ပါရီမြို့မှ ကျွန်မချစ်သူ


၁။
ညက ပကတိ အနက်ရောင် သန်းနေသည်။ ကောင်းကင်ဆီမှာ မျောလွင့်နေသော တိမ်တိုက် တစ်ခုတလေ မရှိ။ တကယ်ဆို တစ်ခြမ်း ဖဲ့ခြွေ ထားသည့် လတစ်စင်း နံဘေးမှာ တိမ်မျှင် တစ်ခုတလေ ယီးလေး ခိုပေးဖို့တော့ ကောင်းရဲ့။ ထို့နောက် ကျွန်မ အတွေး အတွက် အပြုံးတွေ တွန့်ကြေသွားသည်။ အင်းလေ...။ ကောင်းကင် ဆိုတာမျိုးကိုပင် တစ်ခါတစ်ရံ တိမ်တိုက်မဲ့ တတ်လိမ့်မည်ဟု ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ ဖူးပါ။ ခြောက်သွေ့သော လေက ပြတင်းဝရှိ အ၀ါနုရောင် ခန်းဆီး ထုံးကလေးကို ဘယ်ညာ ယိမ်းနွဲ့ ခါစေသည်။ စာကြည့်စားပွဲဟု သတ်မှတ် ခံထားရငြား စာအုပ်တစ်အုပ် တလေ မရှိသော ကျွန်းစားပွဲလေး ပေါ်မှ စားပွဲတင် ပန်းအိုးကလေး။ အနည်းငယ် ညှိုးရော်ချင်ဟန် ရှိသော အ၀ါနုရောင် နှင်းဆီ ပွင့်ကလေးကို မြင်ရတော့ ရုတ်တရက် လှိုက်ဟာ သွားပြန်သည်။ ပူလောင်သော လေက အေးစက်စွာပင် တိုးဝှေ့ရင်း နှင်းဆီ၏ ပွင့်ချပ်များကို သိသိသာသာ ဆွဲကိုင် ယမ်းနေသည်။ ခြောက် သွေ့အက် ကွဲနေသော အာခေါင် တချို့ကို ကျိန်ဆဲ ပစ်လိုက်သော်လည်း လည်ချောင်းဝတွင်သာ စိမ့်ဝင် ပျောက်ကွယ်သွားသည်။

'Je ne veux pas travailler...
Je ne veux pas déjeuner...
Je veux seulement l'oublier...
Et puis je fume...'
ကျွတ်...။ အဓိပ္ပာယ် မရှိလိုက်တာ။ Pink Martini ၏ သီချင်းသံက သည်နေ့မှ အတော်လေးကို ခါးသက်စရာ။ မိန်းမ တစ်ယောက်က အလုပ် မလုပ်ချင်တော့ လောက်အောင်၊ အစား မစားချင်တော့ လောက်အောင်ထိ ဖြစ်သွားရ သတဲ့လားကွယ်။ တစ်စုံတစ်ခုကို မေ့ဖျောက်ဖို့ အတွက် သီချင်းထဲကလို ဖွာရှိုက်စရာ စီးကရက် တစ်တိုတလေ ရှိလျှင်တော့ ကောင်းသား။ နားထောင်နေကျ ပြင်သစ် သီချင်းက ဘာလို့များ သည်ည အတွက်မှ ကွက်တိ သေသပ်စွာ ထွက်အံ လာရသတဲ့လဲ။

ကြည့်စမ်း...။ ကျွန်မကိုယ်တိုင် သတိ မထားမိခင်မှာပဲ အလွတ်ရနေသော စာသားလေးကို ညည်းမိပြီးသွားပြီ။ ထို့နောက် ဘယ်ဘက်ရင် အုံအောက်ဆီက ညင်သာသော ဆို့နင့်မှု တစ်ခု။ စကြ၀ဠာထဲ အကြာကြီး လွင့်မျောပြီးတော့မှ ရုတ်တရက် သတိရသွား သူလို ကျွန်မခန္ဓာ ဆတ်ခနဲ တုန်သွားသည်။ ထို့နောက် အက်ကွဲစွာပင် ရယ်မော ဟန်ပြင်မိသည်။

ရယ်မောရင်းနှင့် မျက်ရည်ကျ သွားသော ကျွန်မဖြစ်အင်ကို မောင်မြင်လျှင်တော့ အရင်ကလို ကောက်ချက်ဆွဲဦးမည်လား။
“လင်းဟာ ဆန့်ကျင်ဘက်တွေချည်း ပေါင်းစည်းထားတဲ့ နားလည်ရ ခက်တဲ့ မိန်းမ” လို့လေ။

၂။
အပြာရင့်ရောင် မပြယ်လွင့် သေးသည့် ကောင်းကင် တစ်ခု၏ အောက်မှာ မောင်နှင့်ကျွန်မ တွဲ၍ ရှိနေနိုင်သေးသည်ဟု ယောင်၍ပင် မတွေးမိ ဖူးချေ။ တွေ့မည့်တွေ့တော့လည်း တစ်ကိုယ်လုံး နွမ်းလျ ကြေကွဲလောက်အောင်ထိ ကျွန်မ မောင့်ကို လွမ်းဆွတ် နေမိကြောင်း အထိတ်တလန့် လက်ခံ လိုက်ရပြန်သည်။

Alliance Frangaise မှာ ကျွန်မ ပြင်သစ်စာ သင်နေမှန်း မောင့်ကို ဘယ်သူက သတင်းပေး လိုက်ပါလိမ့်။ ထို့နောက် ထိုအတွေး အတွက် ရှက်ရွံ့အားငယ်မိသွားသည်။ မောင် ပါရီက ပြန်လာတာ မကြာလောက်သေး။ ငါးကြိမ်မြောက် ပြင်သစ် အလှနှင့် ဂီတညပွဲမှာ ကျွန်မ သူငယ်ချင်း တွေ၏ဆိုဟန်ကို အားပေးဖို့ လာခဲ့စဉ် အပြာနု ရောင်ရှပ်ကို သေသပ် စနစ်ကျစွာ ၀တ်ဆင်ထားခဲ့ သော မောင့်ကို Alliance မြက်ခင်းပြင်မှာ မမျှော်လင့်ဘဲ ဆုံတွေ့လိုက်ရသည်။

'Bonsoir, Lynn...'
ထုရိုက်ချင်စရာ ကောင်းလောက်အောင်ပင် မောင့်နှုတ်ဆက်သံက တည်ငြိမ်လွန်းလှသည်။ အနည်းဆုံးတော့ သည်နေရာမှာ ကျွန်မကို တွေ့ရလိမ့်မည်ဟုလို့ မောင် မျှော်လင့် မထားသင့် ဘူး။ မင်္ဂလာရှိသော ညနေခင်းတဲ့လေ။ အင်း... မောင့်နှုတ်ဆက်သံတွေဆီမှာ သရော်သံတွေများ စွက်နေဦးမလား။ မောင့်နှုတ်ခမ်းတွေကတော့ သေသပ် ပိရိနေသား။

သည်နေ့သည်ချိန်ထိ ကျွန်မ မောင့်ကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ မစွမ်းနိုင်သေးကြောင်း နားလည် လိုက်ရသည်။ ကျွန်မကိုသာ အပြီးသတ် ဖန်တီး ပြီးသား စာအုပ် တစ်အုပ်လို မောင် ဖတ်ရှုပြနိုင်ခဲ့တာပဲ မဟုတ်လား။ ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ ကြိုးစားရင်း နှုတ်ခမ်းတွေ သွေ့ခြောက်သွားသည်ကို မွန်းကျပ်စွာပင် ရိပ်မိပြန်သည်။

“မင်း ဘွဲ့ရပြီးလောက်ပြီပေါ့”

“Non...”
မောင့်မျက်နှာမှာ အံ့သြရိပ် တစ်ခုနှင့် အမျိုး အမည် မသိနိုင်သော နောက်ထပ် လှစ်ဟမှု တစ်ခု ဖြတ်ပြေးသွားသည်။
“ကျွန်မ ဟောက်ဆာဂျင် ဘ၀ပဲ ရှိပါသေးတယ်”

ပြောမည် “ဒါနဲ့ ဒီပွဲမှာ မင်း ၀င်မဆိုဘူးလား”
ကြည့်ပါဦး။ စကား လွှဲတတ်သည့် နေရာမှာလည်း မောင်က ထူးခြားစွာ ပြောင်းလဲ မသွားပါ။

“ဆိုသား...၊ အရွေး မခံရပါဘူး”

ကျွန်မ သီချင်းနှင့် ပတ်သက်လျှင် အလွန် ၀ါသနာကြီးကြောင်း မောင် အသိဆုံး ဖြစ်ပါလိမ့် မည်။ မောင်ကိုယ်တိုင် ကျွန်မနှင့် ဂီတ သံစဉ်တွေ ခွဲမရအောင် ပေါင်းစည်းဖူးသည် အထိ ပုံသွင်းခဲ့ တာပဲ မဟုတ်လား။
“ဘာသီချင်းဆိုတာလဲ”

“Christophe Maé &JU On S'attache”
အနည်းငယ် ရှတသော မောင့်ရယ်မောသံ အောက်မှာပင် ကျွန်မ လိပ်ပြာတွေ ထပ်မလုံချင်တော့။ မောင်က စကားတွေ ဖောင်ဖွဲ့ပြောနေနိုင် ပေမယ့် ကျွန်မက ဟန်ဆောင် ကောင်းသူ မဟုတ်ပါ။ ကျွန်မ မျက်လုံးအိမ်တွေ မစိုစွတ်ခင် ပွဲမြန်မြန် စဖို့လိုသည်။
“On S'attache... ... မင်း အဲဒီ သီချင်းကို ဘာလို့ ရွေးချယ်ဖြစ်တာလဲ”

