့သည်။ အမြဲလိုလို ကျွန်မကို အလျှော့ပေးတတ်သော ပုရိသများကို ချော်၍ ကလေးဆိုးကြီးလို အနိုင်ယူတတ်သော လူ့ခွစာကြီးကိုမှ အထင်ကြီးရသတဲ့လား။ပြီးတော့ သူနှင့် မတွေ့ဆုံရသည့် စနေ၊ တနင်္ဂနွေအားလပ်ရပ်ကလေးတွေဆိုသူ့ကိုလွမ်းတတ်လာခဲ့သည်။


Anatomy လက်တွေ့ ဆင်းတိုင်း သူနှင့် အနီးကပ် နေလာခွင့်ရသောအခါမှ ရင်ခုန်သံက အတိုင်းအဆ မရှိ ပေါက်ကွဲပြင်းထန်လွန်းခဲ့သည်။ သူကလည်း ကျွန်မကို ခိုးခိုး ကြည့်သည်ပဲ။ အို မဟုတ်ပါဘူးလေ။ ဒါလည်း ကျွန်မကိုယ်ကျွန်မ စိတ်ကြီးဝင်တာပဲ ဖြစ်မှာပါ။သူနှင့် စတင်ခင်မင်ချိန်မှစ၍ ကျွန်မဘ၀ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ သည်ဆိုလျှင် မှားမည်မထင်။ ပထမနှစ်တုန်းက မိန်းကလေးတန်မယ့် ကျောင်းခေါ်ချိန်မပြည့်၍ ပါမောက္ခချုပ်၏ သြ၀ါဒခံယူပွဲကိုပင် တက်ရောက် လိုက်ရသော ကျွန်မ။ သူနှင့်တွေ့တော့မှ အတန်းတွေမှန်မှန် တက်ဖြစ် လာသည်။


အမြဲလိုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်သော သူနှင့် ကျွန်မ ကြားမှာ ဘာကြိုးတွေ ချည်နှောင်မှာလဲ။ ပူလောင်တဲ့ကြိုးလား၊ မပူ လောင်တဲ့ကြိုးလား၊ ချိုမြိန်တဲ့ကြိုးလား၊ ခါးသက်တဲ့ကြိုးလား။ လောလော ဆယ်မှာတော့ သူနှင့်ကျွန်မကြားကကြိုးက အဖြူရောင်သက်သက်ရယ်ပါ။စည်းမျဉ်းစည်းကမ်း ဖောက်တယ်ဆိုရမလားပဲ။


သည်ကြိုးကိုမှ ကျွန်မ အရောင်ဆိုးမိလိုက်သေးတယ်။ အုံ့ပုန်းစိတ်နဲ့ပေါ့။ အာဒံနဲ့ ဧ၀လက်ထက်က တည်းက ယောက်ျားပုရိသများ ဖွင့်ပြောမှသာလျှင် နှလုံးသားရေးကို ဆုံးဖြတ် ပိုင်ခွင့်ရှိတာကြောင့် နှုတ်ခမ်းတွေက ရေငုံနှုတ်ပိတ်။

သည်လိုနှင့်ပဲပေါ့။ ဒုတိယနှစ်ရဲ့ အမြဲလိုလို စာမေးပွဲတွေ တစ်ခုပြီး တစ်ခုကို ဖြေရင်း နာရီလက်တံတွေ၊ အဆက်မပြတ် ညည်းတွားသံတွေ ကျော်လွှားပြီးချိန် ကျွန်မရဲ့ နေ့စဉ်မှတ်တမ်းလေးမှာ သူ့အကြောင်း စာမျက်နှာတွေ များလာခဲ့ပါရဲ့။
၎။
"အချစ်ဆိုသည်မှာ ချိုမြိန်သော သစ်တော်သီးတစ်လုံး" ဟုဆိုလိုက်ချိန် တွင် သီရိနှင့် မွန်မွန် ထိုင်ရာမှပင်ထကာ ဟားကြလေတော့သည်။

"ဟုတ်ပါဘူးဗျာ။ ကျွန်တော် သိထားသလောက်က အချစ်ဆိုတာ မူးယစ်စေတဲ့ Alcohol ပါဗျာ"


လာပြန်ပြီ သည်စကား။ သူတို့ယောက်ျားတွေဟာလေ အရာရာကို ဟိုအရည်နှင့် တိုင်းတာလေသလား မသိ။

"ကိုယ် တိတ်တခိုး ချစ်နေရသူကို ဖွင့်မပြောရဲတာလောက် သတ္တိ ကြောင်တာ မရှိဘူးတဲ့။ အုံ့ပုန်းအချစ်ဟာ မသောက်ဘဲနဲ့ မူးတဲ့ ၀ိုင်လိုပါပဲဗျာ"
သောက်လက်စ Cold coffee ကို အယောင်ယောင်အမှားမှား ချလိုက် မိသည်။ ကျွန်မကို စောင်းပြောလေသလားဟူသော မျှော်လင့်ချက်အရိပ်အယောင်ကလေးနဲ့ သူ့ကို မော်ကြည့်မိစဉ် ဟင် သူ မျက်ရည်တွေဝဲလို့ရယ်။ထိုနေ့က အမှတ်တရနေ့လေးပါ။ ကိုဒူဝေ တစ်ယောက် ချိုင့်ကို ဖွင့်လို့ ထမင်းစားမယ် အလုပ်မှာ

"အမယ်လေးဗျာ ဟီး"


သည်အကွက်တွေ ကြိုတင်ချထားသော ကျွန်မက ဟန်မပျက်ဘဲနေပါသည်။ မွန်မွန်နှင့် သီရိကတော့ ဘုမသိဘမသိ ဖြစ်သွား၏။ ပြီးတော့ သူတို့လည်း ထအော်သည်။ ၀မ်းတွင်းပါ ဗီဇဆိုးလေးကိုက အစအနောက်သန်သောကြောင့် ယနေ့ ကိုဒူဝေေ၀ စားမည့် ထမင်းချိုင့်မှ ထမင်းတွေကို သွန်၍ မနက် partical ဆင်းတုန်းက ခိုးလှီးထားသော အလောင်းကောင် ၏ အသားစများကို ထည့်ထားခြင်း ဖြစ်သည်။


"ဟဲ့ ဟဲ့ နင်တို့ကလည်း ဘာဖြစ်လို့လဲဟာ"


ခပ်တည်တည် မျက်နှာပေးဖြင့် ကျွန်မက ၀င်ရောလိုက်သည်


"သြော် ဒါများ အမယ်လေး၊ ဆေး ကျောင်းသူတွေ လုပ်ပြီး သတ္တိကြောင်လို့ Anatomy နားနေခန်းက ဆရာတွေဆို ဘယ့်နှယ် လုပ်ကြမလဲ။ အဲဒီအခန်းနားမှာပဲ ၀င်လေ ထွက်လေ ရှုမှတ်ပြီး ထမင်းစားနေရတာ။ နင်တို့ ကိုက သည်းမှသည်း"


ဘာရယ်တော့ မဟုတ်။ သီရိနှင့် မွန်မွန် ပါးစပ်ကလေးများ ဟသွား၏။ အံ့သြသည့် အဓိပ္ပာယ်ပေါ့လေ။ ကိုယ့်ကိုယ်ကိုယ်တော့ တကယ့် သူရဲကောင်း ဆေးကျောင်းသူကြီး စတိုင်လ်အပြည့်။ ကိုသြော်ကြီး၏ မျက်နှာကို လှမ်းကြည့် လိုက်စဉ် ကျွန်မရင်မှ ပန်းလေးများ တဖြုတ်ဖြုတ် ကြွေသွားရတော့သည်။


"ဒုန်း"ခနဲ လက်သီးထုသံနှင့်အတူ ကန်တင်း တစ်ခုလုံး၏ အကြည့်ကို ကျော်လွှား၍ စားပွဲကို ထုချလိုက်လေသည်။ တဒင်္ဂ တိတ်ဆိတ်သွား သည့် ကန်တင်းလေးဝယ် ကိုဒူဝေ၏မျက်နှာ ကား ပြိုတော့မည့် မိုးလို။ သူ့နှုတ်ခမ်းဖျားလေး များ တဆတ်ဆတ် တုန်ယင်နေသည့်ကြားမှ မထီမဲ့မြင် ပြုံးပြလိုက်သေးသည်။


