တရားဝင် ကုသိုလ်များ အကြောင်း


၁။
လုံမ ခုတစ်လော ပြောင်းလဲနေသည်။ သစ်ရွက် လှုပ်သလား၊ ရယ်မော ပစ်တာချည်း။ သူမနေသည့် ဟိုးဝရန်တာ ထောင့်က ပြတင်းပေါက်ဆီ မုတ်သုံလေတွေ တရွတ်တိုက် ဖြတ်ပြေး ၀င်လာလည်း ရယ်မော ပစ်လိုက်နိုင်သည်။ အို... ယုတ်စွအဆုံး လုံမ နေသည့် အခန်းက စုတ်ချာချာ ဟိုကောင်မလေးနှစ်ယောက် စာကျက် နေပုံကလည်း ရယ်ချင်စရာ ကောင်းသည်။
ကမ္ဘာလောက တစ်ခုလုံး ရယ်ချင်စရာတွေ ပြည့်နှက်နေသလား။ အို... အဲလိုတွေးမိသည့် စိတ်ကူးကိုက ကပေါက်တိ ကပေါက်ချာ အဟိ...။
“ဟဲ့ လုံမ ညည်း အခုတစ်လော ဘာဖြစ်နေသတုံး။ တရယ်တည်း ရယ်နေ၊ စိတ်များ နှံ့သေးရဲ့လား”

“မိကျားနော် ညည်း မသိရင် ၀င်ဝင် မပြောနဲ့။ ကျုပ်က ကျုပ်အကြောင်းနဲ့ ကျုပ်ပါတော်”

“အမယ်လေး။ ပြောမိတာ မှားပါတယ်။ မှန်းစမ်း။ ရိုးမှ ရိုးရဲ့လား” ပြောရင်း
ဆိုရင်း မိကျားက လုံမ၏ မည်းမည်းလုံးလုံး ဗိုက်ကလေးဆီ ကပ်သွား၍ ခပ်တည်တည်နှင့် နားထောင်နေသည်။

“ဟယ်...၊ ညည်းတော့ ပွတာပဲ။ ဆယ့်နှစ်မြွှာပူးတော့။ တစ်ဒါဇင်ပူး”

မိကျားက ၀မ်းသာအားရ ၀မ်းခေါင်းသံကြီး နှင့်ပြောတော့ လုံမက အသာမျက်စောင်းထိုး သည်။
“ကဲကိုကဲ။ ဘာလဲ ဟိုဘက် အခန်းကလား”

“ဟုတ်ပါဘူးတော်။ အောက်ထပ် ဟိုမမ ၀၀ကြီး အခန်းကလေ”

“ဗုဒ္ဓေါရေ။ ညည်းက အဆောင်မှူး အခန်း က ဟို... မဲလုံးနဲ့ ပေါ့လေ။ ဟယ်...၊ သည် လူကြီး... အဲလေ၊ သည်ခြင်ကြီးကလည်း ကြည့်ရင်တော့ ရိုးပုံ ရိုးလက်နဲ့ မထင်ရဘူးနော်။ လုံမ နော်...၊ ညည်း ကိုမဲလုံးနဲ့ ဆိုတာ သေချာလို့လား”

“အို ကျုပ်က သေချာမှ သေချာ။ တော့်လို မျက်နှာ မများနိုင်ပေါင်။ တော်ကြာ ကူးစက် ရောဂါတွေ ကြောက်နေရဦးမှာ”

လုံမက ခပ်စွာစွာမျက်နှာပေးဖြင့် နှုတ်လှန် ထိုးကာ ရန်လုပ်ပစ်လိုက်သည်။
“အံမာ၊ ကျုပ်တို့က လူတွေလို HIV တို့၊ ဂနိုတို့၊ ဆစ်ဖလစ်တို့ကို မသယ်ဆောင်နိုင်ဘူးလေ။ ကူးစက် ရောဂါအတွက် စိတ်မပူရဘူး”



မိကျားက ရှူနာရှိုက်ကုံး ဖြစ်နေသော ရင်ဘတ်ကို အားပါးတရ ရှေ့သို့ ကော့၍ သူ့ဘ၀ သူဂုဏ်ယူနေသည်။ ခဏနေတော့ ဆယ့်သုံး ပေပတ်လည် အခန်းကျဉ်းလေးထဲ လူသား ကောင်မလေး တစ်ဦး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ နောက်တစ်ယောက်က ခုတင်ပေါ် လှဲရင်းနှင့် စာဖတ်နေသည်။ ဒါကိုက မိကျားတို့ အတွက် အထူးတဆန်း ကိစ္စတစ်ရပ် ဖြစ်နေသည်။

“ခဏနေရင် တစ်ဆောင်လုံးကို သည်ကိစ္စ လိုက်ဖြန့်ရဦးမယ်။ ဆန်း၏၊ ဆန်း၏”

မိကျားက အတင်းဖြန့်ချိရေး ကိစ္စကို တွေးတောနေရင်း လမ်းလျှောက်နေသော အမျိုးသမီးလေးကို အားရပါးရ ငေးကြည့်နေသည်။ နာရီ လက်တံ အရှည်က လေးဂဏန်း၊ လက်တံအတိုက တစ်ဂဏန်းမှာ ရှိနေသည်။ ဒါသည်ပင် ခြင်မ နှစ်ကောင်အတွက် အထူးတလည် ကိစ္စရပ်ဖြစ်နေ သည်။ အကြောင်းမှာ ထိုကျောင်းသူ နှစ်ယောက်သည် ဤမျှလောက် ညဥ့်နက်အောင် စာမကျက် ဖူး၍ ဖြစ်သည်။ လုံမသည် အမျိုးသမီးငယ်၏ လက်မောင်းသား ဖွေးဖွေးနုနုလေး များကို အာသာ ငမ်းငမ်း ငေးစိုက်ကြည့်နေသည်။ ဒါ ငါ့အချိန် ကျပြီ ဟူ၍လည်း တွေးနေလေသည်။

“ဟဲ့ မိကျား။ ကျုပ်ရင်သွေးလေးတွေ အတွက် နှစ်ဆတိုး စားရတော့မှာလား”

လုံမက သူမ နှုတ်ခမ်းသားလေးတွေကို ဆွဲဆောင်မှု ရှိအောင် စူ၍ ပြောနေသည်။
“အေးပေါ့ဟဲ့။ အာဟာရ အုပ်စု သုံးအုပ်စုနဲ့ ညီအောင်စားအေ။ ဒါမှ ညည်းကလေးတွေ အလေး စီးမှာ”

“မိကျားရယ်။ ကြားဖူးပေါင်။ အာဟာရ အုပ်စုသုံးစုက လူ့သွေးထဲမှာ ပါလို့လား”

လုံမက မျက်လုံး အ၀ိုင်းသားနှင့် မေးတော့ မိကျားက ခါးတစ်ဖက် ထောက်ကာ ချောင်းဟန့်၍ မူလိုက်သေး၏။ ပြီးမှ
“ကျုပ်နေတဲ့ အခန်းက အပေါက်ဆိုးဆိုး အိုဂျီ အဒေါ်ကြီးက အိမ်ဖော်မလေးကို ပြောနေတာ ကြားတာပဲ။ ဘာတဲ့ ဟင်းကို အာဟာရ အုပ်စုနဲ့ ကိုက်ညီအောင် ချက်ဆိုလား။ အဲဒီတုန်းက ကျုပ်က မှတ်ထားတာလေ”

လုံမ၏ စိတ်ဝင်စားမှု ရှိ၊ မရှိကို မိကျားက တစ်ချက်လောက် မသိမသာ အကဲခတ်လိုက်သေး ၏။ လုံမ မျက်လုံးတွေ ပြူးစက်နေတာ သေချာတော့မှ
“မှတ်ထားဦး မိန်းမရဲ့။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်နေပြီ။ တချို့ကိစ္စတွေဆို နေ့ချင်း ညချင်း သိနေကြပြီတဲ့။ ဂလိုဘယ်လ်လိုက်ဇေး ရှင်းပေါ့”

“ဟမ်... ဘာကြီးလဲ”

လုံမ၏ နားမလည်သလို လုပ်နေသည့် ပုံစံ ကိုက မိကျားအတွက် အသည်းယားစရာပင် ဖြစ်သည်။
“ပါးစပ်ကြီး ဟပြ မနေနဲ့။ ကိုယ်မတတ်တာ၊ အတာ ခြင် သိသွားမယ်။ သွေးထဲမှာ လူတွေစား လိုက်တဲ့ သကြားဓာတ်လည်း ပါတယ်။ ပြီးတော့ ဟိုလေ အဲဒါက ကာဗိုဟိုက်ဒရိုက် ဓာတ်ပေါ့။ ပရိုတိန်းဓာတ်က လူတွေရဲ့ သွေးထဲမှာ အန်တီဘော်ဒီ အနေနဲ့ ဆိုလား ရှိတယ်။ ဗီတာမင်ဓာတ်တော့... အင်း...၊ ငါ မပြောတတ်တော့ဘူး”

မိကျားက မချိ သွားဖြဲ လုပ်ပြတော့ လုံမ စိတ်ထဲ သူမ၏ အိမ်ဦးနတ်အတွက် အလွန်တရာ စိတ်ပူမိသွားသည်။
“ဟယ် ဒါဆို ငါတို့က အစာအုပ်စု သုံးစုနဲ့ ညီမျှအောင် စားနေချိန်မှာ ငါ့ယောက်ျားကျတော့ သွေးမှ မစုပ်ရဘဲ ခြင်ထီး ဖြစ်နေတော့လည်း ခမျာ သစ်သီး ဖျော်ရည်တွေနဲ့ ဟို မိန်းမတွေ သောက်နေတဲ့ ကော်ဖီအေးတွေ ချည်းလှိမ့်သောက် နေရတာ သူ့ကျတော့ ဘာဓာတ်တွေ ရမှာလဲ”

မိကျားက လုံမ၏ စိုးရိမ်ပူပန်မှုကို စာနာစိတ် အပြည့်ရှိစွာကြည့်ရင်း
“မပူပါနဲ့ဟယ်။ အသီးက ဗီတာမင်ဓာတ် ရတာပဲ။ ကော်ဖီက ကဖင်းဓာတ်နဲ့ သကြားဓာတ်၊ ညည်းယောက်ျားက ငါတို့ မရနိုင်တဲ့ ဓာတ်တွေတောင် ရနိုင်ပါသေးတယ်ဟယ်”

လုံမ၏ သက်ပြင်းသံက အကျယ်ကြီးထွက် သွားသော်လည်း လှဲ၍ စာဖတ်နေသော မိန်းမပျို၏ ၀ါးခနဲ သမ်းလိုက်သံကြောင့် တစ်ဝက် တစ်ပျက်ကြီးနှင့် တန့်သွားလေသည်။ ခုတော့ လုံမ မရယ်နိုင်ပါ။ မောင့်အတွက် ဆိုလျှင်တော့ သူမ ပြက်လုံး တစ်ခု မထုတ်နိုင်ပါ။ တွေးရင်းနှင့်ပင် သူမ ရင်ခုန် သံကို ပြန်ကြားနေရသည်။ လုံမက မိကျား မသိအောင် ရင်ဘတ်ကို အသာဖိထားရလေသည်။

ခက်တာပဲ။ ဟိုကောင်မလေးတွေ မအိပ်သေးဘူး။ လုံမက သွေးဆာ နေပြီဖြစ်၏။ အဲဒီငနဲ မလေးတွေက ခြေသွက် လက်သွက်လေးတွေ။ တစ်လောက လုံမမိတ်ဆွေ ငါးကောင်တိတိ တစ်နေ့တည်းမှာပဲ ဈာပန ကျင်းပခဲ့ရသည်။ သူတို့က မနပ်ဘူး။ လုံမက နပ်တယ်လေ။ အဲဒီ ငနဲမလေးတွေက အိပ်နေရင် ဆင်အော် ရင်တောင် မော်တော်ပီကယ် ၀ီစီမှုတ်သလောက် ထင်ပြီး အအိပ်ကြမ်းကြသည်မို့ ငနဲမတွေ အိပ်မှ လုံမက အလုပ်စတာ။ ငနဲမ တစ်ကောင်၏ သွေးက အရမ်းချိုပြီး အီစိမ့်နေသလောက် ကျန်တစ်ကောင်၏ သွေးက ချဉ်စုတ်စုတ်နှင့်။ ဒါကြောင့် လုံမက ခုလို အချိုတောင့်တ နေချိန်မှာ လမ်းလျှောက်နေသည့် ငနဲမလေးကိုပဲ တားကတ် ထားသည်။ ပြီးမှ အအီပြေ အချဉ်အရသာလေး အတွက် နောက်တစ်ယောက်။
အို...၊ တွေးရင်းနှင့်ပင် သူမ၀မ်းက တကြုတ်ကြုတ် ဆာလောင်လာသည်။

၂။
“လင်းစက်ရေ ငါတော့ ရူးချင်လာပြီ။ ငါတော့ မှားပြီ သယ်ရင်းရယ်”

ရွှေစင်က အိပ်ရာပေါ်မှ ၀မ်းနည်းသံကြီး စွက်၍ ညည်းတွားနေလေသည်။
“ဒါများ ဘာခက်လို့တုံး အစင်ရဲ့။ ဖြိုးကြီး သီချင်းလိုပေါ့။ ရင်မှာ အချစ်များ အို မှားပြီ၊ အချစ် ရေ___ ငါမှားပြီ___ ရင်နာတာများ___”

လင်းစက်က ရွှေစင် ခြေရင်းနားက လွတ်နေသော နေရာမှာ ၀င်ထိုင်လိုက်ရင်း ကျီစယ်နေသည်။
“ဟာ နင့်အသံပြဲကြီးနဲ့ တိုးတိုး။ အာကြီး ကြားသွားမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။(အာကြီး ဆိုသည်မှာ သူမတို့ အောက်ထပ်မှ အဆောင်မှူးကို အာပြဲ လွန်း၍ အပ်နှင်း ထားသော ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်၏။) ငါ ဘာစာမှ မရတော့ဘူး။ မနက်ဖြန် ငါ ဘယ်လို မျက်နှာနဲ့ စာမေးပွဲခန်းထဲ ၀င်ရမလဲ”

“အံမယ် သူများကြားရင် နင့်ကို အရင်က စာရပြီး ခုမှ စာမရသလို ထင်နေဦးမယ်။ လုပ်မနေနဲ့။ ဒီမှာ အံတိုနေပြီ။ စာမေးပွဲ ဖြေစားလာတာ သုံးနှစ်ရှိပြီ။ နင် သည်လိုပဲ မျက်နှာပြောင် တိုက်ပြီး အခန်းထဲ ၀င်နေကျ။ ဟွန်း ငါသိတယ် မိန်းမရဲ့။ ဟဲ့၊ ဒါနဲ့ ဟို သာဂိက နင့်ကို မနက်ဖြန် စာမေးပွဲ နောက်ဆုံးနေ့မှာ အဖြေတောင်း ထားတယ်နော်”

ရွှေစင်က အလန့်တကြား မျက်လုံးပြူးသွားလေသည်။ ဟုတ်ပါရဲ့။ သာဂိဆိုတာ သူမတို့ နှစ်ယောက် ပေးထားသည့် နာမည်။ အမည်ရင်းက သာလင်း။ သူက ရွှေစင့်ကို ပထမ အမ်ဘီကတည်းက အရူးအမူး စွဲလမ်း တွယ်ငြိနေသူ ဖြစ်၏။ ယခု တတိယ အမ်ဘီ၏ ဖိုင်နယ် ဖြေနေချိန်ထိ အပူ တပြင်းနှင့် သူမထံမှ အဖြေကို ဇွတ်တောင်းနေတော့သည်။ အဆောင်ကို စာမေးပွဲရက် မဟုတ်တဲ့ ညတိုင်းလိုလို ဂစ်တာ လာတီးပြီး အာကြီး၏ အမုန်းကို နေ့စဉ်နှင့် အမျှ ခံနေရရှာ သူလေးအတွက် ရွှေစင့် သံမဏိ အသည်းက တဖြည်းဖြည်း ပုံ၍ပုံ၍ ကျလာသည်။

ရွှေစင် သာလင်းကို ချစ်မိသွားပြီ။ ဘယ်လိုလုပ်ပြီး ချစ်မိသွားသလဲ သူမပင် မသိလိုက်။ သူမက ရကောက် အုပ်စု၊ သူက သအုပ်စုဆိုတော့ ညနေပိုင်း ဆက်ရှင် တူကြတာချင်း သည်လည်းကောင်း၊ ဒုတိယနှစ်တုန်းက အနာတမီ တစ်ရှူးစတွေ ကြည့်သည့် ဟစ်စတော် လော်ဂျီခန်းမှာတုန်းက ရွှေစင့် လက်ချက်ကြောင့်Slideနဲ့ ပြားတစ်ချပ်ကျ ကွဲသွားခဲ့တာကို အစား လျော်ပေးတာတွေ သည်လည်းကောင်း၊ နီးစပ်စေမှုများအား ခွဲခြမ်း စိတ်ဖြာကြည့်နေသည်။

မည်မျှ အတွေးနက်ရှိုင်းသွားသည်မသိ။ လင်းစက် အသံကြားမှ ဖျတ်ခနဲ သတိဝင်လာသည်။ မနက်ဖြန် Micro (အဏုဇီဝဗေဒ) စာမေးပွဲကြီး။ အတွေးစ တွေကို စိတ်တံမြက်စည်းဖြင့် အလျင်အမြန် သိမ်းကော် လှည်းကျင်းပစ်လိုက် ရသည်။ သူမက ဖတ်လက်စ Parasitology(ကပ်ပါးပိုးမွှားဗေဒ)စာအုပ်ကို ကောက်ကိုင်လိုက်ရင်း “လင်းစက် Life Cycle of Malaria Parasite in Man (ငှက်ဖျားပိုး၏ လူတွင်ကျင်လည်ပုံ)က ဖိုက်ဖ်စတားလားဟင်”

“ဟာ အေးပေါ့ သည့်ထက် အရေးကြီးတာ ရှိမလား။ ပါမှာ၊ ကျက်သာ ကျက်”

“ခြင်ကြောင့် ဖြစ်တဲ့ ရောဂါထဲက ဘာမေးမယ် ထင်လဲ”

“ဘယ်သိမှာလဲ။ ငါက ပရော်ဖက်ဆာမှ မဟုတ်ဘဲ အစင်ရယ်။ နင်ကလည်း သုံးလေးပုဒ်ကိုများ ကျက်လိုက်ပါဟယ်။ Test တုန်းကလည်း ကျက်ထားတာပဲ”
အတူတူနှင့် အနူနူချင်းတောင်မှ လင်းစက်က နှာတစ်ဖျား အသာယူ၍ နှစ်သိမ့်ပေးနေလေသည်။

“ဟာ သည် သောက်ခြင်တွေ၊ အမျိုးယုတ်တွေ။ ဟွန်း သူတို့ ရှိနေလို့ ငါတို့ သည်စာတွေ ကျက်နေရတာ။ ငါတော့ ရှိသမျှ ခြင်ကို DDT ဖျန်းပြီး သတ်ချင်တော့တာပဲ”
ရွှေစင့်အသံက ကျယ်သွား၍ သူမ ပါးစပ်ကို လင်းစက်က အလျင်အမြန် ဆွဲအုပ် ပစ်လိုက်ရသည်။

၃။
သူသည် အလွန်တရာ ဒေါသထွက်ခဲလှသော ခြင်ဖိုတစ်ကောင် ဖြစ်သည်။ တော်ရုံနှင့်၊ အို...၊ အလွန်ဆုံး သူ့ကို ထိပါးရင်တောင် သည်း ခံနိုင်သည်။ ဒါပေမယ့် အစောက ကြားလိုက်ရတဲ့ စကားတွေကြောင့် အမျိုးထိလျှင် ဆူပွက်လာသော သွေးက အရှိန် တက်လာလေသည်။ DDT ကို သူ ကြောက်သည်။ တစ်လောက ဟိုဘက် ရပ်ကွက်မှာ သွေးလွန် တုပ်ကွေးဖြစ်သော ကောင်လေး တစ်ယောက်ကြောင့် ထိုအိမ်အနီး တစ်ဝိုက် DDT လိုက်ဖျန်းခဲ့သည်။ အဲသည်မှာ တင်ပဲ သူ့မိတ်ဆွေတွေ အလုံးအရင်း သေဆုံး သွားခဲ့ရှာသည်။ တွေးနေရင်းပင် သူ့ရင်တွေ ဆီမှာ ၀မ်းနည်းခြင်း လှိုင်းတံပိုးတွေ ရိုက်ခတ်လာသည်။

“လုံမနဲ့ မိကျား လာဦး”

“ဘာတုံး မဲလုံးရဲ့”

“အေး...၊ ငါ သွေးကြွေး ဆပ်မယ်။ ငါတို့ ခြင်တွေကို စော်ကားလွန်းရာ ကျနေတဲ့ အတွက် အားလုံးကိုယ်စား ကလဲ့စားချေရမယ်”

မိကျားက လက်ခမောင်း ခတ်နေသော မဲလုံး အား အလန့်တကြား ငေးကြည့်နေသည်။ လုံမ ရောပါပဲ။
“မောင်ရယ်၊ ရှင် ဒေါသမကြီးပါနဲ့ရှင်။ ကျွန်မမှာလည်း ကိုယ်လေး လက်ဝန်ကြီးနဲ့လေ။ ဟိုက လူ၊ ရှင်က ခြင်။ မခံနိုင်လည်း ရှင်က ဘာတတ်နိုင်... နိုင်...”

လုံမ ဖျောင်းဖျနေစဉ်မှာပဲ မဲလုံးက တဇွတ်ထိုး ပျံသန်းသွားခဲ့သည်။ လက်မောင်းသား ဖြူဖြူဖွေးဖွေးထဲသို့ သူ့နှာတံတွေကို အားရပါးရ ထိုးသွင်း ပစ်လိုက်သည်။ ခြင်ဖိုဖြစ်၍ တစ်ခါမျှ သွေးမစုပ်ဖူးသော သူ့နှာတံတွေ ကောက်ကွေး တွန့်လိမ်သွားပေမယ့် လက်မလျှော့သေး။ တစ်ချီမှာ သူ့နှာတံ တစ်ဆစ်က မိန်းမပျို၏ အသားစိုင်ထဲ စိုက်ဝင်သွားသည်။

ထိုစဉ်...။
နာကျင်ကိုက်ခဲမှု ဝေဒနာ အစုစုကြားထဲက လုံမ၏ စိုးရိမ်တကြီး အော်လိုက်သံကို သူ နှစ်ခြိုက်စွာ နားဆင်နေသည်။ ပြားဝပ်သွားသော သူ၏ ကိုယ်ထည် အောက်မှာ သွေးရည်တွေ တရစပ် စီးဆင်းနေပြီဆိုတာ သူသိ၏။ လုံမလေး နင်မလာနဲ့လို့ သူအကျယ်ကြီး အော်ပြောလိုက်ချင် ပေမယ့် လက်တွေ့မှာတော့ ထိုအသံက သူ့ လည်ချောင်းဝ ဆီမှာ ဆို့နင့် တိမ်ဝင်သွားလေ သည်။ ရုတ်တရက် သူ့အသိထဲ တရစပ် ၀င်လာတာ သူ့ရင်သွေးလေးတွေဖြစ်၏။ ဖခင်ဟူသော ဂုဏ်ပုဒ် တစ်ခုကို အကျေနပ်ကြီး ကျေနပ် နေခဲ့ရသော နေ့ရက်တွေကို လွမ်းဆွတ် နေရင်းနဲ့ပဲ သူသေဆုံး သွားခဲ့လေသည်။

“မလုပ်နဲ့ လုံမ။ မလုပ်နဲ့လေ...”

အချစ်စိတ်ဖြင့် မွှန်ထူသွားသော လုံမက မကြားနိုင်တော့ဘဲ တစ်ဟုန်တိုး ပြေးထွက်သွား သည်။ “ဖြန်း” ဟူသော အသံ တစ်ခု၏ နောက်မှာ လုံမ ၀ိညာဉ်တွေ ကပ်ငြိပါသွားမလားဟု စိုးရိမ် ထိတ်လန့်စွာ မိကျားက ဆန်းစစ် ကြည့်နေသည်။ ခေါင်းတစ်ပိုင်း၊ ကိုယ်တစ်ပိုင်း ပြတ်သွားသော လုံမ။ မိကျားရဲ့ အချစ်ဆုံး သူငယ်ချင်း လုံမ။ ခုတော့...ခုတော့...။

မိကျားက ဆို့နင့် အက်ကွဲစွာဖြင့် တံတွေး တစ်ချက်ကို ခက်ခဲစွာ မျိုချ ပစ်လိုက်ရသည်။ မိကျား နောက်ဆုံး မြင်လိုက်သည်က လုံမ၏ မျက်ရည်စတွေ ဖြစ်၏။ သူငယ်ချင်း လင်မယား၏ အဖြစ်ဆိုးကို တခြား အခန်းဖော်များအား လိုက်ပြောရင်း သူမပါ အခန်း ပြောင်းဖို့ ကြိုးစားရတော့မည်။ အခန်းပြောင်းမှ မဟုတ်ဘူး။ အဆောင်ပါ ပြောင်းမှပါ။

ဆေးကျောင်းသူနဲ့ ဆရာဝန်ဆိုတဲ့ လူတန်း စားတွေဟာ လူ့အသက်ကို ကယ်ပါတယ် ဆိုပြီး ဂုဏ်ယူ ၀င့်ကြွားနေသလောက် တစ်ဖက်မှာတော့ စိတ္တဇ ခြင်သတ် သမားတွေ ဖြစ်နေကြပြန်တယ်။ ဒါဟာ ခြင့်အခွင့်အရေး ချိုးဖောက်မှုပဲ။ ခြင် တစ်ကောင်စီမှာRight ရှိတယ်။ အဲဒီ Right အတွက် ခြင်တွေ တိုက်ပွဲဝင်သင့် ၀င်ရမယ်။ နာကြည်းစွာ ပျံသန်းသွားသော သူမ၏ ကိုယ်ခန္ခာသည် ထိုအခန်းမှ အထွက် ပြင်းပြသော ဝေဒနာကြောင့် အောက်သို့ ပြုတ်ကျလေ၏။ သူမအပေါ် မိုးထားသော စာလုံးများအား နောက်ဆုံးအနေဖြင့် ကြိုးစား၍ ဖတ်လိုက်သည်။

Lynn Satt Nwe, 3rd MB, Parasitology ...