ပွဲမစသေး၍ မွန်းကျပ် နေပုံရသော ကျွန်မ စိတ်ကို သူ အရိပ်မဖမ်းမိနိုင်ဖို့တော့ အလျင်အမြန် ဖုံးကွယ်လိုက်ရပါသည်။ တစ်စုံတစ်ယောက်နှင့် တွယ်ငြိဖူးမိသော အခါ အနုတ်ရ ခက်သော ကြိုး များအကြောင်း မောင် သိချင် လိမ့်မည် ဆိုလျှင်တော့ ကျွန်မ အတ္တတွေ ခ၀ါချပြီး “မောင့်ကိုလွမ်း လို့”ဟု ဖြေမိသွားမှာ။ သို့သော် မောင့်မျက်ဝန်း တွေဆီမှာ ဘာအရိပ်အယောင်မှ ခိုတွယ် မသွားပါ။

“ဒါနဲ့ ပါရီမှာ နေရတာ ဘယ်လိုနေလဲ ကိုအာကာ”

“မောင်”ဟု ရေရွတ်မိသွားမှာ စိုး၍ သတိ အနေအထားဖြင့် ဖွင့်ဟဖြစ်သော စကားသံမှာ အဖျားခတ် တုန်ယင်မှုတွေ စွက်သွားသေးသည်။ ကြည့်ပါဦး။ ကြည့်ပါဦး...။ လင်းက ခုထိ သရုပ်မဆောင်တတ်သေးဘူး မောင်။

“ဖေဖေရှိတော့ အဆင်ပြေပါတယ်။ ပါရီက အရမ်းလှတယ်။ ကိုယ်သိပ်ချစ်တဲ့ ဂန္ထ၀င်ပန်းချီ ကားတွေလည်း ရှိတယ်။ အလွန် စိတ်ကူးယဉ်လို့ ကောင်းတဲ့ ကော်ဖီဆိုင်တွေလည်း ပေါတယ်။ နောက်ပြီး ကိုယ့်ဖေဖေ အလုပ်လုပ်တဲ့ ရေနံ ကုမ္ပဏီကြီးမှာပဲ ကိုယ်အလုပ်ရတယ်။ ပါရီကို ရောက်မှ ကိုယ် ဓာတ်ပုံပြိုင်ပွဲတွေ ၀င်ဖြစ်သေးတယ်”

ပြင်သစ်နိုင်ငံ အကြောင်း၊ ပြင်သစ် လူမျိုးနှင့် အနုပညာ အကြောင်းတွေ ပြောတိုင်း မောင့်မျက်လုံးလေးတွေပါ အရောင်တွေ ရွှန်းစို သွားတတ်တာ။ လွန်ခဲ့တဲ့ ခြောက်နှစ်ကလိုမျိုး ဘာတစ်ခုမှ မပြောင်းလဲသေး။ ပြင်သစ်ယဉ် ကျေးမှု၊ ဘာသာစကားလေးတွေနှင့် ရင်းနှီး ချစ်ခင်စွာ အချိတ်အဆက် မိစေခဲ့ သော မောင်တစ်ယောက် ဓာတ်ပုံတွေနှင့် အသက် ၀င်ဆဲဖြစ်သည်ကို သိရတော့ အလိုလို ပျော်ရွှင်သွားမိပြန်သည်။ ကျွန်မကတော့ မောင်နှင့် ပတ်သက်သည့် ခံစားချက် တစ်ခုတလေ လျော့ကျသွားခြင်း မရှိသေး။

“ဟေး... လင်း ငါတို့နှစ်ယောက်ကို အားပေးဦး”

သြော်... ပွဲစတော့မှာပါလား။ သီတာနှင့် အေးသက်ကို လက်ဝှေ့ယမ်း ပြလိုက်တော့ သူမတို့ နှစ်ယောက်လုံး မောင့်ကို မျက်မှောင့်ကြုတ်ကြည့်ပြီး ကျွန်မအား ပခုံးတွန့်ပြတာ လှမ်းမြင်လိုက်သည်။ ပတ်ဝန်းကျင်သည် မီးရောင်များကြောင့် ထိန်လင်းနေသည်။
“လင်း ရှေ့ကို သွားလိုက်ဦးမယ် ကိုအာကာ”

ဝါဖျော့ဖျော့ မီးရောင်အောက်မှာ မောင်ပြုံးလိုက်ပုံက အလိုလို နာကျင်စရာ ကောင်းပြန်သည်။
“လင်း...”

ကျွန်မ ညာဘက်ခြေ လှမ်းလုဆဲဆဲ တွန့်ဆုတ်သွားရသည်။
“မနက်ဖြန်ညနေ သည်ကို လာပေးပါလား”

မောင်က ကျွန်မကို တောင်းဆိုသည်ပေါ့လေ။ ခြောက်နှစ်တာ အတွက် အနည်းငယ် ပျော့ပျောင်းစွာ တောင်းဆိုဖူးတာ သည်တစ်ကြိမ်တည်းရယ်။ ကျွန်မ ခေါင်းညိတ်မိလိုက်သလား၊ ခေါင်းခါမိလိုက်သလား...။ ကိုယ်တိုင် ဝေခွဲမရစဉ်မှာပင် မောင်ကStage နှင့်နီးမည့် ထိုင်ခုံတွေဆီ ဦးတည်၍ လျှောက် လှမ်းသွားသည်။ မောင် ကျွန်မ အဖြေကို စောင့်မသွားပြန်ဘူး။

'Flu revoir, lynn, à clemain!
အလျင်စလို နှုတ်ဆက်သွားသော မောင့်စကားသံကို အမိအရ အသံဖမ်း လိုက်ရင်းက ကျွန်မနား ဝေ့၀ဲသွားသော မောင့်ကိုယ်သင်းရနံ့ကို မိန်းမောစွာ ရှိုက် မိပြန်သည်။ ဘာဖြစ်လို့များ နှာဝက သိခွင့်ရတဲ့ အာရုံ တစ်ခုက နှလုံးအိမ်ကို ပြင်းပြစွာတုန်ခါစေသလဲ မောင်ရယ်။

၃။
မနက်ဖြန် ကျွန်မ မောင့်ကို ထပ်မြင်ရဦးမည်။ ထိုအတွေးကြောင့် မွန်းကျပ်မှုက နေရာ ယူလာပြန်သည်။ နာရီ လက်တံက နှစ်ချက်ခွဲမှာ တန့်နေပြီး အ၀ါနုရောင် ခန်းဆီးထုံးလေး ယိမ်းခါနေဆဲ ဖြစ်သည်။ ညာဘက်လက်မှ တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ကော်ဖီခွက်။ သြော်... ကျွန်မ သည်နေ့ညနေခင်း အကြောင်း တွေးရင်းနှင့်က ကော်ဖီတစ်ခွက် ဖျော်သောက်မိ ပြီးပြီပေါ့လေ။

ခွက်ထဲမှာ ကော်ဖီနှစ်ငုံစာ ကျန်သေးသည်။ မောင့်ကို တမ်းတနေမိတာ ကော်ဖီဖျော်လို့ ဖျော်မိမှန်း ကိုယ့်ကိုယ်ကို သတိ မထားမိလောက်အောင်ထိ ကျွန်မ ကြောင်သွားပြန်ပြီ။ မောင့်သံပတ်တွေ ဘယ်သော အခါမှ ဖြေလျော့နိုင် မှာတဲ့လဲ။ ထို့ နောက် အိပ်ရာ ခေါင်းရင်းဘေး ငြိမ်သက်နေသည့် ဂစ်တာကို ယောင်ယမ်း ဆွဲယူမိပြန်တော့ မောင့်အသံကို ကြားရပြန်သည်။

ခုတင်ဘေးက စာအုပ်စင်ကို မြင်ယောင်မိတော့ ဂစ်တာကို လွှတ်ချချင် စိတ်ပေါက်သွားသည်။ အလုပ်သင် ဆရာဝန် ဘ၀ ရောက်ပြန်တော့လည်း စာတွေနှင့် ကင်းကွာခွင့် မရသေး။ မနက် ရှစ်နာရီမှ ပွင့်အံတတ်သော ကျွန်မ ပြင်ပြီးမှ နှုတ်ခမ်းတွေကို တင်းကျပ်နေအောင် စေ့လိုက်ရသည်။ မောင်သိဖို့မှ မလိုဘဲ။ ရုတ်တရက် မောင့်အတ္တကောက် ကြောင်းတွေကို ပြေးမြင်ယောင်မိသွားတော့ ကျွန်မ တစ်ကိုယ်လုံး နုံးခွေဖျော့တော့ သွားရပြန် သည်။ ကျွန်မက မောင်ပုံသွင်းခဲ့သလို နူးညံ့စွာပဲ ရုပ်လုံး ပေါ်လာခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အချုပ်အနှောင်မဲ့စွာ အမှတ်ကောင်း ကောင်းနှင့် အောင်ခဲ့တာ မောင့်ကျေးဇူးတွေ မဟုတ်လားကွယ်။ ကျွန်မကို အများထက်ထူး ချွန်စေချင်သည့် မောင့်သွန်သင်မှုတွေ အောက်မှာ ကျွန်မ အောင်မြင်ခဲ့ပါရဲ့ မောင်။ ဒါပေမယ့်...။