"နင် နင် သူများစားမယ့် ထမင်းလုတ် ပြုတ်ကျအောင်လုပ်တဲ့အတွက် နင်စားမယ့် ထမင်းလုတ်ကြီး သူများပါးစပ်ထဲ ရောက်သွား ပါစေဗျား"

မှတ်ကရော။ ထိုအခါမှ ကန်တင်းတစ်ခုလုံး ၀ါးခနဲ ပွဲကျသွားတော့သည်။ မွန်မွန်နှင့် သီရိရော ရယ်ရယ်မောမောပါ။ သူကတော့ ကန်တင်းမှ ထွက်သွားလေရဲ့။ သူတကယ် စိတ်ဆိုးသွားပါ လား။ ဘယ်သူမှ အလေးမထားပေမယ့် ကျွန်မ သိနေသည်လေ။ သူ့မျက်လုံးတွေ ဘယ်နှခါ ညို ဖူးလို့လဲ။ မျက်မှန်ထူအောက်က သူ့မျက်လုံးတွေ က အမြဲတမ်း ကြည်လင်နေခဲ့တာပါ။

ကျွန်မ လက်ချက်မှန်း သူသိသွားသည့် သဘောပါ။ အခိုက်အတန့် ခဏလေးဆိုပေမယ့် ရင်ထဲမှာ တဆစ်ဆစ်နာကျင်လောက်အောင်အထိ သူ့စကားတွေက အရှိန်မသေခဲ့ဘူးလေ။ အော်ရက်လိုက်တာ ရှင်ရယ်။ သည်အလောင်း အသားစတွေ ထည့်ထားတာနဲ့များ ဘာလို့ ဒီလောက်အော်ရက်တာလဲ။ ရှင် ထမင်းမစားရမှာ ကြိုသိလို့ သည်က လိုက်ကျွေးဖို့ ပြင်ထားပြီး သားပါ။


သည်စကားတွေသာ မပြောဖြစ်ဘဲ လည်မျို မှာ ထစ်နေခဲ့တာပါ။ အသက်ရှူသံတွေ အယောင်ယောင်အမှားမှားနဲ့ သက်ပြင်းတွေသာ အကြိမ်ကြိမ် နေရာယူရင်း ကျွန်မရင်မှာ တစ်စုံ တစ်ခု လစ်လပ်သွားသလို။သူတိုက်လိုက်တဲ့ ကျိန်စာကသာ ဘယ်တော့ မှ အငွေ့မပြယ်မယ့် မီးခိုးလို ကျွန်မ ရင်ဝယ် နေရာလပ်မရှိ မွှေနှောက်လိုက်လေသည်။

၅။
2nd test ဖြေရန် ၅ ရက်သာ လိုတော့သည် တဲ့။ Anatomy အားသန်သော ကျွန်မအဖို့ Anatomy စကိုင်ရသည်။ စာကြည့်စားပွဲရှေ့ ကပ်ထားသော Notice စာတမ်းလေးက စာကျက်ပျင်းသော ကျွန်မကို ကလူ၏သို့မြှူ၏ သို့။ ဒုတိယနှစ်၏ ဘာသာသုံးရပ်ကား နည်း နည်းမှ မသက်သာ။ စာအုပ်ကို လက်မှချမည်ပြင် သည်နှင့် Supple လား၊ Roundလား၊ Mp လား ကြိုက်ရာ ရွေးလုပ်ရတော့သည်။
ကျွန်မ အိမ်တွင် မွန်မွန်၊ သီရိနှင့် ကိုဒူဝေကြီးတို့ စာလာဖတ်ကြပြီ ဖြစ်၏။ ထုံးစံ အတိုင်းပေါ့ အာဂမလေးတွေ အဘယ်မှာ စာရ လိမ့် မတုံး။ ကိုဒူဝေမှပဲ ရှင်းပြနိုင်တော့သည် တမုံ့။

နာရီလက်တံတွေက တဆိတ် လွန်လွန်း သည် ထင်သည်။ အစောက ၉ နာရီ၊ အခု ၁၂ နာရီ။ ည ၂ နာရီခွဲအထိ ကျက်ဖို့ တိုင်ပင်ထားကြ သည်။ မေမေက အိပ်ချင်ပြေအောင် ဆိုပြီး လက်ဖက်ရှူးရှဲကို ပုစွန်ခြောက်နိုင်းချင်းနှင့် သုပ်လာပေးခဲ့သည်။ ဟိုတစ်နေ့ကတော့ သံပရာ ရည် ချဉ်ချဉ်လေး။ မေမေ့ လက်ဖက် ဘယ် လောက် စွမ်းစွမ်း၊ ကမ္ဘာပေါ်၌ အလေးဆုံးသော အရာ မျက်ခွံဆိုတာကြီးကို ရေရှည်ထမ်းထား နိုင်မည် မဟုတ်။ သည်တော့လည်း ကိုယ့်နည်း ကိုယ့်ဟန် နောက်တစ်မျိုး ထွက်ပေါက်ရှာရ သည်ပေါ့။


မွန်မွန်က မအိပ်ချင်အောင် ဟု ဆိုကာ လမ်းလျှောက် ကျက်သည်။ စာတစ်ပိုဒ်တည်းကို ပင် သူမမှာ အခေါက်ခေါက်အခါခါ ဖတ်နေရ သည်။ သီရိရော ဘာထူးလဲ။ သူလည်း အိပ်ချင် တာကို ဇွတ်အတင်း ခုခံထား၍ မျက်လုံးကြီး များ အဆမတန် ပြူးပြူးထွက်လာသည်။ အဲ ကိုဒူဝေကြီးကရော ဘာစတန့် ထွင်ပြန်ပြီလဲ မသိ။အုန်းသီးကို ခေါင်းခု၍ စာကျက်လေပြီတည်း။ လေးယောက်သား ကျက်နေသည်က Neuroanatomy စာမဖတ်ခင်က အကောင်းပါ၊ ဖတ်ပြီးမှ တကယ့်ကို Nerve တွေ ထုံထိုင်းချင် လာသည်။


ကိုယ့်ရုပ်ကိုပင် မှန်ထဲ ပြန်မကြည့်ဝံ့ လောက်အောင် မျက်တွင်းတွေက ဟောက်ပက်။ ခံပေါ့။ ခုမှ ၀ရုန်းသုန်းကား ထဖတ်တဲ့ ကျွန်မ။ ကိုယ့်ကိုယ်ကိုယ် အပြစ်ဖို့ရင်း မျက်လုံးများက မှေးစင်းလာလိုက်၊ နံရံပေါ်မှာ ကိုဒူဝေ၏ "တကယ်လုပ်လျှင် အဟုတ်ဖြစ်မည်" စာတန်းက ပေါ်လာလိုက်။


သီရိနှင့် မွန်မွန်တို့၏ ခြေသံများက နီးတစ်ခါ၊ ဝေးတစ်လှည့်။ ကိုဒူဝေကြီး ခေါင်းအုံး အိပ်သော အုန်းသီးက ကြီးလာလိုက်၊ သေးသွား လိုက်နှင့် အိပ်မောကျလုဆဲဆဲ


"ဒုန်း"

မြေငလျင်လှုပ်သည်မှတ်၍ အလန့်တကြား ကြည့်မိလိုက်သည့် ကျွန်မ အလွဲကြီး လွဲရတော့ သည်။ အားပါး ကိုဒူဝေကြီး အုန်းသီးပေါ်မှာ အိပ်ငိုက်မိ၍ ခေါင်းနှင့် ကြမ်းပြင် မိတ်ဖွဲ့မိခြင်း ပင်။
ထိုအခါမှ ရှက်ကိုးရှက်ကန်းနှင့် စာအုပ်ကို ကောက်ကိုင်လိုက်ရာ ပြောင်းပြန်ဖြစ်နေသည့် အပြင် ပါးစပ်မှ ဆိုလိုက်သည်ကလည်း
"ဣတိပိ သော၊ ဣတိပိသော"
တဲ့လေ။
ထိုနေ့ည ဘယ်လို အိပ်အိပ် အိပ်၍ပင် မပျော် တော့ပါချေ။