စာအုပ်၏ အလေးချိန်သည် အချိန်တို အတွင်းမှာပဲ သူမ၏ ဇီဝိန်ကို နှုတ်ခြွေ သွားတော့မည်။ ငနဲမ၏ စိတ်မထင်လျှင် မထင်သလို ကောက်ပေါက် တတ်သော စာအုပ် လက်နက်ကြားမှာ သူမ သေပွဲဝင်ရတော့မည်။ MBBS ဟူသော စာတန်းကို ရင်နာစွာဖြင့် ကြည့်လိုက်သည်။ မိကျားက ဟိုးရိုးတွင်း ခြင်ဆီထဲမှ အားကို ကုတ် ခြစ်ယူ၍ ရှိသမျှ အားနှင့် ရွံရှာ စက်ဆုပ်စွာ တံတွေး ထွေးချ ပစ်လိုက်သည်။ “ထွီ” ဟူသော အသံသည် အဖျားခတ်ကာ ဆန့်တငင်ငင် ထွက်သွားခဲ့လေသည်။

၎။
ခြင်သုံးကောင်၏ အဖြစ်အား အစအဆုံး မြင်တွေ့သွားသော ကိုရွှေပင့်ကူသည် မိကျားအား တိတ်တဆိတ် ချောင်းမြောင်းကာ လစ်ရင် လစ်သလို တွယ်ဖို့ ခုတင်ခြေရင်းက အမှိုက်ပုံး နားမှာ ပုန်းနေတာပဲ ဖြစ်၏။ ဒါပေမယ့် သူရရှိလိုက်တာ မိကျား၏ တံတွေးစ အစက်တွေပဲ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူသည် သတင်းကို အခန်းဖော် ပင့်ကူများအား ဖြန့်ရမည်။ သူအလျင်အမြန် ဖြန့်နိုင်မှ သူ့အခန်းဖော်များက သူ့ကို လေးစားကြမည်။ ပြီးတော့ သူက ဂျပိုးကို လိပ်ဖြစ်အောင် ပြောပြီး သူရဲကောင်း ၀င်လုပ်ပြမည်။ ဟုတ်ပြီ။

ခပ်သော့သော့လေး ပြေးနေသော ကိုရွှေပင့်ကူ၏ ခြေလှမ်းတွေသည် တစ်စုံတစ်ခု၏ ဆောင့်ဆွဲခံရမှုကြောင့် ရုတ်ခြည်း နာကျင် သွားလေသည်။ သူ၏ ဦးခေါင်းမှ စိုစွတ်မှုနှင့် နာကျင်မှု။ အထိအတွေ့ အာရုံနှစ်ခုကို ရေရာစွာ မခွဲခြားနိုင် သေးခင်မှာပဲ ဒါဟာ အိမ်မြှောင် တစ်ကောင်ရဲ့ သွားရည်တွေနဲ့ သွားတွေပဲဟု နောက်ကျစွာ သိရှိသွားသည်။ အိမ်မြှောင်က သူ့အား မညှာမတာ ကိုက်ဖြတ် ၀ါးမျို ပစ်လိုက်လေသည်။ ပင့်ကူ၏ အရသာကို ခံစားပြီးသွားသော အိမ်မြှောင်သည် ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် တံခါးဝဆီသို့ လျှောက် လာနေသည်။

“မင်းတစ်ယောက်တည်း သည်ကိစ္စကို သိတာ မဟုတ်ဘူး။ ငါလည်း သိတာပဲ။ ခုတော့ ခြင်ဇာတ်လမ်းကို သိတာ ငါတစ်ကောင်တည်း၊ ငါတစ်ကောင်တည်းပေါ့။ ဟား ဟား”

အိမ်မြှောင်က အားပါးတရ ရယ်မော လိုက်ပေမယ့် လက်တွေ့မှာတော့ ထိုအသံက “ကျွတ် ကျွတ်” ဟူ၍...။
ရုတ်တရက် ...။ သူ့ရှေ့မှာ ဘွားခနဲ ပေါ်လာသည့် မိန်းမ ၀၀ကြီးအား ကြောက်ရွံ့စွာဖြင့် ပွင့်အံ သွားသော တံခါးမကြီး၏ ပတ္တာအို နားမှာ အသာလေး ၀င်ခိုနေလိုက်သည်။ သည်မိန်းမကြီး ဘာလာ လုပ်တာပါလိမ့်။

“လင်းစက်နွယ်နဲ့ ရွှေစင် ညည်းတို့ လွန်လာပြီနော်။ လူကြီး တစ်ယောက် အောက်ထပ်မှာ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့။ ညည်းတို့ စိတ်လွတ် ကိုယ်လွတ်နေဖို့ သည်အခန်းကို ငှားရမ်းထားတာ မဟုတ်ဘူး။ အစောက “ဘုန်းခနဲ” ပြုတ်ကျတာ ဘာလဲ။ ငါအခု လန့်လွန်းလို့ သွေးကျဆေး သောက်နေရတယ်ဟဲ့...”
ရွှေစင်က အဆောင်မှူးအား မျက်စိပျက် မျက်နှာပျက်စွာ ကြည့်နေလေသည်။

“ဟို ဟို အဲဒါ လင်းစက်ရဲ့ Bailey & Love စာအုပ်ကြီး ပြုတ်ကျ သွားတာပါ မမ၊ နောက် အဲလို မဖြစ်စေရပါဘူး။ ခုဟာက ခွဲစိတ်ကု ပညာကို စိတ်ဝင်စားလွန်းလို့ ငြင်းခုံကြရင်း ဖြစ်သွားတာပါ”

လင်းစက်က အတန်ငယ် ပျော့ပျောင်းသော လေသံဖြင့် အတိုင်ပင်ခံ ခွဲစိတ် ဆရာဝန်မကြီး (အဆောင်မှူး) အား အပျော့ ဆွဲလေး ဆွဲလိုက်သည်။ Bailey & Love လို စာအုပ်ထူကြီးအား ဘုရားပေးပေး၊ ကျမ်းပေးပေး ဘယ်သော အခါမှ ဖတ်ဖို့ အသိတရား ၀င်မည် မဟုတ်သော သူမတို့ နှစ်ယောက်၏ မုသားကို မသိရှာသော ဆာဂျင်မမက သဘောကျ သွားလေသည်။ အမှန်က ပြုတ်ကျသွားသော စာအုပ်မှာ လင်းစက် ပစ်ပေါက်လိုက်သော Micro Parasitology စာအုပ်လေးသာ ဖြစ်၏။

“ဟုတ်လား အေး အေး။ အခုဟာက ဘာကိစ္စနဲ့ ပတ်သတ်ပြီး အငြင်းပွားတာလဲကွဲ့”

“ခြင် အဲ ဟုတ်ပေါင်။ ခြင်ကိုက်လိုက်တာလို့။ ဟိုလေ...”

ရွှေစင်က ကြောက်အားလန့်အားနှင့် ထစ်ထစ်အအ မှားမှား ယွင်းယွင်းတွေ ဖြစ်ကုန်သည်။ အခြေအနေအရ လင်းစက်က ပွဲဝင်ထိန်းပေးလိုက်ရသည်။
“ဟိုလေ မမ။ ခြင်ကြောင့်ဖြစ်တဲ့ ဆင်ခြေထောက် ရောဂါလေ။ Elephantiasis ဖြစ်ရင် Surgically ပြုပြင်လို့ ရမရ။ ငြင်းနေကြတာပါ”

အမျိုးသမီးကြီးက နှစ်ခြိုက်စွာ ပြုံးလိုက်သည်။
“သြော် ညည်းတို့က Filariasis ကို စိတ်ဝင်စားသကိုး။ ဟုတ်ပြီလေ။ မနက်ဖြန် တို့အခန်းကို ညနေကျ လာခဲ့။ တို့ရှင်းပြမှာပေါ့။ ဒါက ငြင်းနေလို့မှ မပြီးတာ”

“ဟုတ် ဟုတ်ကဲ့ မမ”

အိမ်မြှောင်က ထိုမိန်းမကြီး၏ မျက်နှာအား အနီးကပ် သေချာစွာ ကြည့်လိုဇောဖြင့် ပတ္တာအိုကြားမှ ထွက်ဖို့ကြိုးစားသည်။ သို့သော် ၀ဖိုင့်သော ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ အလွန်တရာ လျင်မြန်သော အမျိုးသမီးကြီး၏ တံခါးဆွဲ ပိတ်လိုက်သံ အောက်မှာ သူ့နံရိုးတွေ တစ်ချောင်းချင်းစီ ပြုတ်ထွက်ကုန်သည်။
“ကျွတ် ကျွတ်”
အိမ်မြှောင်၏ နောက်ဆုံး ညည်းချင်းသည် မနက်ဖြန် စာမေးပွဲကြီးအတွက် ပြင်ဆင်နေရသော ဆေးကျောင်းသူနှစ်ဦး၏ သားချော့တေး တစ်ပုဒ် အဖြစ် အသွင်ပြောင်းသွားလေသည်။

၅။
မနက်ဖြန် ညနေမှာ အဆောင်မှူးဆီ သွား၍ သူမ လေကျယ်သမျှ ခေါင်းလေးတညိတ်ညိတ် လုပ်ကာ နားထောင်ပြရတော့မည်။ သည်အသိကြောင့် သူမတို့ နှစ်ဦးစလုံး စိတ်ပျက်လက်ပျက် နှင့် မနက်ခြောက်နာရီ နှိုးစက်ပေးကာ အိပ်ဖို့ ပြင်ရတော့သည်။
“ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမ္မာဒိယာမိ”

“မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမ္မာ ဒိယာမိ”

မိန်းမပျိုနှစ်ဦး၏ ကသောကမျော တည်ဆောက်လိုက်သည့် ငါးပါးသီလ ဘုရား ရှိခိုးသည် အပြင်ဘက်မှ နားထောင်လျှင် တိုးတစ်ချက် ကျယ်တစ်ချက် လွင့်ထွက်လာလေသည်။ တစ်ဆောင်လုံး ဆရာဝန်တွေသာ ရှိသော သူမတို့ အဆောင်ကြီး၏ ပထမထပ် ညာဘက်ခန်းဆီမှ မီးခလုတ် ပိတ်သံ။ ပြီးနောက် ပန်ကာဖွင့်သံ။ ပြီးနောက် အသက်ရှူသံ။

များမကြာမီမှာပဲ မြောနေသော အိမ်မြှောင် တစ်ကောင်၏ မျက်လုံး အိမ်များမှ မျက်ရည်ပွင့်များ ကြမ်းခင်းနှင့် မိတ်ဆက်သွားသည်။ ငါးပါးသီလ တရားတော်ကို နာကြည်းစွာ ကြားနာ နေသော အိမ်မြှောင်၏ မျက်ရည်နှင့် ကြမ်းပြင် တိထွေ့သံသည် နရီမမှန်သော စည်းချက်များ အဖြစ် တိတ်ဆိတ်နေသော ညတစ်ခုမှာ အက်ကွဲစွာ ထွက်အံကျလာခဲ့လေသည်။

နိဂုံး။
စာမေးပွဲ ညများ၏ မသိလိုက် မသိဘာသာ အကုသိုလ်များသည် တရားဝင်ပါသလား။ ထိုသို့ မေးခွန်း ထုတ်နေရင်းနှင့်ပင် ကျွန်မ၏ မနက်များ၌ ယောင်ယမ်း ရိုက်မိခဲ့သော ခြင်များအား ကြမ်းပေါ်၌ ပြန့်ကျဲစွာ တွေ့ရလေ့ရှိပါသည်။ ထို့ကြောင့် မေးခွန်း ထုတ်မိသော ကျွန်မ နှုတ်သားများအား အားနာစွာဖြင့် ဤ၀တ္ထုဖြင့် သင်ပုန်း ချေလိုက်ပါသည်။ သူတို့ အားလုံး ဥဒါန်းကျေ၏ မကျေ၏ ဆိုသည်မူကား...။



လင်းစက်နွယ်

နားထောင်ပါမေမေ

 
အချိန်- ဇန်န၀ါရီ ၂၀၁၂
နေရာ- စာရေးစားပွဲ
အကြောင်းအရာ- စိတ်ဓာတ်ကျခြင်း။
သို့....မေမေ...။
ခုတော့ မေမေ့ကိုပဲ လိပ်မူဖြစ်ခဲ့တယ်။ ပြောချင်တာတွေကတော့ အများကြီးပဲ....

စာမျက်နှာ (၁)
မလွယ်ဘူးမေမေ။ ဒါက ညည်းချင်း တစ်ပုဒ်ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး နားထောင်ပေးပါ မေမေ။ ဘ၀မှာ ရန်ဖြစ်ဖော်ဆိုလည်း အမေ၊ တိုင်ပင်ဖော်ဆိုလည်း အမေ၊ အမေက ဆန့်ကျင်ဘက် နှစ်ခု။ ဓာတ်ခဲ တစ်လုံးနဲ့ အဖိုအမ ငုတ်တိုင် နှစ်ခုလို့ဆိုလည်း မှားမယ် မထင်ဘူး။ ခလုတ်ထိ မှ အမိတတာတော့  မဟုတ်ပါဘူး။ ဒါပေမဲ့ အလင်းယိုင် နိယာမတွေ များလာတဲ့ အခါ လူတွေကလည်း ကိုယ်ပြောတာကို နားမထောင် ပေးချင်တဲ့ အခါ မေမေ့ကိုပဲ ပြေးမြင်ယောင်မိလာတယ်။

စာမျက်နှာ (၂)
ဇန်န၀ါရီလရဲ့ ရှိသမျှနေ့စွဲတွေက ပြဿဒါးတွေနဲ့ပဲ လိမ်းကျံထား
လေသလား။ တစ်ရက်မှ ထောင့်မကျိုးဘူး။ ကိုယ့်ကိုယ်ကိုလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တဲ့ သပွတ်အူတစ်ခုလိုပဲ။  ကံကြမ္မာဟာ ၀ဲဂယက် တစ်ခုဆိုရင် သမီးက စုံးစုံးမြုပ်သွားတဲ့ လှေတစ်စင်း လိုပေါ့။ ပုထုဇဉ်တွေ မဟုတ်လား။

ထိုင်နေတုန်းအကောင်း၊ ထသွားမှ ကျိုးမှန်းသိခွင့်ရတဲ့ ကိုယ့်အဖြစ်ကိုယ်အား နာကြည့် ကြည့်နေရုံကလွဲပြီး လက်ပြနှုတ်ဆက်ဖို့လည်း သတိမရခဲ့ဘူး။ ကိုယ့်ပြဿနာနဲ့ကိုယ် တိုင်ပတ်နေတာမျိုးပေါ့။ တစ်နေ့တုန်းကတော့ လူတွေ တရစပ် ပြေးလွှားနေတာကို တစ်နေရာက ချောင်းကြည့်ဖူးတယ်။ လူတွေက သူ့အပူသူ မမြင်ကြဘူး။ ဒါမှမဟုတ် ပူလို့ပူမှန်း မသိတာလည်း ဖြစ်နေနိုင် သေးတာပဲ။ ဘာပဲပြောပြော သူတို့က အပူသည်ရုပ်တော့ မပေါက်ဘူး မေမေ။ သူတို့ကို အားရပါးရ ဝေဖန်ပြီးမှ ကိုယ့်အဖြစ်ကိုယ် ပြန်သုံးသပ်မိ တယ်။ တကယ်တော့ သမီးကလည်း အသုံး မ၀င်တော့တဲ့ စာခြောက်ရုပ်အို တစ်ရုပ်ပါပဲ။ ဘယ်ငှက်မှလည်း မလေးစားဘူးလေ။

စာမျက်နှာ (၃)
အိပ်မက်တွေ သိပ်များလွန်းတဲ့ သမီးကို တချို့က ခပ်တည်တည်နဲ့ တံဆိပ်ခတ်ပစ်ကြတယ်။ လောဘကြီးတာတဲ့လေ။ သူတို့ပြောတာလည်း မလွန်ပါဘူး။ တကယ်တော့ အိပ်မက်ဆိုတာ တဒင်္ဂမက်ခွင့်ရပြီး နိုးလာရင် တမ်းတစရာ၊ စကားစမြည်ပြောစရာ အမြည်းစားစရာပါပဲ။ ဒါပေါ့မေမေ အိပ်မက်တွေကိုပဲ အစစ်လို့ ထင်မှတ်ခဲ့ပြီး ဘ၀တစ်ခုလုံး မြုပ်တဲ့အထိ ပေးဆပ် ခဲ့ဖူးရဲ့။ မေမေသိလား။ နောင်တဆိုတာ နောင်မှရတဲ့အမျိုးလေ။ အလင်း ရောင်တွေရဲ့အောက်မှာ သမီးကိုယ်သမီး ထုဆစ်နိုင်လိမ့်မယ်လို့ ဘယ်လို အတွေးနဲ့များ ယုံကြည်မိပါလိမ့်။ ခုတော့ မေမေရယ်။ ဒစ်္စကို မီးရောင်တွေက ပဲ သမီးရဲ့ ကကြိုးပျက်ဟန်ကို စနစ်တကျ ရယ်မောဟားတိုက် ပြသေးတယ်။ သမီးက ဓာတ်ခဲမကောင်းတော့တဲ့ လက်နှိပ်ဓာတ်မီး တစ်လက်ပါ အမေရယ်။

စာမျက်နှာ (၄)
လူတွေကို ပြောလိုက်ရင်တော့ အပျံစားပဲ။ ဘ၀က ပန်းရထားမှ မဟုတ် တာ။ ဒါပေမဲ့လည်း ဖက်တွယ်မှုတွေ ကွဲပြားလာတဲ့အခါ သူငယ်ချင်းတွေ က ရန်သူဖြစ်သွားသလားတော့ မသိဘူး။ အလုပ်ထဲမှာလည်း အဆင်မပြေ ဘူး မေမေ။ ပေးဆပ်တယ်ဆိုတာ အပြောသာချိုတာ။ တကယ့်လက်တွေ့ တော့ ပွန်းပဲ့သွားတာပါပဲ။ ဒါပေမဲ့လည်း ပွန်းသွားတဲ့ ကျောက်ဆို ဈေးကွက် က နေရာ သိပ်မပေးချင်တော့ဘူး။ ဒါနဲ့ပဲ မထင်မရှား ကျောက်တစ်ပွင့် အဖြစ် လူတွေရဲ့စဉ်းတီတုံးအောက်ထပ် ရောက်ခဲ့သေးတယ်။

စာမျက်နှာ (၅)
အဆင်မပြေပါဘူး မေမေရယ်။ ခက်တာက အဲလိုပြောလိုက်ရင် လူတွေ က သမီးရဲ့ ပြည့်စုံခြင်းကိုပဲ မြင်ပြီး သူဘာလို့ အဆင်မပြေသလဲလို့ တအံ့ တသြ ဖြစ်သွားတာကလွဲလို့ ဘာဆေးမှ မပေးနိုင်ကြပါဘူး။ တစ်နေ့တုန်း ကတော့ ခဲမမှန်ဖူးတဲ့ စာသူငယ် ခဲမှန်သွားတယ် ပြောရမယ်။ ပစ်တဲ့ခဲက သေးသေးလေးပါ။ ပစ်တဲ့သူက အကြီးကြီးမို့လား။ နှလုံးသားတည့်တည့် မှန်သွားဖူးတယ်။ သူပြောတာလည်း မှန်ပါတယ် အမေရယ်။ ဒါပေမဲ့လည်း လူဆိုတာမျိုးက နေပူမိုးရွာ ထီးမဆောင်းကြတဲ့သူတွေမှ မဟုတ်ဘဲ။ အရိပ် အရ ဖမ်းဆုပ်ရတာမျိုး ရှိချင်ရှိမှာပေါ့နော်။ တစ်ခါတလေတော့လည်း လူတွေ ဘာပြောပြော ကိုယ်သိပ်ကြိုက်တဲ့ ထီးတစ်ချောင်းကိုပဲ တစ်သက်လုံးသုံးသွား ချင်တာမျိုး။ ထီးရွက်တွေ စုတ်ချင်စုတ်ပါစေ။ သူပေးမယ့် အရိပ်တစ်ခုက ကိုယ့်ဝိညာဉ် ဘယ်တော့မှမခွာချင်တာမျိုးပေါ့။ ထူးတော့ထူးတယ်။ နေရာရ မသွားတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း စုတ်သပ် မနေတော့ပါဘူး။ ဥပမာတွေ အပေးခံလာရတဲ့ အခါအိမ်စာလုပ်ဖို့ လစ်ဟင်း သွားတဲ့ ကျောင်းသားလို ဘ၀ထဲက ထွက်ပြေး ချင်လာတယ်။ ပူတယ် အမေရေ။ အလျင်စလို ရှိခိုးလိုက်တော့ ဘုရားကိုတောင် နည်းနည်းအားနာသွားတယ်။ လူတွေက ပူတော့မှအအေးကို တောင့်တတတ်တာ မဟုတ်လား။

စာမျက်နှာ (၆)
ရယ်ရတာတစ်ခုက သမီးလို ကြက်ကန်းမျိုး က ဆန်အိုးလည်း တိုးတတ်သေးရဲ့။ သည်လို ပါပဲ။ ကံကြမ်္မာကို သမီးကြိုက်သလို ခြယ်လှယ် ထားရတာ မဟုတ်ရပါဘူး။ ကြက်ခြေခတ်တွေ ပဲ များလာတဲ့ ဘ၀မှာ တစ်ခါတလေ ဆန်အိုးတိုး တော့ ပုထုဇဉ်မို့ ပျော်မိတာပဲ။ ဆန်အိုးကလည်း တယ်ကြီးဆိုပဲ။ အင်း ဘယ်သူတွေ အတွက်တော့ ကြီးနေလဲ မသိဘူး။ သမီးကတော့ ဆန်အိုးသာ တိုးမိတာပါ။ ဆန်တစ်စေ့မှ စားမ၀င်တော့ပါ ဘူး။ သူရဲဘောကြောင်တယ်ပြောပြော သမီး အရှုံးပေးချင်ပြီ။ လူတွေက ဆုတွေ၊ ဆက်တီဖီ ကိတ်တွေ၊ ဒီပလိုမာတွေကိုမှ လိုချင်နေကြ တာလား။ ဆန်အိုးတိုးမိသွားတဲ့ ကြက်ကန်းမ တစ်ကောင်ကိုရော ထောမနာမပြုချင်ကြဘူး လား။ လက်ခုပ်သံကြားမှ လှည့်ကြည့်မိတယ်။ သြော် နောက်ဆုံးတော့ ကိုယ့်အဖြစ်ကိုယ် ပြန် အားပေးရပြန်တာပဲ။

စာမျက်နှာ (၇)
လူ့ဆိုက်ကိုဟာ ဆန်းကြယ်သားပဲ။ ဘာမှ မဟုတ်တော့တဲ့သူလို့ ပြောချင်လည်းပြော၊ တစ်ပြိုင်တည်း အဲဒီလူကိုပဲ တွယ်ဖက်ချင် တွယ် ဖက်တတ်သေးတာ။ သမီးလို အမှိုက်တစ်စက ရီဆိုက်ကယ် လုပ်ရလောက်အောင် ကွာလတီ မပေးပါဘူး အမေရယ်။ အဲဒီအမှိုက်ကိုပဲ Reuse ဆိုပြီး ထပ်ခါထပ်ခါ သုံးစွဲခဲ့သေးတာ။ အဲသလို စိတ်ကြိုက် သုံးစွဲပြီးရင် စနစ်တကျ စွန့်ပစ်သင့် တာပေါ့နော်။ ဒါပေမဲ့ သမီးလို အညတရ အမှိုက် စကို ဘယ်သူမှလည်း သေသေချာချာ မစွန့်ပစ် ချင်ကြပါဘူး။ အဲတော့ Reuse ဆိုပြီး ငြင်းဆန် မှုတွေရဲ့ ဒဏ်ထဲမှာ ကိုယ့်အိပ်မက်ကိုယ် သော့ ခတ်ဝါးမျိုစေလိုက်တယ်။ နည်းနည်း သက်သာ သွားတယ် မေမေ။

စာမျက်နှာ (၈)
သည်နေ့ညတော့ အရင်ညတွေထက် စိတ် ဓာတ်ပိုကျတယ် မေမေ။ ပြန်ကောက်လိုက်တိုင်း  လွတ်ကျသွားတတ်တဲ့ စိတ်ဓာတ်ကို အဖတ်ပြန် ဆယ်မနေတော့ပါဘူး။ စာရေးစားပွဲလည်း ရှုပ်ပွ နေတာပဲ။ အခန်းတစ်ခုလုံးလည်း ရှုပ်ပွနေတာပဲ။ သမီးရဲ့ စိတ်လည်း ရှုပ်ပွနေတာပဲ။ အခန်းက လည်း အမှိုက်ပုံနဲ့ကို တူနေပြီ။ လေပါတယ် အမေ ရယ်။ ဘောပင်ကိုင်လိုက်တိုင်း နောင်တတွေပဲ ထွက်ပြူလာတာက လွဲရင် ဘ၀ကို ထပ်ပြီး စာစီ ကုံးမနေချင်တော့ဘူး။ သမီးလို အညတရမျိုးက သိပ်ပြီး ဂန္ထ၀င်ဆန်ချင်နေတော့ရော လောက ကြီးက တယ်ပြီး ခမ်းနားသွားမှာတဲ့လား။ အဖြစ် မရှိတဲ့ စကားလုံးတွေ အယ်ဒီတာ စားပွဲကျော်ရင် ကျေနပ်ပါပြီ။ ခုတော့ ဘယ်သူမှ အယ်ဒီတာ လုပ်မပေးချင်ကြတော့တဲ့ ကိုယ့်စာမူကိုယ်ပဲ ပြဋ္ဌာန်းလိုက်တော့ ဌာန်ကရိုဏ်းမကျတဲ့ ဆဲရေး နည်းပေါင်းစုံပဲ ထွက်အန်လာတယ် မေမေရေ။  မရှိမဖြစ် အဖော်ညတွေရဲ့ ပိုင်ရှင်အဖြူရောင် ဆေးလုံးလေးတွေက သမီး အိပ်စက်ခြင်းကို ခပ် တည်တည် အာဏာသိမ်းပစ်လိုက်ကြပြီ။ ဟုတ် တယ်။ ဒိုင်ယာဇီပင်ဆိုတဲ့ ဆေးလုံးလေးတွေကို သမီးကောင်းကောင်း သုံးစွဲပစ်လိုက်ပြီ မေမေ။

စာမျက်နှာ (၉)
သမီးက မိုင်းနင်းမိတဲ့စစ်သားတစ်ဦးပါ။ ဒါပေမဲ့လည်း မိုင်းဗုံးများကို ကျေးဇူးတင်ပါ တယ်။ သူတို့ ကူညီလိုက်လို့ သမီးအရင်လောက် အလုပ်ရှုပ်စရာမလိုတော့ဘူး။ ဘ၀ဟာ ရိုးရှင်း တာပဲ ကောင်းပါတယ်။ ဘာအတွက် တိုက်ခိုက် နေမိတာလဲ။ အားမလို အားမရ ကိုယ့်ကိုယ်ကို တီးတိုးမေးမိဖူးတယ်။ အလကားပဲ။ ရှစ်ပဲ။ မိုင်းထိတာပဲ အဖတ်တင်တယ်။ မိုင်းဗုံးထောင်တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အင်း သွားမှာပါ။ သွားရမှာပေါ့။ လူတိုင်းတစ်နေ့တော့ ထွက်သွားရမှာပေါ့။ သမီးလည်း တစ်နေ့တော့ ထွက်သွားရမှာပါ။ ဘယ်တုန်းကမှ ရောင်နီမလာ ခဲ့ဖူးတဲ့ ခပ်အိုအိုပြတင်းပေါက်ကနေပဲ သမီးသွားဖို့ အသင့်ပါ။ ဒါပေမဲ့အားလုံးကို ကျောခိုင်းတော့ မယ့်အခါ ဘယ်သူ့ကိုမှ နှုတ်ဆက်မသွားသင့်ဘူး လို့ထင်တယ်။အသည်းခွဲတဲ့ယောက်ျားများကို လည်း ကျေးဇူးတင်ပါတယ်။ အသည်းခွဲတတ် တဲ့ မိန်းမများကိုလည်းကျေးဇူးတင်ပါတယ်။
“ဒုတိယလူအဖြစ်နဲ့ ပြီးဆုံးသွား မင်းပေးခဲ့ တဲ့ ဆုလာဘ်များရယ် အချိန်တန်ပြီဆိုရင် ကိုယ် ပြန်သွားရတော့မယ်”
အို တော်ပါ။ ကိုစည်သူလွင်ကိုလည်း ကျေးဇူးပါ။ နောက်တစ်ခါ တည့်တည့်ကြီး စောင်းမဆိုလိုက်ပါနဲ့နော်။

စာမျက်နှာ (၁၀)
သမီးက ကိုယ့်စိတ်နဲ့ကိုယ် ကွာရှင်းပြတ်စဲထားတဲ့ ဂျစ်ပစီပါ။ ကိုယ့်နိုင်ငံ ရဲ့ လမ်းတွေပေါ် အမှိုက်ဖွတဲ့ အလကားလူတစ်ဦးချင်းစီကို မုန်းတတ်ပြီး ကိုယ့်ခန္ဓာကိုယ်မှာပဲ အမှိုက်ဖွတဲ့ ဘယ်နေရာမှာမှ အမှိုက်မဖွသူတွေကိုတော့ Pass ပေးထားပါတယ်။ တက်တူးက အနုပညာတစ်မျိုးပါပဲ။ နာကျင်မှုနဲ့ ရင်းရတဲ့ အနုပညာလို့ ကဗျာဆန်ဆန် ရှင်းပြရင် မေမေ နှာခေါင်းရှုံ့ဖူးတာ မြင်ယောင်မိပြန်တယ်။ စတစ်ကာတက်တူးတွေ၊ တက်တူး အစစ်တွေ၊ အပိုးမကျိုးတဲ့ အပြာရောင်ဂျင်းတွေ၊ စပိန်ဂစ်တာတွေကို ကြိုက်နှစ်သက် တတ်တာ အပြစ်မဟုတ်ပါဘူး မေမေ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါ တယ်။ ဝေဖန်နှိမ်ချိုးစရာ မလိုပါဘူး။ သည်နေ့ သြစတြေးလျ အိုပင်း တင်းနစ်ပွဲမှာ ကမ္ဘာအဆင့် ၂၆ က ကမ္ဘာအဆင့် ၅ လီနာ့ကို ရှုံးတယ် မေမေ။ ပွဲမပြီးလိုက်ဘဲ ရှုံးသွားတာ။ သူ့ဘာသာသူ ပြေးလွှားရင်း ခြေခေါက် လဲသွားတာ။ ဒါပေမဲ့ အံ့သြစရာပဲ။ ထုံဆေးတွေဖျန်း၊ နာကျင်မှုတွေကြားက သူ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့သေးတယ်။ ဇွဲလုံးဝမလျှော့ဘူး။ နောက်မှ သူ ဆက်မရိုက်နိုင်တော့ဘဲ ထွက်ပစ်လိုက်တယ်။ သူ့ မျက်ရည်တွေဟာ သူ ရှုံးတာကို ပြောပြနေတာ မဟုတ်ဘဲ သူ့ဇွဲကို ဖော်ပြနေတယ်လို့ သမီး မြင်တယ်။ ဒီလိုပါပဲ။ လူတွေဟာ တင်းနစ်ပွဲလိုပါပဲ။ တစ်ခါတစ်ရံ ခြေခေါက် လဲမယ်။ တစ်ခါတလေ ချန်ပီယံဖြစ်ကောင်းဖြစ်မယ်။ တစ်ခါတလေ ရှုံးလို့ ထွက်ရမယ်။ သမီးကတော့ ဆာဗင်ထိုးတိုင်း Double Fault  ဖြစ်ရတဲ့ ခပ်ညံ့ ညံ့ ကစားသူပါ မေမေ။ သမီး ရွှေ့လိုက်တဲ့ နယ်ရုပ်လေးတွေဟာ Out  သွားတတ်တယ်။