မျက်လုံးတွေ၊ ညနှစ်နာရီ ထိုးမှ ခင်းဖြစ်သော ကျွန်မ ကျောတွေကို အလုပ်သင် ဖြစ်လာတော့မှ စွန့်လွှတ်ဖြစ်ရကြောင်း မောင့်ကို ပြောပြရဦးမည် လေ။
ကျွန်မက မောင်ဖြစ်စေချင်သလို ဖြစ်လာတာတွေထက် အလိုလို ဆန့်ကျင် မိသွားတာများ နေခဲ့သည်ပဲ။ အိပ်ရေးပျက်ခံပြီး ကျောင်းစာသင် ချိန်တချို့ကို ဖျက်ပြီးမှ မွန်းကျပ်မှုတွေကို ကဗျာတွေ၊ ၀တ္ထုတွေ အဖြစ် အသွင် ပြောင်းခဲ့တာတွေ၊ ယောက်ျားလေးတွေလို လက်ဖက်ရည်ဆိုင် ထိုင်တတ်သည့် အကျင့် မပျောက်နိုင်သေးတာတွေ။ နောက်ပြီး မောင် ကျွန်မ ဆရာဖြစ်ခဲ့တုန်းက တင်းတင်း စေ့ထားဖူးသည့် ခိုင်မြဲသော မောင့်နှုတ်ခမ်းတွေကို သတိရမိတာတွေ...။ အင်း...။

ကျွန်မ တတိယအမ်ဘီတက်နေစဉ်မှာပဲ ကျွန်မနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာဆီ မောင် ထွက်ခွာသွားချိန်မှာ...။
“အား...”
ကျွတ်...။ ဂစ်တာ စတီးခါစကလို နံပါတ် တစ်ကြိုး ပြတ်တောက်သွားခဲ့ပြီ မောင်။ အနည်းငယ် စပ်ဖျဉ်းဖျဉ်း နိုင်သွားသည့် ညာဘက် ပါးပြင် ဆီမှာ သွေးအနည်းငယ် စို့နေပြီပဲ။ ပြတ်သွား သည့်ကြိုးက ညာဘက်ပါးကို လာရောက်ထိစင် တာပဲဖြစ်သည်။
ပါးပြင်မှ သွေးစို့သွားသော ဒဏ်ရာက မနာ ကျင်ဘဲ ဘယ်ဘက်ရင်အုံအောက်က စူးနင့်သွား ပြန်သည်။ စားပွဲပေါ်မှ ဘီတာဒင်းဘူးလေးကို ဆွဲယူလိုက်တော့မှ ဆေးကုန်နေမှန်း သိရသည်။

သည်ညတော့ အနည်းငယ် ခေါင်းမာစွာပဲ သွေးစို့နေသည့် ပါးပြင်ကို ခေါင်းအုံးနှင့် ထိကပ် ပစ်လိုက်မိပြီပေါ့ မောင်...။

၎။
Alliance ကို ကျွန်မ ရောက်သွားတော့ လေးနာရီ ထိုးနေပြီဖြစ်သည်။ အမှန်တော့ ကျွန်မ သင်တန်း ဆင်းချိန်က လေးနာရီခွဲ အတန်း။ မောင်က ကျွန်မ သင်တန်း မပြီးသေးတာ သိချင်မှသိမည်။ ထို့နောက် Canteen တွင် ကျွန်မ ၀င်ထိုင်ဖြစ်လိုက်သည်။ တနင်္ဂနွေနေ့မို့ Canteen ပိတ်လေတော့ တစ်ဦးတည်း ထိုင်နေသော ကျွန်မကို ကျောင်း သားတချို့ ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြ သည်။ ကျွန်မ Canteenည မှာရှိနေသည်ကို သီတာနှင့် အေးသက် မြင်သွား၍ မဖြစ်။ ခဏနေလျှင် လေး နာရီခွဲ အတန်းစလိမ့်မည်။

''Bonjour"

“ဗုဒ္ဓေါ”

ကျွန်မ အလန့်တကြား ရေရွတ်မိသွားတော့ မောင်က ရယ်မလိုပြင်ပြီးမှ တည်လိုက်ပြန်သည်။ မောင်က အဲဒီလို ခံစားမှု နှစ်မျိုးနှင့် အမြဲလိုလို သရုပ်ဆောင်တတ်တာပါလား။ မောင်က အနည်းငယ် သတိကပ်သော အနေအထားမျိုးဖြင့် ကျွန်မရှေ့မှ ထိုင်ခုံကိုဆွဲကာ ထိုင်လိုက်သည်။ မောင် ကျွန်မ ဘေးမှာ မထိုင်ဘူး။ ထိုအသိကြောင့် ၀မ်းနည်း သိမ်ငယ်ရပေမယ့် မောင့်ကိုယ်နံ့ ချိုအီအီကြောင့် လှိုက်မော တုန်ရီရပြန်သည်။

“လင်းကို ဘာပြောမလို့လဲ ကိုအာကာ”

လုပ်ပြန်ပါပြီ။ ကျွန်မ စကားတွေက ဘယ်လိုမှ နားဝင်ချိုစရာ မကောင်းပါလားကွယ်။ ကျွန်မ မျက်ဝန်းတွေထဲ စူးစိုက်ကြည့်လိုက်သည့် မောင့် မျက်လုံးတွေဆီမှာ အရိပ်တစ်ခု တွဲခိုသွားသည်။ ထိုအရိပ်ကို ကျွန်မသိသည်။ ထိုအရိပ်က ကျွန်မနှင့် လုံးဝ မစိမ်းသည့် မောင့်အတ္တပဲ ဖြစ်သည်။
“ကိုယ်မင်းကို ပြောစရာ ရှိတာထက် မင်း ကိုယ့်ကို ဖြေရှင်းချင်လိမ့်မယ် ထင်လို့ ကိုယ်ချိန်း ပေးခဲ့တာနော်လင်း”

အလို ဘုရားရေ။ ဘာဖြေရှင်းချက်တဲ့လဲ။ ဖြေရှင်းရလောက်အောင် ဘယ်အရာတွေက အဆင်သင့် လွဲမှား သွားပြီးခဲ့လို့လဲ။ သို့သော် ကျွန်မ နှလုံးအိမ်က အလိုလို ပျော့ခွေ ယိုင်လဲသွားပြန် သည်။ မောင်က ကျွန်မရဲ့ ဂိုက်ဒ်ဆရာ မဟုတ်လားကွယ်။ တကယ်တော့ ပုံသွင်း ခံရဖူးသော နေ့ရက်တွေ ခမ်းနားစွာ ဖြစ်တည်ခဲ့သည့် အတွက် မောင့်ကို ကျွန်မ ကျေးဇူးတင်ရမည်လေ။

ဆို့နင့် အက်ကွဲမှုကို ချုပ်တည်းရင်းက မျက်ရည် လည်ချင်လာသည်။ ကျွန်မ ပြောပြရတော့မှာပေါ့။ ကျွန်မကို အသိမပေးဘဲ ပါရီကို ထွက်သွား ခဲ့ဖူးတဲ့ မောင့်ကို ဘာတစ်ခုမှ အပြစ် မတင်မိအောင်တော့ ကျွန်မ ထိန်းချုပ်နိုင်ပါတယ်လေ။
“မောင်”

အို သွားပြီ။ ကျွန်မ ကြောင်ပြန်ပါပြီ။ မောင့် ခန္ဓာကိုယ် ဆတ်ခနဲ တင်းသွားတာကို မြင်တော့ ညွတ်နူးပျော့ခွေချင်သည့် စိတ်တွေ အနည်းငယ် အမ်းသွားသည်။ ကျွန်မနှုတ်ခမ်းက ကိုယ့်ထက် ၅ နှစ်ခန့်ကြီးသော ရည်းစားဟောင်းကို “မောင်” ဟုခေါ်သတဲ့။ မောင် ကျွန်မကို ကြည့်မနေဘဲ ဗလာ ကျင်းထားသော စားပွဲကိုသာ စူးစိုက်၍ ကြည့်နေသည်။ ထို့နောက်...
“မင်း ရူးနေလား”

နေပါစေတော့ကွယ်။ မောင် အထင်သေး လျှင်လည်း ရှိစေတော့။ မောင် ပြောသလို ကျွန်မ ဘက်က ထုချေပြရတော့မည် မဟုတ်လား။ ထားပါစို့။ ကျွန်မ ထုချေချက် အတွက် မောင် နောင်တရိပ်လေး တွဲခိုသွားသည် ဆိုဦးတော့။ ကျွန်မ ကကြိုးပျက်ခဲ့တာ တန်ပါပြီလေ။
“မောင် ကျွန်မနဲ့ ပတ်သက်ပြီး ခံစားမှု တစ်ခု တလေ မရှိတော့ဘူးတဲ့လား”

“ထင်တာပဲ“

''Pourquoi''
ကျွန်မက ဘာဖြစ်လို့လဲ မေးလိုက်သော်လည်း မောင့်နှုတ်ခမ်းတွေ တွန့်ကြေ သွားတာကိုသာ အဖြေတစ်ခု အဖြစ် ပိုင်ဆိုင်လိုက်ရသည်။
“မောင်ဟာလေ တကယ်တော့ မောင် ပါရီကို ထွက်သွားခဲ့တာ မှားတယ် သိလား“

“ဘာ”

မောင့်အော်သံက အနည်းငယ် တင်းမာသွား ၍ ကျောင်းသူ တချို့ မသိမသာ အကဲခတ်သွား ကြသည်။ ကျွန်မ၏ မောင်က ဒေါသကြီးဆဲပါပဲ။
“ငါ ဘယ်တော့မှ မမှားဘူး။ အထူးသဖြင့် မင်းလိုသစ္စာ မရှိတဲ့ မိန်းမနဲ့ ဝေးကွာသွားရတဲ့ အတွက် ငါ့ကိုယ်ငါ မှန်တယ်လို့ ယူဆတယ်”

“နေပါဦး မောင်ရဲ့။ ဘာတစ်ခုမှစုံစမ်း မသွားဘဲ ကျွန်မ အမှားလို့ချည်း သတ်မှတ်ခဲ့တာ မောင် တရားသလား”

မောင့်မျက်ဝန်းတွေက စောစောပိုင်းကနှင့် မတူဘဲ ခက်ထန်နေသည်။ တဆိတ် ကျေးဇူး ပြီး...။
“မင်းက ငါကို ကျောရရုံကြံတာကိုး”