၆။

ထိုနေ့က မှတ်မှတ်ရရ ဗုဒ္ဓဟူး။
Anatomy စဖြေသောနေ့။ အပြင်ဘက်တွင် အုံ့ဆိုင်းနေသော မိုးတိမ်များက နေရာယူထားသည်။ ကျွန်မရှေ့ဝယ် အဆင်သင့်ရှိနေသော မေးခွန်းလွှာကို ကောက်ကိုင်းရင်း မျက်မှောင်ကြုတ်သထက် ကြုတ် သွားရတော့သည်။ သွားပြီ။ ညက စာကြည့်ထားသည့် ဒဏ်က စာမေးပွဲမှ လာထိလေပြီ။ ခေါင်းတွေတဆစ်ဆစ် နာကျင်နေရသည့်အထဲ အခန်း စောင့်တာဝန်ကျဆရာ ဒေါ်စန္ဒာမျိုး၏ အကြည့်တွေကြောင့် ကြောက် အားလန့်အား ရှိစုမဲ့စုစာတွေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားသလို။

သီရိနှင့် မွန်ကတော့ အေးဆေးပါဘဲ။ ကိုဒူဝေကြီးကတော့ ကုန်းဖြေ နေပုံထောက်ရင် ဂုဏ်ထူးမှန်းလားပဲ။ ကျွန်မမှာဖြင့် အောင်မှတ်လေး ၁ မှတ်စီကို ခရုကောက်သလို တစ်ခုချင်းစီပင် ပင်ပန်းပန်းကောက်ရသည့်နှယ်။ ကိုယ့်ကိုယ်ကိုယ် အောင်ပြီဟု ကျိန်းသေတွက်ပြီးလောက်ချိန် ကျွန်မ ခံနိုင်ရည် မရှိတော့၍ စားပွဲပေါ်တွင် ခေါင်းချ၍ပင် အိပ်ပျော်သွားခဲ့ပါသည်။


မည်မျှကြာသွားသည် မသိ။ ရုတ်ရုတ်သဲသဲ အသံများကြားမှ အဖြေလွှာ အပ်ချိန်ရောက်မှန်း သိလိုက်ရသည်။ ထိုအခါမှ ပျာပျာသလဲနှင့် တစ်ပုဒ်ပြီး တစ်ပုဒ် မျဉ်းတွေ လိုက်ပိတ်ပါသော်လည်း ဆရာမအနားသို့ ရောက်လာ၍ အဖြေလွှာ အပ်လိုက်ရတော့သည်။စာမေးပွဲခန်း အပြင်ရောက်တော့ ကိုဒူဝေ ကျွန်မကို ငေါက်၏။ သည်ကလည်း တတ်မှ မတတ်နိုင်တော့ဘဲ။ အဲသလိုမှ မအိပ်လိုက်ရရင် နောက်နေ့ ဘာသာတွေထိတော့မပေါ့။ သူစေတနာရှိတာကို အသေချာကြီး သိနေပါသည်။ သို့သော် ကျွန်မဘက်မှ ဝေဒနာခံစားမှုကို နည်းနည်းမှ မငဲ့ ကွက်ဘဲ တစ်ဆူတည်း ဆူနေတော့သည်။


ပြက္ခဒိန်ကနေ့ရက်များသည် ရက်ရာဇာများသာ ဖြစ်ပါသည်။ကျွန်မ နှလုံးအိမ်မှ ပြက္ခဒိန် စုတ်ချာချာလေးကတော့ နေ့စဉ် ပြဿဒါး မုန်တိုင်းဒဏ် မိနေရှာတော့သည်လေ။


၇။

ထိုနေ့က ကမ္ဘာ့မိုးခြိမ်းသံကြီးအဆက်မပြတ် မြည်ဟည်းတဲ့နေ့။ တစ်နည်းဆိုသော် Physiology ဖြေတဲ့ Test 2 အပြီးနေ့။ ပျော်တဲ့သူနဲ့၊ ရယ်မောတဲ့ သူနဲ့၊ ငိုတဲ့သူနဲ့ စသဖြင့် အမျိုးမျိုးအဖုံဖုံထွက်လာ သူတွေထဲက ကျွန်မကို သူစောင့်နေခဲ့သည်လေ။ အပြင်ဘက်မှာ စောင့်နေတဲ့ သူ့မျက်လုံး တွေက စူးရှလွန်းနေသည်။

"လင်းစက် နင်ဖြေနိုင်ရဲ့လား"


သူဘာ့ကြောင့် ရွှင်မြူးနေရသနည်း။ သူ့အမေးကို အလိုက်အထိုက်တော့ ခေါင်းညိတ်ပြလိုက်မိသည်။ ဘယ်နေရာ၌ မုန်တိုင်းရှိလေသည် မသိ။ ယနေ့ မိုးဖွဲဖွဲလေး ရွာနေသည်။ သူရော၊ ကျွန်မရော မတိုင်ပင်ထားပေမယ့် ခြေလှမ်းများက ဆေးကျောင်းအနောက်ဘက်ရှိ တမာပင်တန်းများ ဆီသို့။ သိပ်မထူးဆန်းပါ။


အရင်နေ့တွေကလိုပဲ ကချင်ပုဆိုးကြားကြီးနှင့်ပါ။ ထူးဆန်းတာက သူ့ ခြေလှမ်းတွေ အရမ်းသွက်နေခဲ့သည်။ကျွန်မတို့ နှစ်ယောက်လုံး မိုးစိုခံပြီး လျှောက်သည်။ သို့သော် တစ်စထက် တစ်စ မိုးကား သည်းလာသည်။ မြေသင်းရနံ့ကို အဆုတ်ထဲ ၀အောင် ရှူရှိုက်လိုက်သည်။ မရောက်တာကြာပြီဖြစ်တဲ့လမ်းက ရေညှိတွေ တောင်တက်နေပြီ။ စိမ်းဖန့်ဖန့် တမာရွက်အချို့က မြေသင်းရနံ့နှင့်အပြိုင် သင်းနေလေသည်။


ရံဖန်ရံခါ လျှပ်စီးတွေပင် လက်တတ်သေး၏။ သူ ပြောမည်ဆိုသော စကားကို ရင်တမမနှင့် နားစွင့်ခဲ့ရသည်။ ကျွန်မ၏ နှလုံးခုန်သံ မူမမှန်မှု တွေကို မိုးရေကြားထဲ မသိမသာ မျှောချထား လိုက်သည်။


"လင်းစက် ငါ နင့် နင့်ကို ပြောစရာ ရှိတယ်။ ဟိုလေ နင် စိတ်မဆိုးဘူးလို့ ငါ့ကို ကတိပေးနော်"



ကျွန်မနှင့်သူ အနီးကပ်ဆုံး ရှိနေကြသည်။ ကျွန်မ ခေါင်းငုံ့ထားပါသည်။ ရင်တွင်း၌ အပျော် တွေ ပုတီးလိုသီလို့။ သူ၏ လမ်းခင်းစကားကို ကျွန်မ ကျေကျေနပ်နပ်ကြီး နားစွင့်နေလို့ လေ အဝှေ့မှာ သင်းပျံ့ပျံ့ တမာရနံ့နှင့်အတူ ရင်ခုန်သံ တွေ ရပ်တန့်သွားတော့မတတ် အေးခဲနေ၏။


"ဟို ဟိုလေ ငါ ငါ သီရိကို သိပ် သိပ်ချစ် နေမိပြီဟာ"


"ဘာ"


ကျွန်မနှလုံးခုန်သံ ရုတ်ခြည်းဆောင့်ရပ်သွား ရသလို....။ ဘေးနားရှိ တမာပင်တို့သည် ကျွန်မမျက်လုံးအတွင်းဝယ် တစ်ပင်ပြီးတစ်ပင် သာ ပြိုလဲလို့။

မိုးနှင့်မြေပါ တက်တက်စင်အောင် လွဲသော အဖြေတစ်ခုအတွက် ကျွန်မ နှုတ်ဖျားလေးများ တဆတ်ဆတ်တုန်ယင်နေသည့်ကြားမှ အတတ် နိုင်ဆုံး ဟန်ဆောင် ပြုံးနိုင်ခဲ့ပါသည်။

"အေးဟ သီရိကို အစကတည်းက ကြိုက်မိ တာ။ ဒါကြောင့်လည်း နင်တို့နဲ့ တွဲခဲ့တာပေါ့"