စာမျက်နှာ (၁၁)
မေမေရေ။ ဆောင်းက အလုအယက် ရုန်းကန်အေးစိမ့်နေတယ်။ သမီးက တော့ ကိုယ့်စိတ်ဓာတ်ကိုယ် ပြန်ဝါးမျိုနေတဲ့ ကြွက်စုတ်တစ်ကောင်ပါပဲ။ ခုတော့ ကြေးနန်းကြိုးတွေ ရှော့ခ်ရသွားလို့ ဘယ်အိပ်မက်ကမှ မီးထမလင်း တော့ဘူး။ ကောင်းတယ်။ သိပ်ကြိုက်တယ်။ အမှောင်က အားလုံးကို ဖုံးကွယ် ပေးထားတယ်။ အမှောင်ကို ချစ်တယ် မေမေ။ ပိတ်သွားတဲ့ တံခါးချပ်တွေ နောက် သမီးကို လိုက်ရှာမနေပါနဲ့တော့။ သမီးက ထာဝရ ချိတ်ပိတ်ထားတဲ့ ခပ်ကြောင်ကြောင် စာအိတ်တစ်အိတ်ပါ။ မေမေ့အတွက် ဂုဏ်သိက္ခာတွေကို ဆောင်ကြဉ်းမပေးနိုင်ပါဘူး။ သမီးကို ဖွင့်မဖတ်မိပါစေနဲ့။ သမီးက ဘယ်သူ့ ကိုမှ အမိန့်မပေးချင်၊ ဦးမဆောင်ချင်သလို ဘယ်သူ့အမိန့်ကိုမှ နာခံချင်မယ့် နောက်လိုက်တစ်ယောက်လည်း ဘယ်တော့မှ မဖြစ်ချင်ပါဘူး။ စံနမူနာထား စရာ ဖြစ်ရမှာထက် မျှဝေခံစားပေးချင်သူပါ။ ကိုလေးဖြူက စာမျက်နှာ ၁၅ ဆို သမီးကတော့ စာမျက်နှာ ၁၁ နဲ့ပဲ ဘ၀ကို လုံးခြေပစ်လိုက်ပြီ။ ဘယ်တုန်းကမှ အမှားပြင်ဆင်ချက်မရှိတဲ့ သမီးရဲ့ စာမျက်နှာတွေ အမှားတစ်ခု တလေ ပါခဲ့ရင် ဆွဲဆုတ်ပစ်တတ်တာ မေမေ အသိပါ။ အင်း ဆွဲဆုတ်ရာတွေ များတဲ့ သမီးရဲ့ ခေါင်းမာမာ ရာဇ၀င်ကို မေမေ့ နှလုံးသားထဲ ထာဝရ သိမ်းထားလိုက်ပါ။
နိဂုံး
ပေတေလေလွင့် သမီး အကျင့်ဆိုးတွေကို အမွေဖြတ်စွန့်လွှတ်ပစ်လိုက် ပါ မေမေ။ သမီးဆိုတဲ့ ခမ်းနားတဲ့ ဖြစ်တည်မှု တစ်ခုက လွဲရင်ပေါ့နော်။
လင်းစက်နွယ်

ကိုယ်ပိုင်လက်နက်များ


ခပ်ဖျော့ဖျော့လေး ခင်းကျင်းထားသော အလင်းရောင် အောက်တွင် အမျိုးသမီး တစ်စု၏ ခပ်အုပ်အုပ် ရယ်မောသံက အနည်းငယ် မသေသပ်စွာ ထွက်အံလာသည်။ “ချီးယား(စ်)”ဟု ပြိုင်တူ အော်လိုက်သံက ဖန်ခွက်သုံးခွက် တိုက်ပစ်သံနှင့် ထပ်တူ ကျသွားသည်။ ခွက်ကလေးများ ထိတိုက် မိသောကြောင့် အနည်းငယ် တုန်ခါသွားသည့် ဖျော်ရည်များကို ကြည့်ရင်း နွယ်မာက မပွင့်တပွင့် ပြောလိုက်၏။

“ငါတို့ ဘယ်လောက်တောင်များ ဝေးကွာခဲ့ပါလိမ့်” ထို့နောက် သူတို့ အားလုံးသည် မတိုင်ပင် ရပါဘဲလျက် တစ်ပြိုင်တည်း ရယ်မောမိ သွားသည်။ အားဖျော့လှသော အလင်းအရောင်သည် သူတို့အားလုံး၏ ကြေကွဲမှုကို စုပ်ယူဖမ်းဆွဲ မပေးနိုင်ပါ။

“ဟုတ်ပါရဲ့ ငါတို့ ဆံပင်တွေတောင် မီးခိုးရင့်ရောင် သန်းနေပြီ၊ ခင်ခင်ကြီးက လွဲလို့ပေါ့” ရီရီခင်၏ ချစ်ခင်စွာ အငေါ်တူးလိုက်သံ အောက်မှာ ခင်ခင်ကြီး ဇက်ပု သွားခဲ့လေသည်။ လျှာလေး တစ်လစ်နှင့် ရှက်စနိုး အမူအရာ ပြနေခဲ့သော ခင်ခင်ကြီးက အရှက်ပြေ ပြန်ဖာရန် ကြိုးစားသည်။ “ကိုယ်က ဆိုးဆေး ကူရတယ်လေ၊ မကူလို့မှ မဖြစ်ဘဲ၊ ကိုယ့်မောင်လေးက ကိုယ့်ကို”

“သွားပါ၊ ရှီးတဲ့မှပဲ၊ ဒါခွဲစိတ် အထူးကု ဆရာဝန်မကြီး တစ်ယောက်က ပြောသင့်တဲ့ စကားလား”

နွယ်မာက အတည်ပေါက် ဟောက်လိုက် သည့်အခါ သူတို့ အားလုံး၏ အတိတ်များအား သတိတရ ရှိသွားသည်ကို ကာကွယ်ချိန် မရ လိုက်ခဲ့။
“နွယ်မာပြောတာ မှန်တယ် ခင်ခင်ကြီး၊ မင်းမောင်လေးက မင်းကို ချစ်မိသွားတာ နှာခေါင်းစည်း အထက်က တောက်ပတဲ့ မျက်ဝန်းတွေ ကြောင့်ပဲ ဆိုတာလေ”
“အို အဲဒါ အမှန်ပဲ နွယ်မာ၊ သူကိုယ့်ကို သိပ်ချစ်တာ”

ရယ်စရာ မဟုတ်မှန်း သိလျက်ကပင် ရယ်မောမိသွားပြန်သည်။ ဘွဲ့လွန် ဒုတိယနှစ် ကျောင်းသား မိုးဇော်နှင့် အတိုင်ပင်ခံ ဆရာဝန် ခင်ခင်ကြီးတို့၏ သတင်းအား ရီရီခင်နှင့် နွယ်မာ ကြားမိသွားခြင်းမှာ အဆန်းတကြယ် မဟုတ်ပါ။ သူမတို့ အားလုံးက တစ်ယောက်ဝမ်းနာ တစ်ယောက်သိကြသူများ ဖြစ်သည်။ ဇရာ၏ အထုအထောင်းအား ဆိုးဆေးဖြင့် အမြဲတစေ ကူ၍ မရကြောင်း ခင်ခင်ကြီး သိထားပါသည်။ ထို့နောက် သူမရင်ထဲတွယ်ငြိဖူးသော မိုးဇော်အား သူမကိုယ်တိုင်ပင် ရက်စက်စွာ ကန် ထုတ်ခဲ့ရဖူးကြောင်း ကိုတော့ နွယ်မာတို့အား ပြောမပြ ဖြစ်ပါ။
“ကိုယ်တို့အားလုံး တစ်ယောက်တစ်မျိုးစီ ရှုံးနိမ့်ခဲ့ဖူးတာချည်းပဲနော်။ နှစ်အရေအတွက် သိပ် မမှတ်မိလှပေမယ့် ကိုယ်တို့တွေ ဘွဲ့လွန်တက်ခဲ့ ကြတုန်းက”

၂။
ဒေါက်တာ ရီရီခင်၊ သားဖွားနှင့်မီးယပ် အထူးကု၊ မန္တလေးဗဟိုအမျိုး သမီးဆေးရုံကြီး။
ရီရီခင်သည် မိမိဆိုင်းဘုတ်အား တစ်ချက် လှမ်းကြည့်ပြီးမှ အနည်းငယ်ဝင့်ကြွားစွာဖြင့် သူမ အခန်းထဲသို့ ၀င်ခဲ့သည်။ M.B.B.S ၏နောက်တွင် M. Sc လိုက်လာဖို့၊ ထိုနောက်တွင်မှ MRCOG ဟူသော အလွန် ခက်ခဲသည့် ဘွဲ့တစ်ခု ကပ်ငြိပါလာဖို့ သူမပေးဆပ်ခဲ့ရသော အရာတွေကို ပြန်စဉ်းစား ကြည့်ရုံမျှပင် ကြက်သီးထခဲ့သည်။

ယခုတော့ သူမ၏MRCOG ဖြေခဲ့ရသော ခက်ခဲသည့်ရက်များ ကုန်လွန်သွားခဲ့ပြီ။ ဘာဖြစ် လို့များ ထိုအရာသည် ဆိုင်းဘုတ်တစ်ခုပေါ်မှ စကားလုံး ငါးလုံးတည်းဖြင့် ဖွဲ့စည်းထားသော အရာတစ်ခုလောက်သာ ကြီးကျယ်နေခဲ့ရပါလိမ့်။ သို့သော် သူမ အကြီးအကျယ် မှားယွင်းသွား သည်။ လူတွေက သူမ၏ သမိုင်းအား မေ့ဖျောက် ထားနိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေး ခဲ့ဖူး။ အတိတ်အားMRCOG က ဖုံးကွယ်ပေး လိုက်သော အခါ ဆိုင်းဘုတ်ပေါ်မှာ ထိုဘွဲ့လေး အတွက် သူမကိုယ်သူမ ကျေနပ်ဂုဏ်ယူ မဆုံးတော့ပေ။

ထိုအရာသည် အတွေးထဲသို့ ဒေါက်တာ လင်းအောင် ရောက်မလာခင်အထိသာ ကြည်နူး ဖွယ်ဖြစ်သည်။ လင်းအောင်က အရိပ်မည်းတစ်ခု၊ လင်းအောင်က နတ်ဆိုးတစ်ကောင်ဟု ကျိန်ဆဲ ပစ်ခဲ့ရသော နေ့တွေ မကုန်နိုင်သေးပါလားဟု အထိတ်တလန့် လက်ခံလိုက်ရလေသည်။
သူမတွင် အချစ်ဟူသော အရာကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါ။ တကယ်တမ်း “အချစ်” ဟု လွဲမှားစွာ အမည်တပ်ခံခဲ့ရချိန်မှာ တော့ သူမဘွဲ့လွန်ဒုတိယနှစ် ရှုံးနိမ့်ရလောက် အောင်ထိ ထိုအရာက နှိပ်စက်နိုင်အားကြီးမား လွန်းခဲ့လေသည်။

ဒေါက်တာ လင်းအောင်သည် သူမ ဘွဲ့လွန် တက်စဉ် သူမ၏ ဆရာဖြစ်ဖို့ မကောင်းခဲ့ဘူးဟု အကြိမ်များစွာ တွေးမိသော စိတ်အား ပြန်လည် ချိုးနှိမ်လိုက်ရလေသည်။
“ဒါတွေ လိုချင်လို့ ငါသူ့ကို ချဉ်းကပ်ခဲ့တာ မဟုတ်ဘူး”

တစ်ခါတစ်ရံတွင်တော့ အရူးတစ်ယောက်ပမာ သူမကိုယ် သူမ ထင်မြင်ချက် ပေးတတ်မြဲ။ အမှန်တော့ သူမသည် ကြွေလုလုဖြစ်ခဲ့သော ထန်းသီးဖြစ်ပြီး လင်းအောင်ကတော့ တမင်သက် သက်နင်းချပစ်သော ကျီးကန်းတစ်ကောင် ဖြစ်လိမ့်မည်။ ထိုနေ့က။
“ဘယ်လိုလဲ သမီး၊ အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့၊ ပြေပါတယ်ဆရာ”

ပြောသာပြောရသည်။ ဘာကို အဆင်ပြေသလဲ မေးလိုက်မှန်းသူမ မရိပ်မိတတ်ခဲ့။ ထိုနေ့ ညက သူမ အိုတီထဲမှာ ရှိနေခဲ့ပြီး သူကတော့ အ၀တ်လဲခန်းမှ အထွက် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
“သြော်၊ ဒါနဲ့ဆရာ CA cervix (သားအိမ် ခေါင်းကင်ဆာ)ကေ့စ်နဲ့ ပတ်သက်ပြီး”

“ဟေ၊ ကိုယ် ဒီည ဆေးရုံမှာ အိပ်မှာလေ၊ ခဏနေရင် လာမေးလိုက်၊ ကိုယ့်အခန်းထဲမှာ ရှိနေမယ်”

သူမသည် ရိုးအသော သိုးငယ်တစ်ကောင် ဖြစ်မှန်း ထိုနေ့ညက ကံကြမ္မာမှ အတည်ပြုပေး ခဲ့လေသည်။ ယောက်ျားတစ်ယောက်၏ သက်ပြင်းသံအား ထာဝရ ရွံရှာ စက်ဆုပ် သွားသော သူမ အဖို့ ထိုညသည် နိမိတ်ဆိုး တစ်ခုလည်းဖြစ်သည်။
“သည်ကိစ္စကို ကိုယ့်အမျိုးသမီးကို မပြောရဘူး၊ ကိုယ်က ကိုယ့်အမျိုးသမီးကို ဘယ်တော့မှ ကွာရှင်းပစ်မှာ မဟုတ်သလို မင်းကိုလည်း”

သူမ ငိုရှိုက်မနေခဲ့သော အခါ သူ အနည်းငယ် တုန်လှုပ်သွားလေသည်။ လင်းအောင်က ရီရီခင်၏ ပညာရှာဖွေသော မျက်လုံးများကို ရိပ်မိ ပြီး ပညာဖြင့်မျှား၏။ သို့သော် သူမက ငါးစာ အဖြစ် အသုံးပြုခံရသော တီကောင် မဟုတ်ခဲ့ကြောင်း သက်သေပြခဲ့ရသည့်နေ့က သူမ ပျော်ရွှင် ရသလို ၀မ်းနည်းပူဆွေးရသော နေ့လည်းဖြစ်၏။

ဒေါက်တာလင်းအောင်နှင့် ဇနီးသည်တို့၏ ကွာရှင်းပြတ်စဲခြင်း ကော်လံအား သူမ၏ ခုတင် နံဘေးက စာကြည့်စားပွဲလေးမှာ ပလတ်စတစ် လောင်းကာ ထောင်ထားခဲ့သည်။ ထိုနှစ်က ကျောင်းသူ ဘ၀၌ တစ်ခါမျှ စာမေးပွဲမကျဖူးသူ ရီရီခင် ကျရှုံးလေသည်။ ထို ကျရှုံးမှု၏ အကြောင်းရင်းအား လူတော်တော်များ များ သိပြီးကြပြီဟု မတွေးခင်ထိ သူမကျေနပ် ခဲ့ဖူးသည်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဆေးရုံကြီး တွင် လက်ထောက်ဆရာဝန် တာဝန်ကျနေသော နွယ်မာ လှမ်း၍ ဖုန်းဆက် သတိမပေးလျှင် သူမ၏ လင်းအောင်အပေါ် တွယ်ငြိသွားမှုကို ပါးပြင်တွေ လှုပ်ခတ်နီစွေးသွားရလောက်အောင်ထိ အထိတ် တလန့် ဖြစ်ခဲ့ရမှာ မဟုတ်။ MRCOG ဖြေဖြစ်ရန် တွန်းအားတစ်ခု အဖြစ် သက်ရောက်ဖြစ်ခဲ့မှာ မဟုတ်။

သို့သော် ထိုနေ့က။

၃။
ဒေါက်တာ နွယ်မာ၊ တွဲဖက် ပါမောက္ခဌာန၊ ဆေးတက္ကသိုလ် ၂ ၊ ရန်ကုန်။
နွယ်မာသည် မိမိအား ကာကွယ်ပေးထားသော မျက်နှာမှ အမာရွတ်အား တစ်ခါမှ ကျေးဇူး မတင်ခဲ့ဖူးပါ။ ထိုအမာအရွတ်အား သူမ ပွင့်ဖြူ မြို့နယ် ဆေးရုံတွင် လက်ထောက် ဆရာဝန် ရာထူးဖြင့် တာဝန် ထမ်းဆောင် ခဲ့စဉ်က အမှတ်တမဲ့ ရရှိခဲ့လေသည်။
“ဟုတ်တယ် ရီရီခင်၊ သည်နေရာကတောင် ငါပြန်ကြားရတယ်ဆိုတာ နင်ယုံလား၊ နင် မဟုတ်ဘူးဆိုတာ ငါသိတယ်ရီ”

တစ်ဖက်မှ တိုးတိတ်သော သက်ပြင်းခိုး ရှိုက်သံက နွယ်မာ့အား တုန်လှုပ် စေလေသည်။ စကားပြောခွက်အား တင်းတင်းဆုပ်ကိုင်ထားသော နွယ်မာ့ လက်တွင် ချွေးစေးများက စိုထိုင်းစပြုပြီ ဖြစ်၏။
“နင်နဲ့ ဆရာလင်းအောင်က၊ ကန်တော့နော် ရီရီ Living Together”

“မဟုတ်ဘူး နွယ်မာ၊ အဲဒါRape ပဲ”

စကားပြောခွက်ကို ဆယ်မိနစ်စာလောက် ကိုင်ထားခဲ့ရပြီး သူမတို့ နှစ်ယောက်လုံး စိတ်ဝမ်းကွဲ သွားကြတာကို မပြောဘဲနှင့် သိနှင့်နေကြသည်။
“Rape လို့ပြောဖို့က အကြောင်းအင်္ဂါ ငါးချက်ထဲက တစ်ခုခုနဲ့ တိုက်ဆိုင်ရတယ်လို့ မှုခင်း ဆေးပညာထဲမှာ”
“တော်တော့ နွယ်မာ၊ နင်တစ်နေ့ သိလိမ့်မယ်၊ အဲဒါဟာ ဘယ်လိုမှ၊ ငါတို့လို မိန်းမသားတွေ အဖို့၊ အဲဒီလိုအချိန်မျိုး နင်မရောက်ဖူးတဲ့ အတွက် နင်ငါ့ကို နားလည်နိုင်မှာ မဟုတ်ဘူး”

အမှန်တော့ မပြေလည်စွာ ဖုန်းချပြီးချိန်တွင် ရီရီခင် ပြောသော အမှန် တရားတစ်ခု အကြောင်း နွယ်မာ နောက်ကျစွာ သိရှိခဲ့ပြီဖြစ်သည်။ ထိုနေ့က မြို့နယ်ဆရာဝန်က သူမ၏သမီး အပြင်းအထန် ဖျားသောကြောင့် ရန်ကုန်သို့ ဆင်းသွားခဲ့သည်။ ထိုကြောင့်နွယ်မာသည် ဆေးကုသပိုင်းရော၊ အုပ်ချုပ်မှု အပိုင်းပါ ရက်သတ္တပတ်ခန့် တာဝန် ယူထားခဲ့ရသည်။

ထိုညကို သူမ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ တံခါးမင်းတုပ် အားလုံး လုံခြုံစွာ ချထားခဲ့ပြီးပါလျက် နောက်ဖေးတံခါးအား စေ့ရုံသာ ထားခဲ့ခြင်းသည် သူမ အမှားပါ။
“ဆရာမ၊ အရေးပေါ် လူနာရောက်လို့”

“ဘယ်မှာလဲ လူနာ။ ဘာဖြစ်တာလဲ”

အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် လူးလဲ ထလာခဲ့သော သူမသည် လူနာ အား မမြင်မိသေးခင်မှာပင် စိုးရိမ်သွားခဲ့သည်။ သို့သော် ထိုအသံသည် အိမ်ရှေ့မှ လာသော အသံမဟုတ်ပေ။ သူမက မသိမသာ ဖောက်ထားသော ထရံအကွက်လေးမှ ချောင်းကြည့်လိုက်တော့။ သူမ၏ မျက်လုံးအား ထရံ ပေါက်မှ မြင်သွားဟန်ရှိသော ယောက်ျားကြီးသည် နောက်ဖေးတံခါးအား ကြမ်းတမ်းစွာ၊ ထို့နောက် သူမ တစ်ယောက်တည်းနေသော အခန်းလေး၏ ကြမ်းခင်းများပေါ်၊ ထို့နောက် နာကျင်စွာ ဆောင့်ဆွဲ ခံလိုက်ရသော ဆံပင်များ၊ ကျောနှင့် ကြမ်းပြင်၏ ကြမ်းရှစွာ ထိခတ်မှု။

“မိမိကိုယ်ကို ကာကွယ်လိုမှုဖြင့် သေကွင်း(Vital Area) မဟုတ်သော နေရာ တစ်နေရာရာအား တစ်ချက် ထိုးခွင့်ရှိသည်”
ဘယ်ကဘယ်လို ၀င်လာမှန်း မသိသော ဥပဒေရေးရာ ဆေးပညာထဲမှ စာသားအား သတိရသွားချိန် သူမ လက်ထဲတွင် ဖန်ခွက်အား ဆုပ်ကိုင်ပြီး ဖြစ်သည်။ ထို့နောက်။

ရာဂ ပြင်းပြနေသော ယောက်ျားကြီး၏ နဖူးမှ ကျဆင်းလာသော သွေးများအား သူမ ဘ၀တွင် အရွံရှာဆုံးဖြစ်ခဲ့မည် ထင်သည်။ နာကျင်သော ဝေဒနာနှင့်အတူ သူမ၏ညာဘက်ပါးပြင်သည်လည်း ပြင်းစွာသော ရိုက်နှက်မှု ကြောင့် ထူပူသွားခဲ့သည်။ သူမပါးအား လှီးဖြတ်ခဲ့သောဓားက ထိုလူအား တစ်ပြန် ထိုးမိစေခဲ့သည်။ ထိုလူ၏သေဆုံးခြင်း တွင် နွယ်မာ၏စနက် လုံးဝမပါဝင်ကြောင်း တရားရုံး ထွက်ဆိုခဲ့စဉ်ကစ၍ နွယ်မာသည် ဘယ်သောအခါမှ မှန်မကြည့်ဖြစ်တော့ပေ။
ရီရီခင်ပြောတာ မှန်တယ်ဟု သူမ ပြောပြ ဖို့ကြိုးစားရင်း ဗ.ှ ဘ၀အား စိတ်ကုန်လာသည်။ သူမ မဖြေဖြစ်တော့ပါဘူးဟု ဆုံးဖြတ်ဖူးသောြှခ ၀င်ခွင့်အတွက် ထိုနှစ်က ကြိုးစားခဲ့သည်။ သို့သော် သူမ၏ အထူးပြုဘာသာရပ်မှာ ယောက်ျားတွေ သက်ဝင်ခြင်းမရှိ၊ မနာလို မုန်းတီးမှုမရှိ၊ အသက်ရှူသံတွေမရှိသော၊ တစ်ရှူး စများ၊ သွေးဖလင်များ၊ ရိုးတွင်းခြင်ဆီများဖြင့် ဖွဲ့စည်းထားသည့် ရောဂါဗေဒ ဘာသာရပ် ဖြစ် လေသည်။

သူမသည် ယောက်ျားမုန်း ၀ါဒီ ဖြစ်သွားခဲ့ပြီ ဟု ခင်ခင်ကြီး ထောက်မပြမီကပင် သူမကိုယ် သူမ သိရှိခဲ့သည်။ ထို့ကြောင့် သူမမျက်နှာမှ ကြီးမားသော အမာရွတ်အား ဖယ်ရှားရန် နည်းလမ်းများကို ဘယ်သောအခါမှ မစဉ်းစားခဲ့ဖူးပါ။
ထိုအမာအရွတ်သည် သူမ၏ လက်နက် တစ်ခုလည်း ဖြစ်နေနိုင်သည်။

၎။
ဒေါက်တာ ခင်ခင်ကြီး၊ အတိုင်ပင်ခံ ဆရာဝန်၊ ခွဲစိတ်အထူးကု၊ မြောက်ဥက္ကလာပ ဆေးရုံကြီး။
ခင်ခင်ကြီးသည် သူမ၏ ခက်ခဲကြမ်းတမ်း ခဲ့သော ဘ၀များကို အမြဲလိုလို သတိရဆဲ ဖြစ် သည်။ ဆေးတက္ကသိုလ် ၂ ကို တက်ရောက်ခဲ့စဉ် က သူမသည် ရိုး(လ်)နံပါတ် တွမ်တီတူး ဖြစ်သည်။ တွမ်တီတူးသည် တစ်မဟုတ်သောကြောင့် နယ်မှ ကျောင်းဝင်ခဲ့သူ ခင်ခင်ကြီး မျက်နှာပန်း မလှခဲ့ပါ။
အနည်းငယ် နွမ်းပါးသော ရင်ဖုံးအင်္ကျီနှင့် ပွင့်ရိုက်ထဘီသည် သူမ၏ တံဆိပ်ဖြစ်သည်။ ထိုတံဆိပ် အပေါ် ခတ်နှိပ်လိုက်သည့် နောက်ထပ် တံဆိပ် တစ်ခုမှာ သူမ ငါးနှစ် အရွယ်ကတည်းက မျှော်လင့် တောင့်တခဲ့ဖူးသည့် အဖြူရောင် ၀တ်ရုံ ရှည်ဖြစ်သည်။ များမကြာမီတွင် လူအများက ခင်ခင်ကြီးအား ဂျူတီကုတ်တစ်ထည်နှင့် အတူ အမြဲ တွဲမှတ်နေတတ်သည်။

သူမအတွက်တော့ ဂျူတီကုတ်ဟူသည် ကံကြမ္မာက ပေးအပ်လိုက်သော ပထမဆုံး ဆုလာဘ်ဖြစ်သည်။ ဆေးတက္ကသိုလ်ဝင်ခွင့်သည် သူမ၏ စနစ်တကျ ပျိုးထောင်ယူခဲ့ရသော ပန်းခင်း တစ်ခင်းဖြစ်သည်။ ထိုပန်းခင်း အတွက် ပေါင်းသင်ပေးခဲ့ရှာသော မိဘနှစ်ပါးအား ငဲ့ညှာ စွာဖြင့် ကျောင်းမှ ထောက်ပံ့ငွေဖြင့်ပင် တရစပ် ကြိုးစားခဲ့လေသည်။

ဒုတိယ အမ်ဘီတွင် အလွန် မျှော်လင့်ခဲ့ဖူး သော အနာတမီဒစ်(စ်)တင်း(န်)ရှင်း ပြုတ်သွားခဲ့သည်။ ဆာဂျင် ဆရာဝန်ကြီး တစ်ယောက် စစ်သောခုံတွင် သူမ အလူးအလဲ ကျရှုံးလေသည်။ ထို့နောက် တတိယ အမ်ဘီနှင့် နောက်ဆုံးနှစ် အပိုင်းက နှစ်နှစ်ဆက်တိုက် ရောဂါဗေဒ ဂုဏ်ထူး ရဖူးသူ အဖြစ် သူမကိုယ်သူမ ထုဆစ်ခဲ့လေသည်။

ထိုအချိန်ထိ သူမ၏ အိပ်မက်အား ရှာဖွေ မတွေ့ရှိခဲ့သေး။ နောက်ဆုံးနှစ် အပိုင်းကရှိ ဗိုက်ဗာခုံ တစ်ခုတွင် သူမအိပ်မက်အား ရုတ်တရက် တွေ့ ရှိခဲ့လေသည်။ ထိုနေ့က စာစစ်ဆရာမှာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး ဖြစ်ကြောင်း သူမ ၀မ်းနည်းစွာ သိရှိခဲ့သည်။ အနည်းငယ် အသက်ကြီးမည် ထင်ရသော်လည်း တောင့်တင်း သန်မာသော ကိုယ်နေဟန်နှင့် တောက်ပသော မျက်ဝန်းများတွင် ခနဲ့ရိပ်များ ယှက်သန်းနေသည်ဟု သူမ သိလိုက်သည်။ ထိုနေ့က မေးခွန်းမှာ Disfiguration (ရုပ်ဆိုးပုံ ပျက်ခြင်း) အကြောင်းဖြစ်သည်။

“ဟုတ်ပါပြီ၊ ဒါနဲ့ မေးရဦးမယ်၊ ဆရာဝန် ဆိုတာ လူနာရဲ့ယုံကြည်မှုရဖို့ လိုအပ်သလား”

“ဟုတ်ကဲ့၊ လိုအပ်ပါတယ် ဆရာကြီး”

“ဒါဆိုရင် မျက်နှာမှာ တစ်ခုခု ရုပ်ဆိုးပန်းဆိုး ဖြစ်စေမယ့် အမာရွတ်တစ်ခုခုရှိတဲ့ ဆရာဝန်မျိုးဟာ လူနာရဲ့ယုံကြည်မှုကို ရပါဦးမလား”