“မောင်က ပြောင်းပြန်တွေ ပြောတတ်သားနော်”

“အမှန်တော့ မာမီပြောတာ အစောကတည်းက ကိုယ် လက်ခံခဲ့ဖို့ ကောင်းတယ်။ မင်းက ချစ်သူ အဖြစ်တောင် လက်မတွဲသင့်တဲ့ မိန်းမဆိုတာ ကိုလေ”

'' Je ne compxends Pas ''
“မင်း တကယ် နားမလည်တာလား။ လွန်ခဲ့တဲ့ လေးနှစ်ကျော်က အင်္ဂါနေ့လယ်ခင်း တစ်ခုမှာ မင်းလက်မှတ် တစ်ခုကို ပိုင်ဆိုင်ခွင့် ရဖို့ တရားရုံးမှာ တစ်နေ့လုံး ငေါင်နေတဲ့ ကိုယ့်ဖြစ်အင်ကို မင်းမြင် သွားခဲ့သလား”

“Non မဟုတ်သေးဘူး မောင်ရဲ့”
“အေးလေ၊ မင်းက ဆေးကျောင်းသူ ဖြစ်နေခဲ့ပြီကိုး။ ဘယ်စွန့်လွှတ် ချင်ပါ့မလဲ။ မင်းဂုဏ်သိက္ခာတွေ အတွက် မင်း ကိုယ့်ကို ရိုက်ချိုးပစ်ခဲ့တယ်။ မာမီတို့ သဘောမတူတဲ့ကြားက မင်းနဲ့ ခွဲရမှာစိုးလို့ လက်ထပ် သွားချင်တဲ့ ကိုယ့်ဆန္ဒတွေကို တစ်စစီဖဲ့ခြွေခဲ့တယ်။ အဲဒီနေ့က မင်း မလာဘူး။ မင်းဟာ သစ္စာမရှိတဲ့မိန်းမ”

ကျွန်မနှင့်မောင် တော်တော်လေးကို လွဲချော်သွားခဲ့ပြီ။ ကျွန်မ ယုံကြည် ထားတာ မောင်က ကျွန်မကို နောက်တစ်နေ့ လာတွေ့လိမ့်မည်ဟုသာ။ အမှန်တော့။
“အမှန်တော့ မောင်၊ အဲဒီနေ့က”

ကျွန်မ ညာဘက်ခြေထောက်နားမှ လုံချည်စကို ဆွဲမည်ပြုစဉ်မှာပင်။
“မောင်“

'' Sophie ''
အမျိုးသမီး တစ်ယောက်၏ မောင်ဟု တမ်းတလိုက်သံမှာ ပြင်သစ်သံဝဲ နေကြောင်း အလျင်အမြန် နားလည်လိုက်သည်။
အို... ဘုရားရေ...။ သူမ...။
Sophie ဆိုတာ ကျွန်မ၏ ပြင်သစ်ဆရာမ။

သူမက ရင်းနှီး သွက်လက်စွာပင် ကျွန်မ နံဘေးက ခုံလွတ်မှာ ၀င်ထိုင် လိုက်သည်။ ဘယ်လိုမှ ဆက်စပ်၍ မရသည်က ပြင်သစ်မက မြန်မာအမျိုးသား ကို မောင်ဟု ခေါ်သတဲ့။ အင်း။ ကျွန်မ နားကြားလွဲတာဖြစ်မည်။
“မောင်၊ Je suis de'sole' ”
ဆရာမက မောင်ဟု ပီပီသသ ခေါ်ပြီး တစ်စုံတစ်ခု အတွက် တောင်းပန် လိုက်တာဖြစ်မည်။ ထိုတစ်စုံ တစ်ခုက ဘာလဲ။ ကျွန်မ မောင်ရှေ့မှာ ရှိနေခြင်း အတွက်တဲ့လား။

“မင်း ဒီမှာ Class ရှိတယ်ဆိုတာ ကိုယ့်ကို Sophie ပြောပြတာ”

“သူက ဘာလို့ မောင့်ကို”

“ဟေး... မင်း သူ့ရှေ့မှာ ကိုယ့်ကို အဲသလို မခေါ်နဲ့လေ”

“ဘာလို့လဲ”

မောင် နှစ်ခြိုက်စွာ ပြုံးလိုက်သည်။ မောင့်အပြုံးမှာ ရက်စက်မှု တစ်ခု တွဲလဲခို နေကြောင်း ကျွန်မ မြင်သည်။ မဟုတ်နိုင်ပါ။ မောင်က ပန်းနုရောင် စာအိတ် တစ်ခုအား ကျွန်မဆီ ကမ်းပေးလိုက်သည်။ တဒိတ်ဒိတ် ခုန်နေသော ရင်ကို မသိကျိုးကျွန်ပြုရင်း တုန်ခါနေသော လက်တွေ၏ လှုပ်ရှားမှုနောက်... သေသပ် လှပသော ကတ်လေးတစ်ခု။

“မောင်အာကာနှင့် မဆိုဖီမေဦး”

ဆိုဖီ.. ဆိုဖီက ကျွန်မနံဘေးရှိ အမျိုးသမီးလေ။ ဘယ့်နှယ်လုပ်ပြီး။ ထို့နောက် အခြေအနေကို ရုတ်ခြည်း နားလည်လိုက်ချိန် ဆရာမ၏ အပြုံးနှင့် ထိပ်တိုက် တိုးသွားသည်။
“ကိုယ် ဆိုဖီ့ကို လက်ထပ်ဖို့ အတွက် မြန်မာပြည်ကို ပြန်လာခဲ့တာလေ။ ဘယ်လိုလဲ၊ မင်းဆရာမရဲ့ မြန်မာ နာမည်က လှတယ် မဟုတ်လား။ ကိုယ်တို့ နောက်တစ်ပတ်လောက် လက်ထပ်ပြီးရင် ပါရီကိုပြန်မယ်။ မင်းကိုဖိတ်ဖို့ အတွက် ခက်ခက်ခဲခဲ လိုက်ရှာစရာ မလိုဘဲ ကိုယ်ယုံထားခဲ့သလိုAlliance မှာ မင်းရှိနေတယ်”

“မဟုတ်ဘူးလေ။ မဟုတ်”

သတိထားဦးမှပေါ့။ ကျွန်မ အမူအရာတွေ ပျက်ယွင်းစ ပြုပြီ။ ထင့်။ ကြောင်ဦး မှာလားကွယ်။ ကျွန်မက မောင်နဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ကြောင်ပြရဦးမှာလဲ။

“ကိုယ်တို့နှစ်ယောက် ပါရီမှာ ကတည်းက ဆုံဖူးတာပါ။ သူက မြန်မာပြည်ကို ချစ်သလို ကိုယ်ကလည်း ပြင်သစ်တွေကို ချစ်တယ်”

“ဘာဆိုင်လို့လဲ”

ဆို့နင့်စွာ မျိုသိပ်ထားသော ကျွန်မလည်မျို တွေဆီ မောင့်အကြည့် မရောက်ခဲ့ချေ။ မောင် ပြင်သစ်စာ သင်ယူခဲ့တာ ပြင်သစ်မ တစ်ယောက်နဲ့ လက်ထပ်ဖို့ အတွက်လား။ ဒါအတွက်များ အလွန် လှပခက်ခဲသည့် ဘာသာစကား တစ်ခုအတွက် မောင့်သက္ကရာဇ်တွေကို ကုန်ဆုံးစေခဲ့ တာလား။
“ဆိုင်တယ်လင်း။ သေချာတာကတော့ သူ ကိုယ့်ကို ဘယ်တုန်းကမှ သစ္စာ မဖောက်ခဲ့ဘူး”

သွားပြီ။ ကျွန်မ မျှော်လင့်ထားတာတွေ ဘာ တစ်ခုမှ အစရှာ မရတော့ ။ မောင်က ကျွန်မကို သည်နေ့လိုမျိုး အခြေအနေနဲ့ ကြုံရဖို့ အချက်ကျကျ စီစဉ်ခဲ့တာပဲ။ မောင့်စီစဉ်မှုတွေ ဘယ်လောက်ထိ အံဝင် သွားခဲ့ သလဲဆိုရင် ကျွန်မနှုတ်ခမ်းတွေ ပထမဆုံးအကြိမ် အဖြစ် ဟန်ဆောင်ကောင်းစွာ ညွတ်ကျိုး သွားခဲ့ပြီ။ မောင် ကျွန်မကို သေသပ်စွာ ကလဲ့စား ချေလိုက်တာပါ။
“မောင် နိုင်ပါတယ်”

ကျွန်မ စကားကြောင့် မောင့်အပြုံးတွေမှာ အတ္တတွေ ဖိတ်လျှံကျကာ ပိုမို တောက်ပ သွားသည်။
''merci,Lynn...merci beaucoup''
ကျေးဇူးပဲ ဟု မောင် ပြောသတဲ့။ ခနဲ့သံ အဆုံးမှာ ကျွန်မဟာ ကျွန်မ မဟုတ်တော့ဘူး မောင်။ ရုတ်တရက် ထရပ်လိုက်တော့ ဆိုဖီက အပြစ်ကင်းစွာ နှစ်လိုဖွယ် ပြုံးပြသည်။ သည်အခြေ အနေတွေကို သူမ နားလည်ပုံမရချေ။
''Lynn,a mercredi''
သြော်... ဗုဒ္ဓဟူးနေ့မှာ လက်ထပ်ကြမည် ပေါ့။ သူမ ပြုံးရွှင်စွာ နှုတ်ဆက်သည်။
''Au revoir, professeur''
ကျွန်မ မျက်ရည်တွေ စို့ချင်လာပြီ။ နှုတ်ဆက်ရင်း ခြေထောက်ကို သတိထားရန် သူမ ကျွန်မကို လှမ်းပြောသည်။ မောင်က ပြင်သစ်လို သူမကို လှမ်းမေးလိုက်သည်။ ကျွန်မ နားမလည်သော ဝေါဟာရတွေ သက်ဝင်နေသည်။ ထို့နောက် အားတင်းရင်းက မြက်ခင်းပေါ် ဖြတ်လျှောက်ဖို့ ခြေလှမ်းတွေကို အသက်သွင်းလိုက်သည်။ ညာ ဘက်ခြေကို အရင်အားပြု... ထို့နောက် ဘယ် ဘက်။ ထိန်းလျှောက်နေသည့်ကြားက ညာဘက် ခြေထောက် နစ်ဝင် သွားတာကြောင့် ပိုမိုနာကျင် ရသည်။