ရှင်ရယ်။ ရှင့်ရဲ့ ရင်ဖွင့်သံတွေက လျှောက် လဲချက်တွေ ပေးနေသလိုပါပဲ။ အားနာတတ်မယ် ဆိုရင်လေ ရှင်ထပ်ထပ်မပြောပါနဲ့တော့ရှင်။ ကျွန်မ ရင်ဝယ် မပြောဖြစ်သော စကားများသာ အစီအရီ။ သူ ကျွန်မကို မျှော်လင့်ချက် ပေးခဲ့ တာလား။ ကျွန်မကပဲ အရဲကိုးပြီး မျှော်မိနေရတာ လား။ ဘာတတ်နိုင်မှာလဲ။

ကောင်းကင်ကြီးက မှိုင်းညို့နေသလို ကျွန်မ မျက်လုံးများ နီစွေးလာရသည်။

"အေး အေးပါဟ ကိုသြော်ကြီးရ။ ငါ ငါ အောင်သွယ်ပေးမှာပေါ့ဟ။ နင်နဲ့ ငါက အချစ်ဆုံး သူငယ် သူငယ်ချင်းတွေပဲ မဟုတ်လား"


အတန်ငယ် သတိထားနေသည့်ကြားမှ ကျွန်မစကားတွေ အဖျားခတ် တုန်ယင်လို့သွား သည်။


"ကျေးဇူးပဲ လင်းစက်ရာ"


ကျေးဇူးတဲ့လား ရှင်ရယ်။ တကယ်ဆို ဝေဿန္တရာလုပ်ရတော့မှာပါလား။ ကျေးဇူးဆိုတဲ့ စကားအစား အရင်ကလို"နင့်ကို ငါ ကြည့်မရ ဘူး"လို့ ပြောလိုက်ပါတော့လားဟာ။ ငါဟာ နင့် လို နေမင်းကိုရံတဲ့ ကမ္ဘာလို အရန်လူသက်သက် ပါဟာ။ နင့်အလင်းရောင်ကို နေ့တစ်ဝက်ရပြီး၊ ညတစ်ဝက် မရခဲ့သူပါဟာ။


မိုးတွေ သည်းသထက် သည်းလာသလို ကျွန်မမျက်ရည်တွေ ပါးပြင်ထက်မှာ ဒလိမ့် ကောက်ကွေး နေရာယူလို့။ သူ မမြင်အောင် ကျောခိုင်းပြီး တမာပင်တန်းဘက်ကို ဖြတ် လျှောက်ရင်းနှင့်ပေါ့။ သူ၏ တစ်ချိန်က ကျိန်စာ။


"သူများစားမယ့် ထမင်းလုတ်ကြီး ပြုတ် ကျအောင်လုပ်တဲ့အတွက် နင် စားမယ့် ထမင်း လုတ်ကြီး သူများပါးစပ်ထဲ ရောက်ပါစေဗျား"

ကျွန်မ တိတ်တခိုး ရင်ခုန်နေရသည့် သူ သည်လည်း တစ်ပါးသူအပါး သက်ဆင်းသွား ရပါလား။

"အချစ်ဆိုတာ အရမ်းချိုတဲ့ သစ်တော်သီး ပေါ့"


"ဟာ မဟုတ်တာ။ အချစ်ဆိုတာ မူးယစ် စေတဲ့ Alcohol ပါဗျ"


ဒဿနစုလေးများကား နားထဲသို့ တရစပ် ထိုးဝင်လာသည်။ စိမ်းဖန့်ဖန့် တမာပင်တို့၏ ရနံ့ကို ချမ်းအေးသည့် မိုးရေနှင့်အတူ အဆုတ်ထဲ ရှိုက်၍ရှိုက်၍ သွင်းပစ်လိုက်သည်။


"တကယ်တော့ ကျွန်မအတွက် အချစ်ဆိုတာ မွှေးလျက်နဲ့ ခါးတဲ့တမာ" အဝေးရှိ ဆင်ဝင် အောက်တွင် ကျောင်းသားတချို့ မိုးခိုနေကြဆဲ။ လေအဝှေ့ဝယ် တစ်ချက်တစ်ချက်ပါလာသော မြေသင်းရနံ့လေးကား သင်းပျံ့ဆဲ။ထို့အတူ ကမ္ဘာတည်သရွေ့ သင်းသင်းလေး မွှေးတတ်သော တမာတို့သည်လည်း ခါးမြဲ ခါးဆဲ။


လင်းစက်နွယ်

ခုတင်ဘေးက သင်ခန်းစာ


၁။
နောက်ကျနေမြဲ နောက်ကျနေ တတ်သော ခင်သန့်စင်သည် တစ်ခါလည်း ပိုးသတ် ဆေးနံ့တွေ၊ လူနာနံ့တွေ ရောပြွမ်းနေသည့် ကော်ရစ်ဒါ တစ်လျှောက် ခပ်သုတ်သုတ်လေး ပြေးလာနေသည်။
ပန်းနုရောင် ဒေါက်ဖိနပ်ကလေး၏ တဒေါက်ဒေါက် အသံမြည်ရာ နောက်ကို လူနာစောင့် တချို့က ငေးကြည့်နေလို့။ မ၀တ်ရသေးတဲ့ Duty Coat ကို ကိုယ်ပေါ် လွှားခနဲ တင်လိုက်ရင်း မန္တလေးဆေးရုံကြီး၏ ခွဲစိတ်ရုံ အမှတ်(၁)သို့ အမောတကော ရောက်ရှိလာသည်။

“မင်္ဂလာပါဆရာ”

အမြဲလိုလို နောက်ကျသည်မှာ ထုံးစံ အတိုင်းလို ဖြစ်နေသော သူမကို ဘယ်သူမှ အထူးတဆန်း မလုပ်ပေမယ့် ခုတင်ပေါ်က လူနာလေးကတော့ မျက်လုံးလေး အ၀ိုင်းသားနှင့် ငေးကြည့်နေသည်။ အဲဒါမှ ဒုက္ခပါ။ History Taking (လူနာရာဇ၀င်မေးခြင်း) မပြုလုပ်လိုက်ရသည့် အတွက်ဘာ Case လဲ ခင် မသိပါ။ ဘေးပတ်ဝန်းကျင်က ခုတင်တွေဘေးမှာ ဂျူတီကုတ် ဖွေးဖွေးတွေ၏ လှုပ်ရှားမှုတွေ။ အို ကြည့်နေရင်းနှင့်ပင် ခင် ခေါင်းမူး၍ လာသည်။

ညစဉ် စွဲသောက်နေရသည့် Diazepam တန်ခိုးက မပြယ်သေး၍ပဲလား၊ အိမ်၌ ဆင်နွှဲ နေကျ အရှုပ်တော်ပုံကြောင့်လား မသိ။ ရီဝေေ၀နှင့် ခေါင်းတွေ မူးလှသည်။ မေမေ၊ ဟုတ်ပါရဲ့  ခင့် မေမေက အလွန်သနားစရာ ကောင်းလှသည်။ ပြီးတော့ ဟိုလူကြီး။ ခင့်ပထွေး ဦးခင်မောင်။ သူ၏ မျက်လုံးစက်ကွင်းများ သံသရာမှ ဘယ်သောအခါ လွတ်ကင်းပါ့မလဲ။ အဲသည် မျက်လုံး စိမ်းကြီးတွေကို ခင် မုန်းလှသည်။

ယောက်ျားတွေရဲ့  အကြောင်းကို ခင် နားမလည်ပါ။ သို့သော် နားလည်နိုင်အောင် ကြိုးစား နေရင်းနှင့်ပဲ ခင့်ဖေဖေက မေမေနှင့် နားလည်မှု ယူပြီး ကွာရှင်း စာချုပ် တစ်ခုနဲ့ ထွက်ခွာသွားခဲ့တာ ခုချိန်ထိပဲပေါ့။ ခင် ဆေးကျောင်း စတက်တဲ့နှစ်ကတည်းက တတိယနှစ် ရောက်တဲ့ အထိ ခင့်ဖေ ဖေဆီက ဖုန်းအဆက်အသွယ်ပင် မရခဲ့လောက်အောင် ဖေဖေက ခြေရာဖျောက် ကောင်းလွန်းခဲ့ သည်လေ။