ခင်ခင်ကြီးက အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ရဲဝံ့စွာဖြေခဲ့သည်။
“ရနိုင်ပါတယ် ဆရာ”

ဆရာကြီး၏ မျက်လုံးများမှ နားမလည်နိုင် သောခနဲ့တဲ့တဲ့ အရိပ်အား သူမ သိရှိ ခံစားလိုက်မိသည်။
“ဘာဖြစ်လို့ ရနိုင်ရမှာလဲ”

“ကျွန်မ အတွက်တော့ ဆရာဝန် တစ်ယောက်ရဲ့ ရုပ်ရည်ဟာ သူ့အပေါ် ထားရှိမယ့် လူနာရဲ့ အသက် ပုံအော ပေးထားရလောက်တဲ့ ယုံကြည်မှု ပျက်ယွင်း သွားရလောက်အောင်ထိ မလွှမ်းမိုး နိုင်ဘူးလို့ ယုံကြည်တယ် ဆရာ”

ဆရာကြီးက ဟက်ဟက်ပက်ပက် ဟားတော့ သူမ ဘယ်ဘက် လက်ဖမိုးအား ဂျူတီ ကုတ်အိတ်ကပ်ထဲမှ ဘောလ်ပင်တစ်ချောင်း ထုတ်၍ ခြစ်ကုတ်ဖဲ့ထားရသည်။ ထိုနာကျင်မှုက သူမ ဒေါသအား ခေတ္တ ဖယ်ခွာစေခဲ့သည်။
“ဒါဆို ညည်း ဘာလို့ ဂျူတီကုတ် ၀တ်သလဲ”

ခင်ခင်ကြီးမှာ နွမ်းပါးသောကြောင့် ဒုတိယ နှစ်မှစ၍ ဂိုက်ဒ်ပြခဲ့သော လစာငွေများဖြင့် အဆောင်ငှား နေနိုင်ရန်ထိ ဖူလုံခဲ့ပြီ ဖြစ်သည်။ အဆောင်တွင် နှစ်ကြီး အစ်မများမှ ပြောပြဖူးသော ဗဟုသုတများအား သူမ ကြားနာခွင့်ရခဲ့သည်။ ထိုညက မမဇော်သည် သူမ၏ အဖြစ်အပျက်အား မျက်ရည်လည်လျက်ကပင် ပြောပြခဲ့ဖူးလေသည်။ မမဇော် ချင်းပြည်နယ်ရှိ တိုက်နယ်ဆေး ရုံတစ်ခုတွင် တာဝန်ကျစဉ်က အကြောင်းများထဲမှ ခင်ခင်ကြီး အမှတ်တရ ရှိလှသော စကား တစ်ခွန်းရှိခဲ့သည်။

“အဲဒီနေ့က သိပ်မှောင်မိုက်လွန်းပြီး ကိုယ်က ကိုယ့်ဆေးရုံရဲ့မြေသင်းရနံ့လေးကို ရှိုက်ပြီး ရှူနေခဲ့ချိန်ပေါ့၊ ကိုယ့်စိတ်ထဲမှာရှိတာ ဒါဟာ ကိုယ့်ရဲ့ဆေးရုံ၊ ဒါဟာကိုယ့်ရဲ့မြေပဲလို့ ယုံကြည်ရင်း လျှောက်နေခဲ့တယ်”

“တစ်နေရာအရောက် ကိုယ်ဘယ်လိုမှ မထင်မှတ်ထားတဲ့ သစ်ပင်တစ်ပင်ရဲ့ နောက်ကွယ်က မှောင်ရိပ် တစ်ခုဟာ ကိုယ့်ပါးစပ်ကို ဖမ်းအုပ်ပြီး အ၀တ်နဲ့ ဆို့ပစ်လိုက်တာ ကိုယ့်နှုတ်ခမ်းတွေ ပွန်းပဲ့သွားတဲ့ခံစားမှုမျိုး ကိုယ်ရလိုက်တယ်”

ခင်ခင်ကြီး ကြက်သီးမွေးညင်းများ ထသည် အထိ တုန်လှုပ်သွားသည်။
“နောက်ပြီး သူက”

“မပြောပါနဲ့တော့ မမဇော်ရယ်”

“နားထောင်ပါ ခင်ခင်ကြီး၊ သူဟာ ချင့်ချိန်တတ်တဲ့ မုဒိမ်းသမား တစ်ယောက် ဆိုတာ ကိုယ်သိသွားတယ်”

“ဘယ်လို”

“မင်းသိလား၊ သူ ကိုယ့်အင်္ကျီကြယ်သီး တွေကို ကြမ်းရှစွာ ဆွဲဖြုတ်ပြီးပြီ၊ နောက်တော့ သူ ကိုယ့်ဘယ်လက်မှာ ဆုပ်ကိုင်ထားတဲ့ အ၀တ် စကို ဆွဲဖြေဖို့ကြိုးစားတယ်၊ သူ ဘာဖြစ်သွားမယ် ထင်လဲ”

ခင်ခင်ကြီး ခေါင်းခါပြခဲ့မိသည် ထင်ပါသည်။
“သူသိပ်လန့်သွားတယ်၊ အဲဒါဟာ ဂျူတီကုတ်တစ်ထည် ဖြစ်နေမှန်း သိပြီးသွားတော့ သူ့ တစ်ကိုယ်လုံး ကိုယ့်ပေါ်က ဖယ်ခွာသွားတယ်၊ နောက်ပြီး သူက ကိုယ့်ကိုမေးတယ်၊ ခင်ဗျားက တိုက်နယ်က ဆရာဝန်မ လားတဲ့”

မမဇော်သည် ထိုညက မျက်ရည်ဝဲနေခဲ့ပါသည်။
“သူ ကိုယ့်ကို ထိုင်ကန်တော့သွားသေးတယ်၊ သူ့ညီမ ကလေး ဖျက်ချပြီး လက်လွန်မှ ဆေးရုံရောက်လာတုန်းက ကုသပေးခဲ့ဖူးသူဟာ ကိုယ်ဖြစ် နေခဲ့တယ်လို့ သူ”

“သူက မြင့်မြတ်တဲ့ မုဒိမ်းသမားပေါ့နော် မမ”

မမဇော်က မျက်ရည်ကြားက နာကျင်စွာ ရယ်မောခဲ့ဖူးတာ ခင်ခင်ကြီး ပြန်အမှတ်ရလေသည်။
“မဟုတ်ဘူး၊ ဒါ သူမြင့်မြတ်လို့ မဟုတ်ဘူး၊ မြင့်မြတ်ရင် ဘယ်တော့မှ မုဒိမ်းသမား ဖြစ်မှာ မဟုတ်ဘူး၊ ဒါဟာ ကျေးဇူးတရားနဲ့ ငဲ့ညှာမှုကြောင့်ပဲ။ ကိုယ်က သူ့ညီမကို ကယ်ခဲ့ဖူးတဲ့ ဆရာဝန် ဆိုတဲ့ အသိ သူ့မှာ ဖြစ်သွားလို့ပဲ။ အဲလိုဖြစ်သွားအောင် ကိုယ့်ကို ကူညီပေးတဲ့ တစ်စုံတစ်ရာကို ကိုယ်ဘယ်တော့ မှ မမေ့တော့ဘူး”

မမဇော်၏ စကားများကို ပြန်လည်ကြားယောင်ပြီး ခင်ခင်ကြီးက ဗိုက်ဗာခုံတွင် အဆိုတစ်ခု တင်သွင်းလိုက်လေသည်။
“ဂျူတီကုတ်ဟာ ဆရာဝန်ရဲ့လက်နက် တစ်ခုပေါ့ ဆရာ”

ဘေးမှ အကူ စာစစ်ဆရာက စိတ်ပျက်သွားပြီး ဆရာကြီးက စုတ်သပ် ပစ်လိုက်သည်။ သူမ မမှားဘူးဆိုတာ သူမကိုယ်တိုင်သာ သိမည်။ သို့သော် စာမေးပွဲ အောင်ဖို့တော့ သူတို့ကျေနပ်နိုင်မည့်အဖြေတစ်ခုခုကို ပေးရလိမ့်မည်။
“ဂျူတီကုတ်ဟာ ဆရာဝန်ရဲ့ သင်္ကေတပါ ဆရာ”

ထိုစကားသည် တစ်ဝက်သာမှန်ပြီး တစ်ဝက်မှားနေကြောင်း သူမ အသိဆုံးဖြစ်သည်။ ဝေးလံခေါင်းပါး၍ အားကိုးရာမဲ့သော နေရာများ၌ တာဝန် ကျရသည့်အခါ အမျိုးသမီးတစ်ယောက်၏Weaker Sex အပေါ် အမြတ် ထုတ်နေကြသော ယောက်ျားတွေ ဒုနှင့်ဒေး။ လွင်ထီးခေါင်ခေါင်၌ တာဝန် ကျသွားခဲ့ဖူးသော အမျိုးသမီးဝန်ထမ်းများ၏ ဘ၀က မီးမောင်းထိုးပြရ လောက်အောင်ထိ ခမ်းနားသည့်ဖြစ်အင် ဘာတစ်ခုမျှ မရှိခဲ့ပါ။

သို့ရာတွင် ရပ်ရွာမှ မပြန်စေလို၍ မတော်တဆ ချောင်ပိတ်ဖမ်းခံရဖူးသော ၀န်ထမ်းအမျိုးသမီးများ၊ မိမိ၏ ညီမ အရင်းခေါက်ခေါက်ကို မွေးဖွား ပေးခဲ့သောMid-Wife (သားဖွားဆရာမ)လေးကို အပြန်လမ်းတွင် လူနာရှင် အစ်ကိုများမှ လမ်းခုလတ်၌ အုပ်စုဖွဲ့၍ အဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့ကြောင်း စသည်တို့ကို သူမ အကြိမ်များစွာ ကြားခဲ့ဖူးလေသည်။

“အဲဒီတော့ ဆရာဝန်က ဂျူတီကုတ် ၀တ်ဖို့ အရေးကြီးသလို လူနာရဲ့ ယုံကြည်မှုရဖို့လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်မနေဖို့တော့ လိုတာပေါ့”

ခင်ခင်ကြီး ရယ်မောမိလိုက်သံမှာ ခပ်အုပ်အုပ်မျှသာဖြစ်သည်။
“ဟေ့ မရယ်နဲ့လေ၊ ညည်းက ယောက်ျား မယူမှာ ကျနေတာပဲ”

နံဘေးမှ အကူစာစစ်ဆရာ၏ စကားသံကြောင့် သူမ ရင်ဘတ်တွေ ဆူဝေ လှုပ်ခတ်သွားခဲ့သည်။ ဘယ်လောက် ရင်နာစရာ ကောင်းလိုက်သလဲလေ။ အများစုသော ယောက်ျားသားများ၏ ဦးနှောက်တွင် မိန်းမတွေ ယောက်ျား မယူရင် မနေနိုင်ဘူးဟု ဘယ်လိုအတွေးနှင့်များ ပုံနှိပ်ခဲ့ပါလိမ့်။
“ဟုတ်တယ်၊ ငါက မင်းတို့ လူငယ်တွေရဲ့ အသိကို စမ်းကြည့်တာ၊ နောက် ဆုံးတော့ လူငယ်တွေဆီက ဒါက ဒါပဲရတယ်၊ မင်းတို့ခေါင်းမှာ ဘာအတွေး အခေါ်မှ မရှိဘူး”

ခင်ခင်ကြီး၏ ဘယ်ဘက်လက်ဖမိုး ရဲတွတ်နေမည်မှာ အသေအချာပင် ဖြစ်သည်။ ထိန်းချုပ်တတ်လွန်းသော ခင်ခင်ကြီးသည် အလွန်ရစ်သည်ဟု နာမည်ကြီးသော ဆရာကြီးရှေ့၌ အပြုံး တစ်ချက်မှ မပျက်စေခဲ့ပါ။ ပုံပျက် သွားသော်လည်း မြင့်မြတ်ပြည့်ဝသော ဂျာနယ်ကျော် ဦးချစ်မောင်၏ သူ ၀တ္ထုထဲမှ “ကိုမြင့်မောင်” အကြောင်း နာမည်ကြားရုံဖြင့်ပင်၊ ရုပ်ဝတ္ထုများ နောက်ဘွဲ့များစွာရရှိဖို့ အသည်းအသန် လိုက်ခဲ့ဖူးမည်ဖြစ်သော ဆရာကြီးက ဟက်ဟက်ပက်ပက် ရယ်မောပြလိမ့်မည် ထင်သည်။ ဂျူတီကုတ်သည် အမျိုးသမီး ဆရာဝန်များ အတွက် လက်နက်တစ်ခု ဖြစ်သွားခဲ့ဖူးကြောင်း ကိုတော့ သူမ ဘယ်တော့မှ ရှင်းပြဖြစ်တော့မည် မဟုတ်ပေ။

သွေးများစို့နေသော ကုတ်ခြစ်ရာများနှင့်အတူ ပြုံးရွှင်စွာ နှုတ်ဆက်ပြီး ပြန်လာခဲ့ချိန်တွင်တော့ ခင်ခင်ကြီး နှလုံးသားများ အဆမတန် ထိခိုက်ကြေ ကွဲသွားပါသည်။ သူမအား တစ်ဖက်သတ် လှောင်ရယ်ဖူးသော သူမှာ ယောက်ျားတစ်ယောက်၊ ထိုယောက်ျားသည် ခွဲစိတ်ကု ဆရာဝန်၊ ထို့ကြောင့် သူမ၏ နာကျင်မှုမှ သူမ ခွဲစိတ်ကု ပညာအား ဘွဲ့လွန်တက်ဖြစ်အောင် နှိုးဆော်ပေးခဲ့လေသည်။

၅။
“ဟုတ်ပါရဲ့ ခင်ခင်ကြီးရယ် ခုမှ သတိထားမိတယ်၊ နင့် ဘယ်ဘက် လက်ဖမိုးမှာ အမာရွတ်တွေ ကျန်နေတုန်းပဲနော်”

နွယ်မာက အထိတ်တလန့်အော်တော့ ရီရီခင်ကပါ လှမ်းကြည့် လေသည်။
“မင်းမောင်လေး မိုးဇော်က ဘာမှ မပြောခဲ့ဖူးလား”

“ဟင့်အင်း၊ ကိုယ်က ဆာဂျင်ဆိုတော့ အမြဲတမ်း လက်အိတ်စွပ်ထား ရတယ်လေ”

“မဟုတ်ဘူး၊ ကိုယ်တို့ပြောတာ ခွဲစိတ်ခန်း မဟုတ်တဲ့ တခြားတစ်နေရာ ရာမှာ မင်းရဲ့အနုပညာလက်ပေါ်က အမာရွတ်တွေကို”

ရီရီခင်သည် စနောက်ပြီးမှ နွယ်မာ့မျက်နှာမှ အမာရွတ်ကို ယောင်ယမ်း သတိရသွားသည်။
“ဆောရီးနွယ်မာ၊ ကိုယ်က”

“ရီရီခင်၊ မင်းသိလား၊ သည်အမာရွတ်က ကိုယ့်ကို အများကြီးကာ ကွယ်ပေးတယ်၊ ကိုယ့်အမာရွတ်ကို ကဲ့ရဲ့မယ့် လူတစ်ဦးတလေမှ မရှိဘူး၊ ကဲ့ရဲ့ခြင်းကဲ့ရဲ့ ကိုယ့်ရဲ့Stain ဆိုးထားတဲ့ တစ်ရှူး ဆလိုက်ပြားတွေက ကဲ့ရဲ့မှာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒါရှိနေလို့ ကိုယ်လုံခြုံတယ်၊ ကိုယ့်လုံခြုံတဲ့ အတွက် ဒါကို ကိုယ့်လက်နက်လို့ ကိုယ်သတ်မှတ်တယ်”

နွယ်မာက သေသပ်သော နှုတ်ခမ်းများအား လှုပ်ခတ်စေ၍ တည်ငြိမ်စွာ ပြောလိုက်ခြင်း ဖြစ်သည်။
“ဒါပေမယ့် ကိုယ်တို့ Pathologist တွေရဲ့ဘ၀မှာ အခြား လူနာတွေကို ရောဂါတစ်ခုရဲ့Diagnosis (ရောဂါအမည်တပ်ခြင်း)နဲ့ Prognosis (ရောဂါ ရှေ့အလားအလာ) တွေ သတ်မှတ်ပေးခဲ့ရသလောက် ကိုယ့်အမေသားဥအိမ် ကင်ဆာ (M.O.T ) ဖြစ်နေခဲ့တာကိုတော့”
“နွယ်မာ”

နွယ်မာက ခင်ခင်ကြီး၏ ပခုံးကို အားနွဲ့စွာ မှီထားခဲ့လေသည်။ နွယ်မာသည် မျက်ရည် ကျမလာခဲ့ဘဲ ခန္ဓာတစ်ခုလုံး တဆတ်ဆတ် တုန်ရင်သည်အထိ ငိုကြွေးတတ်သူဖြစ်သည်။
“ကိုယ့်အမေရဲ့Biopsy ယူထားတဲ့ အသားစကို ကိုယ်ကိုယ်တိုင် Slide ကို ပြင်ခဲ့ရပြီး၊ ကိုယ်ကိုယ်တိုင်”

“မပြောနဲ့ နွယ်မာ၊ မပြောနဲ့တော့နော်”

သည်တစ်ခါတော့ နွယ်မာ အမှန်တကယ် မျက်ရည်ကျ သွားပါသည်။ တွဲဖက်ပါမောက္ခ တစ်ဦး မျက်ရည်ကျသွားသည့် ဖြစ်အင်ကို ကျောင်းသား တစ်ဦးဦးမြင်သွားလျှင် စပ်စု နိုင်သေးသည်။ Pathologist ဟု အမည်ရသော ရောဂါဗေဒ ဆရာဝန်တွေက မျက်ရည်ရှားပါး သူတွေဟု ရီရီခင်ရော၊ ခင်ခင်ကြီးပါ နားလည် ထားလေသည်။

၆။
အလင်းမှာ မှိန်ဖျော့အားငယ်ဆဲဖြစ်သည်။ ထို မှိန်ပျပျ အလင်းအောက်မှာပင် သူမတို့၏ မျက်ဝန်းများ ရီဝေနေကြလေသည်။ ချုပ်တည်းမှု၊ ကြမ်းတမ်းမှု၊ လှောင်ပြောင်သရော်မှုများနှင့် နေသားကျအောင် ကြိုးစားပြီးချိန် သူမတို့၏ မသိစိတ်၌ သေသပ်စွာ ခိုတွယ်ပြီးသော အရာမှာ “အချစ်” ဖြစ်ခဲ့ဖူးကြောင်း နောက်ကျစွာ သိရှိခဲ့ လေသည်။

သို့ရာတွင် ဖျော့တော့သော အလင်းရောင် အောက်မှာပင် နောက်ထပ် ဆုံစည်းရန် သိပ်မလွယ်ကူလှသော သူတို့တစ်တွေသည် သိစိတ်၌ ပင် တစ်ယောက်ကို တစ်ယောက် ဖုံးကွယ်လျက် နှလုံးသားတွေကို မိမိဘာမိမိ ဆွဲနုတ်ပစ်ခဲ့ကြ လေသည်။ ထို့နောက် တတိယအရွယ် မိန်းမသား သုံးဦးသည် ရယ်မောလျက်ပင် နှုတ်ဆက်လမ်းခွဲခဲ့ ကြသည်။ ကိုယ်ပိုင် လက်နက်များသည် ကိုယ်ပိုင် ဒဏ်ရာများ အဖြစ် စတေးခံခဲ့ရဖူးကြောင်း ကိုတော့ မသိကျိုးကျွန် ပြုရင်းဖြစ်ပင်၊ သူမတို့၏ လက်ရှိ ဘ၀များအား ခမ်းနားဆဲ ဖြစ်သည်ဟူ၍ စနစ်ကျစွာ ကျေနပ် ယုံကြည် ပစ်ခဲ့ကြ လေသည်။

လင်းစက်နွယ်

နောက်ထပ်မိုး

၁။
ထိုနေ့မှစ၍ မောင့်အပြုံးတွေသည် ယခင်ထက် များစွာ လေးလံ ထိုင်းမှိုင်းနေမှန်း ကျွန်မ ပါးနပ်စွာ သိရှိ ခဲ့ပါသည်။
ဒါတွေသည်ပင် ခေတ်မီလွန်းသော မောင့်မိသားစုကြောင့်ပေလား၊ သံသယ များလွန်းသော မောင့်စရိုက်ကြောင့်ပေလား၊ သို့မဟုတ် မောင်နှင့် ပတ်သက်သမျှ ဆိုလျှင် အရာရာကို လိုက်လျော နိုင်စွမ်းသော မိန်းမ တစ်ယောက်၏ အရိုးစွဲ ကြိုးပြတ်မှုကြောင့်များလား။ တွေးလေတိုင်း ကျွန်မကိုယ် ကျွန်မ နောင်တ ရမိ၍ မဆုံးပေ။ ပထမဆုံးအကြိမ် ကြားသိရ သည်လောက်တော့ ဘယ်အရာမှ ရင်ခုန် စိတ်လှုပ်ရှားဖွယ် မကောင်းပါဘူးလေ။ သို့သော် မောင်ကတော့ ထိုနေ့မှစ၍ စိုးရိမ် သောကများဖြင့် တစ်စုံတစ်ခုအား ဇွတ်နှစ် စေခိုင်းတတ်ခဲ့သည်။ ကျွန်မ ငြင်းဆန်လေလေ မောင့်အတ္တတွေ ခက်ထန်လေလေ။ ကြာသော အခါ၌ ချစ်သူသက်တမ်း ခြောက်နှစ်တိုင် ခဲ့ဖူးသော အိမ်ထောင်ရေးသည် ခပ်ညံ့ညံ့ ထုတ်ကုန်များဖြင့် ပြုလုပ်ထားသော စုတ်ချာချာ ပေါင်မုန့် တစ်လုံးလို သိမ်ဖျင်း သွားလေသည်။

“မြန်မြန် ရှင်းလိုက်တော့နော် ခိုင်”

“ဘာအတွက်လဲ မောင်”

များသောအားဖြင့် အဖြေ မရှိသော မေးခွန်းများ အား မောင့်သက်ပြင်းသံက သာ ဖုံးလွှမ်းဖူးသည်ချည်း။ တစ်ခါတစ်ရံ ကျွန်မမှ သိပ် အေးစက်လွန်းလျှင် သို့မဟုတ် မအောင့်အည်းနိုင်စွာ မေးမိ လျှင်တော့ မောင့်အတ္တတွေ သက်ဝင်နေသည့် အရာအား စက်ဆုပ်စွာ တွေ့မြင်ရတတ် လေသည်။
“မင်း မရှင်းပစ်ရင် ကိုယ်အတင်း ရှင်းပစ်ရမှာပဲ”

“ရှင် လုပ်ရဲရင် လုပ်ကြည့်လေ။ ရှင့်ကို ကျွန်မ တရားစွဲမှာ။ ရှင်ထောင်ထဲမှာပဲ တစ်သက်လုံး နေရအောင် ထိ ကျွန်မ ရှင့်ကို လက်စား ချေမှာ”

“တောက်”

အနုနည်း မရ၍ ခက်ထန်စွာ ပြောဆိုတတ်လာသော ခင်ပွန်းသည်အား မုန်းတီး လာတတ်ရင်းကပင် ကျွန်မ ရင်ထဲ၌ သစ်တစ်ပင် ပျိုးခဲ့မိ ပြီ။ အဆိပ်သီးဟု မှိုချိုးမျှစ် ချိုး ထိခိုက် လာတတ်သော မောင့်ဆွေမျိုးများအား တော်လှန် တတ်လာရင်းက မောင့် ကညာပျို ခိုင်ခိုင်ဇော်သည် မောင့်မိသားစု တစ်ခုလုံး၏ ချဉ်ဖတ် ဖြစ်သွားခဲ့သည်။

ကြာလာသော အခါ ကျွန်မတို့၏ အိမ်ထောင်ရေးမှာ လူမသိ သူမသိ စစ်အေး တိုက်ပွဲ ဖြစ်ခဲ့ရသည်မှာ မိုး ကျွန်မ ဘ၀ထဲသို့ ရောက် လာသည် အထိဖြစ်သည်။

၂။
“ဒို...ရေ...မီ...မီ.. အဲ...မေ့”

ရုတ်တရက် သား၏ အသံကြားတော့မှ နှစ်ပေါင်း များစွာ သံပတ်လို ကျင့်သား ရပြီးဖြစ်သော ခန္ဓာကိုယ် ဆတ်ခနဲ တင်းသွားသည်။ သားက ကျွန်မ၏ လန့်ဖျပ် သွားသော အမူအရာကို ကြည့်ပြီး တခစ်ခစ် သဘော ကျရယ်နေတတ်လေသည်။

“မီ မီ ပြီး”

“မီ ပြီးတော့ ဖာလေ သားရဲ့”

“အင်း။ ဖာ..ဆို..လာ ဒီ”

ခဏနေတော့ သားက စန္ဒရား လက်ခုံပေါ် သူ့လက် ချောင်းလေးတွေ တင်၍ “ဒို ...ရေ...မီ” ကို အသံထွက် ဆိုနေလေသည်။ မဆိုးပါဘူး။ ဒါကို သားက တစ်ရက် အတွင်း တတ်မြောက်ခဲ့သည်။ အရင်ကထက်တော့ သားက အများကြီး တိုးတက် လာခဲ့ပြီ။ သေချာကြည့်မှ သား၏ တိုတိုတုတ်တုတ် လက် ချောင်းလေးတွေက လှပခိုင်ခံ့ သည့် သံစဉ်အား မွေးဖွားနေ ခဲ့သည်ကို သတိပြုမိတော့ “နှင်း”ကို ကျွန်မ ကျေးဇူး တင်၍ မဆုံးပေ။

နှင်း ပြောခဲ့သလိုပင် သားကို ကျွန်မ နှစ်ဆ ပိုချစ်  ခဲ့ပါသည်။ နှင်းက သား၏ အသက်သခင် ဆိုလျှင်လည်း မမှား။ သားကို လောကကြီးထဲ ခေါ်ယူ အသက်သွင်းခဲ့သူ ဆိုလျှင်လည်း မမှားချေ။ နှင်းနှင့် တွေ့ခဲ့ခြင်းကပင် သားကို မြတ်နိုးတတ်ဖို့ သင် ယူမိသော အခါကာလများ အဖြစ် ရုပ်လုံးကြွခဲ့ဖူးသည်။
“Genetic အဖြေက သေချာတယ် ခိုင်”

“ဟုတ်လို့လား ဟယ်”

မျိုးရိုးဗီဇ ဘာသာရပ်၌ ကျမ်းပြုစုခဲ့ဖူးသူ သူငယ်ချင်း ဆရာဝန်မအား တန်ပြန်မေးခွန်း ထုတ်လိုက်တော့ နှင်းက လိုက်မရယ်ပါ။ နှင်းက ပြုံးပင်မပြုံး။ ထိုကတည်းကပင် ကျွန်မ ဘ၀၌ သားကို စိတ်ကူး ပုံဖော်ကြည့်ရင်း သားနှင့် မသိလိုက် မသိဘာသာ နှောင်တွယ် မိသွားခဲ့ပြီ။

“ဒါ ခရိုမိုဆုမ်း ပြဿနာ တစ်ခုပေါ့ ခိုင်ရယ်။ နင်က အသက် သုံးဆယ့်ရှစ်မှ သားဦး လွယ်ရတယ်။ နောက် တစ်ခုက ခရိုမိုဆုမ်းတွေ ပျက်ပြားစေတဲ့ တခြား အကြောင်းအရာတွေ အများ ကြီး ရှိသေးတယ်”

နှင်း ရှင်းပြသောအခါ ကျွန်မမှာ နောင်တ ရရမည်လား၊ မောင့်ကိုပဲ အပြစ်တင် ရတော့မည်လား ဝေခွဲ မရချေ။ အကယ်၍ သည် ပြဿနာသည် ပညာရေးဘက် လောဘတကြီး နိုင် လွန်းလှသူ ကျွန်မကြောင့်ဟု ဆိုလျှင်တော့ ကျွန်မကိုယ် ကျွန်မ နောင်တရ၍ ဆုံးမည် မဟုတ်ချေ။

“ကျွန်မ ပီအိတ်ခ်ျဒီ ဆက်တက်ချင်သေးတယ် မောင်”

“ကျွန်မ ပြုစုထားတဲ့ ကျမ်းတွေက လေးလို့တဲ့။ အဲဒါ နောက်ထပ် တင်ရဦးမယ်”

“ဟင့်အင်း အရင်ကျမ်းထက် အများကြီး နက်နဲတယ် မောင်။ ဒါက ပုဂံရာဇ၀င် တစ်ခုလုံးရဲ့ အသက်”