မြက်ခင်းပေါ် ရောက်ပြီ။ ခုနေ ကျွန်မ ခြေထောက်တွေကို သူ စိတ်ဝင်စားမှာ အသေအချာပေါ့။ Taxi တစ်စီး အမြန်ငှားနိုင်ဖို့ လမ်းလျှောက် နှုန်းကို မြှင့်တင်လိုက်သည်။
“ဟေး မင်းခြေထောက် ဘာဖြစ်နေတာလဲ”

မျက်ဝန်းတွေေ၀၀ါးသွားတော့မှ မျက်ရည်ကျမှန်း သိရသည်။ ခပ်လှမ်းလှမ်းမှ သူ့အော်မေး လိုက်သံကြောင့် တုန်ယင်သွားသည်။
“ဟေး လင်း ဘာဖြစ်တာလဲ၊ ကိုယ့်ကို ပြောသွားဦး”

အသံ၏ နှိပ်စက်ခြင်းက ကြီးမားလိုက်တာ။ တက္ကစီတွေက သည်ညနေမှ ရှားရ သလားကွယ်။ ဘုရားရေ။ သူ ပြေးလိုက်လာပြီ။ တက္ကစီထိုး ဆိုက်ချိန်နှင့် သူပြေးလိုက်လာချိန် တိုက်ဆိုင်သွား သည်။ ဟင့်အင်း မျှော်လင့်ချက်တွေ တစ်စစီဖဲ့ ခြွေခံလိုက်ရတဲ့ မိန်းမတစ်ယောက်ဆီက နောက်ထပ် ဘယ်လို အရှုံးမျိုးကိုများ မျှော်လင့်ထားလို့လဲ မောင်။

အင်္ဂါ နေ့လယ်ခင်း တရားရုံးကို အသွားမှာ မြောင်းထဲ ပြုတ်ကျသွားတဲ့ ညာဘက် ခြေထောက်ရဲ့ ခွဲစိတ်မှု အကြောင်း၊ နဂိုထက် တိုသွားတဲ့ ခြေထောက်အကြောင်း၊ နောက်ပြီး ကျောင်းတစ်နှစ် နားလိုက်ဖူးတဲ့ မိန်းမတစ်ယောက် အကြောင်း စိုး စဉ်းမျှ သိမသွားခဲ့သူ အတွက် ကျွန်မ ရရှိလိုက် သည်က ရက်စက်စွာ နင်းခြေခံရခြင်း တဲ့လား။

မောင့်ကိုတော့ ကံကြမ္မာ၏ အနှေးပြကွက်တွေ အကြောင်း တစ်နေ့နေ့မှ ရိုးစင်းစွာ သိစေချင် ပါသည်။ အိပ်မက်တွေကို တပ်မက်ဖူးသည့်၊ အိပ်မက်တွေထဲ ရုန်းကန်ဖူးသည့်၊ အိပ်မက်တွေထဲ ခမ်းနားစွာ ပျော်ဝင်ဖူးသည့် ကျွန်မ။ အဲသည်အိပ် မက်တွေကိုပဲ နှမြောတသစွာ စွန့်လွှတ်ခဲ့ပြီးပြီ။
အိပ်မက်မှ ဝေးကွယ်ပြယ်လွင့် ချိန်မှာတော့ နာကျင်နေသော နှလုံးသားကို ကျွန်မကိုယ်တိုင် ဆွဲနုတ်ပစ်နိုင်ခဲ့ ပါသည်။

လင်းစက်နွယ်

မိုးရေ...


ကြွေခဲ့တုန်းက ..ပေါ့
အဲသည်နေ့ မဟူရာ ကောင်းကင်ဆီ
ကိုယ်ဟာ
တိမ်တွေကို ထိမ်းမြားထား
ကျိန်စာတွေဟာ ကောင်းချီးတွေကို ဖြားယောင်းလို့
ကြိုဆိုသူမရှိတဲ့ ရင်ခွင်ပေါ်
တရစပ် ...ဆင်းသက်
ပြတင်းပေါက်မှန်ကနေ..
မင်း ကို ကိုယ်မြင်ရတဲ့အခါ
ကိုယ့်ရဲ့ ဘယ်ဘက်ရင်အုံဟာ
အေးခဲ တိတ်ဆိတ်လာ...
ကိုယ့်မျက်လုံးအိမ်မှာတော့...
သူဟာ
အတားအဆီးမရှိ
အနှောင်အဖွဲ့မရှိ
စီးဆင်းနေသေးရဲ့...။     ။

လင်းစက်နွယ်
(ဆရာမ နီနီဝင်းဧ။် မိုး ခံစားမှုအကြောင်း ဖတ်ပြီး mood ၀င်လာသောကြောင့် ကဗျာအား ချက်ချင်း ရေးလိုက်ပါသည်...)

ကျေးဇူးများ၏ ကျော့ကွင်း


တောင်ပံခတ်မှ
ပျံသန်းနေမှန်း သိသတဲ့လား
ပြာတွေလွင့်မှ
လေတ်ုက် နေမှန်း သိသတဲ့လား
တိမ်တွေပြိုမှ
မုန်တိုင်းကို သတိရတတ်သလား
မျက်ရည်ကျမှ
ငိုကြွေးခြင်းကို  အသိအမှတ်ပြုသလား
အိပ်မက်မနိုးခင်...
ချော့မြူတတ်ပြီး
အိပ်စက်ခြင်း ရုတ်တရက် လှန့်နှိုး
ဟိုဘက် သည်ဘက် ကဘာတစ်ခြမ်းဆီ လွင့်သွားတဲ့အခါမှ
‘ရွှေ... အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်
နားကြပ် အစိမ်းရောင်ကို အိတ်ထဲ ထည့်ထားခဲ့မယ်နော်’
နှလုံးသားတစ်ခု လက်လွတ်စပယ်
သတ်ဖြတ်ခွင့် ပြုလိုက်တော့မှ
ကျေးဇူး တင်ရက်လေတဲ့ သူ.......

ချစ်ခြင်းလက်ဆောင်..



ကိုယ်ဟာ ကြိုးပြတ်နေတဲ့..
ခပ်ညံ့ညံ့ ဂစ်တာ တစ်လုံး..
သူနဲ့ တွေ့မှ...
သာယာ ခိုင်ခံ့..သံစဉ်တစ်ချို့ကို
ပြန်လည် အသက်သွင်းနိုင်ခဲ့...
ဘယ်နေ့မှာမှ
ခွဲမယ်ဆိုတဲ့ စကား
ကိုယ့်နှလုံးသား
မနာကြားပါရစေနဲ့လို့...
သူ့ကို.........။                   ။


လင်းစက်...

ပို့စ်သင်္ကြန်


၁။
မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ...

လန်းဆတ်သည့် နှစ်သစ်ကူး အခါသမယအား ပြန်လည် တမ်းဆွတ် နေမိစဉ်တွင် သင်္ကြန် မိုးရေစက်တို့၏ နောက်ကွယ်က ဒဏ်ရာတွေ အကြောင်းလည်း သတိ ရမိသွားတော့သည်။ သင်္ကြန် တွင်းတုန်းကတော့ သင်္ဃန်းကျွန်း ဆေးရုံကြီး၏ သားဖွားမီးယပ် ဆောင်ထဲမှာ တိတ်တခိုး မျက်ရည် လည်ရင်းသာ သင်္ကြန်ကို ကုန်ဆုံးခဲ့ရဖူးသည်။

သင်္ကြန်က မိမိအတွက် ဘာအဓိပ္ပာယ်များ ရှိလိုက်ပါသလဲ။ ပုထုဇဉ် ပီသစွာပင် အနည်းငယ် ဖြစ်စေ သင်္ကြန်ရေ စိုချင်မိသည်ပေါ့...။ နောက်ဆုံးတော့လည်း ဟောက်ဆာဂျင် ကလေးများ ကျီစယ်လိုက်သော ရေတစ်ပြောက်၊ နှစ်ပြောက် ခန့်ဖြင့်သာ ဆေးရုံ၌ အကျဉ်းရုံး သင်္ကြန်လေး ဖြစ်ပွားခဲ့ရသည်သာ။ နှစ်ဆန်းတစ်ရက် မတိုင်မီအထိ ဘယ်တစ်ရက်ကများ ကျွန်မအတွက် အခွင့်အရေး ပေးလာလိမ့်မည်ဟု မျှော်လင့်မိမြဲ။

“ဗိုက်တွေနော်၊ သည်ဗိုက်တွေကို တစ်ဗိုက်ချင်းစီ သော့ခတ် ထားပစ်ချင်တယ်”
တိုက်ဆိုင်တာ ပေပဲလား။ သင်္ကြန်ရက် ဆိုမှဖြင့် ၀ှီးချဲပေါ် မသက်မသာ ရောက်လာသည့် လူနာတွေက မွေးလူနာတွေ ဖြစ်နေလေတော့ မေသင်္ကြန်၊ မောင်သင်္ကြန်လေးတွေ လောကကြီးထဲ ရှောရှောရှူရှူ ထွက်လာဖို့ နှစ်ပေါင်းမည်မျှ ကြာအောင် ဆေးရုံပေါ် အိမ်စောက် ခဲ့ရပြီးပြီလဲ။ တွေးမိတိုင်း အသည်းကတော့ တစ်ချက်လောက် အောင့်ရပါသည်။