ဘယ်လိုပဲ ခြေရာ ဖျောက်ဖျောက် ပါမောက္ခ ဒေါက်တာ ဦးလွင်ငြိမ်းရဲ့ ခြေရာတွေဟာ မန္တလေး ပြည်သူ့ ဆေးရုံကြီးရဲ့ ခွဲစိတ်ရုံ ကော်ရစ်ဒါတွေ ပေါ်မှာ၊ ခွဲစိတ်ခန်းက ကြမ်းပြင်တွေပေါ်မှာ ပြန့်ကျဲနေမည်ပဲ။ ပြီးတော့ ခင့်မိသားစုလေးရဲ့ ပျော်ရွှင်ဖွယ် ရိပ်မြုံလေးကို တစ်ခဏ အတွင်း ၀င်ရောက် ချဉ်းနင်း ဖျက်ဆီးခဲ့တဲ့ ဒေါက်တာမိုးသွယ်။ သူမ M.Sc တက်နေရင်းက ဖေဖေ့ဆီက ပညာ တွေရော၊ အချစ်တွေရော၊ သာယာမှုတွေရော၊ ပြီးတော့ ခင်နဲ့ ခင့်မေမေရဲ့ မျက်ရည်စ အကျိုးအပဲ့ တွေရော သိမ်းကျုံး ယူသွားခဲ့တာ ဘယ်အရာတွေ နဲ့ ပြန်ပြီး ပေးဆပ်မလဲ။

ဖေဖေ့ကို အရွဲ့တိုက်ချင်ခဲ့တဲ့ မေမေက နောက်အိမ်ထောင်ပြု။ တကယ်တော့ ခင့်ဖေဖေဟာ တာဝန် မကျေခဲ့ရုံမက တာဝန်ပါ မသိတတ်တဲ့ ယောက်ျား တစ်ယောက်ပေပဲ။ သည်မြို့၊ သည်ကျောင်း၊ သည်ဆေးရုံမှာ ကျင်လည်ခဲ့ကြပေမယ့် ခင့်ဖေဖေက ခင်နဲ့မတွေ့အောင် အရှောင် အတိမ်း ကောင်းလွန်းခဲ့သည်။ ခင့်ဘက်က ပျောက်ဆုံးခဲ့သော ဖခင်တစ်ယောက်ရဲ့ မေတ္တာ တွေကို လွမ်းဆွတ်တမ်းတရမည့် အစား နာကြည်းစိတ် တရစပ်ဖြင့် ဖိကြိုးစားခဲ့သည်။ ဒုတိယနှစ်တွင် ရရှိခဲ့သော ခန္ဓာဗေဒ(Anatomy) ဂုဏ်ထူး အကြောင်း ခင့်ဖေဖေကို ပြောပြချင်သည်ထက် ယိုးယွင်း ပြိုကွဲယိုင်နဲ့ နေသော နှလုံးအိမ်များ အကြောင်းကိုသာ တွင်တွင် ပြောပြချင်ခဲ့သည်။

“ဟဲ့ ခင်သန့်စင်။ ဆရာ နင့်ကိုမေးနေတယ် လေ”

အတွေးတွေ ဘယ်ရောက်သွားသည် မသိ။ သင်ခန်းစာပေါ်မှာ အာရုံစူးစိုက်မှု မရှိခဲ့ခြင်းက သူမအမှားပါ။ Gastretomy (အစာအိမ်ဖြတ် တောက်ခြင်း) အကြောင်း။ မျက်လုံးများစွာက သူမကို ငေးကြည့်နေသည်။ ဟင့်အင်း၊ ခင် ဘာမှ မသိပါ။ တစ်ဆိတ် ကျေးဇူးပြုပြီး စာအကြောင်း ခေတ္တ မေ့ထားရအောင်ပါ။

သို့ပေမယ့် ခင့်စကားတွေ အန်ထွက်ရမည့် အစား မျက်ရည်တွေ ရစ်ဝဲလို့သာ လာခဲ့သည်။ ထို့နောက်တွင်ကား ဆရာ၏ စိတ်ပျက်သော မျက်လုံးများသာ သူမတစ်ကိုယ်လုံးပေါ်  ဖြန့်ကြက် နေရာယူထားခဲ့လေသည်။

၂။
သည်တစ်ခေါက် ခွဲစိတ်ရတာ အပင်ပန်းဆုံးပါပဲ။ မတုန်စဖူး ကျွန်တော့် လက်တွေ တုန်နေတော့တာပါလား။ ကြည့်ပါဦးလေ။ သမီးလေးက ပန်းနုရောင် ၀မ်းဆက်နဲ့ ကတိုတ်ကရိုက် ပြေးလာလိုက်တာ။ ဒါပေမယ့် ကျွန်တော့်ကို မြင်မသွားလို့ တော်သေးတာပေါ့။ တော်ကြာ သစ္စာမရှိခဲ့တဲ့၊ ဖခင် မပီသခဲ့တဲ့ ဖအေအတွက် စိတ်ထိခိုက် နေရပါဦးမယ်။

Operation Field ၌ ကျွမ်းကျင်စွာ လှုပ်ရှား နေပေမယ့် ဦးလွင်ငြိမ်း လက်တွေ တုန်နေသည်။ သူ၏ မျက်စိ၌ ပေါ်နေသည်က သွေးကြောတွေ၊ ကြွက်သားတွေ မဟုတ်။ သူကိုယ်တိုင် တစ်လွှာချင်းစီ ခွဲစိတ် ဖြတ်တောက် ပစ်ခဲ့သော မိသားစု ရိပ်မြုံကလေး။ ပြီး သူကိုယ်တိုင် ပြန်မချုပ် ပေးခဲ့သော ဒဏ်ရာတွေ။ နောင်တဆိုတာ ပြန်ပြင်ခွင့် ရှိမယ်ဆိုရင် သူ့အမှား သူဝန်ခံပြီး ဟိုးအရင် အတိုင်း ပျော်ရွှင်ဖွယ် ဘ၀လေးကို မက်မော နေမိမှာပါ။ မိုးသွယ်ဟာ ခင့်မေမေလောက် အပြုအစု အယုအယတွေ မကောင်းခဲ့ပါလားလို့ သိလိုက် ရချိန် ဂရုစိုက်မှုတွေ အင်မတန် ခုံမင်လွယ်တဲ့ သူ့နှလုံးက တဆစ်ဆစ် နာကျင်လာတတ်ပြီ။

ပြီးတော့ မိုးသွယ်က ကလေး လုံးဝ မလိုချင်တဲ့ အတွက် သူ့ဘ၀ရဲ့ ခြောက်ခန်းသွားတဲ့ အရာတွေကို သာယာနာ ပျော်ဖွယ် ဆည်းလည်းသံတွေနဲ့ အစားထိုးခွင့် မရှိခဲ့ဘူးလေ။ တကယ်တော့ မိုးသွယ်ရဲ့  အလှအပတွေ၊ ညှို့ ငင်နိုင်စွမ်းကြီး လွန်းတဲ့ မျက်လုံး ညိုညိုလေးတွေဟာ သူ့ဘ၀ရဲ့  ထောင်ချောက်လို့ စတွေ့ကတည်းက သိခဲ့ရင် သိပ်ကောင်းမှာပဲ။

ပြီးတော့ သမီးလေး ခင်သန့်စင်။
အိမ်ထောင်ကွဲမှာကို မိုးပြိုမှာ ကြောက်တဲ့ နှံပြည်စုတ် ငှက်ကလေးလို ဆောက်တည်ရာ မရဖြစ်ခဲ့တာတွေ၊ ရင်ကြားစေ့ပေး နေရင်းကပဲ တစ်စစ ပြိုကွဲသွားတဲ့ အိမ်ကလေးကို နာကြည်း ရိပ်တွေနဲ့ ကြည့်နေခဲ့တာတွေ၊ တကယ်တော့ ဖေဖေ မှားပါတယ်ဆိုတဲ့ စကားကို ပြောချင်ခဲ့တဲ့ နေ့ရက်တွေ၊ ပြီးတော့ သတ္တိကြောင်ခဲ့တဲ့ ၀န်မခံရဲခြင်းတွေကြောင့် အလှမ်းဝေးခဲ့ရတဲ့ သားအဖ မေတ္တာတွေ။

နုပျို လန်းဆန်းနေရမယ့် အစား နာကြည်း ရိပ်တွေကြောင့် တည်ငြိမ်နေတဲ့ သမီးလေးကို ထပ်ပြီး မနာကျင်စေတော့ဘူး။ ဖေဖေမှားပါတယ်။ လှမ်းညှပ်လိုက်သော သွေးလွှတ်ကြော ကလေးသည် မလွတ်စဖူး လွတ်ထွက် သွားလေသည်။ အစိမ်းရောင် နှာခေါင်းစည်းအောက် အတောမသတ် လိမ့်ဆင်းလာသော မျက်ရည်များကြောင့် ခွဲစိတ်နေသော မြင်ကွင်းလေးသည် ရုတ်ခြည်းေ၀၀ါးသွားလေသည်။