ပညာရေးကို အကြောင်းပြပြီး တဖြည်းဖြည်း ဆင်ခြေ များလာတတ် သော ကျွန်မအား “လက်ထပ် ကြရအောင်”ဟု မောင် မညှိနှိုင်းတော့ပါ။ မောင်လက် လျှော့သွားသော အခါမှ ကျွန်မ မောင့်အား လက်ထပ်တော့ မည်ဟု အသိ ပေးခဲ့ဖူးသည်။ ထိုအချိန်က ကျွန်မ၏ အသက် သုံးဆယ့်ခုနစ်ထဲ ၀င်ချေပြီ။ မည်သို့ပင်ဖြစ်စေ ကျွန်မ အပေါ် အလိုက်သိ နားလည် ပေးဖူးသော မောင့်မိဘများကြောင့်ပင် သုံးဆယ်ကျော် အိမ်ထောင်ရေးမှာ ငယ်ရွယ်သူများ နည်းတူ ခမ်းနား ထည်ဝါခဲ့လေသည်။

“ငါ့ကြောင့် ထင်တယ် နှင်းရယ်။ ငါသာ ပီအိတ်ခ်ျဒီ မယူသေးဘဲ လက်ထပ်ဖြစ်ခဲ့ရင်”

“အို ဒီလိုမတွေးနဲ့လေ ခိုင်ရဲ့။ ဒါ နင်တစ်ယောက်တည်းမှ မဟုတ်တာ။ ကမ္ဘာ အရပ်ရပ်မှာ မိခင်တွေ ရင် ဆိုင်နေဆဲ ပြဿနာလေ။ နင် အသက်ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ဆောင်လည်း ဖြစ်နိုင်ခြေ လုံးဝမရှိမှာမှ မဟုတ်ဘဲ။ ဖြစ်နိုင်ခြေ နည်းသွားတာပဲ ရှိတာ။ ဘာပဲဖြစ်ဖြစ်တို့ မြန်မာတွေ အတွက်တော့ ဒါဟာ ကံပဲ”

“နင့်လို ဆရာဝန်မက ကံကြမ္မာကို ယုံကြည်သတဲ့ လား နှင်းရယ်”

“အင်း”
နှင်းက တည်ငြိမ်စွာ အဖြေပေးလေသည်။ အကယ်၍များ ကျွန်မ ဘ၀၌ နှင်းလို သူငယ်ချင်းကောင်း တစ်ယောက်သာ မရှိခဲ့ဘူးဆို လျှင်အသိခေါက်ခက် အ၀င် နက်မိမည်လား မခန့်မှန်း တတ်ချေ။ သေချာသည်က ယိုင်နဲ့နဲ့ ကမ်းမမြင် လမ်းမမြင် ရွက်လှေအား လမ်းပြ ပေးသူ အဖြစ်တော့ နှင်းက ကျွန်မဘ၀၌ ခိုင်ခံ့စွာ ရပ် တည်ပေး နိုင်ခဲ့လေသည်။

“သား”ကို မွေးဖွားခဲ့သူ မှာလည်း “နှင်း”ပင် မဟုတ် လား။

၃။
“ကလင် ကလင်”

ဖုန်းသံကြားတော့ စန္ဒရားသံက ရုတ်တရက် ရပ်သွားသည်။ အို သားက ဖုန်း ကို ပြေးကိုင်လိုက်တာပါ။ ဖုန်းခွက်ကိုလည်း နှုတ်ခမ်း နားအတင်းတေ့ထားသေးသည်။
“မေမေ ရှိတယ်”

“ဘယ်သူလဲ သား”

“တီ”
တီတီနှင်းကို “တီ”ဟု တစ်လုံးတည်း ခေါ်ဝေါ် သုံးစွဲတတ်သော သားသည် နှင်း ၏ အချစ်တော်လေး ဖြစ်သွား သည်။ နဂိုကတည်းကမှ သားက မျက်နှာ ချိုရသည့် အထဲ နှင်းအား ချွဲတတ်လွန်း သောကြောင့် ကလေး မချစ်တတ်သူ နှင်းပင် အရည်ပျော် ခဲ့ရလေပြီ။

“ဟဲ့ မိုးက တတ်လိုက် တာဟယ်”

“အေး ခုလည်း စန္ဒရား တီးတာ ဟုတ်နေတာပဲ။ အတတ်လည်း မြန်တယ်။ နင်ပြောခဲ့သလို ငါက ကံ ကောင်းပါတယ်ဟယ်”

“ဒါနဲ့ ခိုင်၊ နင် ငါ့အိမ် လာလို့ ရမလား”

“ဟင်၊ အခုလား”

“အေး အရေးကြီး တာလေး တိုင်ပင်စရာ ရှိလို့”

နှင်းက အရင်အတိုင်း တစ်ခုခုဆို အမြဲတစေ အလျင် လိုတတ်လေ့ ရှိသည်။ သားကို လှမ်းကြည့်တော့ သား၏စိတ်က စန္ဒရားမှ သွေဖည်လျက် ကြမ်းခင်း ပေါ်မှ ပုရွက်ဆိတ်များအား စိတ်ဝင်စားလျက် ရှိနေလေ သည်။

နှင်း ဆီကိုရောက်တော့ နှင်း မျက်နှာ မကောင်းလှ။
“ကြားမိတာဟေ့။ သူက စီးပွားရေး လောကမှာ ဘုရင် တစ်ဆူလိုတောင် ဖြစ်နေပြီ မဟုတ်လား။ အမှန်က နင်နဲ့ သူက ကွာရှင်း ပြီးသားပါ။ ဘာမှဆိုင်မှာ မဟုတ်ပေ မဲ့ နင့်ကို သတိ ပေးချင်တာလည်း ဟုတ်တယ်။ သူ့မှာ အမြှောင်လေးတွေ အများ ကြီးပဲ”

ကြားလိုက်ရသော အခါ ချာချာလည်မူးသွား သော်လည်း အလျင်စလို ပြန် ထိန်းချုပ်ရသည်။ မောင်နှင့် ကျွန်မက ဘာမှမှ မသက် ဆိုင်တော့ပဲနော်။ အစက တည်းက ပညာရေး လောကနှင့် စီးပွားရေး လောက၊ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်း နှစ်ဖက်လို တကွဲတပြား ဖြစ်တတ်မှန်း သိ လျက်က မောင့်ကိုသာ သစ္စာ မြဲခဲ့ဖူးသည် မဟုတ်လား။ သို့သော် မောင်နှင့် ပတ်သက် လျှင်တော့ ခိုင့်အသည်းက ဘယ်တော့မှ မခိုင်ခဲ့ပါ။

“လေးဆယ်ကျော်ပဲ ရှိသေးတဲ့ ယောက်ျား တစ်ယောက်ဟာ။ ငွေကြေးကလည်း တောင့်မှတောင့်ပဲ။ ဒီ နှင်းဆီခိုင်ကြီးကတော့ ဆူးများ လွန်းပါတယ်ဟာ”

နှင်းက ရှုံ့တွ၍ ပြော သော်လည်း ကျွန်မကတော့ ဟိုးယခင် မောင့်ကတိစကား များကိုသာ ယိုင်တိယိုင်တိုင် ကြားယောင်မိမြဲ ဖြစ်သည်။
“ခိုင် တစ်ယောက်တည်းသာ မောင့်ဘ၀ပါ” ဆိုသော ခပ်ညံ့ညံ့ ပြက်လုံး မျိုးကိုပေါ့။

၎။
“သေချာရဲ့လား မနှင်း”

မောင်က ဆောက်တည် ရာမရ ဖြစ်လေတိုင်း ကျွန်မ  ဆုံးဖြတ်ချက်တွေ ခိုင်မာခဲ့ရ မြဲ ဖြစ်သည်။ ခေတ်ပညာ ကြွယ်ဝလွန်းပြီး သိပ္ပံပညာနှင့် အဖြေ ထုတ်ချင်လွန်းသော မောင့်ကိုသာ ကျွန်မ အပြစ် တွင်တွင် တင်ရပေလိမ့်မည်။ မျိုးရိုးဗီဇ စစ်ဆေးမှု။ မြန်မာ စာအဓိကဖြင့် ပီအိတ်ခ်ျဒီပင် ခက်ခဲစွာ ယူခဲ့ပြီးသူ တစ် ယောက်အတွက်ပင်လျှင် မောင့်ကမ်းလှမ်းချက်က ပြက်လုံးတစ်ခု ဆိုဦးတော့၊ ကံကြမ္မာကို ကြိုတင် သိမြင် လိုသူ မောင့်အတွက် ကျွန်မ လိုက်လျောနိုင်စွမ်း ကြီးမား လွန်းခဲ့သည်။

ကံဆိုးစွာပင် စစ်ဆေးမှု အဖြေက အကျည်းတန်လေ သောအခါ မောင့် တုန်လှုပ် မှုအား မျက်ဝါးထင်ထင် ရိပ် မိခဲ့သည်။ ကျွန်မ အလွန်တုံး သည်။ တကယ်ဆိုလျှင် မောင့်ကမ်းလှမ်းချက်အား သဘော မတူသင့်။ နောက် တော့မှ အလိုလို ပိုင်ဆိုင်ရလာသော ရင်သွေးကိုပင် ဖျက်ချပစ်ဖို့ ဆော်သြနိုင်ခဲ့ သည်ကို ကျွန်မ အံ့အားသင့်၍ မဆုံးပေ။

“ဖျက်ပေးပါ မနှင်းရယ်။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ။ ခိုင်က ခေါင်းမာတယ်။ သူက လုပ်ချင်တာ ပဲ သိတာ။ တာဝန်ကော ယူတတ်ပါ့မလား။ ဒီလို အန္တရာယ်မျိုး သူ မဖိတ်ခေါ် သင့်ဘူး။ မနှင်း သူငယ်ချင်း ကို မနှင်းပဲ ကယ်တင်ပါနော်”

နှင်း ပြန်ပြောပြမှ မောင်က နှင်းအပေါ် နားပူနားဆာ လုပ်သွား ခဲ့သည်များကို သိရ တော့ ကျောရိုးထဲ စိမ့်သွား သည်။ မောင် ဘယ်တုန်းက အဲသလောက် ရက်စက် တတ်သွားတာလဲ။ နှင်းက တွင်တွင် ငြင်းခဲ့တော့ မောင့် မျက်နှာ တင်းသွားသည်ဆိုပဲ။

သိပ်မကြာသော အခြေ အနေ၌ မောင်ကိုယ်တိုင်ပင် ဖျက်ချဖို့ ကျွန်မအား ဆွယ် လေတော့သည်။
“နှင်း ပြောပြဖူးတယ် မောင်ရဲ့”

ကျွန်မ စိတ်ဓာတ် ကျခဲ့ဖူးချိန်၌ နှင်းက ကျွန်မ စိတ်ကို ပြန်လည်ထောင်မတ်စေ ခဲ့သည်ပင် ဖြစ်သည်။ “မိုး” လေးကို သန္ဓေ လွယ်ထားစဉ် မှာပင် အကြိမ်များစွာ “မိုး” ၏ ပုံရိပ်အား စိတ်ကူးယဉ် တည်ဆောက် ကြည့်ဖူးသည်။ နှင်းက ပြောသည်။ သည်လို ကလေးမျိုးလေးတွေ၏ ရောဂါစုကို “ဒေါင်း”ဟု ခေါ် ပြီး သူတို့လေးတွေမှာ သာမန် ကလေးတွေထက် သာလွန် သည့် အချက်က အင်မတန် မျက်နှာချိုလေ့ ရှိပြီး ဆိုရှယ် ကောင်းတတ်ကြောင်း၊ မွန်ဂို လေးတွေဟု ခေါ်ကြောင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးနိုင်စွမ်း နည်း သော်လည်း စနစ်တကျ ပျိုး ထောင် တတ်လျှင်တော့ ထူးချွန် ထက်မြက်သော စရိုက် လေးတွေ ရှိကြောင်း နှင်း ပြောပြပါ များလာသည့် အခါ ၌ ကျွန်မသားကို မြင်တွေ့ချင် လှပါပြီ။

မိုးစက် မိုးပေါက်တွေ ဆေးရုံ၏ ခေါင်မိုးပေါ် တဒေါက်ဒေါက်ကျနေသည့် အသံနှင့်အတူ သားကို မွေး ဖွားခဲ့ချိန်၌ မောင် အနားမှာ ရှိမနေပါ။ မွေးကတည်းက အံ့သြစရာကောင်းလောက် အောင် မျက်နှာချိုသော သား အား ငေးကြည့်လျက်က မျက်ရည် လည်ခဲ့ရသည်။ မိုးရာသီမှာ မွေးသော သား ကို နှင်းက “မိုး” ဟု အမည် ပေးခဲ့သည်။

“မိုးစက်တွေလို့ အဓိပ္ပာယ်ရရုံ မဟုတ်ဘူးနော်  ခိုင်။ အင်္ဂလိပ်လို “More” နောက်ထပ်လို့ အဓိပ္ပာယ်ရ တယ်။ သားက နင့်ဘ၀ အတွက် နောက်ထပ် နောက်ထပ် ခွန်အားတွေကို သယ် ဆောင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”

“ဒါပေမဲ့ ပြင်သစ်လို ဆိုရင်တော့ “More” သေဆုံးခြင်းလေ” ဟု စိတ်ထဲမှာ ရေရွတ်မိသော်လည်း နှင်းကိုတော့ ကျွန်မ မပြောဖြစ်ခဲ့။ အမှန်တကယ်ပင် သားကို မွေးပြီး တစ်ပတ်နေတော့ ကျွန်မနှင့် မောင် ကွာရှင်းသည်။ အချစ်သစ်ပင်သည် တုံးခနဲ ပြိုလဲခြင်း မဟုတ် သောကြောင့် ကျွန်မ ကံကောင်းပါသည်။ အရင် ကတည်းက ဆွေးမြည့်နေ သော၊“အချစ်”ဟု ခပ်ကြောင် ကြောင် တံဆိပ် ရိုက်ထားသော သစ်အိုပင်ကြီး သေဆုံး သွားပြီ။ ဒါသည် ပြင်သစ် လို “More” မဟုတ်လား ကွယ်။ ဘာတွေ ကျွန်မ ဆုံးရှုံးရလိမ့်ဦးမလဲ။

သို့သော် ကျွန်မ ထင် သည်မှာ မှားသွားသည်။ နှင်း နိမိတ် ဖတ်ခဲ့သလိုပင် ကျွန်မ အတွက် သားက နောက်ထပ် သစ်ပင် တစ်ပင်ကို ပျိုးပေး ခဲ့ပါသည်။ သား၏ အပြုံးတွေက တစ်ခုလပ် မိန်းမ တစ်ယောက်အား ဂုဏ်တင် ပေးခဲ့သည်။ သား၏ ရယ်သံ လွလွက အားနွဲ့သော မိန်းမသား ဘ၀ဖြစ်တည်မှုအား အရောင်စိုလက်စေခဲ့သည်။ သား၏ အနာဂတ်နှင့် ပတ် သက်ပြီး စိတ်ကူးယဉ် အိပ်မက်တွေ မက်တတ်လာသည်။ သားနှင့်ပတ်သက်လျှင် ကမ္ဘာကြီးကိုပင် စိန်ခေါ်ဖူး သူ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ သည်။

သားက ကျွန်မအတွက် နောက်ဆုံး ပတ်သက်ဖူးသော ယောက်ျားသာ ဖြစ်ရမည်။ သွေးတိုး စမ်းချင်သော သား၏ အဖေနေရာ၌ ၀င်ယူလို သော အူကြောင်ကြောင် ယောက်ျားများအား အတွေး ထဲ၌ ယောင်၍ပင် မထည့်။ ကျွန်မအတွက် ဘွဲ့တွေ၊ နိုင်ငံခြား ဟူသော ဆွယ်လုံးတွေ သည် သားနှင့်ယှဉ်လိုက် လျှင် ပါမွှားသာဖြစ်သွားပြီ။

တချို့က သားအား “လာခြင်း မကောင်းသူ”ဟု ပေါ်တင်တစ်မျိုး၊ ကွယ်ရာ တစ်ဖုံ ရေရွတ်ကြသော်လည်း ကျွန်မ ဂရု မစိုက်ပါ။ သားက ကျွန်မ၏ အသည်းစိုင်သာ ဖြစ်သည်။

၅။
“အစ်မ သားက တော် တော် ဉဏ်ပြေးတယ်။ ဒေါင်းကလေးတွေထဲ အတော်ဆုံးပဲ”

နှင်းနှင့်အတူ La Belle Vie သင်တန်းကျောင်းကို ရောက်တော့ တီချယ်စိုးက သားနှင့်ပတ်သက်ပြီး ၀မ်း သာအားရ ပြောပြလေသည်။
“ကျေးဇူးတင်ပါတယ် တီချယ်ရယ်။ ခုနကတောင် သားက အိမ်မှာ စန္ဒားတီး နေတာ ဟုတ်နေတာပဲ”

“Le belle vie” “လှပ သော ဘ၀”ဟု အမည်ရသော မြန်မာပြည်၏ တစ်ခုတည်း သော သင်တန်း ကျောင်းကလေးနှင့် စတင်မိတ်ဆက် ပေးသူ နှင်းအား ထပ်၍ ကျေးဇူး တင်ရဦးမည်။ နိုင်ငံ ခြားမှာဆို ဒါမျိုးကျောင်းတွေ အများကြီးတဲ့။ နှင်းက ပြောပြလေသည်။ သူများ ကလေး တွေ ကျောင်းစတင်အပ်လေ့ ရှိသော ငါးနှစ် အရွယ်မှာပင် သားကို ကျောင်းအပ်ခဲ့သည်။

“Trisomy 21”ဟူသော ဒေါင်း (Down’s Syndrome) လက္ခဏာစု၏ အမှတ်တံဆိပ် ခရိုမိုဆုမ်း နံပါတ်ပိုင်ရှင် လေးများအတွက်တော့ “လှပ သော ဘ၀”သည် ခမ်းနား သော အိပ်မက်သာဖြစ်သည်။ အများနည်းတူ သားကို ပညာတွေ သင်ပေးလို့ မရနိုင် တော့ဘူးဟူသည့် စိုးရိမ် သောကများကို ပြေလျော့ စေသည်အထိ ထိုသင်တန်း ကျောင်းက တာဝန်ယူမှု ကောင်းလွန်းခဲ့သည်။

အကယ်၍ သားသည် တီချယ်စိုးနှင့်သာ မတွေ့ခဲ့ လျှင် သားကို တိုးတက်စေ ချင်သည့် ကျွန်မ တစ်ခုခု တော့ အားစိုက်ရဦးမှာ ဖြစ် သည်။ ခုတော့ သားက ထူးခြားစွာပင် မှတ်ဉာဏ် ကောင်းလွန်းသည်ဟု နှင်းပင် အံ့သြစွာ သတ်မှတ်ကောက် ချက်ချခဲ့သည်။ သားက အငြိုးကြီးသည့် နေရာမှာ လည်း နှစ်ယောက်မရှိကြောင်း နှင်းကို မပြောပြဖြစ်။ ဥပမာ သားကို ကျွန်မ မကစား စေချင်သည့်အခါ အရုပ်လေး တွေပြပြီး စာသင်ချင်သည့် အခါ သား မက်မောစွာ ဆော့ကစားလေ့ရှိသော အိမ် ဆောက်တမ်းကစားသည့် အတုံးများအား ၀ှက်ထားမြဲ။ ထိုအခါ သားက ပါးနပ်စွာ ပင် စာသင်သည့် အရုပ်ကား ချပ်အား ကျွန်မ လစ်လျှင် တစ်နေရာရာ၌ ၀ှက်ထား တော့သည်။

ဉာဏ်ရည်ပုံမှန်ပြေး သော ကလေးတွေထက် အနည်းငယ် မဆိုစလောက် လေးသာ သားက နှေးတာ ပါကွယ်။ တကယ်တမ်း ပန်းဝင်မည့်သူဟာ ယုန် မဟုတ်ဘူး။ လိပ်ကလေးပါ ဟု မခံချိ မခံသာပြောလေ တိုင်း နှင်းက သွားတက် လေးတွေ ပေါ်အောင်ထိ သဘောကျ ရယ်မောတတ် လေသည်။

“Le belle Vie”၌ သား ကို ခေတ္တထားခဲ့ပြီး အိမ်ပြန် တော့ နှင်းက ဘေး၌လိုက် ပါလာခဲ့သည်။

၆။
နှင်းစကားကြောင့် ကျွန်မမှာ ရယ်ရအခက်၊ ငိုရ အခက်။
“ဆူးများလွန်းတဲ့ နှင်း ဆီခိုင်ကြီးပါ”တဲ့လေ။ မောင့်ကို တင်စားပုံများ။ ရုတ်တရက် ကျွန်မ ခန္ဓာ ဆတ်ခနဲ တင်းသွားသည်။ ကိုယ့်ရင် သွေးကိုပင် လက်မခံနိုင်သော သတ္တိကြောင်သည့် ခပ်ညံ့ညံ့ ယောက်ျားသား တစ်ဦးကို ကျွန်မ၏ ၀ိညာဉ်က ကပ်ငြိ စွာ “မောင်”ဟု ခေါ်နေသေး သတဲ့လား။

ကိုးနှစ်ခန့် ကြာသွား သောအခါ “တစ်ခုလပ်” ဟူ သော ပညတ်ချက်မှာ ကျွန်မ အတွက် အဆန်းတကြယ် မဟုတ်တော့ချေ။
“ဟဲ့ ခိုင် နင့်သား ပန်းချီဆွဲထားတယ်ဆို။ ငါ့ကို ပြဦး”

ရုတ်တရက် နှင်းအသံ ကြားမှ အတိတ်ရိပ်ပုံတွေ ခွာစပြုသည်။ နှင်းက အမှတ်ရစွာ တောင်းကြည့် နေသည်။
“ထူးတော့ ထူးတယ် နှင်းရဲ့။ “လှပသော ဘ၀” က သင်ပေးလိုက်တာပဲလား။ သားဘာသာသားပဲ  ဉာဏ် ကွန့်မြူးလေသလား”

“ဘာမို့လို့လဲ ခိုင်ရယ်”

နှင်းက လက်ထဲမှ ဖုန် သုတ်လက်စ ပန်းအိုးအား စားပွဲပေါ်အသာတင်ရင်း မျက်မှောင်ကြုတ်လေသည်။
“ဒီမှာလေ နှင်း”

သေသပ်စွာ ဆွဲထား သည့် ၀လုံးကလေး သုံးလုံး နှင့် တုတ်ချောင်းကလေးများ။ သို့သော် ထိုတုတ်ချောင်း ကလေးများစွာ ပေါင်းစည်း ပြီး လူသုံးယောက် ဖြစ်သွားသည်။ ၀လုံးလေးတွေနှင့် တုတ်ချောင်းလေးများအောက် ၌ အနည်းငယ် မပီပြင်ချင် သည့် လက်ရေး။ ဒါသား ကိုး နှစ်ပြည့်မှ ရေးတတ်ခဲ့သည့် ပထမဆုံး လက်ရေးလေးသာ ဖြစ်သော်လည်း ကျွန်မ မျက်ရည် လည်ခဲ့ရသည် အထိ သား က တော်နိုင်လွန်းပါသည်။

တကယ်တမ်း တမ်းတ ၍ပဲလား။ ကျောင်းမှသင်ပေး လိုက်၍ပဲလား မသေချာလှ သော်လည်း အကယ်၍ သား တစ်နေ့နေ့၌ မေးလာခဲ့ပါလျှင် ကျွန်မ ဘယ်လို ဖြေရပါ့။

“ခွမ်း”ခနဲ နှင်းလက်ထဲ မှ အပြာရောင် ပန်းအိုးတစ် လုံးကျကွဲသွားသည်။ နှင်းက ပါးစပ်အဟောင်းသား ငေး ကြည့်နေသည့်ဆီ ကျွန်မပါ ရောယောင်ကြည့်မိတော့ ဘယ်ဘက်ရင်အုံ၏ ကိုးနှစ်ကျော် သည်အထိ ကျင့်သားရစွာ တုန်လှုပ် နာကျင်မှုကိုတော့ အသိအမှတ် ပြုလိုက်ရသည်။

ဝလုံးလေးနှင့် တုတ် ချောင်းလေး တစ်ခုအောက်၌ ရေးထားသည်က “ဖေဖေ” တဲ့လေ။           
လင်းစက်နွယ်
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

ကက်ပရီကွန်သို့


မိုးတွေ အငြိုးတကြီး သွန်းဖြိုးခဲ့သည့် လမှာ သူမကို မွေးဖွားခဲ့သည်။ မိုးစက်၊ မိုးပေါက်တို့၏ ရိုက်ခတ်သံက မြေပြင်ကိုလား၊ သစ်ရွက်ကိုလား ဆိုတာကိုတော့ မည်သူမှ ဝေခွဲ မရနိုင်ခဲ့သည့် အချိန်ဖြစ်သည်။ မနက် နှစ်နာရီသည် နီရဲနေသော ကောင်းကင်ကို လျှပ်စစ် မီးများဖြင့် တန်ဆာ ဆင်စေခဲ့သည်။ တ၀ုန်းဝုန်း ပစ်ချနေသည့် မိုးကြိုးများတွင် အလင်းရောင် တစ်စွန်းတစ်စ ယှက်နွယ် သန်းသွားလေသည်။

သြဂုတ်လ၏ ထစ်ချုန်းနေသော မိုးရေကြားမှ အသံသည် ဆေးရုံကြီး၊ ထိုမှ တစ်ဆင့် ရန်ကုန် မြို့၊ ထိုမှတစ်ဆင့် ကောင်းကင်ဆီ ငုပ်လျှိုး ကွယ်ပျောက် သွားခဲ့သည်။
“အူဝဲ”

အမိဝမ်းမှ လတ်လတ်ဆတ်ဆတ် ကျွတ်လာသော နီတာရဲကလေးကို ကလေး ဆရာဝန်မကြီး က တယုတယ စစ်ဆေးနေသည်။ မီးတွင်းထဲမှ မိခင်ကို အားရစေခဲ့သော နောက်ထပ် အသံ တစ်ခု။
“ဟယ် သမီးလေးတော့”

မိခင်၏အမောသည် မျှော်မှန်းထားသည့် ရလဒ်ပုံစံခွက်ထဲ ၀င်သွားသော ခမ်းနားသည့် အမောဖြစ်သွားခဲ့သည်။
“၁၉၈၉ ခု၊ သြဂုတ်လ (__)ရက်၊ မနက် နှစ်နာရီတစ်ဆယ့်ငါး၊ ဟာ...ဒါဆို VIRGO လေးပဲ”
ဒပ်ဖရင် ဆေးရုံကြီး၏ မွေးခန်း တစ်ခု အတွင်း အိုဂျီ၏ ၀မ်းသာအယ်လဲ ရေရွတ်သံက ပတ်ဝန်းကျင်ကို ခြုံလွှမ်းသွားသည်။ ဗုဒ္ဓဟူးနံ ဖြစ်သောသူမကို ကံကြမ္မာက ကင်ပွန်း တပ်ခဲ့ သည်။ သူမ အမည် “လင်းစက်နွယ်” ဟုခေါ် သည်။

၂။
“တွေ့ရတာ ၀မ်းသာပါတယ် လင်းစက်၊ တို့က ရန်ဇော်”
“ရန်ဇော်”ဟူသော ဆယ့်တစ်နှစ် အရွယ် ကောင်လေးကို သူမ စူးစိုက်၍ ကြည့်နေသည်။ အသားလတ်၍ သန့်ပြန့်သော အသွင်ရှိသည့် သူက သူမအား ခြေဆုံးခေါင်းဆုံးပြန်၍ အကဲခတ် သည်။ မျက်လုံးချင်း ဆုံသွားသောအခါမှ နှစ်ဦး လုံး၏ အကဲခတ်ခြင်းကို ရပ်တန့်လိုက်ရတော့ သည်။
“မင်းက တို့တီတီစီကို ငါးတန်းကမှ ပြောင်းလာတာ မဟုတ်လား”
သူက ပထ၀ီဆရာမ ၀င်မလာမီစပ်ကြား မေးလိုက်ခြင်း ဖြစ်သည်။

“ဟုတ်တယ်၊ လင်းကတော့ လှိုင်တက္ကသိုလ်မှာ တီတီစီ ကျောင်းသူ ဘ၀ ဖြစ်ခွင့်ရတာ သဘော ကျတယ်”

ထိုစဉ်က ဆဋ္ဌမတန်း နှစ်မှစ၍ အဋ္ဌမတန်း ထိ လှိုင်နယ်မြေ၌ ပြောင်းရွေ့သင်ကြားခဲ့ရသော ကာလဖြစ်သည်။ ရန်ဇော်က နှုတ်ခမ်းလေး တစ်ဖက်ကို တစ်ခြမ်းဖဲ့ ခြွေပစ်လိုက်သည်။ သူ တစ်ပါးအား သံသယ မျက်လုံးဖြင့် အမြဲတစေ စောင့်ကြပ်ခဲ့သော သူမက မြင်ဖြစ်အောင် မြင်သွားခဲ့သည်။
“လင်းဆိုတော့ ဗုဒ္ဓဟူးနံပေါ့။ တို့လည်း ဗုဒ္ဓဟူးနံ။ မင်းနဲ့ မတူချင်လှပေမယ့် သည်တစ်ခု တူသွားတာကိုတော့ ကံကြမ္မာက ဖယ်ရှားပေးနိုင်မယ် မထင်ဘူး...”