“အူဝဲ”

သံရှည်ဆွဲ အော်ဟစ်လိုက်သံက ဆေးရုံ အပြင်ဘက်ရှိ ရေစို နေကြသူများနှင့် အပြိုင်။ ကိုယ့် ဘ၀ကိုယ် ဘယ်လိုနည်းနှင့်မှ မပိုင်တော့ပါဘူးဟု ယူကျုံးမရ ဖြစ်မိသည့် ပြန်လဲယူ မရနိုင်သော ဆရာဝန် တစ်ယောက်၏ဘ၀၊ ထိုထက် ဆိုးရွားသည်က ဘွဲ့လွန် ဘာသာရပ်အား သားဖွားမီးယပ် အထူးပြု ဖြစ်ခဲ့ သည်ကိုက မဟာအမှား ဖြစ်သွားခဲ့ပြီ။ သို့ရာတွင် ဆည်းလည်းသံ ပမာ “အူဝဲ”ဟု အော်မြည် လိုက်သံလေးတွေကြောင့်သာ သက်ပြင်းတွေ ညင်သာ ခဲ့ရသည်။

“လက်ျာတို့များနော်၊ မွေးခါနီး စိတ်မရှည်ဘူး။ ကလေးလည်း ထွက်ပြီးရော ရုပ်ရော အသံပါ ချက်ချင်း ပြောင်းသွားတာ”

ဘွဲ့လွန် အတူတက်ခဲ့သည့် သူငယ်ချင်း ဟေမာက ဖွင့်ဟတော့ ကျွန်မ ထောက်ခံ လိုက်ပါသည်။ ဟေမာက ဘွဲ့လွန်အတူ တက်ခဲ့ဖူးရုံ မက ဆေးတက္ကသိုလ် ၂ ကျောင်းသူ ဘ၀ကတည်းက ရင်းနှီးသော သူငယ်ချင်းတွေ ဖြစ်လေတော့ ကျွန်မ ၀မ်းနာအား ဟေမာပင် သိကျွမ်းခဲ့ဖူးသည်။ ထို့ကြောင့် သင်္ကြန် ရောက်ပြီဆိုလျှင် ဟေမာက ကျွန်မ နား၌ အရိပ် တကြည့်ကြည့်။

သင်္ဃန်ကျွန်း ဆေးရုံးကြီး ဆီမှာ ကျွန်မ ခိုဝင် နားခဲ့သည့် နှစ်အရေအတွက်က ဆယ်စုနှစ် တစ်ခု စာကျော်ရစ်ခဲ့ပြီ။ ကျွန်မ တွယ်တာသော ဆေးရုံ ကြီးဆီမှာ ကျွန်မအတွက် ပညာ ဆည်းပူးခဲ့ဖူးသလို မြောက်မြားစွာသော အသက်တွေကို ကယ်တင် ခဲ့ဖူးပြီ။

“ဆရာမ ကိုယ်တိုင် ကျွန်မကလေးကို နာမည် မှည့်ပေးပါ”
ဟု တောင်းဆိုဖူးသူတွေကြောင့် စိတ်လွတ် လပ်ပေါ့ပါးစွာ ပေးမိလိုက်သော နာမည်လေး တွေအား ခုချိန်ထိ မှတ်မိနေဆဲ ဖြစ်ရသည်။ အထူးသဖြင့် သင်္ကြန်ရက်အတွင်းက မွေးဖွား ပေးခဲ့ဖူးသော ကလေးများအား ပိုလို့ အမှတ် ရမိသည်။ မေသင်္ကြန်၊ ဧပြီမိုး၊ မိုးစက်ခင်၊ သင်္ကြန်အေး၊ သင်္ကြန်ပြည့်စုံ၊ အို- စုံမှစုံလင် လွန်းလှတော့။

ပင်ပန်းလွန်း အားကြီးသည့် အခိုက်အတန့် တွေထဲ သူတို့ ကလေးတွေကို နာမည် မှည့်ပေးဖို့ ထပ်မသွားဖို့ ရေးမှတ် စီစဉ် ရတာကလည်း ကျွန်မ အတွက် သင်္ကြန်က ပေးသည့် တာဝန်တစ်ခု ဖြစ် နေသေးသည်။ မြူးကြွသည့် တေးသံနှင့် ပိတောက်ဖူးစိုရုံ ဖျန်းပက်ခဲ့သော သင်္ကြန်မိုးရေ စက်တွေ လွင့်ပြယ်သွားပြီ ဆိုလျှင်ဖြင့် အိုဂျီအားလုံး ကြောက်လန့် နေရတော့သည်။ သင်္ကြန် ဆိုတာက ဒဏ်ရာကိုလည်း မွေးဖွား ပေးတတ်သည် မဟုတ်လား။

၂။
“သည်အချိန် ရောက်လာရင်ကွယ် ကိုယ်တို့ လက်တွေ ခြစ်ခြစ်လာတယ်”

ဟေမာ အရွှန်းဖောက်လိုက်သည့် အခါ သမယမှာ အမှန်တကယ်ပင် ကျွန်မတို့ ဆေးရုံ၌ အခြစ်ဇာတ် ခင်းနေချေပြီ။ အရင်ကမှ တဖွဲဖွဲနှင့် လူနာတွေ ရောက်လာရသည့် အထဲ သင်္ကြန် ပြီးဆုံးရက် အပတ် အနည်းငယ် အတွင်းမှာတော့ မတွေ့ချင်ဆုံး အမျိုးအစားတွေမှာ အခြစ် လူနာများ ပင်ဖြစ်သည်။

ရောက်လာသည့် ပုံစံက ညင်သာ နူးညံ့စွာ ဆိုက်ရောက် လာတာမျိုး မဟုတ်။ သေမင်းအား လက်ချိတ်လျက် ပိုးဆိပ်သင့် လက်လွန်ပြီး မရှူ နိုင် မကယ်နိုင် ပုံစံမျိုးဖြင့် ရောက်လာတာမျိုး။ သည်ကြားထဲမှာ ရောဂါ ရာဇ၀င် မေးလိုက်တော့ အတော် အူကြောင်ကြောင်နိုင်သည့် အဖြေမျိုး ကြောင့် ဒေါသ ထွက်ဖူးတာလည်း အကြိမ်ကြိမ်။

“သူက ကျွန်မ ညီမလေးပါ ဆရာမရယ်။ ဖြစ်ချင်တော့ အဲဒီနေ့က သူ့ယောက်ျား နယ်ထွက် သွားတယ်။ အဲတော့ သူ့အိမ် ကျွန်မက လိုက်သွားရော ဖြစ်ချင်တော့.....”

“မေးတာဖြေပါ၊ ရှင့်လူနာရှော့(ခ်) ရနေ တယ်။ ရှည်ရှည်ဝေးဝေးတွေ မပြောပါနဲ့။ အချိန် လုံးဝ မရဘူးလေ”

ဆရာဝန်တွေ ဆေးရုံပေါ်မှာ သည်လိုလူနာ တွေအတွက် ဘယ်လောက် ရေးကြီးခွင်ကျယ် စွန့်စား နေရသလဲ သဘော မပေါက်ကြသူများ ကတော့ အော်ဟစ် နေတာကိုသာ မြင်ကြသည်။ နိုင်ငံတကာရော ကမ္ဘာ့ အဆင့်မီ သားဖွားမီးယပ် စာအုပ်ကြီးတွေထဲမှာ ပြဋ္ဌာန်းထားတာသည် “Shout for help“။ ထိုအချိန်၌ ၀ါ့(ဒ်) ထဲတွင် ရနိုင်သမျှ လူစုနှင့် အပြေးအလွှား အလုအယက် အသက်ကယ်ဖို့ စွန့်စားကြရသည်သာ။ လူနာ ရှော့(ခ်)ရနေသည့် အခိုက်အတန့် အတွင်း မှန်ကန် သော ရောဂါ ရာဇ၀င်မှလွဲ၍ ကျွန်မတို့သည် တခြားဘာကိုမှ စိတ်မ၀င်စားပါ။

သည်အချိန်မျိုးမှာ “ညီမရဲ့ ညီမလေးက ဘယ်လိုဖြစ်လို့ သည်လိုပုံစံ ဖြစ်သွား ရပါသလဲ” ဟု ညင်သာ လွန်းနေလျှင်တော့ သေမင်းက အလစ် ၀င်တော့မှာ ဖြစ်သည်။ သေမင်းနှင့် ဆရာဝန်သည် စက္ကန့် လက်တံများအား တစ်ချက်မျှ မျက်ခြည် ပြတ်သွားလို့ မရနိုင်သော ပြိုင်ဘက်များဖြစ်သည်။

“ဟုတ်ကဲ့ပါ ဆရာမ၊ မညာပါဘူး။ ရထားပေါ်က ပြုတ်ကျတာပါ”

“မညာနဲ့နော်၊ ဒါ ကျွန်မညီမ မဟုတ်ဘူး။ ရှင့်ညီမ၊ တစ်ခုခု ဖြစ်သွားရင် ရှင့်ညီမသာ ဖြစ်မှာ။ ရထားပေါ် ရထား မောင်းနေလျက်က ပြုတ်ကျပြီး ဗိုက်တစ်ခုတည်းကိုသာ ရွေးချယ် ထိတယ်ဆိုတဲ့ အကြောင်းပြချက်ကို ရှင်ဘယ်လို အတွေးအခေါ်မျိုးနဲ့ တွေးလိုက်ပါလိမ့်”