၃။
Bailey and Love's Surgery(Vol:2) စာအုပ် ကို ပိုက်ရင်း ဒေါက်တာ မင်းနောင်တစ်ယောက် အတွေးပွား၍ လမ်းလျှောက်လာခဲ့သည်။ လူနာ ဆောင်မှအထွက်
“ဟင် လိပ်ပြာမလေး”
ပန်းနုရောင် ပါတိတ်ဝမ်းဆက်၊ ပန်းနုရောင် ပါးပြင်၊ ပန်းသွေးရောင် နှုတ်ခမ်းအစုံဟာ အရင် အတိုင်း ညှို့ငင်နိုင်စွမ်း ရှိနေတုန်းပါလားလို့ မင်းနောင် အလန့်တကြား လက်ခံလိုက်ရလေသည်။ သူမသည် မင်းနောင်တစ်ချိန်က အသည်း စွဲခဲ့သော ဘုရင်မ။ ယခုတော့ သူ့ ဆရာကြီး၏ ဇနီးသည်။

ဆေးကျောင်း ပထမနှစ်ကတည်းက သူမကို စိတ်ဝင်စားခဲ့ပေမယ့် ယနေ့ အချိန်ထိ ချစ်စကား မပြောခဲ့ လိုက်ရတာတွေဟာ မင်းနောင်ရဲ့  ညံ့ဖျင်းမှုတစ်ခုပဲလား။ အဝေးကနေ လျှောက်လာလိုက်တာ ပန်းနုရောင် လိပ်ပြာလေး ပျံဝဲလာသလိုမို့ လိပ်ပြာမလေးလို့ သူ တိတ်တခိုး နာမည်ပေးခဲ့သည်။

ပြီးတော့ ဒုတိယ လိပ်ပြာမလေး။
သူမကို သည်နေ့ Bed Side သင်တုန်း စတွေ့ခဲ့ရသည်။ ဘာအရောင်မှ ခြယ်သ မထားခဲ့သော ဖြူမို့မို့ မျက်နှာလေးသည် နောက်ကျသည်ကို ရှက်ရွံ့ အားနာစွာဖြင့် မင်္ဂလာပါဆရာ ဟူ၍လည်း တုန်တုန်ရီရီ နှုတ်ဆက်ခဲ့သေး၏။ သူမ သူငယ်ချင်းများ၏ အပြောအရ ဒုတိယနှစ်တုန်းက ခန္ဓာဗေဒ ဂုဏ်ထူး ထွက်ထားသည့် သူမသည် သည်နေ့ ဘာစာမှ မေး၍ မရပါလား။

သူမပုံစံသည် ပျံရင်းနှင့် အတောင်ကျိုးသွားသော ငှက်ငယ်လေး တစ်ကောင်နှင့် တူသည်ဟု ရံဖန်ရံခါ ပန်းချီဆွဲလေ့ ရှိသော မင်းနောင်က ကောက်ချက် ချလိုက်လေသည်။ ပြီးတော့ မိုးသွယ်နှင့် သူမသည် အသွေးတူ၊ အဆင်းတူ လိပ်ပြာမလေးတွေ ဆိုပေမယ့် မိုးသွယ်၏ မျက်နှာသည် အရာရာကို ကျေနပ်နေသော မျက်နှာ၊ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲနေသော မျက်နှာနှင့် တူ၏။

Duty Coat ဖြူလွလွအပေါ် Littmann နားကြပ် အကောင်းစား တင်ထားပေမယ့် ဒုတိယ လိပ်ပြာမလေးရဲ့  မျက်နှာက ၀မ်းနည်း ပူဆွေးရိပ်တွေ လွှမ်းခြုံ ထားခဲ့သလို ချွန်သွယ်သော မေးစေ့လေးနှင့် (ပင်ပန်း၍ထင့်) ငေါထွက်နေသော ပါးရိုးများကြား အထူးဆန်းဆုံး အရာသည် မျက်လုံးများ။ နာကြည်းရိပ် ဖြင့် တလက်လက် တောက်ပနေသော မျက်ဝန်းများဟု မင်းနောင် ကဗျာဆန်ဆန် တွေးလိုက်မိသည်။

“ဟာ ဆောရီးပါ ဆရာ”
လာပြန်ပြီ လိပ်ပြာမလေး။ အဲ ဟိုကောင်မလေး။ ဆေးရုံမှ အထွက် သူမနှင့် ၀င်တိုက်မိရင်း စာအုပ်အောက် ကျသွား၍ သူမက တရိုတသေပြန် ကောက်ပေးနေသည်။ လေအဝေ့တွင် သူမ၏ ကိုယ်သင်းရနံ့လေးက နှာဝသို့ လာရောက်ထိတွေ့ ကျီစယ်သည်။ ဘုရားရေ ရင်ဘတ်ထဲမှာ ဘုရားပွဲလှည့်နေ ခဲ့ပါလား။ မိုးသွယ်ကြောင့် သေဆုံးခဲ့သော နှလုံးအိမ်သည် သူမနှင့်မှ အဘယ်ကြောင့် ခုန်နေရပါသလဲ။

မင်းနောင် အားတင်း၍ နာမည် မေးမည်အလုပ် လျင်မြန်သော လိပ်ပြာမလေးသည် ဂျူတီကုတ် အိတ်ကပ်ထဲ လက်နှိုက်ကာ လွှားခနဲ ပြေးသွားခဲ့သည်။ ပါးစပ်ဟလျက် ကြောင်နေခဲ့ပြီးမှ မင်းနောင် သူ့အဖြစ်သူ ရယ်ချင်မိသည်။ အင်းလေ နောင်တစ်နေ့ကျမှ နာမည်မေးရဦးမယ်။ မင်းနောင် တစ်ကိုယ်တည်း ကျိတ်ပြုံးမိလေသည်။

၎။
ဆေးရုံကြီး၏ အထွက်ဂိတ်ဝသို့ ခင်သန့်စင် အပြေးအလွှားရောက်ရှိလာ ခဲ့သည်။ ညာဘက် အိတ်ကပ်ထဲတွင် ထည့်ထားသော ဟမ်းဖုန်းကလေး၏ အသံသည် သူမနှင့် မေမေ့ကို အဝေးကြီး ပိုင်းခြားတော့မည်လားဟု ခင် တွေးပူမိသွား၏။ မင်းအမေ အကြီးအကျယ် ရင်ကျပ်နေတယ်။ အမြန်ပြန်လာပါ ဆိုတဲ့ ဦးခင်မောင်ရဲ့ စကား။ မေမေ တစ်ခါတစ်ခါ ရင်ကျပ်တာများ ကြောက်စရာ ကောင်းလိုက်တာ။ များပြား လှတဲ့လေ ပမာဏကို ကျဉ်းမြောင်းတဲ့ လေပြွန်လေးနဲ့ အမောတကြီး ရှူရှိုက်နေရင်း ဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေမယ့် မေမေ့ ရင်ဘတ်ကို အပြေးအလွှား မြင်ယောင်မိတော့ ခင်သန့်စင် စိုးရိမ်မှုကြီးသွားသည်။

ဒုက္ခပဲ။ ဦးခင်မောင်၏ အပြောအရ inhaler ကုန်နေပြီ။ ခင်ဟာ ဆေးကျောင်းသူ တစ်ယောက် ဖြစ်နေပြီး ကိုယ့်အမေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုတောင် မပေးနိုင်ခဲ့ရကောင်းလား။ သူမ ကားကလေးက ဆေးရုံကြီး၏ မျက်နှာချင်းဆိုင်ရှိ ဆေးတက္ကသိုလ်ဝင်းထဲမှာ ရပ်ထားခဲ့သည်။ ဒုက္ခပဲ။ ကားတွေကလည်း များလိုက်တာ။ သည်အချိန် ခင့်မေမေအတွက် တစ်မိနစ်ဆိုတာလည်း အရေးကြီးတယ်။ ဖေဖေ့ကို ဆုံးရှုံးပြီးပြီ။ ဟင့်အင်း မေမေ့ကိုတော့ ဘယ်တော့မှ အဆုံးမခံနိုင်ဘူး။