“ဒါနဲ့မင်း အရင်လက အဆင့်တစ် ရတယ်နော်။ ထားပါ။ တို့က မင်းအရင်က တစ်ရတာ၊ မရတာကို စိတ်မ၀င်စားပါဘူး။ မင်းသိပ္ပံ အမှတ် ပြည့်တာကိုပဲ စိတ်ဝင်စားတာ”

“ဘယ်လို”

“ဟုတ်တယ်၊ မင်းအဖြေလွှာထဲမှာ အမှား တစ်ခု ရှိနေတာ မင်းမသိသလို ဆရာမလည်း မတွေ့သွားခဲ့ဘူး။ အဲဒီတော့ မင်း ၁၀၀ ရနေချိန် မှာ ငါ ၉၈ ပဲရတာ။ မဆန်းပါဘူး လင်းစက်ရာ။

ကြီးမားသော ဟားတိုက်သံက သူမနှင့် ထိခတ်ပြီးနောက် စိန်ခေါ်မှု အဖြစ် အသွင်ပြောင်း သွားသည်။ စိတ်ဆန္ဒ၏ စေခိုင်းမှုနောက် ဘယ်သောအခါမှ လိုက်မည်မဟုတ်သော သူမက သူမ၏စိတ်ကို ပြန်လည်ခိုင်းစေခဲ့သည်။ ရုတ်တရက် လှစ်ခနဲ ပျောက်သွားသော ကောင်မလေး အား သူက အံ့သြတကြီး ငေးစိုက်ကြည့်နေခဲ့ သည်။

“ဒီမှာ ရန်ဇော်၊ ဆရာမကို ငါ့အမှားမြင် သွားအောင် ငါလုပ်ပေးလိုက်တယ်။ ဟောဒီမှာ ၉၈၊ ဘယ်လိုလဲ၊ ကျေနပ်တယ် မဟုတ်လား”

“ဘယ်တော့မှ မကျေနပ်ဘူး။ နောက်ပြီး လင်းစက်၊ မင်းမလာခင်က သည်အခန်းရဲ့ ဘုရင်ဟာ တို့ပဲ။ တစ်လလောက် အဆင့်သာ သွားတာဟာ ကံကြမ္မာ တိမ်းစောင်းလို့ လှည်းမှောက်တယ် သဘောထား ပစ်စရာပါ။ တို့က ဘယ်သူ့ကိုမှ အနိုင်မပေးတတ်ဘူးလေ”

အခန်းထဲ ပထ၀ီ ဆရာမ ၀င်လာသည့် အတွက် သူမ မတ်တတ်ရပ်လိုက်ရသည်။
“ကျန်းမာရွှင်လန်းပါစေ ဆရာမ”

၃။
သူ့နာမည်က “ရန်ဇော်”။ တစ်ဦးတည်းသော သားဖြစ်သည့် အပြင် အရာရာ ပြည့်စုံသောကြောင့် အမြင်ကတ်သူများက “ရန်လုံ”ဟု ခေါ် သည်။ အေးစက်ချမ်း စိမ့်သော ဒီဇင်ဘာမှ နှင်းစက်နှင်းပွင့်တွေနှင့်အတူ သူ့ကို မွေးဖွားခဲ့သည်။ တောင်ကြီးမြို့၏ အအေးဓာတ်သည် မိခင်နှင့် ဆက်သွယ်ထားသောကြိုးကို ဖြတ် တောက်စဉ်ကလို အေးစိမ့်နေခဲ့သည်။

“ဒုက္ခပဲ။ ကျွန်မက သမီးလိုချင်တာ၊ ခုတော့...”

ပျော်ရွှင်ရမည့်အစား ၀မ်းနည်းသံစွက်လာသော သူမ၏ မိခင်အား ဖခင်မှ စိမ်းကားစွာ ကြည့် ခဲ့သည်။ ထို့ကြောင့် “ရန်ဇော်”သည် မိဘများ၏ “အလွဲ” ပုံစံခွက်ထဲမှ မွေးဖွားခြင်း ခံရသူ ဖြစ်သည်။ မွေးပြီး တစ်နှစ်အကြာ စီးပွားရေးရာ လိုအပ်ချက်များ အရ ရန်ကုန်သို့ အခြေချသည်။ ဒီဇင်ဘာလတွင် မွေးဖွားခဲ့သော သူ့အား ဖခင်မှ 'CAPRICORN' ဟု ခေါ်သည်။

သူ့ကိုမွေးသောနေ့သည် မိဘနှစ်ပါး၏ ခေါင်းချင်းဆိုင် ရန်ပွဲအား ဖန်တီး စေခဲ့သောနေ့ ဖြစ်သည်။ သူ့အား အလိုမရှိခဲ့သောမိခင်က ခမ်းနားစွာ သမုတ်လိုက်သည်မှာ....
“မင်းဟာ လာခြင်း မကောင်းတဲ့ သား”

အငြိုးကြီးသော သူက ဘ၀၏ အမာရွတ် ထင်စေသော ရိုက်နှက်မှုကို သေရာပါ မှတ်စွဲ ထားခဲ့သည်။ သူ ခြောက်နှစ်သား အရွယ်တွင် ပထမဆုံး ဖွင့်ဟခဲ့သော စကားမှာ...
“ကျွန်တော်က ကံကြမ္မာ ရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး။ ကံကြမ္မာကသာ ကျွန်တော် ရှိတဲ့ ကမ္ဘာကို လာခဲ့တာ”

ဘ၀အား အရာရာကို ဒဏ်ရာဖြင့် ချိန်ထိုး တတ်သော ကလေးငယ် တစ်ဦး၏ စကားကြောင့် သူ့မိခင်က မှားယွင်းစွာ ပြင်ဆင်ရန် ကြိုးစားသည်။ သို့သော် အချိန် မလုံလောက်သေးခင်မှာပင် ရန်ဇော်က အငြိုးကြီးသော ကောင်လေး ဖြစ်သွားခဲ့သည်။ သူ၏ ပခုံးစောင်းသည် လောကကြီးကို စိန်ခေါ်ကာ တိုက်ခိုက် ပစ်နိုင်ခဲ့သည်။

၎။
“ဘယ်လို...နင့်ကို ငါက ကက်ပရီကွန်လို့ ခေါ်ရမယ်၊ ဟုတ်လား”

သူမက အလန့်တကြား ရေရွတ်လိုက်တော့ သူ့နှုတ်ခမ်းတစ်ဖက် ကော့ညွတ်သွားတာနှင့် တိုက်ဆိုင်သွားခဲ့သည်။
“အေးလေ၊ ကိုယ်လည်း မင်းကို ဗားဂိုးလို့ ခေါ်မယ်၊ ဒါနဲ့ ဆရာမ ဒေါ်ဝါ၀ါသိန်းက ဆရာများ နားနေခန်းမှာ မင်းအကြောင်း ပြောနေ ခဲ့တယ်။ အ၀ါအသင်း ခေါင်းဆောင်ကို အပြစ်ပေး မလို့တဲ့”

“ဖွတ် အဓိပ္ပာယ်မရှိတာ။ ဘာဆိုင်လို့လဲ”

သူမက လေသံကို နှိမ့်ကာ ပြောလိုက်ချိန်တွင် သူ့မျက်လုံးများက ဘုရားစင်ပေါ် ရောက်သွားခဲ့သည်။
“အ၀ါအသင်း ခေါင်းဆောင် မိန်းကလေးက ဘုရား ဝေယျာဝစ္စတွေ မလုပ်ခဲ့လို့ အ၀ါ အသင်း တစ်သင်းလုံးကို အမှတ် လျှော့ပစ်မတဲ့”

“မနက်ဖြန် စာမေးပွဲလေ။ ငါတို့အသင်းက ပန်းဝယ်နေကျ တစ်ယောက်က သည်နေ့မှ ကျောင်းမလာဘဲ...။ ပန်းမရှိတာ ငါက ဘာ တတ်နိုင်မလဲ”

“ဟားဟား...ဒါပေါ့။ မင်းဟာ ဘယ် တော့မှ Leader ကောင်း တစ်ယောက် ဖြစ်မလာ နိုင်ဘူးလို့ ငါ ကောက်ချက် ဆွဲပစ်လိုက်ရပြီ”

သူမက စူးစိုက်စွာကြည့်လိုက်စဉ် သူက ကိုယ်ကိုယို့သွားချိန်နှင့် တိုက်ဆိုင်သွားခဲ့သည်။ ထို့ကြောင့် သူမ၏ မျက်စောင်းချိတ်သွားသည့် သူမှာ ဆရာမ ဒေါ်ဝါ၀ါသိန်း ဖြစ်သွားသည်။

“ကိုယ်က စာတော်တယ်ဆိုပြီး မာန်တက်နေလို့ မရဘူး။ အသင်း ခေါင်းဆောင်ဆိုတာ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ အခြေအနေကို အမြဲ စောင့်ကြပ် ကြည့်ရှုနေရမယ်။ ဆိုပါစို့လေ။ ဆေးရုံ တစ်ရုံမှာ သည်လူနာကို ကုလက်စ ဆရာဝန်မရှိ လို့ လက်ပိုက်ကြည့်နေမလား။ တခြား ဆရာဝန်က ပထမ ဆရာဝန် ကိုယ်စား တတ်စွမ်းသရွေ့ ကယ်တင်မလား။ သဘောပေါက်ဖို့ပဲ လိုတယ်”

ဆရာမ၏ ပညာသားပါပါ ရိုက်နှက်ချက် အောက်တွင် အလိုက်ကန်းဆိုး မသိစွာ လှောင်နေ ခဲ့သူမှာ “ရန်ဇော်”တစ်ဦးတည်းသာ ရှိသည်။ ဗလာကျင်းထားသော ဘုရားစင်လေးက သူမကို အကြီးအကျယ် ပြက်ရယ်ပြုနေသည်။ အံကြိတ် ထားသော သူမသည် ထိုနေ့မှစ၍ မခံချင်စိတ် ကြီးလွန်းသူ အဖြစ် ကိုယ့်ကိုယ်ကို ထုဆစ်ပုံ လောင်းခဲ့လေသည်။

“ဗားဂိုး၊ သိပ်ရှက်သွားလား”
ထိုအသံကြောင့် တင်းထားသော အံများ ယောင်ယမ်းစွာ ပြေလျော့ပြုတ်ထွက် ကုန်သည်။ သို့သော် နောက်ထပ်တစ်ခါ အံကြိတ်ပစ်ရန် သူမ ဘယ်တော့မှ မကြိုးစားတော့ပေ။

၅။
ကျုံးကြီး ကြက်တောင်ကွင်းမှာ ထိုနေ့က သူမကို တွေ့လိုက်သည်။ ခရမ်းနုရောင် အားကစား ၀တ်စုံနှင့် သေသပ်လှပသော သူမအား သူ အတန်ကြာအောင် ငေးမောဖြစ်သွားလေ သည်။
“ဘယ်လိုလဲ ဗားဂိုး၊ ကျောင်းရဲ့ပီတီချိန်မှာ မကစားဘဲ ကြက်တောင်ကိုမှ ၀ါသနာကြီးပြီး သင်တန်းတွေ တက်ရတဲ့ အထိလား”

“ဒါပေါ့ ကက်ပရီကွန်ရယ်၊ ငါ့ရဲ့ ဆဋ္ဌမတန်းရလဒ်ကို နွေရာသီ ကျောင်းပိတ်ရက်မှာ အကျိုးရှိစွာ မျှော်လင့်နေဖို့က အခရာ ကျတယ် မထင်ဘူးလား”

“အင်း မင်း ဒုတိယဆုရတယ် ဆိုတာကိုလား”

သူမက ဒေါသတကြီး ရက်ကတ်လေးကို ပစ်ချလိုက်၏။ တစ်ဖက်မှ ရိုက်လိုက်သော ကြက်တောင်ကလေးက သည်မှာဘက်၌ ရိုက် မည့်သူ မရှိသောကြောင့် ဒေါက်ခနဲ ကျသွား သည်။ သူမ၏ ခြေရင်းနား ကျသွားသော ကြက်တောင်ကလေးကို ကင်းပတ်ဖိနပ်ကလေးက အလိုအလျောက် နင်းခြေပစ်လိုက်လေသည်။
“ဟေ့ လင်းစက် ကြက်တောင်က နင့်ခြေ ထောက်အောက်...”

တစ်ဖက်မှ သူငယ်ချင်း၏ သတိပေးသံက နောက်ကျသွားခဲ့သည်။
“ငါ ဒုတိယ ရတယ်ဆိုရင် နင့်ရှေ့ငါ ဒူးထောက်မယ်။ ဘယ်လိုလဲ ကက်ပရီကွန်”

“ကြမ်းကျွံတာလောက်က နုတ်ခွင့် ရှိသေးတယ်နော်။ စဉ်းစားဦး ဗားဂိုးရယ်”

သူမထံမှ အဖြေပြန်မရသောကြောင့် သူက အရှက်ပြေ ရက်ကတ်လေးကို ကောက်လိုက်သည်။ ပိပြားနေသော ကြက်တောင်ကလေး သည် ကြွက်သားတစ်စုံ၏ ရိုက်နှက်အားကြောင့် လေထဲတွင် လိမ့်ကာလိမ့်ကာနှင့် ပျံဝဲသွားခဲ့ သည်။ သူက ကြက်တောင်လေးပြုတ်ကျသည့် နေရာကို တစိုက်မတ်မတ် ကြည့်နေခဲ့သည်။
“လာမယ့်လ ကြက်တောင်ပြိုင်ပွဲမှာ မင်းနဲ့ ငါ ထိပ်တိုက်တွေ့လိမ့်မယ် ထင်တယ်။ ဆရာက လက်ရည်တူတဲ့ လူတွေကို Single ပြိုင်ခိုင်း လိမ့်မယ်”

“အေး ငါကတော့နင့်ကို Double ချင်း ယှဉ်ပြိုင်ခွင့် ရချင်တယ်”

“ချဲလန့်ခ်ျနော် ဗားဂိုး”
သူမ၏ အဖြေ ပြန်ရနိုးနိုး တစ်ချိန်လုံး စိတ်ရှည်စွာ စောင့်နေခဲ့သည်မှာ သူမ ပြန်သွားသည် အထိပဲ ဖြစ်၏။

၆။
“လင်းစက် နင်သူ့ကို နိုင်ပါ့မလား။ သူက ယောက်ျားလေး၊ နောက်ပြီး တကယ်ပဲ နင်တို့ နှစ်ယောက်ကိုမှ ဆရာက ထိပ်တိုက်တွေ့စေတယ် နော်”

သူမ၏နားထဲ ထိုစကားသံက သံရည်ပူ လောင်းချလိုက်သလို ၀င်သွားလေသည်။
“ထိပ်တိုက်တွေ့တော့ ကိုက်ရုံပဲပေါ့။ ဇင်မာရာ”

“အာ နင်တို့က ခွေးမှ မဟုတ်ဘဲ”

“ဇင်မာ၊ သူက “ရန်လုံ”ဆိုတာ နင်မေ့မသွား နဲ့လေ...”

ထိုအခိုက် သူက သူမ နောက်ကျောနားမှာ ရှိနေခဲ့လေသည်။ “ကက်ပရီကွန်”ဟု သူမက အလန့်တကြား ရေရွတ်လိုက်ပေမယ့် သူက ပြုံးလို့ နေခဲ့သည်။ ထိုအပြုံးကို သူမ အဓိပ္ပာယ် ဖော်နေသည့် မိနစ်သုံးဆယ်အတွင်း ပြိုင်ပွဲစတင်ခဲ့ သည်။

သူမတို့ နှစ်ယောက်၏ လက်ရည်ကို သိနှင့် ပြီးသော သင်တန်းသားများက စူးစိုက်၍ အားပေး နေချိန်ဖြစ်သည်။ွောန ဏသငညအ ကို ရောက်နေခဲ့ သော သူ့ကို အမီလိုက်ရန် နှစ်မှတ်သာ အားစိုက်ရမည် ဖြစ်သည်။
“နင့်အမေက လာအားမပေးတတ်ဘူး ထင်တယ် ကက်ပရီကွန်”

သူငိုက်ကျ သွားချိန်တွင် သူမ၏ လှပသော ဆာဗင်လေးက တစ်ဖက်စည်းထဲ လှပစွာ ၀င်သွားခဲ့သည်။ ကက်ပရီကွန်၏ အားနည်းချက်မှာ “အမေ”ဟူသော စကားလုံး တစ်ခုဖြစ်ကြောင်း မကြာသေးမီကပဲ သူမ သိရှိ ထားခဲ့သည်။ ဆာဗင်ကိုပင် ငိုင်၍ ပြန်လည် မချေပနိုင်ခဲ့သော သူက သူ့လက်သူ ထိတ်လန့်စွာ ငုံ့ကြည့်နေခဲ့သည်။

ထို့နောက် အများ မမျှော်လင့်သော အရာ တစ်ခု ရုတ်ခြည်းဖြစ်ပွားခဲ့လေသည်။
“ဂိမ်းပါပြီ ခင်ဗျာ၊ ကျွန်တော်သူ့ကို အနိုင် ပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့သည် အနိုင်မရရင် ကျွန်တော့်ရှေ့ သူ ဒူးလာထောက် ရမှာမို့ပါ”

ရက်ကတ်ကလေးကို အိတ်ထဲ တရိုတသေ ထည့်နေရင်း နောက်လှည့် ပြောလိုက်သော သူ့ စကားကြောင့် ဆူညံသံများ ရပ်စဲသွားသည်။ သူမ၏ တောက်ခေါက်သံသည် အပြင်ဘက်၌ သူ ကားတံခါး ဆောင့်ပိတ်သံနှင့် တစ်ထပ်တည်း ကျသွားခဲ့သည်။
“ဘယ်သူ နိုင်သလဲဟေ့” ဟူသော ဆရာ၏ တန်ပြန် မေးလိုက်သံက ရုံကြီး တစ်ရုံလုံးထိ ဟိန်း ထွက်သွားခဲ့လေသည်။

၇။
“ကွန်ဂရက်ကျူလေးရှင်း လင်းစက်၊ မင်း ဒုတိယရတယ်”

ထိုနေ့သည် သူမ ဘ၀၏ အရှုံးကို ယောက်ျား တစ်ယောက်ရှေ့ ခမ်းနားစွာ ထုဆစ်ခဲ့ရသောနေ့ ဖြစ်၏။
“ပထမက ငါလားလို့ မင်းမမေးတော့ဘူး ဆိုတာ ငါသိနေတယ်။ ဒီတော့ ကတိအတိုင်း”

သူမက ထိတ်လန့် တုန်လှုပ်စွာ ထိုနေရာတွင်သာ ရပ်နေခဲ့သည်။ မိုးတွေ သည်းနေခဲ့သောကြောင့် မှောင်မိုက်နေသော ၀န်းကျင်သည် သူမ၏ ထိတ်လန့်မှုကို ဖုံးကွယ် ပေးထားခဲ့သည်။ ထိုနေ့မှ စ၍ အမှောင်ကို သူမ ပထမဆုံး အကြိမ်အဖြစ် ကျေးဇူးတင်မိသွားသည်။
“ဘယ်လိုလဲ ဗားဂိုး၊ ဒူးမထောက်သေးဘူး လား”

သူက သားကောင်ကို အလွတ်မပေးသော မုဆိုး မျက်လုံးမျိုးဖြင့် ကြည့်နေခဲ့သည်။ ရုတ်ခြည်း ပြောင်းလဲသွားသော အခြေအနေ တစ်ခုကို သူအံ့အားသင့်စွာ လက်ခံလိုက်ရသည်။ သူမ သူ့ရှေ့တွင် ဒူးထောက်ပြခဲ့သည်။ ကတိ တစ်ခုကို လွယ်ကူစွာ အပျက် မခံလိုသော သူမ၏ ဒူးတွေ ခွေညွတ်သွားသည်ကိုပင် သူ တန်ပြန်တလဲလဲ မြင်ယောင် မိပြန်သည်။ ဒူးနှစ်ဖက်လုံး ကြမ်းပေါ် ကျသွားခဲ့ချိန်သည် ရန်ဇော်၏ စိတ်က သူ့ကိုယ်သူ မေးခွန်း ထုတ်လိုက်သော အချိန်ဖြစ်သွားသည်။

သူက ဆွဲထူဖို့ ကြိုးစားစဉ်မှာပင် သူမက ထရပ်ဖြစ်ခဲ့သောကြောင့် သူ့လက်တွေ အနည်းငယ် ကြောင်အမ်း သွားခဲ့ရသည်။
“ရန်ဇော် ဒဿမတန်းမှာ နင့်ကို ငါစိန်ခေါ်မယ်။ သည်တစ်ချီ ငါရှုံးတယ်။ နောက်တစ်ကြိမ်ဟာ နင့်အရှုံးကို နင်ပြန်မြင်တဲ့နေ့ ဖြစ်ရမယ်။ နင်မှတ်ထားဖို့ကVIRGO လို့ခေါ်တဲ့ ကန်ရာသီဖွားတွေဟာ 'System builder' လို့ သမုတ် ခံရသူတွေ ဖြစ်တယ်။ ငါတည်ဆောက်လိုက်မယ့် System တစ်ခုမှာ သည်နေ့ ငါခံစားရသလို တန်ပြန် ခံစားစေရမယ်”

သူမ၏ အညိုရောင် ယှက်နေသည့် မျက်ဝန်းများကို ဘာကြောင့်ရယ် မသိ။ သူအကြာကြီး ငေးမောမိသွားသည်။ အလွန်တရာ မာနကြီးသော မိန်းကလေးသည် မျက်ရည်တစ်ပေါက်မှ ကျမလာခဲ့သောကြောင့် သူမျှော်လင့် ခြင်းတွေ ဆုံးရှုံးသွားခဲ့သည်။
သို့သော် ထိုဆုံးရှုံးခြင်းကိုပင် သူ့ဘ၀၌ ပထမဆုံးအကြိမ် အားရဖြစ်ခဲ့လေသည်။

၈။
ဆက်ရှင်ကွဲ သွားခဲ့ပြီးနောက် သူနှင့် သူမ အလှမ်းဝေး သွားခဲ့လေသည်။ ထို အလှမ်းဝေးမှုကို ကံကြမ္မာက ရုတ်ခြည်း ရင်ကြားစေ့ပေးခဲ့သော ညက ရန်ဇော် ရှုံးသည့်ညဖြစ်ခဲ့သည်။
“ဟေ့ကောင် ရန်ဇော်၊ လင်းက မင်းထက် ရှစ်မှတ်တိတိသာတယ်နော်”

“အေးကွာ”

သူအလွန်တရာမှ ဖြေနိုင်ခဲ့ပါသည် ဟူသော ဒဿမတန်း အမှတ်စာရင်း က သူ့ကို လှောင်ပြောင်လို့ နေခဲ့ပြီ။ ထိုညနေက သူနှင့် အလှမ်းဝေးခဲ့တာ ကြာပြီဖြစ်သော ရနံ့လေး တစ်ခု ရောက်လာခဲ့သည်။ ထိုအာရုံဖြင့် အလန့် တကြား မော့ကြည့်လိုက်သောအခါ သူ့သိမ်ငယ်စိတ်တွေ မျက်နှာပေါ်ရှပ် ပြေးသွားသည်ကို ကာကွယ်ချိန် မရလိုက်ခဲ့။ ဖက်တွယ်ရာ ကင်းမဲ့ချိန် ရုတ်တရက် ငေးမိလိုက်သော အရာမှာ သူမ၏ မှဲ့ကလေးဖြစ်သည်။

“ဘယ်လိုလဲ ကက်ပရီကွန်၊ နင် ဒူးမထောက်ရင် ငါက နင့်ဒူးကို ရိုက်ချိုးပစ်မှာနော်”

သူ ၀ဋ်လည် နေပြီဟု ယူကျုံးမရ ကြေကွဲသွားချိန်တွင် သူမ၏စကား ကြောင့် သူ့မာနတွေ ဖြုတ်ခနဲ ကြွေဆင်းသွားရလေသည်။
“ဘယ်လိုလဲ ရန်ဇော်၊ ငါတော့ မက်ဒီကယ်လ်ပဲနော်၊ နင်လည်း ဂရိတ် ဒင်မြင့်တာပဲ။ ငါတို့ မက်ဒီကယ်လ်မှာ ပြန်ဆုံကြတာပေါ့ဟာ”

“ကျွတ်...အဓိပ္ပာယ်မရှိတာ။ နင့်ကို ငါတစ်သက် ပြန်မတွေ့တော့ဘူး ဗားဂိုး”

သူမ၏ ရယ်သံတွေကို အမျိုးအစားခွဲခြား ကြည့်နေဆဲမှာ သူကျရှုံး သွားပြီဟု ထိတ်လန့်စွာ အယူခံဝင်မိသည်။ သူ၏ဘ၀ကို နောက်သို့ပြန်လည် ရွှေ့ခိုင်းခဲ့လေသည်။ မှဲ့နက်တစ်လုံး၊ ဆယ်တန်းအမှတ်စာရင်း၊ သတ္တမတန်း နေ့စွဲများ၊ ဆဋ္ဌမတန်း ဆုပေးပွဲများ...စသည်ဖြင့် တဖြည်းဖြည်းချင်းပုံဖော် ခဲ့သောအရာမှာ မြူနှင်းများအဖြစ် အဆုံးသတ်သွားခဲ့လေသည်။

မြူနှင်းများကြားမှ တစ်စုံတစ်ခုကို သူ သဲကြီးမဲကြီး ရှာဖွေနေခဲ့မိ သည်။ ထို့နောက် သူ့လည်မျိုတွေ ပူလောင်စွာအော်မြည်နေခဲ့သည်။ သူ့အသံ အိုးတွေက စတင်လှုပ်ခတ်ကာ“အူဝဲ”ဟု မြည်စေခဲ့သည်။

“လာခြင်းမကောင်းတဲ့ ကလေးပဲ”

မကြာခဏ ကြားခဲ့ဖူးသော အသံ၏ နှိပ်စက်ခြင်းက သူ့နှလုံးအိမ်သို့ ချင်းနင်းဝင်ရောက်၊ ထို့နောက် ပျောက်ကွယ်ခဲ့သည်။
“ကျွန်တော်က ကံကြမ္မာ ရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး”

အသံ၏ ကြီးစွာသော နှိပ်စက်ခြင်းအောက်မှာ သူပြေးသည်။ ရုတ်တရက် မှောင်သွားသော ကမ္ဘာမှ ရုန်းထွက်လိုဇောဖြင့် သူနင်းကန် ပြေးသည်။ ပထမမြက်ခင်းပေါ်၊ ဒုတိယ ပလက်ဖောင်း၊ ထို့နောက် ကတ္တရာလမ်း၊ ထို့နောက်... ထို့နောက်...။
“ကက်ပရီကွန်”

သူ သည်အသံကို တစ်နေရာမှ ကြားခဲ့ဖူးပါသည်။ သို့သော် သူအမှန်တကယ် မမှတ်မိတော့ပါ။ ထိုအသံသည် သူနှင့် အဝေးကြီးမှ လာသော်လည်း အနီးအနား၌ပင် ရှပ်တိုက်ပြေးလွှားနေခဲ့သည်။
“ကံကြမ္မာရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး”
သူ့အသံက တိုးညင်းစွာ ရက်စက်ခဲ့လေသည်။

၉။
“ဟုတ်တယ် ဦးသက်ဇော်၊ ရန်ဇော်ကလေးဟာ ငယ်စဉ်ကတည်းက Psychological Trauma လို့ ခေါ်တဲ့“စိတ်ဒဏ်ရာ”ရခဲ့တာ ဖြစ်မယ်။ အဲဒီတုန်း က မိဘတွေရဲ့ ငြင်းပယ်မှုကို သူ့ဘ၀မှာ အမြဲတစေ အမှတ်ရ နေတတ်တာ မျိုးပေါ့”
ဒေါက်တာကျော်စိုး၏ ကောက်ချက် ဆွဲလိုက်သံ နောက်မှာ ဒေါ်ခင်သိမ့်၏ နောက်ကျောဆီ တုန်လှုပ်ခြင်းတွေ စိုက်ဝင်ခဲ့လေသည်။ သူမ၏ ၀မ်းနည်းမှု ပြယုဂ်မှာ တစ်ညလုံး ငိုထား၍ မျက်လုံးတွေ မို့အစ်ခဲ့ခြင်းသာ ဖြစ်သည်။

“ကျွန်မရဲ့အပြစ်ပါ ဆရာရယ်၊ အမှန်တော့ ကျွန်မတို့ မိဘနှစ်ပါးရဲ့ အငြင်းပွား တိုက်ခိုက်မှုတွေက သားဆီ လွင့်စင်သွားတယ် ထင်ပါရဲ့”

ဒေါ်ခင်သိမ့်သည် မျက်ရည်များ ထပ်၍ စီးကျမလာခဲ့တော့ဘဲ တိတ် ဆိတ်သောဝန်းကျင်ကို အေးစက်စွာ ဖြိုခွင်းခဲ့လေသည်။
“ဟုတ်တယ် ဆရာ၊ ကျွန်တော်တို့ အမှားပါ။ မခင်သိမ့် ကိုယ်ဝန် လွယ်ထားရချိန် ကျွန်တော်တို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတယ်။ အဲဒီတုန်းက ကျွန်တော့် စိတ်ထဲမှာ ခင်သိမ့်ကို သူ့ရည်းစားဟောင်းနဲ့ မရိုးဘူး ထင်ခဲ့တာ။ ကျွန်တော်ကတော့ လှည်းကျိုး ထမ်းခဲ့ရတယ်ပေါ့”

ဦးသက်ဇော်၏ လည်မျိုသည် တုန်ယင်မှုကြောင့် လှုပ်ရှားသွားခဲ့သည်ကို ဦးကျော်စိုးက ဆက်တိုက်ဆိုသလိုပင် အကဲခတ်နေခဲ့သည်။
“သူက ကျွန်တော့်ကို တို့ပြန်တယ်။ ကျွန်တော် လိုချင်တဲ့သမီး မွေးပေးနိုင်ရင် ဒါဟာ ကျွန်တော်နဲ့ ရတဲ့ ရင်သွေး၊ မဟုတ်ခဲ့ဘဲ သားမွေးရင်တော့ သူ့ရည်းစားဟောင်းနဲ့ ရတဲ့ ကလေး ဆိုပြီးတော့ပေါ့။ အမှန်တော့...ကျွန်တော့်.. ကျွန်တော့် အတ္တတွေကြောင့်...”