ထိုအခါမှ တုန်လှုပ်သော အကြည့်ဖြင့် အမှန်တရားအား မချိတင်ကဲ ထွက်ဆိုလေတော့သည်။
“ဟုတ်ပါတယ် ဆရာမရယ်၊ လက်သည်နဲ့ ကြံမိကြံရာ ကြံလိုက်ရတာပါ” ဆိုတာမျိုး။ လူနာ တွေက အတော် ဆိုးရွားတာတွေလည်း ပါသည်။ သူတို့ စိတ်ထဲ၌ ဆရာဝန်တွေကို ညာဖို့က အရင်။ အသက်ဟူသမျှ ဆေးရုံရောက်လျှင် မသေဟု များ တထစ်ချ ခံယူထားကြလေသလား။ အဆိုးဆုံး အဆင့် “Irreversible Shock”၊ “ပြုပြင်၍ မရနိုင် တော့သော ရှော့(ခ်)” ၀င်ပြီ ဆိုလျှင်တော့ မျက်ရည်မိုး ဖြိုင်ဖြိုင် ရွာချပြတော့သည်။

ကိုယ်ဝန် ဖျက်ပြီးသည်မှာ ငါးရက်ခန့် ရှိပြီ။ သည်အတောအတွင်း အိမ်မှာ အပြင်းဖျားပြီး ဗိုက်တစ်ပြင်လုံး မခံမရပ်နိုင်အောင် အောင့်နေသည်။ ထိုအထိ ထောင်ကျမည် စိုးသောကြောင့် ဆေးရုံသို့ ခေါ်မလာသေး။ ပိုးဆိပ်ပျံ့နှံ့ပြီး အလွန် အစွမ်းထက်သော ပဋိဇီဝ ဆေးတွေဖြင့်ပင် ချေမှုန်း မရနိုင်တော့သော နောက်ဆုံး အဆင့်ကျမှ ထောင် ကျမှာ မကြောက်တော့ဘဲ ပေါ်လာတော့သည်။

ဖြုတ်ခနဲ ကြွေလွင့် သွားတာကိုပင် လူနာရှင် တွေက ဆရာဝန်တွေ၏ အပြစ်လိုလို မကျေမနပ် မျက်စောင်း ခဲသူကခဲ၊ တောက်ခေါက်သူက ခေါက်၊ အံကြိတ်သူက ကြိတ်၊ တိုင်သူကတိုင် သောင်းကျန်းကြလေတော့သည်။ သူတို့တွေ ဘယ်လောက်များ ယေဘုယျ ဆန်လိုက်သလဲ ဆိုလျှင် ဆရာဝန်တွေက လူနာ တစ်ယောက်ကိုမှ မသေစေရ ဆိုသလိုမျိုး ဖြစ်သည်။

“သူတို့ကိုယ်တိုင် လုပ်ခဲ့တဲ့ ကိစ္စ သူတို့ ဘာသာ ဖြေရှင်းပါလား။ ဒါမှမဟုတ် ဆေးရုံကို အချိန်မီ လာကြပါလား။ သေမင်းလက်ထဲ ၉၉ ရာခိုင်နှုန်း ရောက်နေတော့မှ ငါတို့ ကြိုးစားနေလျက် သေသွားတာကျ မကျေနပ်ကြဘူး။ ဖျက်ပေးတဲ့ လက်သည်ကျ ကျေးဇူး အလွန်တင်”

ဟေမာသည် ထိုကိစ္စမျိုးနှင့် ပတ်သက်ပြီး အမြဲတစေ ဒေါသ ထွက်ရသူဖြစ်သည်။ လူနာဆို တာမျိုးက လိုချင်ကြတာပဲသိသည်။ လိုက်နာ ကျင့်သုံးဖို့ရာ ဝေးစွ။ ခုခေတ် ကိုရီးယား ကားတွေ ခေတ်စား လာလို့ပဲလား။ ထစ်ခနဲရှိ တိုင်မယ် ဆိုတာချည်း။ သူတို့ တိုင်ချင်သည့် ဆရာဝန်က ဘယ်အတိုင်းအတာထိ သမားကောင်း ဖြစ်ခဲ့ဖူး သလဲ။ ဟစ်ပိုကရေးတီး ကျမ်းကျိန်စာအား ဘယ်ရွေ့ဘယ်မျှ လိုက်နာကျင့်သုံး ခဲ့ဖူးသလဲ။ ထို့နောက် ထိုဆရာဝန်က သူတို့ လူနာတွေ အတွက် အချိန်နှင့် လုပ်အား ဘယ်လောက်ထိ ပွန်းပဲ့စေခဲ့ဖူးသလဲ။

ဒါတွေကိုတော့ ကိုကိုတိုင်၊ မမတိုင်များ တစိကလေးမျှ နားမလည်ဖူးသော၊ နားလည်၍လည်း ဘယ်တော့မှ ရမည်မဟုတ်သော၊ နားလည်ရန် ကြိုးစားမည်လည်း မဟုတ်သော အရာများသာ ဖြစ်လေတော့သည်။ ဆယ်တန်းအောင် လက်မှတ် တစ်ခုဖြင့် တက္ကသိုလ်လျှောက်လွှာနေရာ၏ အမှတ်စဉ် ၁ ၌ ဆေးတက္ကသိုလ်ဟု ရဲဝံ့စွာ လျှောက်လိုက်မိ သည့်နေ့မှစ၍ တစ်သက်လုံး ကျွန်မတို့သည် ဆရာဝန်များသာ ဖြစ်သည်။ ထို့အတူ ထို့နေ့မှစ၍ ကျွန်မတို့သည် ကိုယ်ပိုင်သည့် အရာဟူသမျှ စွန့်လွှတ်ပစ် လိုက်ရပြီဆိုတာ ပြန်ပြင်ခွင့်မရ လောက်အောင် ခရီးတစ်ဝက် ကျိုးမှ ရိပ်စားမိခဲ့ပြီ။ ဆေးကျောင်း တက်ကတည်းက အချိန်ပေါင်း များစွာ၊ ငွေကြေးများစွာ၊ ကိုယ်ပိုင် လွတ်လပ်ခွင့် များစွာ၊ တခြားတခြား အိပ်မက်များစွာ စွန့်လွှတ်ရင်း ပင်ပန်း ဆင်းရဲမှုအား ထိမ်းမြားကြရသည်။

ဗိသုကာ ပညာရှင် သူငယ်ချင်းအား အားကျ မိစဉ်တွင်တော့ ကျွန်မ မှီတွယ်ထားသော နံရံအား ဘယ်လိုနည်းနှင့်မှ မစွန့်လွှတ် နိုင်တော့ပါ။ ဆင်း ရဲမှုထဲ နေသားကျစွာပင် ရင်ခုန်ရပါသည်။
“နင့်မှာလည်း ပင်းပန်းလိုက်တာ လက်ျာရယ်၊ အစကတည်းက နင်သာ အာခီတက် လုပ်ခဲ့ရင်”

“အား- တော်တော် လင်း၊ ငါ့ဘ၀ ငါ ရင်ခုန်တယ်။ ငါ ကျေနပ်တယ်”

သူငယ်ချင်း ကိုယ်တိုင် ဆောက်လုပ်ဒီဇိုင်း ဆွဲထားသည့် အိမ်ကလေး။ ကျွန်မ စိတ်ကူးထဲက အကြိမ်ကြိမ် လိုချင်ခဲ့ဖူးသော ပြင်သစ် ရနံ့တွေ ပေါင်းစုထားသည့် အိမ်ကလေးအား မြင်မိတော့ မုဒိတာ ပွားရသည်။

“နင့်အိမ်ကို ငါကိုယ်တိုင် ဒီဇိုင်းဆွဲပေးပါ့မယ် လက်ျာရယ်။ နင်က ပြင်သစ်ရနံ့ကို ချစ်တော့”

“အလကားလား”

“အလကားပေါ့ဟ”

ကျွန်မ အနည်းငယ် အူကြောင်ကြောင်နိုင်စွာ အသံထွက် ရယ်တော့ သူမပါ ဘုမသိ ဘမသိ လိုက်ရယ်သည်။
“အေးပေါ့ လင်းရယ်၊ နောက်အနှစ် နှစ်ဆယ် လောက်ဆိုရင်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်”
နောက်ထပ်တစ်ခါ အသံထွက်ရယ်တော့ လင်းက လိုက်မရယ်ပါ။

၃။
“NA ရောက်တယ်”

ထိတ်ခနဲ ဖြစ်သွားသော ရင်အစုံအား အသာ ဖိလျက် ကျွန်မနှင့် ဟေမာ တစ်ယောက်ကို တစ်ယောက် မပြောဘဲနှင့် နားလည်လိုက်ကြ၏။ လူနာအား မမြင်သေးခင်မှာပင် ဆိုးဝါးသော ကျွန်မတို့နှင့် နှစ်ပေါင်းများစွာ အသား ကျဖူးသော အနံ့တစ်ခု။ ထိုအနံ့၏ နောက်၌ကပ်လျက် လိုက်ပါလာသူ တစ်စုံတစ်ယောက်။ သေမင်း၏ အငွေ့အသက် မပြယ်နိုင်သော ညှီစို့စို့ ပုပ်ဟောင် ဟောင် အနံ့မျိုး။

ထင်သည့်အတိုင်း ပင်ပန်း ညှိုးလျော်စွာ သွေးမရှိသလို ဖြူဆုတ်နေသူ ကလေးမလေး။
“ဂိုင်နီ(Gynae) ပေးရှင့် ရောက်တယ်။ အင် ဂျူး(စ်) (Induced Abortion) ဟေ့၊ ရှော့(ခ်)နဲ့”