ထိုအခိုက်။
Littmann နားကြပ်အနက်ရောင် ကလေးသည် လေထဲသို့ မြောက်တက်သွားသည်။ ရိုးတွင်းခြင်ဆီထဲက တစ်ခုခု စီးမျောသွားတဲ့ အသံကို ခင် ကြားလိုက်သည်။ ရုတ်တရက် လင်းလက်နေတဲ့ ကောင်းကင်က အမှောင်တွေ ဖုံးလွှမ်းသွားပြီလား။ ပြီးတော့ နာရီ လက်တံတွေက ဘာဖြစ်လို့ ရပ်နေကြတာလဲ။ ခန္ဓာကိုယ်ရဲ့  တစ်နေရာက အဆမတန် နာကျင်နေတာ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ။

၅။
အာမေဋိတ်သံနှင့် အတူ ဦးလွင်ငြိမ်း တစ်ယောက် ဆေးရုံ လှေကား ထစ်ပေါင်းများစွာကို တစ်ပြိုင်တည်း ခုန်ဆင်း လိုက်သလို ဖြတ်ကျော်ခဲ့သည်။ သူ၏ပုံစံမှာ ဆောက်တည်ရာ မရ အပူသည်တစ်ယောက်နှင့် တူ၏။ စောစောကပင် အပြေးကလေး ထွက်သွားသော သမီးလေးကို သူ၏ အခန်းပြတင်းပေါက်မှ တစိမ့်စိမ့်ကြည့်ခဲ့ရ သေးသည်။ လမ်း ၃၀ ပေါ် ရုတ်ရုတ်သဲသဲ လူတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ ဘုရားရေ သမီးလေး ဘာမှမဖြစ်ပါစေနဲ့။ ဖေဖေရဲ့ မေတ္တာတွေ ပေးအပ်ပါရစေဦး သမီးရေ။

၆။
သူမအဖွဲ့တွေကို တွေ့ပေမယ့် သူမကို မတွေ့ ခဲ့တာ လေးရက်ပင် ကျော်ခဲ့ပြီ။ ဘာဖြစ်လို့ပါလိမ့်။ လိပ်ပြာမလေးရယ်။ နေများ မကောင်းလို့ လား။ Bed Side သင်တိုင်း သူမ ရှိနေမလား ဆိုတဲ့ အတွေးနဲ့ ဟိုကြည့် သည်ကြည့် လုပ်နေတဲ့သူ့ကို ကျောင်းသူတချို့  ကျိတ်ဟားနေကြပြီလေ။

သူ့ရင်ကို ဒုတိယအကြိမ် လှုပ်ခတ်စေ နိုင်စွမ်းတဲ့ သူမရဲ့  အမည်လေးကို တစ်နေ့နေ့ကျ သိခွင့်ရမှာပါ။ Surgery စာအုပ်လေး ပိုက်ရင်း ခပ်ငိုက်ငိုက် လျှောက်လာတဲ့ သူမကို မင်းနောင် တစ်ယောက် ပြန်မြင်ယောင်နေမိပြန်တယ်။ လိပ်ပြာမလေးရယ် မင်းနာမည် ဘယ်လို ခေါ်လဲဟင်။

၇။
“မျှော်လင့်ခြင်းဆိုတာ.. စိတ်နှလုံးထဲမှာ နားခိုရင်း စာသားမပါတဲ့ တေးသွားကို မနားတမ်း သီဆိုနေတတ်တဲ့
အတောင်အလက်ကလေးတွေနဲ့  တစ်စုံတစ်ရာ”
Emily Dickinson
(အယ်မလီဒစ်ကင်ဆန်)

ခွဲစိတ်ထားတဲ့ ကျွန်တော့်ရဲ့  ဗိုက်နံရံတွေ နာကျင်လိုက်တာ။ ခါးသက်တဲ့ ဆေးတွေ ထုံးစံ အတိုင်း မျိုချရဦးမယ်။ ပြီးတော့ ကျွန်တော့် ခုတင်နား ၀ိုင်းလာကြမယ့် ဆေးကျောင်းသူ ဆေးကျောင်းသားတွေရဲ့  အမေးကို ဖြေဖို့ အားမွေး ရဦးမယ်။ ကျွန်တော့် ဗိုက်ကို အားလုံးလိုလို လှန်ကြည့် ကြပြီး ရောဂါရာဇ၀င်ကို အသေးစိတ် စိတ်ဝင်တစား မေးမြန်းကြတယ်။ ခုချိန်ထိ။ သူမ တစ်ယောက်က လွဲရင်ပေါ့လေ။

အဲသည်နေ့က ခွဲပြီးပြီးချင်း နှစ်ရက်မို့ နားချင်သေးပေမယ့် ကိုယ့်နား လာဝိုင်းတဲ့ အဖွဲ့ကြောင့် မနားခဲ့ရဘူးလေ။ ကျွန်တော်ရဲ့ ဖြတ်တောက်ထားတဲ့ အစာအိမ် အပိုင်းအစ အချို့ကို နှမြောတသ ရှိနေတုန်းပဲ။ Bed Side ဆိုတဲ့ သူတို့တွေ ပြောနေတဲ့ လူနာခုတင်ဘေးမှာ ၀ိုင်းဖွဲ့ သင်ကြားခြင်း လုပ်နေတုန်း သူမရောက်လာတယ်။ သူမရဲ့  ၀ံ့စားတဲ့ ခြေလှမ်းလေးတွေ၊ သူမရဲ့ စာသင်နေတုန်း အဝေးကို လွင့်နေပျံ့ နေတဲ့ မျက်ဝန်းတွေ၊ ဆွေးမြည့်ရိပ် သန်းနေတဲ့ ပန်းနုရောင် မျက်နှာလေးတွေ၊ ကျွန်တော် သည်လောက် ငေးစိုက် ကြည့်နေတာတောင် သတိမထား မိနိုင်လောက်အောင် သူမ ဘာများ အတွေး နက်ရှိုင်းနေပါလိမ့်။ မခံချင်စိတ်လည်း ကြီးပုံရတဲ့ သူမ။ အားလုံး ပြန်သွားတော့ ကျွန်တော့်ကို ခွင့်တောင်းရဲ့ ။

“မောင်လေး မမ မင်းရဲ့ ရောဂါရာဇ၀င် လေးကို သိခွင့်ရှိမလား”
တဲ့လေ။ အစောက ဆရာငေါက်လိုက်လို့ မခံချင်စိတ်နဲ့ တစ်က ပြန်စတယ် ထင်ပါရဲ့။ ကျွန်တော် ဘာခံစားချက်နဲ့ ပျော်သွားလဲ မသိ။ အသာတကြည် ခေါင်းလည်း ညိတ်လိုက်ရော၊ သူမ ဟမ်းဖုန်းက မြည်လာရော။ ပြီးတော့ ကျွန်တော့်ကိုတောင် နှုတ်ဆက်မသွားဘဲ တစ်ဟုန် ထိုးပြေးသွားရော။ မနက်ဖြန်ဆို ချုပ်ရိုး ဖြေရတော့မှာ။

ဒါပေမယ့် သည်နေ့ထိ ကျွန်တော့် ခုတင် နားလာ ၀ိုင်းတဲ့ အဖွဲ့ထဲမှာ သူမ မပါသေးဘူး။ တကယ်ဆို နှုတ်ဆက်တဲ့ စကားလေးတောင် ပြောမသွားနိုင်လောက်အောင် ဘယ်လောက်များ အရေးကြီးတဲ့ ကိစ္စမို့လဲ။ ကျွန်တော့်ကို မေးမယ့် သူမမေးခွန်းတွေကို ခုချိန်ထိ ငံ့လင့်နေတုန်း။ ဒါမှမဟုတ် ကျွန်တော့် ၀မ်းဗိုက်ကို သေချာကြည့် မယ့် သူမမျက်ဝန်းတွေကို တောင့်တနေတုန်းပါ။

သူမ မခံချင်စိတ်ကြီးသလို ကတိဖျက်မယ့် အစားထဲက မဟုတ်လောက်ပါဘူးလေ။ ဆေးရုံ မဆင်းခင် နောက်ဆုံး စက္ကန့်လေးတွေထိ ကျွန်တော် သူမကို ကြိုးစား မျှော်လင့်နေတယ်။ ကျွန်တော့် မျှော်လင့်ခြင်းတွေ အငွေ့ပြယ် မသွားဘူးလို့ မရဲတရဲ ယုံကြည်နေရင်းကပေါ့။ ရူးသွပ်တယ်ပဲ ပြောပြော။