မျက်ရည်များသည် စိတ်တင်းလွန်း ရှာသော ယောက်ျားကြီး တစ်ယောက်၏ ပါးပြင်ပေါ် ပူလောင်စွာ ဖြတ်ပြေးသွားကြ သည်။
“ဒါနဲ့ပဲ ခင်ဗျားတို့ရဲ့သားက လာခြင်း မကောင်းခဲ့ဘူး ဆိုပါတော့ဗျာ၊ ဟုတ်လား”

“ဘာမှ မဟုတ်တဲ့ အနိုင် တစ်ခုအတွက် သည်လောက်ထိ ပေးဆပ်တတ်ရမှန်း ကျွန်တော် မသိခဲ့ဘူး ဆရာ။ ခုချိန်မှာ ကျွန်တော့်အတွက် လိုအပ်နေတာ သားပဲ။ ငယ်စဉ်ကတည်းက မိဘတွေကြောင့် သားမှာ စိတ်ဒဏ်ရာ အကြီးအကျယ် ရနေခဲ့မှန်း ကျွန်တော် မသိခဲ့ဘူး ဆရာ”

ဒေါက်တာကျော်စိုးက သူ့ထံ လာဆွေးနွေး ကြသော လူသားနှစ်ဦးကို စာနာစွာ နှစ်သိမ့် ပေးနိုင်ခဲ့လေသည်။“အေးဗျာ။ အမှန်တော့ ဘယ်ရင်သွေးမဆို လာခြင်း ကောင်းတတ်ကြပါတယ်။ သူ့ကို လက်ခံတဲ့ မိဘတွေကသာ လာခြင်းကောင်းတယ်၊ မကောင်းဘူးထက် ကြိုဆိုကြရမှာပါ။ အမှန်တော့ ဒါဟာ ကံကြမ္မာရဲ့အလုပ် မဟုတ်လား”

ခဏနေတော့ ဆွေးနွေး နှစ်သိမ့်ပြီးချိန်ထိ ငြိမ်သက်စွာ ထိုင်နေမိခဲ့လေသည်။“စိတ်ရောဂါ အထူးကု” သူ့ထံသို့ လာရောက် ဆွေးနွေးကြ သူများတွင် သူ့ကို အအံ့သြဆုံးရသ ပေးစွမ်းနိုင်သည့် လင်မယားကို သူ့တစ်သက် ဘယ်တော့မှ မေ့ပျောက် နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
အမှန်တကယ်တော့ ကိုယ့်အတ္တကိုယ် တစ်ဖက် စောင်းနင်းကြီး မခြုံလွှမ်းလိုက်မိဖို့သာ အရေးကြီးသည်ဟု သူခံယူနေမိသည်။

၁၀။
“ဟော ဖေဖေ ပြန်လာပြီ။ အအေးသွားဖျော် လိုက်မယ်နော် ဖေဖေ”

“နေဦး သမီး၊ ဖေဖေ သည်နေ့ ကြုံတွေ့ခဲ့ရ တဲ့ ကေ့စ်လေးကို ငါ့သမီးဆီ ဖောက်သည်ချရဦးမယ်။ အဲဒါကို မပြောခင် စာအရမ်းတော်တဲ့ သမီး တို့ကျောင်းက ကောင်လေး...ဘာတဲ့။“ရန်ဇော်” ဆိုလား၊ ခု ဖေဖေက သူ့မိဘတွေနဲ့...”

သူမ၏ တစ်ဟုန်ထိုး ထွက်ပြေးခြင်း၏ တုံ့ပြန်မှုအပေါ် ဒေါက်တာကျော်စိုး ခွဲခြမ်း စိတ်ဖြာ ကြည့်နေလေသည်။ ထို့နောက် အတွေး များစွာ၏ နှိပ်စက်မှုဖြင့် အမြဲတစေ အထု အထောင်းခံနေရသော သူတစ်ယောက် ဧည့်ခန်း တွင်းရှိ ဆိုဖာပေါ်မှာပင် နှစ်ခြိုက်စွာ အိပ်မော ကျသွားခဲ့လေသည်။
(၂၀၀၉ ခုနှစ်၊ သြဂုတ်လ (__)ရက်၊ မနက် နှစ်နာရီ တစ်ဆယ့်ငါး...)
တိုင်ကပ်နာရီ၏ သံရှည်ဆွဲသံက သူမအား ခြောက်လှန့်နေခဲ့သည်။ ထိုအချိန်တွင် သူမ၏ လက်၌ ဒိုင်ယာရီ စာအုပ်ကို မြဲမြံစွာ ကိုင်ထားခဲ့ လေသည်။“အသက် နှစ်ဆယ်ပြည့်ပြီ” ဟူသော အတွေးကို ပို၍ သေချာသွားစေသော သြဂုတ်လ၏ ထစ်ချုန်း မိုးရေများက အငြိုးတကြီး ရွာသွန်း နေလေသည်။
“ကက်ပရီကွန်”

ငါနင့်ကို ဘယ်တော့မှ မေ့ရတော့မှာ မဟုတ် ဘူး။ အဲဒီနေ့က ငါပြောချင်တဲ့စကားကို နင်ကြား သွားခဲ့ရဲ့လား။
ငါပြောမယ့်စကားဟာ “အလကားစတာ၊ ငါက အဲလိုနည်းနဲ့ အနိုင် မယူချင်ဘူး” ဆိုတာကို ငါ့လိပ်ပြာ ငါသည်နေ့ သည်အချိန်ထိ ဖွင့်ဟ ၀န်ခံရဲတယ်။ နင်မရှိတော့တဲ့ လောကမှာ စိန်ခေါ် ခြင်းဆိုတာကို ငါ တမင်သက်သက် ရှာဖွေနေရ တယ်။

အမှန်တော့ ငါနင့်ရှေ့ ဒူးထောက်လိုက်တဲ့ နေ့ကတည်းက...
ငါ့အမှန်တရားကို ငါကြားနာ လိုက်ရ တယ်။ ငါက ကေ၀ဋ် ပုဏ္ဏားဖြစ်ရင် နင်က မဟော်သဓာ ဖြစ်တယ်။ VIRGO ဆိုတဲ့ ငါ၊ တည်ဆောက်လိုက်တဲ့ System ဟာ နင့်ဝိညာဉ်ကို နုတ်ယူ သွားနိုင်တယ်လို့သာ ငါကြိုသိခဲ့ရင်။ နောက်ပြီး...။
နောက်ပြီး အရှုံးဟာ ရင်ခုန်သံကို သိမ်မွေ့ စေတယ်ဆိုတာ...
ငါ နင့်ကို...
ငါ...နင့်...ကို...”

လိမ့်ဆင်းလာသော မျက်ရည်ပေါက်များ ရပ်တန့်သွားမှာ စိုး၍ သူမ မျက်နှာမော့ ထားခဲ့သည်။ သူမ၏ မှဲ့နက်ကလေးက သူမကို သရော် ထေ့ပြုံးဖြင့် လှောင်နေဆဲဖြစ်သည်။ မိုးကြိုးပစ် ချလိုက်သံနှင့် မျက်ရည်တစ်စက် လွင့်စင် ကျလာသည်က တိုက်ဆိုင်သွားသည်။“ကံကြမ္မာ ရှိတဲ့ ကမ္ဘာကို လာတာ မဟုတ်ဘူး”

ရေရွတ်သံမှာ တိုးတိတ်လွန်းသောကြောင့် ကက်ပရီကွန်အား လျှို့ဝှက်စွာ တမ်းတခွင့် ရရှိခဲ့ လေသည်။

လင်းစက်နွယ်

အညိုရောင်အိပ်မက်


၁။
ပြတင်းပေါက်ကို အနည်းငယ် လိပ်ပြာ မလုံစွာ ဆွဲပိတ် လိုက်တော့မှ အပြင်ဘက်ရှိ လေစိမ်းတွေကြောင့် ကျွန်မ အခန်းလေး အေးစိမ့်နေတာ သတိပြု မိသွားသည်။
ခန်းဆီး အ၀ါရောင်လေးကို အသာပြန် စည်းနှောင် လိုက်ရသည်။ နာရီကို လှမ်းကြည့်စရာ မလိုတော့လောက်အောင် ညဥ့်နက် နေပြီမှန်း ကျွန်မ ခန့်မှန်း နိုင်ပါသည်။ သည်တော့မှ အခန်း၏ တိတ်ဆိတ် ငြိမ်သက်ခြင်းကြောင့် သူ့ကို ပိုလို့ သတိရ ဖြစ်သွားသည်။

နံရံကပ် ညမီးသီးလေးအား ထွန်းညှိ လိုက်စဉ်တွင်မတော့ သူ့ပုံရိပ်ကို မျက်နှာကြက်တွင် အတိုင်းသား မြင်တွေ့ နေရပြန်သည်။ တစ္တေ ခြောက်နေတာလား။ ကျွန်မကိုယ်ကျွန်မ ပြန်အားပေး လိုက်ရသည်။ တမင်တကာ သတိ ရနေတာမျိုးလည်း မဟုတ်ဘဲ ညဥ့်နက်လာတိုင်း သူ့ကိုသာ မြင်ယောင် မိနေပြန်တာ အနည်းငယ် စိတ္တဇ ဆန်သည်ဟု ထင်သည်။ သည်တစ်ညကိုတော့ လှပစွာ ညဥ့်နက်ခွင့် ပေးရလိမ့်မည်။

၂။
သူ့လို ပုံစံမျိုးကို ကျွန်မ လူမှန်း သိတတ်စ အရွယ်ကတည်းက မြင်ဖူး၊ ရင်းနှီးဖူး ဖြစ်သော်လည်း အနည်းငယ် အချိုးအဆစ် ပြေစွာ သေသပ်သော ပုံစံကြောင့် သူက ကျွန်မ မျက်စိထဲ၌ တစ်မူကွဲ ထွက်၍ သွားပါသည်။ အသားနည်းနည်း ညိုသော သူ့ကို စစတွေ့ချင်းတုန်းက ဆိုရင် ကျွန်မ မျက်စိတွေ ပြာထွက်သွားရသည် အထိ လန့် ဖျပ်မိသွားသည်ကို ၀န်ခံ ရလိမ့်မည်။ သူက ကျွန်မအိမ်နား တစ်ဝိုက်တွင် လာလိုက်၊ ပျော်လိုက်နှင့် ကျက်စားတတ်သူ မဟုတ်လား။

ပထမဆုံး အကြိမ် သူ စရောက်လာစဉ်က ဆိုလျှင် သူက ကျွန်မ၏ လက်တစ်ကမ်း အကွာမှာ အနည်းငယ် တုန်လှုပ်သွားသော ရင်ဘတ်ကို ဖိပြီးမှ အိမ်တံခါးကို အသာချက်ချ ပစ်လိုက်ရသည်။
“နင် သူ့ကိုတွေ့တာ ဘာဖြစ်သွားတာလဲ၊ ရုတ်တရက်ကြီး”

ကျွန်မက လက်နှစ်ဖက်ဖြင့် ရင်ကို ဖိပြတော့၊ ဖြစ်ရမယ်ဆိုသော ပုံစံဖြင့် ညီမလေးက ကျွန်မကို မျက်စောင်းထိုးသည်။
“နင်ပဲ အဲလိုမျိုးတွေ ကြောက်ပါပြီဆို။ လုံးဝကို အပြတ်ရှင်းတော့ မှာဆို”

ညီမလေး သတိ ပေးလိုက်တော့မှ ကျွန်မ ကြက်သီးတွေ ပိုကြီးသွားခဲ့သည်။ သူတို့ မိသားစုနှင့် ကျွန်မကြားမှာ လိမ်ပြာ မလုံသော ရှင်းတမ်းတွေ ရှိခဲ့သည်ကို ပြန်လည် အောက်မေ့သွားသည်။
“သူ ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

“ပြောင်းလာတာ ဖြစ်မှာပေါ့ မမရဲ့”

“ငါ့အဖေကို ပြောလိုက်ရမလား”

“အာ မလုပ်နဲ့ဦး၊ သူ ခဏလာတာ ဖြစ်မှာပါဟယ်။ အဖေ့ ပြောလိုက်မှ ပြဿနာ တက်ကုန်ဦးမယ်”

နောင်အခါ ကျွန်မ အိမ်နား တစ်ဝိုက်တွင် သူ့ကို အမြဲ တွေ့ရတော့မှ ညီမလေး စကားကို နားထောင်မိတာ မှားသွားပြီဟု နောင်တရမိသည်။ သို့ပေမယ့် ကျွန်မ ဆေးရုံ အသွား၊ အပြန်အတိုင်း သူ ကျွန်မတို့ ခြံတံခါးဝ နားတွင် ရစ်သီရစ်သီ လုပ်နေတာကို တွေ့မြင်ရလေ့ ရှိပြန်သည်။ နှစ်ပတ်ခန့်လောက် ကြာမြင့် ချိန်တွင်မတော့ သူ ရှိနေမလား ဟူသော မျှော်လင့်ချက် အစွဲဖြင့် တံခါးဝနား ချောင်းကြည့်ဖြစ်သော အကျင့်ဆိုး တစ်ခု ကျွန်မ၌ ပိုင်ဆိုင် လာခဲ့ပါသည်။

၃။
“ဒုက္ခပဲ၊ နင်မုန်းမှန်း သိလို့များ သက်သက်ဒုက္ခ လာပေးနေသလား လင်းစက်ရယ်”

“ရေမြွှာဖောက်သည့် အခန်းထဲ၌ အိုဂျီမမ ရေမြွှာ ဖောက်နေစဉ် ယုနွယ်က ကျွန်မနား အသာကပ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။ ခဏနေတော့ နှာခေါင်း စည်းကာထားသော ကျွန်မ နှာခေါင်းများကို အလျင်စလို ပိတ်ပစ်လိုက်ရသည်။ လွန်လွန်းတယ် ဟူသော အကြည့်ဖြင့် ယုနွယ် လှမ်းကြည့်တော့ ကျွန်မ ပြုံးရသည်။

အနည်းငယ် ညှီစို့စို့ နိုင်သည့် ရေမြွှာနံ့ကို ကျွန်မ အလွန် မုန်းပါသည်။ AROM ဟုခေါ်သော ရေမြွှာဖောက် ပြီဆိုလျှင် ၀ါ့(ဒ်)ထဲတွင် ကျွန်မ ပတ်ပြေး နေတတ်သည်။ ပြေးလို့ ဘယ်လိုမှ မလွတ်နိုင်တော့မှ အပြင်ဘက်တွင် အသက်ရှူ လေ့ကျင့်ခန်း အ၀လုပ်ပြီး အခန်းထဲ ၀င်ရသည်။ ကျောင်းသူ ဘ၀ကတည်းက ရေမြွှာနံ့ကို ကျွန်မ ခါးသီးစွာ မုန်းပါသည်။ ယုနွယ်တို့ပင် လက်ဖျား ခါလောက်အောင် ကျွန်မက တဆိတ်ပိုလွန်းသည်။

‘နင်လည်း ရေမြွှာအိတ်ထဲ ကိုးလကျော် နေခဲ့ရတာပဲ မဟုတ်လား”

‘ဟင့်အင်း ငါက Premature လေး။ လမစေ့ဘူး။ ရေမြွှာနံ့ မခံနိုင်လို့ဟေ့။ အစောကြီး အမေ့ဗိုက်ထဲက ထွက်လိုက်ရတာ’

ထိုအခန်းထဲမှ ထွက်ပြီးစဉ်တွင်တော့ ကျွန်မ ပျို့ပါတော့သည်။ ယုနွယ်က အသင့်ဆောင်ထားသည့် သံပုရာခြမ်း စနိုးအား ကျွန်မ နှာခေါင်းဝတွင် တေ့ပေးမှ အနည်းငယ် သက်သာသွားသည်။

“မလွယ်ပါဘူးဟယ်၊ ငါတော့ တစ်သက်နဲ့ တစ်ကိုယ် အိုဂျီ လုပ်ဖြစ်တော့မယ် မထင်ဘူး”

“ငါကတော့ ထင်တယ်၊ နင့်ရုပ်က အောက်လမ်း ဆရာမရုပ် ပေါက်တယ်ဟ”

ယုနွယ် လှမ်းစလိုက်တော့ ကျွန်မက နှုတ်ခမ်းကို အသာမဲ့ပြလိုက်တယ်။ ကျွန်မတို့ လောက၌ အိုဂျီကို အောက်လမ်း ဆရာမတွေဟု ချစ်စနိုး သုံးနှုန်း တတ်ကြသည် မဟုတ်လား။
“ဒါနဲ့ ခုနကဟာ ပြန်ဆက်မယ်။ သူလေသူ နင်တို့ အိမ်နားမှာ ရှိနေတုန်းလား”
“ရှိသေးတယ်ကွ”

“သူ့မှာ အဖေအမေတွေ မရှိရှာတော့ဘူး။ သနားပါတယ်နော် လင်းစက်”

“ဘယ်တတ်နိုင်မလဲဟယ်၊ သူ့မိဘတွေက တခြားသူတွေ အတွက် အနှောင့်အယှက် ဆိုသလို ဖြစ်ခဲ့တာကိုး”

ယုနွယ်က ကျွန်မအတွက် ဖျော်လိုက်သည့် ကော်ဖီအား လှမ်းပေးလိုက်သည်။ ကော်ဖီ၏ အခါးဓာတ်ကြောင့် ရေမြွှာနံ့ကို လုံးဝမေ့သွားသည်။ ရေမြွှာနံ့ပြယ်တော့ သူ့ကို သွားသတိရမိ ပြန်သည်။ စိတ်က အလုပ်လုပ်ပြီး နားမယ် ကြံသေး သူ့ဆီပြန်လည် ကျက်စားရပြန်ပြီ။ ခဏခဏ ခလုတ် တိုက်လာရသော ကျွန်မစိတ်ကို နားမလည်နိုင်စွာ ခနဲ့တဲ့တဲ့ ရယ်မောဟန် ပြင်တော့ ကော်ဖီ သီးသွားသည်။

“သြော် လင်းစက်ရယ်၊ နင့်မှာလည်း တစ်ဒုက္ခ၊ ရော့ရော့ ရေသောက်လိုက်”

၎။
“မင်းကိုပဲ စွဲလမ်းလို့သာနေခဲ့xxx
မင်းကိုပဲ စွဲလမ်းခဲ့ရ တို့ရဲ့ ဘ၀ပါနော်xxx
တင်ဇာမော်၏ စွဲလမ်းခြင်း ပြဿနာ သီချင်းကို ဆိုနေသော ညီမအား ဘုကြည့်ကြည့် လိုက်သော်လည်း မငြိမ်ချင်သေး။

“ရောဂါxxx ရောဂါ xxx”
“အာ ဒီကောင်မလေး တိတ်စမ်း”
ဟောက်ပစ် လိုက်ပေမယ့် ပြောင်စပ်စပ် ဖြစ်နေသော ညီမ မျက်နှာကို ကြည့်ရင်း ကျွန်မပါ ရယ်ချင်သွားသည်။ အင်းလေ၊ ကျွန်မ၏ ပြဿနာ ကလည်း စွဲလမ်းမှုက အစပျိုးတာ မဟုတ်လား။ တစ်စုံတစ်ရာကို အရူးအမူး ကြောက်၍ မုန်းခဲ့ရာမှ ထိုတစ်စုံတစ်ရာကိုပင် မသိစိတ်၌ နေရာ ပေးမိပြန်သည်။ ယခုတော့ သူ့ကို ကျွန်မ၏ မသိစိတ်က ချစ်ပြီး သိစိတ်က မုန်းတီး နေမိသော ဆန့်ကျင်ဘက် စိတ်ကိုပင် ပိုင်ဆိုင် လာတတ်ခဲ့ပြီ။

တစ်စုံတစ်ရာကို တစ်ပြိုင်နက်တည်း အချစ်ရော၊ အမုန်းပါ ခံစားချက် နှစ်မျိုးစလုံး ရှိနေနိုင်သည့် အနေအထားကို စိတ်ပညာတွင် ဘယ်လို ဝေါဟာရမျိုး သတ်မှတ် ထားလိမ့်မလဲ။ Obsessions ဟု အမည်တွင်သည့် အလွန်အကျွံ စွဲလမ်းမှု ပြဿနာ ကျွန်မတွင် ဘယ်အချိန်ကတည်းက ကိန်းအောင်း နေခဲ့လိမ့်မလဲ။ ထိုစိတ်ဖြင့်ပင် ကျွန်မ၏ ညတွေ ညဥ့်နက် လာတတ်ခဲ့ပါသည်။

၅။
ထိုနေ့က မိုးသဲသဲမဲမဲ ရွာသည်။ အရင်ရက် တွေက မိုးရွာ ခဲ့သော်လည်း မဖြစ်စလောက် တစ်ဖြောက်နှစ်ဖြောက်။ ထိုနေ့ကမှ မိုးတိမ်တွေက ပိုမည်းပြီး ပိုထူထပ်နေသည်။ ဂျူတီကုတ်အား မီးပူတိုက်နေရင်း ရုတ်တရက် မီးပျက်သွားသည်။ ဟောင်းနွမ်း တွန့်ကြေနေသော ဂျူတီကုတ်အား ခပ်တည်တည်ပဲ အသာခေါက်ကာ အိတ်ထဲ ထည့်လိုက်သည်။

“ဂျူတီကုတ်ဆိုတာ ညစ်ပေနေမှ အလုပ် လုပ်တာ ပေါ်လွင်နေတာ ညီမလေးရဲ့” ဆိုသော လက်ထောက် ဆရာဝန်အစ်မတွေ၏ စကားကို ကြားယောင်မိတော့ ပြုံးမိရသည်။ အမှန်က ပျင်းလို့မလျှော်၊ မလျှော်လို့ ပိုညစ်ရတာ မဟုတ်လား။ နေ့တိုင်းကြီး လျှော်စရာ မလိုတော့လည်း ဂျူတီကုတ် ဆိုတာကို တစ်ပတ်တစ်ခါ၊ နှစ်ပတ် တစ်ခါလောက်မှ လျှော်ပစ်ကြသည် အထိ ညစ်ပတ် တတ်ကြပါသည်။

ထီးမဆောင်းတတ်သော ကျွန်မအတွက် မိုးကာ အင်္ကျီတော့ လိုလိမ့်မည်။ မယူတော့ ပါဘူးလေဟု ဆုံးဖြတ်ပြီးမှ ၀ါ့(ဒ်)ထဲတွင် နေ့ လယ်နေ့ခင်း ဆွေးနွေးချက် ရှိကြောင်း သတိရမိ၍ ယူလိုက်သည်။ ဖောင်းပွနေသော လက်ကိုင်အိတ်အား အသာဆွဲ၍ ထွက်လာ စဉ်တွင်တော့ အရင်လိုသူ ရှိမနေကြောင်း ရိပ်မိခဲ့သည်။

သူ ဘယ်မှာလဲ။ ကျွန်မအတွက် သဲလွန်စ တစ်စုံတစ်ရာ ချန်ခဲ့ဖို့ ကောင်းသည်။ အို သူက ကျွန်မကို သိချင်မှသိမှာ။ ကျွန်မကသာ သူရှိ လိမ့်နိုးနိုး အမြဲ မျှော်လင့်ခဲ့ရတာလေ။ အရင် ရှိနေကျ နေရာလေးမှာ သူ့ကို မတွေ့တော့ ကျွန်မ ထိတ်လန့်လို့သွားသည်။ ဘေးဘီဝဲယာ ကြည့်တော့လည်း မိုးစက်မိုးပေါက်တွေသာ မြင်ရသည်။ ကားတံခါး ဆွဲဖွင့်လိုက်သော ကျွန်မ လက်တွေ ထုံကျဉ်အေးစက်လွန်း ခဲ့သည်။

၆။
“သူမရှိတာ တစ်ပတ်ကျော်ပြီ၊ ဟုတ်လား လင်းစက်”

ကျွန်မ အသာအယာ ခေါင်းညိတ်လိုက်တော့ ယုနွယ် မျက်လုံးတွေ ပိုပြူးသွားသည်။
“ဒါဆို သူဘယ်မှာလဲ”

“ငါလည်း အဲဒါ သိချင်တာ ယု၊ ခက်တာက ငါနဲ့ ထိပ်တိုက်တိုးမှာ စိုးတာ”

“အေး၊ တိုးရင်တော့ နင့်အဖေက သူ့ကို နည်းနည်းမှ ညှာမှာ မဟုတ်ဘူး”

ကျွန်မ သက်ပြင်း ခိုးရှိုက်လိုက်ရသည်။ ကျွန်မကြောင့် ထပ်ပြီး ဘယ်သူ့ ကိုမှ အနာတရမဖြစ်စေချင်။ ထိုအနာတရက ကျွန်မကို ပြန်လည်ကူးစက် တတ်သောကြောင့် ဖြစ်၏။
“မှန်တာ ပြောရရင် သူ့လို ပုံစံမျိုး တွေ့ဖူးသလို သူတို့ကြောင့်လည်း ခဏခဏ ဒုက္ခရောက်ရဖူးတယ် ယုရဲ့။ ငါ သူတို့ကို အရမ်းကြောက်တယ်၊ အရမ်းလည်း မုန်းတယ်”
“အေးပါဟယ်”
“ဒါ အစွန်းရောက်မှု ဆိုတာလည်း ငါသိတယ် ယု၊ ခက်တာက ကိုယ် သိပ်ကြောက်နေတဲ့ အရာတွေကို  အမြဲတစေ တွေးနေရလွန်းလို့ သူတို့တွေ ဟာ ငါ့ဦးနှောက်ထဲမှာ ပုံသွင်းပြီးသား အကန့်လို ဖြစ်သွားခဲ့ပြီ”
ယုက ကျွန်မ ပြဿနာကို နားလည်သည့် ငယ်သူငယ်ချင်း ဆိုတော့ ရင်ဖွင့်လို့ ရသည်။ ယု၏ လက်ဖျားတွေပင် ထုံကျဉ် အေးစက်နေသည်။ ကျွန်မ နောက်တစ်ခါ ဆေးရုံ တက်ရမှာကို ယု စိုးရိမ်နေတာပဲ ဖြစ်သည်။

“အေးပါဟယ်၊ တစ်နေ့နေ့တော့ သူ့ကို နင်မေ့သွားမှာပါ”

အနွေးထည် အသာဝတ်လိုက်တော့မှ ချမ်းစိမ့် နေပါလားဟု သိလိုက် ရသည်။ ချမ်းနေသည့်ကြားကပင် အိမ်ကို လွမ်းရသည်။ နိုက်ဂျူတီ၏ အိမ်လွမ်းခန်းတွင် သူ ညပ်ပါသွားကြောင်းကိုတော့ အိပ်မော ကျနေပြီဖြစ်သော ယုအား နှိုး၍ အသိမပေး ဖြစ်တော့ပါ။

၇။
နိုက်ဂျူတီ ကျနေသော အခါ အများနှင့် အတူ အိပ်ရ၍ စာရေး၍ မဖြစ်။ ကျွန်မ စာရေးသည် ဆိုတာ ယုနွယ်ပင် မသိ။  အလုပ် မရှိလျှင် ၀တ္ထုသာ ဖတ်ရတော့သည်။ တစ်ခါတစ်ရံ ၀တ္ထု အရမ်းရေးချင်လျှင်လည်း ဟောက်(စ်) အခန်းထဲ၌ မီးပိတ်၊ မျက်စိမှိတ်ရင်း ဇာတ်ကျောရိုးကို လျှောက်စဉ်းစား နေရသည်။

ထိုည ကျွန်မ နိုက်ဂျူတီ မဟုတ်ပါ။ စိတ်ရှိလက်ရှိ ၀တ္ထုတစ်ပုဒ်နှစ်ပြီး ရေးတော့မည်ကြံကာမှ ထမင်း မစားရသေးတာ သတိရသွားသည်။ အနည်းငယ် အေးစက်နေသော ကြက်ဥမွှေကြော်အား ထမင်းနှင့် ရော၍ စားလိုက်မှ အဆင်ပြေသွားသည်။