Bed Side ဆိုတဲ့ ခုတင်ဘေးက သင်ခန်း စာတွေပြီးတိုင်း သူမ လာမလားလို့ မျှော်လင့် နေမိသေးတယ်။
ခုတင်ဘေးနားက၊ ခုတင်ဘေးနားကပေါ့။


လင်းစက်နွယ်
 

(စာကြွင်း)
ကျွန်မ ၀ါသနာထုံလှသော ခွဲစိတ်ကုသ ပညာကို Bed Side သင်ခန်းစာဖြင့် စတင် မိတ်ဆက်ပေးခဲ့သော မန္တလေး အလုပ်သမား ဆေးရုံကြီး၏ ခွဲစိတ်ဆောင်နှင့် တတိယအမ်ဘီမှ နေ့ရက်များအား လွမ်းဆွတ်စွာ ရည်ညွှန်း တမ်းတ ဖွဲ့သီမိပါသည်။

မခမ်းနားတဲ့ ထွက်သက်


ဘယ်နေရာကလဲ
မြေကြီးထဲကလား၊ ဟိုးသမုဒ္ဒရာရဲ့
အနက်ရှိုင်းဆုံးချောက်ထဲကလား... နားထောင်ပါ lubb dub... lubb dub......
လူထဲကပုထုဇဉ်တစ်ယောက်မို့
နှလုံးခုန်သံတွေက မြင်းလို
ဒုန်းစိုင်းကဆုန်ပေါက်
ဟိုတစ်နေရာ... သည်တစ်နေရာ
ခြေရာတွေ ပြန့်ကျဲတဲ့ဆီကြည့်တော့
လူတစ်ယောက်ရဲ့ ဈာပနအတွက်
ကျလာတဲ့ ...(အပေါစား)
အဲသလိုမျက်ရည်ပေါက်တွေဟာ ဖျားနာဆောင်တစ်ခုရဲ့
ဆရာဝန်လို့ အမည်တပ်ခံရသူထံက
ဘုရားပေးပေး၊ ကျမ်းပေးပေးပေါ့
သူတစ်ယောက်ထဲကပါ...။

ဟော... နာဂစ်ကြောင့် မြန်မာပြည်အထက်ပိုင်းက
အဖျားခတ်ရုံ ဆိုပေမယ့်
ဧရာဝတီက
အလူးအလဲ သောက်ရှက်ကွဲသလိုမျိုးပေါ့
အဲသလို... လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း။

ခြေရာဖျောက်ကောင်းတဲ့သေမင်းတစ်ကောင်ဟာ
ငါ့ကို အစိမ်းသက်သက်မျက်လုံးမျိုးနဲ့
ဟော...ဟို ခွဲစိတ်ခန်းမီးဆလိုက်အောက်မှာ ကြည့်နေရဲ့
ထမင်းစားပြီးပလား...
အဲသလို ငါ မမေးပါဘူး
အဲဒီအရိုင်းအစိုင်းက
ထမင်းစားမှာမဟုတ်
သူစားမှာ ငါသိတယ်... ကြည့်ပေါ့
ခွဲစင်ပေါ်က အပြစ်မဲ့လူနာကိုပေါ့...။

သွေးလွှတ်ကြောမကြီးပေါက်
အနီရင့်ရောင်ဝိုင်အိုတွေ ပန်းထွက်
စက်လက်... စက်လက်...
နောက်ဆုံး ဟက်တက်ကွဲ
မော်ဒန်မဆန်စွာ
ပြတ်တောက်သွားတဲ့ ကွန်နက်ရှင်ထဲ
ကပ်ငြိဆဲ ငါးတစ်ကောင်ရဲ့ ဖုတ်လှိုက်ဖုတ်လှိုက် ပါးဟက်လို
ငါနဲ့သေမင်း... လွန်ဆွဲနေကြ
ဖြုတ်ခနဲ ဖြတ်ခနဲ လက်ခနဲ
လက်ရဲ... ဇက်ရဲ
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစား
နောက်ထပ်အသက်တစ်ချောင်း ပလူပျံသွားတာကို
နှာခေါင်းစည်းအောက်က
အတောမသတ် အရည်စုတ်တွေက
ထောမနာပြု
အဲသလို... လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း...။

နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူးတဲ့ ပါးစပ်ပိတ်ထားစမ်းပါ
အာခေါင်ခြစ်အော်ပစ်လိုက်ပေါ့
ဒါပေမယ့်... လေထုကို
သူ ထိုးဖောက်ဖြိုခွင်းသွားပုံကိုက
ငါ့ကိုဖက်ထားပါတဲ့...
အဲသလို အသည်းယားချင်စရာကောင်းပေမယ့်
ခပ်အိုအိုတိုက်နယ်ဆေးရုံ... ဟိုအထဲ ချောင်းကြည့်လိုက်တော့
ငှက်ဖျားထပြီး တုန်ခိုက်နေ
သူ့ကိုငါဖက်၊ ငါ့ကိုသူဖက်
အပြန်အလှန်ဖက်။

Cerebral Malaria...... ငှက်ဖျားပိုးကို လက်ညှိုးနဲ့ တစ်ကောင်ချင်းစီ
စိတ်ရှည် လက်ရှည်ဖယ်ထုတ်နေရင်းကပဲ... ကပဲ...
ဟော...
ကြွေသွားတဲ့ ထန်းသီးကိုမှ တမင်တကာတက်နင်းမိ
ကျီးအတစ်ကောင်အတွက်
မြန်မာပြည်ဖြစ် တဘက်တစ်ထည်က
သုတ်ပေးရဲ့။
မျက်ရည်စအကျိုးအကြေတွေ
ကြွေပြန်ပေါ့
အဲသလို လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း...။

ဟော... ဖြုတ်ခနဲ သက်ဆင်းပြီး
ငါ့ရင်ကို ထုတ်ချင်းခတ်စေခဲ့တာ
ဘာပါလိမ့်...
ပင်စည်တစ်ခုလုံးပျံ့နှံ့နေသတဲ့
ကင်ဆာဆဲလ်အိုတွေပေါ့
ခုတော့ ငါ့အလှည့်ပေါ့... ငါ့အလှည့်ပေါ့လို့
ခနဲ့တဲ့တဲ့ ရယ်လိုက်ပေမယ့်
စက်ရုံ စုတ်ချာချာတစ်လုံးဆီက ရေဆိုးမြောင်းထဲ
ညှီဟောက်ကပ်ငြိပါသွား
ပြန်လည် Rewind ရစ်ကြည့်လိုက်တော့
ငါက ဆရာဝန်စစ်စစ်ဖြစ်ခဲ့သတဲ့
ထမင်းမမြိုနိုင်တော့
သူက အဲသည်ပီတိကိုစား
များမကြာမီမတော့
ငါ့အသက်လေး ကြေကျသွားတာကို
ငါ ပြန်ဆင်းကောက်ွေနတုန်း
မီတော့မယ်... မီတော့မယ်
လှမ်း... လှမ်း...
ဖတ်ခနဲ...
ငါ့လက် ရိုက်ချိုးခံလိုက်ရတယ်
အဲဒီချောင်းကမ်းပါးမှာ
ငါ့အသက်ကို နှမြောတသစွာနဲ့
ကျောက်ပတ်တီးစီးပစ်လိုက်ရတယ်...။

ရင်ကွဲနာကျတတ်မယ်ဆိုရင်ပေါ့
စားပွဲပေါ်က ဟောလစ်ပုလင်းနဲ့ ဘီစကစ်အချို့ထက်
သူတို့ဆီက လူနာလာမေးတဲ့မျက်နှာသေတွေမှာတောင်
ဟန်ဆောင်ပန်ဆောင်
မျက်ရည်တွေလိမ်းကျံမထားခဲ့ဘူး
မသေခင်မှာပဲ
အ၀တ်ဖြူဆွဲအုပ်ချင်တဲ့လူတွေ
ငါ့အခန်းထဲက ထွက်သွား...
ထွက်... သွား...

လူနာသေလို့ငိုတာ ငါတစ်ယောက်တည်း
အဲသလို... ငါသေလို့ငိုတာလည်း ငါတစ်ယောက်တည်း
ငါတစ်ယောက်တည်း... ပါပဲ...။

လင်းစက်နွယ်