“ဟဲ့၊ ခုချိန်မှ ပြန်လာရသလား”

“ယု နွယ်အိမ် သွားနေလို့လေ”

ညီမက ကျွန်မဘေး အသာထိုင်ရင်း နာရီကို စိတ်မရှည်စွာ ငုံ့ကြည့်ပြန် သည်။
“နင် စားလာတယ် ထင်လို့၊ အိမ်မှာ ဟင်းက ဒါပဲကျန်တော့တယ်”
“စားကောင်းပါတယ်ဟဲ့၊ ငါဒီည ၀တ္ထုတစ်ပုဒ် ရေးမလို့”

“အေး ကောင်းတယ်၊ နင် မရေးတာလည်း ကြာပြီဆိုတော့”

“ဒါနဲ့ နင် သူ့ကို တွေ့မိသေးလား”

ညီမ အနည်းငယ် တွေဝေသွားပြီးမှ ပြတ်သားစွာ ခေါင်းခါတော့ ကျွန်မ ၀မ်းနည်းမိသလို အနည်းငယ် စိတ်ချလက်ချ ရှိသွားသည်။ ခဏနေတော့ မဖွင့်တာကြာပြီဖြစ်သည့် ကျွန်မအခန်းတံခါးကို အသာတွန်းကာ ဖွင့်ဝင်လိုက်သည်။ စားပွဲပေါ်က စာကြည့်မီးကို ဖွင့်ပြီး စာအုပ်စင်အောက် ထပ်မှ အေဖိုး စာရွက်များအား ထုတ်ယူလိုက်၏။

ဇာတ်လမ်းအား စဉ်းစားနေရင်းဖြင့်ပင် သူ့အား ယောင်ယမ်း သတိရမိ သွားပြန်သည်။ သူ့အချိုးအစား ပြေပြစ်မှုတွေ၊ အသည်းယားစရာ ကောင်းသည့် သူ့လမ်းလျှောက်ဟန်တွေ။ တံခါးဝ၌ပင် သူ ရှိနေတာ လှမ်းမြင် လိုက်ရသလို အသည်းထဲ အေးခနဲ ဖြစ်သွားသည်။ ဘုရားရေ လင်းရှင်းနေသော မီးရောင် အောက်တွင် သူ တကယ် ရှိနေခဲ့ပြီ။ ကျွန်မ ထင်ထားခဲ့သလို သူ တကယ် ရှိနေခဲ့ပြီ။

“နင် ငါ့အခန်းထဲ ဘယ်လို ရောက်လာသလဲ၊ ထွက်သွား”

သူက ပေကပ်ကပ်နိုင်စွာ ကျွန်မအား စူးစိုက် ကြည့်နေခဲ့သည်။
“နင့်အဖေ အမေ သူ့ဘာသာသူ သေတာ၊ ငါတို့ကြောင့် မဟုတ်ဘူး၊ နင် လက်စား ချေချင်လို့လား၊ ဒါပိုင်နက် ကျူးလွန်မှုနော်”

ဘာစကားမှ မပြောဘဲ၊ တုံဏှိဘာဝေ လုပ်နေသော သူ့ကြောင့် ကျွန်မ အထိတ်တလန့် ဖြစ်သွားသည်။ ထွက်ပြေးဖို့ရာလည်း ၀ရန်တာကနေ ခုန်ချ ဖို့သာ ရှိတော့သည်။
“သွား ၊ နင် ထွက်သွား၊ မသွားရင် ငါအော်လိုက်မှာနော်၊ ငါအော်ရင် ဘာဖြစ် သွားနိုင်မလဲ၊ နင် သိတယ် မဟုတ်လား”။
ရုတ်တရက် သူ ကျွန်မနား တိုးကပ်လာသည်။ အတိုင်းအဆ မရှိ ပေါက်ကွဲသွားသော ရန်ခုန်မှုနှင့် အတူ ကျွန်မ လက်ဖျားခြေဖျားတွေ ထုံကျဉ် အေးစက်သွားသည်။ ရဲတင်းလွန်းစွာ အနားကပ်လာသော သူ့ကြောင့် ကျွန်မမှာ အသက် ရှူဖို့ပင် သတိမရတော့။ မြင်ကွင်း တစ်ခုလုံးေ၀၀ါး သွားချိန်တွင် မတော့ ကျွန်မခေါင်းနှင့် တစ်စုံ တစ်ခု၏ ပြင်းထန်စွာ ရိုက်ခတ်မှု။ ပြာနှမ်းသွားသော ၀န်းကျင်ထဲတွင် နောက်ဆုံး မြင်လိုက်ရသည်က ညိုသော သူ့ကိုဖြစ်သည်။

၈။
ကျွန်မနှင့် မစိမ်းသော ဆေးရုံအနံ့။ နိုက်ဂျူတီ ဆင်းခဲ့တာ ထင်ပြီး ထဟန်ပြင်တော့ ယုနွယ်က အသာ လက်ကာပြသည်။
“နင် ရှော့(ခ်)ရသွားတာ လင်းစက်၊ မနည်းကို Revive လုပ်ရတယ်”

“ငါ”

ကျွန်မ ဘာကိုမှ မမှတ်မိနိုင်သေး။ လက်ဖျံ၌ စိုက်ထားသော Canula ပလတ်စတစ် ဆေးသွင်းပြွန်ကြောင့် ညာဘက်လက် တစ်ခုလုံး နာကျင် နေတာက လွဲပြီး ဘာခံစားချက်မှ ပြန်လည် ဖမ်းဆုပ်၍ မရနိုင်သေး။
“နင်အကြောက်လွန်ပြီး ရှော့(ခ်)ရတာ၊ မနေ့ ည ဆယ့်နှစ်နာရီလောက်က”

ညီမလေးက ၀င်ပြောတော့မှ အခြေအနေကို ခပ်ရေးရေးလေး သဘော ပေါက်မိသွားသည်။
“အဲဒီတုန်းက နင် အရမ်း အော်တာလေ၊ အခန်းထဲမှာ အော်နေတဲ့ နင့်အသံ တစ်ရပ်ကွက် လုံးတောင်ကြားမယ်၊ အဖေက နင့်ကို ကယ်လိုက်တာ”

ကယ်လိုက်တာဟူသော စကားကို သံယောင် ရွတ်ကြည့်ရင်းက တစ်စုံတစ်ခု အတွက် ပူပန်သွားသည်။
“ဘယ်လိုပဲပြောပြော သူ ငါ့ကို ဘာမှ မလုပ်ခဲ့ပါဘူး။ ငါကသာ ကြောက်ပြီး။ သူမသေဘူး မဟုတ်လား”

ညီမမျက်နှာ ပျက်သွားတော့ ယုနွယ်က ကျွန်မလက်အား အသာဆုပ်ကိုင်ရင်း ဖေးမလိုက်သည်။
“သူ မူးပြီး သေသွားတယ် လင်းစက်”
“အာ၊ ငါသတ်တာ မဟုတ်ဘူးနော် ယုနွယ်၊ ငါမသိဘူး၊ ငါနဲ့မဆိုင်ဘူးနော်၊ နင်တို့ သူ့ကို ဘာလို့ ”

“နင့်အသက်က ပိုပြီး အရေးကြီးတယ် မဟုတ်လား လင်းစက်”

လူနာများစွာ၏ အသက်ကို ကယ်ရဦးမည့် ကျွန်မ၏ အသက်က အရေးကြီးသတဲ့လား။ ကျွန်မကြောင့် ဘယ်သူတွေ တိုက်ရိုက် မဟုတ်သော နည်းဖြင့် သေဆုံးခဲ့ကြပြီးပြီလဲ။ လိပ်ပြာ မသန့်တော့သော ကျွန်မ။ မျက်စိအား အတင်း ဇွတ်မှိတ်ပစ်လိုက်တော့ ပူနွေးသော မျက်ရည်တွေ ပါးပြင်ပေါ် တရစပ် ရှပ်ပြေးသွားသည်။

“ငါ မအော်မိရင်  ဘာမှဖြစ်မှာ မဟုတ်ဘူး၊ အဲဒါ ငါ့ကိုညှာလို့ သူ ဒုက္ခ ရောက်သွားတာ”

နောင်တတွေနှင့် ရေရွတ်လိုက်တော့ ကျွန်မ သူ့ကို အလွန်အကျွံ သတိရမိသွားပါသည်။

၉။
သူမရှိတော့တာ ရက်ပေါင်း ကိုးဆယ်ခန့် ရှိပြီ ဆိုသော်လည်း ကျွန်မ၏ ညတွင် သူစိုးမိုးဆဲ ဖြစ်သည်။နီကျင်ကျင် ညမီးရောင်အောက် လှဲအိပ်နေသော  ကျွန်မအတွက် မျက်နှာကြက်မြင်ကွင်းမှာလည်း သူသာလျှင်ဖြစ်သည်။ အိမ်တံခါးဝနား သူကျက်စားခဲ့သည့် နေရာကိုလည်း လွမ်းဆွတ် နှမြောစွာ ပြန်တမ်း တမိရသည်။

ဘယ်သူ့ကိုမှ ကျွန်မ စနက်ကြောင့် ဒုက္ခ မရောက်စေချင်ပါ။ သူ အပါ အ၀င် သူ့အမျိုးကပင် ကျွန်မ ဆေးရုံ တက်ခဲ့ရသည် အထိ နှိပ်စက်နိုင်စွမ်း ကြီးမားခဲ့ဖူးသည်။ နောက်ဆုံးတော့ အသွေးအသား အရိုးထဲထိစိမ့်ဝင် သွားသည်က “အမုန်းစိတ်”ပဲဖြစ်သည်။

စိတ္တဇ ဆန်သော ကျွန်မ၏ စွဲလမ်းမှု အတွက် တစ်စုံတစ်ရာနှင့် ထုချေ  အစား ထိုးပစ်ဖို့ လိုမည်။ စွဲလာပြီ ဖြစ်သော အိပ်ဆေးပြားများကိုပင် သူ မရှိ တော့သည့် အချိန်မှ စ၍ မပျက်မကွက် မှီဝဲခဲ့ရပြီ။ သူ ကျွန်မကို ဘာမှအန္တရာယ် ပေးနိုင်တာ မဟုတ် ဆိုတာလည်း ကျွန်မ သိသည်။

ကျွန်မ၏ ကြောက်စိတ်က ချစ်စိတ်ကို အနိုင်ပိုင်း ပစ်ခဲ့တာ ကျွန်မအမှား ဟုဆိုလျှင်တော့ ဒဏ်ခတ်သည့် အနေဖြင့် သူ့ကို သတိရ နေရဦးမှာ ဖြစ်သည်။
အဖေ့ကို ကျွန်မ အမြဲ မေးဖြစ်ခဲ့သော မေးခွန်းတချို့ရှိသည်။
“ သူ ဘယ်လို သေသွားတာလဲ” ဟူ၍။

“ဆေးများပြီး မူးသွားတာ၊ ဖြစ်ချင်တော့ သူ ရေချိုးခန်းထဲ ရောက်သွားတယ်၊ အဲဒီမှာ ငါ့သမီးက ကြောက်ပြီး ရှော့(ခ)ရနေပြီ၊ အဖေလည်း အဲဒီလောက်တောင် ဖြစ်တဲ့အကောင် ဆိုပြီးတော့”

“သမီးကြောင့် သေတာလား အဖေ”

“မဟုတ်ပါဘူးကွယ်၊ အဖေ့ကြောင့် သူ သေတာပါ”

“ဘယ်လိုပဲပြောပြော၊ သမီး မအော်ရင် သူ မသေဘူး”

အဖေက ကျွန်မ၏ နောင်တရိပ်စွက်သည့် မျက်ဝန်းတွေအား ဗလာနတ်္ထိ အကြည့်ဖြင့် ပြန်ကြည့်သည်။ ကျွန်မကြောင့်ပင် သူ့မိဘတွေ သေဆုံးခဲ့ဖူးသည်။ ကျွန်မ အော်သံကြောင့်ပင်၊ ကျွန်မ လဲကျသွားတာတွေကြောင့်ပင်။ သူတို့ကြောင့်ဖြစ်သည့် ဒဏ်ရာကလည်း နက်ခဲ့သည်လေ။ တစ်ကိုယ်လုံး အင်ပြင်တွေ ထပြီး အသက်ရှူ ကျပ်ခဲ့ဖူးသည့် ကျွန်မအတွက် သူတို့ကို မုန်းတီး ထိတ်လန့်တာ သူများတွေထက်  အစွန်းရောက်လွန်းသည် ဆိုတာ မဆန်းပါ။

သူမရှိသော်လည်း သူ ရှိနေခဲ့ဖူးသည့် နေရာတွေကို နောင်တတွေနှင့် ပြန်ရှာဖွေတိုင်း ရင်နင့်ရမြဲဖြစ်သည်။ တစ်နေ့နေ့မှာတော့ အဖေ လောင်းချ လိုက်သည့် ရေနောက် ဆန့်တငင်ငင်ပါသွားကာ ရေပိုက်ခေါင်းထဲ ပြုတ်ကျ သေဆုံးသွားသည့် သူ့အကြောင်း လိပ်ပြာ မသန့်စွာ ၀တ္ထုတစ်ပုဒ် ရေးဖြစ် လိမ့်မည်။
“သူ ဘယ်သူ့ကြောင့် သေတာလဲ” ဟု အဖေ့အား လိပ်ပြာ မလုံစွာ မေးနေဖြစ်ဦးမည်။ အမှန်တကယ်တော့ “သူ”သည် အနည်းငယ် ညိုမှောင်၍ အချိုးအစား ပြေပြစ်ကျနသော၊ အသည်းယားစရာ လမ်းလျှောက်ခြင်းဖြင့် ကျွန်မ၏ ထိတ်လန့်မှုအား မှားယွင်းစွာမျှားခဲ့သော၊ ဘာအန္တရာယ်မှ မပြုနိုင် သည့်၊ အင်းဆက် အနွယ်ဝင် သာမန် ပင့်ကူလေး တစ်ကောင်သာ ဖြစ်ကြောင်း ကိုတော့ ဘယ်သူ့ကိုမှ မဖွင့်ဟမိဖို့ လိုပါလိမ့်မည်။  သည်တစ်ညကိုတော့ လှပစွာ ညည့်နက်ခွင့် ပေးလိုက်ပါသည်။
လင်းစက်နွယ်

ရာပြည့်စကား

မှတ်မှတ်ရရ ကျွန်မ အလယ်တန်း ကျောင်းသူဘ၀လောက်က teen စထွက် တယ်။ ထိုတုန်းကတော့ ပြောပလောက်အောင် သတိထားမိခြင်း မရှိခဲ့သေး။ teen ကို မေမေ ကိုယ်တိုင် မိတ်ဆက်ပေးလိုက်တော့ ကျွန်မ ကိုးတန်း ကျောင်းသူဘ၀။ teen ထွက်တိုင်း မေမေ ငှားပေးခဲ့ပြီး ကျွန်မအဖို့ လစဉ်ဖတ်ဖြစ် သော စိတ်ဓာတ် ခွန်အားပေး မဂ္ဂဇင်းတစ်ခု အနေဖြင့်ပါ teen ကို ကျွန်မ နှောင်တွယ်မိမှန်း မသိ နှောင်တွယ်မိသွားခဲ့ပြီ။

တဖြည်းဖြည်းနှင့် ကဏ္ဍတွေ ပိုစုံလင်လာ သည်။ ၀တ္ထုတိုတွေကိုတော့ ကျွန်မ အကြိုက်ဆုံးပင်။ ၀တ္ထုတိုတစ်ခုချင်းစီတွင် ပညာပေး ရည်ရွယ်ချက်များ၊ ဆိုလိုရင်း တစ်ခုခုတော့ ပါဝင်တတ်သည်ကို သတိ ထားမိခဲ့သည်။ လူငယ် အချင်းချင်းပေးသည့် Peer Education ပုံစံမျိုးကို နူးညံ့စွာ တွေ့ရှိနိုင်သော တစ်ခုတည်းသော မဂ္ဂဇင်းလည်း ဖြစ်သည်။

teen ကို ပုံမှန် ဖတ်ပြီးမှ ကျွန်မ စာရေးဖြစ် ခဲ့သည် ဆိုလည်း မမှားပါ။ ကျွန်မ၏ ပထမဆုံး အကြိမ် ပုံနှိပ် ဖော်ပြခံရသော စာမူ ခါးတဲ့တမာ မှာလည်း teen မှာသာဖြစ်သည်။ ဆယ်ကျော်သက် ဘ၀စွန်း လာစဉ်တွင်တော့ ကဗျာရှည် ရေးရတာကို ခုံမင်လာသည်။ အမျိုးသမီးကဗျာ ဆရာတွေကို teen မှာ တွေ့ရတတ်သည်။ teen ကဗျာရှည်များက တစ်ပုဒ်ဆို ဆိုသလောက် ပြည့်ဝ နေတတ်သည်။ ကလေးတစ်ယောက်၏ လက်ထဲကို စာဖတ် ၀ါသနာ ပျိုးခင်း တစ်ခု တည်ထောင်ရန် အလို့ငှာ ပထမဆုံး အကြိမ် လက်ကမ်းသင့်သော စာအုပ်ဟု ယူဆမိသည်။ စွဲလမ်းချင်စရာ ကောင်းမည်ဟု မထင်ရပေမယ့် ဖတ်ပြီးလျှင်တော့ လက်က မချချင်တော့အောင် တွယ်ငြိသွားသည်။ ကျွန်မ တတိယ အရွယ် ရောက်သည်ထိ လူငယ် များစွာ၏ လက်ထဲ၌ teen ကို ဆက်လက် မြင်တွေ့ချင်ပါသည်။

မျှော်လင့်ခြင်းများစွာဖြင့်...။
လင်းစက်နွယ်

ရှင့်၏နှုတ်ခမ်း ကျွန်မရဲ့ မှဲ့နှင့် ကြိုးပြတ်ဂစ်တာ တစ်လက်၏ သီအိုရီ

ပြတင်းပေါက် နံပါတ်တစ်ရိုက် ချိုးထားတဲ့ စာရိတ္တတွေထဲ ကျွန်မ အက်ကွဲတယ်
ပြက္ခဒိန်တွေ ခုတင်စောင်းမှ ဇောက်ထိုး ရှိုးသော်
ပေါက်ကရ ရက်စွဲတချို့သာ ထွက်အန်ကျ ကိုယ် ညှိတဲ့ ဆေးလိပ်မီးထဲ
မင်းရဲ့ နှုတ်ခမ်းနီတောင့်တွေ စွန်းထင်ကုန် ကဲ မထူးရဲ့ ဖွာရှိုက်ပစ်တော့
ချစ်ခြင်းကင်ဆာ ကျွန်မအဆုတ်၌ ကမ္ပည်းထိုးတယ်။ မညာဝံ့ပါ ကျွန်မ၏ လယ်ယာဘက် လက်သူကြွယ်၌ ဆင်တူလက်စွပ်မရှိ သို့သော် သူမျှားသည့် မြင်ကွင်းနောက် အကြိမ်ကြိမ်ကျပျောက် ပြန်ကုန်းကောက် ရစရာအကြွေးမှာ စရန်ထပ် မလွန်ဆန် အိပ်မက်တွေထဲ ရွက်လှေတစ်စင်း ၀ဲမိရတယ်။

မှတ်မိသေးတယ် အဲဒီ အံဆွဲကို ဖွင့်မိတုန်းကလေ မိုးတိမ်တွေ တအိအိ ပြိုကျပုံများ ကျွန်မ ပခုံးစွန်းမှာ
ရှင့်ပါးပေါ်က မှဲ့နက်လေး လာအုံးသေး တဒင်္ဂပေမဲ့ ကာရန်မိတဲ့ မိုးတိမ်တွေကို မုသားသုံးခွင့် မရဘူး
လက်ကရေးတဲ့စာနဲ့ နှုတ်တစ်ရာ စာတစ်လုံး တစ်ခုခုတော့ အချိုး ကျခဲ့တယ်။
အိပ်မက်မျှားသူတွေ ကျွန်မ ရှေ့မှာ အထုပ်အထည် ကိုယ်စီနဲ့ သူတို့မျှားတဲ့ နှုတ်ခမ်းနီတွေ၊ အနမ်းတွေ
ထည့်သိမ်းလိုက်တော့ ကြိုးကွင်းငြိသွားတဲ့ လိပ်ပြာကို အလျင်အမြန် ဘရိတ်ဖမ်းလိုက်ရ
ဒါတောင် ဟိုးရှေးရှေးတုန်းက အသည်းကွဲဖူးတဲ့ မိန်းမတစ်ယောက် အကြောင်းကို။
အို...ဘာတဲ့ ပိတောက်တွေ သစ္စာမရှိတော့ဘူး အင်း မိုးကရော အချိန်မီ သွန်းရဲ့လား
ကျွန်မ သံသယထဲ သူနှုတ်ဆိတ်သွားပုံများ တမံကျိုး မျက်ရည်တွေနဲ့အတူ
အဲဒီညက ကျွန်မလေ အပြုံးဗရပွ တွန့်ကြေနေရှာတဲ့ လမင်းကို အိတ်ကပ်ထဲ၌ မီးပူတိုက်လိုက်၏။

သည်နေရာမှာ ပုံပြင်လေး ဆုံးသွားပါပြီရှင်
ပရိသတ်တစ်ယောက်မှ မရှိတဲ့ဇာတ်မှာ တစ်ကိုယ်တော် အလွမ်းမင်းသမီးလေး ကျွန်မ အင်းလေ...
ကကြိုးတွေ ပြုတ်ကြွေကုန်တာ နှောင်ကြိုးနဲ့ချည် အနားသတ်မညီတဲ့ သီအိုရီမှာ
အလွမ်းမီးခိုးထဲ လွင့်စဉ်သွားတာ ရှင်ကြိုက်တဲ့ ကျွန်မရဲ့ ဂစ်တာအိုးလေးများ။

အိုဘယ့် နှုတ်ခမ်းနီ သည်နေရာ၌ ရှင်နှင့် ကျွန်မနှင့် ကျွန်မ၏ နှုတ်ခမ်းနှင့် ဘေးက မှဲ့နက်တစ်လုံးနှင့် မိုးတိမ်ကဗျာနှင့် ဂစ်တာနံပါတ်တစ်ကြိုးနှင့် ရှင်၏ ဆံနွယ်နှင့် အညိုရင့်ရောင်နှင့် ကျွန်မနှင့်
သံတူကြောင်းကွဲ သီအိုရီနှင့် နှစ်ဦး သဘောတူ ကွာရှင်းပြတ်စဲခဲ့ပြီ။ ။
လင်းစက်နွယ်

ခေတ်ရှို့မီးများ


ခပ်ဝေးဝေးဆီက
လင်းခနဲ လက်သွားတဲ့ အရာ
သူ့ကို ငါမေးကြည့်တယ်

“ခင်ဗျားသွားတွေ
ဘာကြောင့် သည်လောက်ဖြူနေသလဲ
အိုဘားမား”
ဟော ကြည့်
သူ လှစ်ခနဲ ပြုံးလိုက်ပုံက
သွားတိုက်ဆေးတွေ ပရိုမိုးရှင်းဝင်ချင်စရာ
ဟေ့... ဟေ့... ခဏ
ပထမဆုံး
လူမည်း အမေရိကန်သမ္မတ အနေနဲ့
ဘာပြောချင်သလဲ
“အသားအရောင် ခွဲခြားမှုအကြောင်းလား
အော်ပရာ့ကို လှမ်းမေးလိုက်ပေါ့”
လျှပ်ပြက်သလို သူ
ရုတ်ခြည်း ကွယ်ပျောက်သွားတယ်။

အဖြူ အမည်း ကာလာနှစ်ခုကြားမှာ
ဗမာတွေက နနွင်းရောင်ခြယ်ထားတယ်
နေ၀င်ခါနီး ဆည်းဆာလိုပေါ့
ပုစွန်ဆီရောင် လိမ်းကျံထားခဲ့
တစ်နေ့တုန်းဆီက ဗမာ့စာမျက်နှာပေါ်
ခေတ်ရေစီးကြောင်း ဖြတ်ပြေးခဲ့သတဲ့
လှစ်ခနဲ မကြည့်မိပါစေနဲ့
နွေလယ်မှာ မိုးကြိုးပစ်ချတာထက် ဆိုးရွားတယ်
“သမီးက
ဗမာလူမျိုးလေ... ဟင်းဟင်း...”
ကျောပြင်မှာ
လေယာဉ်ကွင်းဆောက်နေကြတာ
ဗမာတဲ့လား
အင်းလေ...
ဓလေ့ဟာ တိုင်းရင်းသားကျေးရွာမှာရှိပြီး
ရိုးရာဟာ ယဉ်ကျေးမှုတက္ကသိုလ်ရဲ့
ပန်းပုရုပ်တွေဆီမှာ ကျန်နေသေးတယ်
ဖော်ရိန်နာ တစ်ယောက်ယောက်ကို
လမ်းညွှန်ပေးလိုက်ကြပါ။
လီယိုနာဒိုဒါဗင်ချီရေ
ရှင် ဆွဲခဲ့ဖူးတဲ့
မိုနာလီဇာ အပြုံးဟာ
အစစ်လား၊ အတုလား
ခနဲ့ပြုံးလား၊ အီပြုံးလား
“.............”
ကွန်နက်ရှင်
ပြတ်တောက်သွားတော့
သံယောဇဉ် ဖြတ်ပစ်လိုက်ရတယ်
အင်းလေ...
အပြုံးမှာ
ဒက်ဖနေးရှင်းမှ မလိုပဲ
လုပ်ပြုံးမဖြစ်ဖို့သာ အာရုံစိုက်ပေါ့
မြန်မာပြည်မှာလည်း
အပြုံးစစ်တွေ ကျန်ပါသေးရဲ့
နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်က
ကိုရင်လေးတွေဆီမှာလေ။
ပျံသန်းဆဲ ငှက်တစ်ကောင်ကို
မေးဖူးတယ်
အနုပညာ လက်ဦးဆရာ
ဘယ်သူလဲပေါ့
“ဆရာ မလိုဘူးဗျ၊ ရင်ဘတ်ရှိရင် ရပြီ” တဲ့။
ဟေ့...
အရင်က ဘတ်ထားတဲ့ ငွေကိုပြောတာလား
သူ့နှုတ်ခမ်းတွေ ကောင်းချီးပေးသွားတယ်
မကြားလိုက်မိတာတော့ နာသား။
အင်း...
အနုပညာဆိုတာ အခကြေးငွေပေးရတဲ့
KTV လည်း မဟုတ်ဘူး
တစ်ခါသွားရုံနဲ့ စိတ်ကို ရေချိုးပေးမယ့်
Massage ခန်းလည်း မဟုတ်ဘူး
ကိုယ်သိမ်းထားတဲ့ ဖလင်ကို
ပုံမပျက်စေဘဲ သည်တိုင်းဆွဲထုတ်ပြလိုက်
Photoshop မလုပ်ဖို့တော့ လိုတာပေါ့လေ
စတိုခန်းကိုလည်း ခြမစား သင့်ဘူးပေါ့
သိပ်ပြည့်ဝ တတ်လွန်းရင်
အနုပညာတွေ သိုးနံ့ ထွက်ကုန်လိမ့်မယ်။
ရာဇ၀င်မှာ
အပြုံးစစ်တွေ ရှိခဲ့
ရိုးရာဓလေ့တွေ ကခုန်လို့
ယဉ်ကျေးမှုတွေ စီးဆင်း
သုခုမသဘင် မီးတောက်ခဲ့တယ်
ခေတ်မီတာ ရာဇ၀င်နဲ့ အံဝင် ခွင်ကျဖို့ထိ
မလိုပါဘူး
လက်နဲ့ရေးတာ ခြေနဲ့ မဖျက်ဖို့တော့
လိုတာပေါ့
အမွေအနှစ်ဟာ
ပြတိုက်ထဲက ပစ္စည်းဆိုရင်
ခိုးယူ သွားနိုင်သေးတယ်
မြန်မာ့ အမွေအနှစ်ဟာ
ဗမာတွေဆီမှာ
ရောင်ပြန်ဟပ် နေသင့်သေးတာပေါ့။
ခေတ်ဆိုတာ ရေစီးသန်တဲ့ မြစ်ပါ
သိပ်ပြေးလွန်းရင် ၀ဲထဲ နစ်တတ်တယ်
တန့်နေရင်လည်း မြုပ်သွားလိမ့်မယ်
ကဏန်းလို ဘေးတိုက်မသွားဖို့တော့
လိုတာပေါ့
အတောင်ဖြတ် ခံထားရလို့
ကောင်းကင်ကို မုန်းတီးနေမယ့်အစား
ကိုယ်ပိုင်တဲ့ မြေကြီးပေါ်
ခုန်ဆွ ခုန်ဆွ သွားကြည့်ပါ။
ခြေထောက်တွေ ပိုင်ဆိုင်နေသေးတာ
အားတစ်ခုပဲ မဟုတ်လားလေ။

လင်းစက်နွယ်