ဝါ့(ဒ်)ထဲ၌ ရနိုင်သမျှ လူထုအား စုစည်းလျက် ပထမဆုံး အနေဖြင့် အကူအညီ တောင်းရ တော့သည်။
“G & M (သွေးအုပ်စု ခွဲခြင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း)ဖောက်၊ Screening (ကူးစက်နိုင် သောရောဂါရှိ/မရှိ စစ်ဆေးခြင်း)လုပ်၊ လိုင်းချိတ်ယ်

ပြောရင်းက သွေးကြော ရှာရသည်။ အနည်းငယ် ပြားချင်နေသော၊ သိပ်မကောင်းတော့သည့် သွေးကြောများထဲ ခက်ခဲစွာ အပ်စိုက်၊ အရေးပေါ် သေတ္တာထဲမှာ ဆောင်ထားသည့် နော်မယ်(လ်) ဆေးလိုင်း (Normal Salind) ပုလင်းအား လူနာ၏ ဘယ်လက်ဖျံနှင့် ညာလက်ဖျံ နှစ်ဖက်ပြိုင် လျက်ကသွင်း။ အရေးပေါ် သွေးနှစ်လုံးတောင်း။ သည်အချိန်မှာ တစ်စုံတစ်ခု ခပ်သေးသေး အရာပဲ ဖြစ်ဖြစ် လွဲချော်သွားလျှင် သေမင်းက ပြက်ရယ် ပြုတော့မှာ ဖြစ်သည်။

ထင်သည့် အတိုင်းပင် သွေးပေါင်ချိန်သည် ဆိုးရွားစွာ ပြုတ်ကျနေခဲ့ပြီး သွေးခုန်နှုန်းကတော့ တစ်ဟုန်ထိုး မြန်နေခဲ့သည်။ ပုပ်ညှီနေသော အနံ့က မိန်းမ တစ်ယောက်၏ အင်္ဂါအစိတ်အပိုင်း ပိုးဝင် ရောင်ရမ်းခြင်းကို ညွှန်ပြနေသည်။ ကျွန်မသည် အခြေအနေကို အလွန် ကြောက်ပါသည်။ တစ်ခုခု ဖြစ်တော့မလို အာရုံမျိုး။ မဟုတ်ဘူး။ တစ်ခုခု ဖြစ်ခဲ့ဖူးသလို အထင်မျိုး။ ဘုရားရေ။ ကျွန်မ သူ့ကို တစ်နေရာရာမှာ ရင်းရင်းနှီးနှီး မြင်ခဲ့ဖူးပါရဲ့။ ဘယ်နေရာမှာ သိကျွမ်းဖူးပါလိမ့်။

“မာလာ”

ရုတ်တရက် ဆို့နင့်စွာ တမ်းတလိုက်သည့် အသိဝိညာဉ် တစ်ခုထဲမှာ သူမနာမည် ကပ်ငြိ လာသည်။ အဖြစ်အပျက်တွေ တိုက်ဆိုင်လွန်း သည်ဟု ဆိုရမလား။ လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်မ တစ်ယောက်တည်း ထိုင်သည့် ဆေးခန်းသို့ သူမ လာပြခဲ့ဖူးသည်။ အနည်းငယ် ကပိုကရို ၀ဲကျနေသော ဆံနွယ်များအား သပ်တင်လိုက်တော့ သူမနဖူးပြင်ကျယ်၌ ခြစ်ကုတ် ဒဏ်ရာတွေ။

ထိုတုန်းကတည်းက မာလာနှင့် အတူ အရက်ခိုး ဝေနေသည့် မျက်ဝန်းများအား ယှဉ်တွဲ တတ်သည့် အကျင့်တစ်ခု ကျွန်မ၌ ပိုင်ဆိုင်ရ လာပြီ။ သူမ၏ ပြဿနာသည် “Domestic Violence” ဟူသော “အိမ်တွင်း အကြမ်းဖက်မှု”ဟု ပဲဆိုရမလား။ ညှဉ်းပန်းနှိပ်စက်မှု များစွာထဲ ပျော်ဝင် အသားကျနေတာကိုပင် သူမမှာ ကျင့်သားရ မထူးခြားတော့ သယောင်။

သုံးလခံ သန္ဓေ တားဆေးအား ပုံမှန် လာထိုးနေလျက်က သူမတစ်ယောက် လွတ်သွားသည့် အခါမျိုးလည်း ရှိ၏။ နီရဲနေသော အငမ်းမရ ရန်လိုနေသည့် သူမခင်ပွန်း။ ခင်ပွန်းဟုပင် မခေါ် ထိုက်သော သာမန်ထက် အများကြီး ယုတ်ညံ့ သိမ်ဖျင်းသည့် ယောက်ျားတစ်ယောက်အား ကျွန်မ အမုန်းဆုံး ဖြစ်ခဲ့မည် ထင်သည်။ ကျွန်မထံ မာလာ ဆေးလာ ထိုးတာကိုပင် သူ့အား ရဲတိုင်မည် အထင် နှင့် ခြိမ်းခြောက်ကလူ ပြုတတ်သူလည်း ဖြစ်၏။

“ကျွန်မ ကိုယ်ဝန်ရလို့ မဖြစ်ဘူး”

မာလာ အမြဲတစေ ကျွန်မရှေ့၌ ညည်းပြသည့် စကားဖြစ်သည်။ ထို့နောက် သူမ အကြာကြီး ပျောက်သွားသည်။ သင်္ကြန် မတိုင်မီ လပေါင်းများစွာ။ ပြန်ပေါ်မည့် ပေါ်လာတော့လည်း ကျွန်မ အတိတ်အား တူးဆွသည့် ပုံစံမျိုးဖြင့်။ ခဏနေတော့ အရေးပေါ် တောင်းထားသည့် သွေးအား သွင်းလိုက်ရသည့် အခိုက် မာလာအား လှမ်းကြည့်ဖြစ်တော့ ရယ်မြူးဟန် သူမ မျက်ဝန်းတွေ နှင့် တိုက်ဆိုင်သွားသည်။ ထိုမျက်လုံးမျိုးကို ကျွန်မ တစ်နေရာရာ၌ ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးသည်။ အဲဒီ မျက်လုံးမျိုး ဘယ်နေရာမှာ မြင်ခဲ့ဖူးလိမ့် မလဲ။

အခြေအနေ အားလုံး တည်ငြိမ်စ ပြုသည့် အချိန်မှာတော့ အရက်ခိုး ဝေနေသည့် မျက်ဝန်း တစ်စုံအား အပြာရောင် ကန့်လန့်ကာ နောက်၌ ဖတ်ရှုမိသွားသည်။ တောင်းပန် တိုးလျှိုးသည့် မျက်လုံးတွေလား။ ကျေနပ် အားရဟန် မျက်လုံး မျိုးလား။ မဟုတ်ချေ။ လောကကြီးသည် သူနှင့်ဘာမှ မဆိုင်တော့သယောင် ဗလာသက် သက် မျက်လုံးများပင် ဖြစ်သည်။

၎။
“သြော်- အချစ် ဇာတ်လမ်းတွေကြောင့် အခြစ် ပြဿနာ လုပ်နေရတယ်နော်”

သင်္ကြန်တွင်း လူငယ်ပီသစွာ လွတ်လပ် ပျံသန်းမြူးထူးခဲ့ကြသူလေးများ၊ လွတ်လပ်စွာ ကိုယ်ဝန်ရှိသွားသော ဖြစ်ရပ်အတွက် ဈေးပေါပေါနှင့် ခပ်လွယ်လွယ် နည်းလမ်းတစ်ခုဆီ ချဉ်း ကပ်လိုက်ကြတော့ အဖြေက အသက်ဆုံးရှုံးခြင်းသာ ဖြစ်လေကြောင်း သူတို့လေးတွေ တွေးမှတွေး တတ်ရဲ့လား။

“မိုးမိုးကို နင် သတိရမှာပဲနော်။ မာလာက တကယ်တမ်းတော့ ဆယ့်ကိုးနှစ်သာသာ ရှိသေးတာ။ Rtenage Pregnacy ကို လွယ်လင့်တကူ ဖျက်ဆီးချင်တာက တစ်ကြောင်း၊ ယောက်ျားကို အရွဲ့တိုက်ပြီး ခင်ပွန်း မဟုတ်သူ တခြားတစ်ယောက်နဲ့ အတူ နေပစ်တာက တစ်ကြောင်း၊ အင်း- ထုံးစံအတိုင်း သည်သင်္ကြန်မှာ ဖြစ်သွားရပြန်ပြီ”

ဟေမာက တွေးတွေးဆဆနှင့် ပြောတော့ မိုးမိုးအား ပိုလို့ သတိရဖြစ်သွားသည်။ လွန်ခဲ့ သည့် တစ်နှစ်က သင်္ကြန်ပြီးစ အချိန်လေးမှာ မိုးမိုး ဆေးရုံ တက်ရသည်။ မိုးမိုးက မာလာ့လိုတော့ အခြေအနေ မကောင်း။ မာလာက လက်မတင်လေး အချိန်မီ လိုက်၍ ရှင်ကျန်ရစ်သည်။ မိုးမိုး ဒုက္ခ ဘယ်လောက် ဆိုးသလဲဆိုလျှင် သူမ ဆေးရုံ ပေါ်စရောက်လာစဉ်၌ ဆရာဝန်တိုင်း ကြောက် သော DIC (Dissiminated Intravarular Coagulation) ၀င်နေခဲ့ပြီ။

ခန္ဓကိုယ်ရှိ သွေးကြောများမှ သွေးယိုစိမ့် ခြင်း၊ ပိုးဆိပ်ပျံ့နှံ့၍ဖြစ်သော ရှော့(စ်) (Septicaemic Shock)၏ နောက်ဆက်တွဲ ကြောက်စရာ ကောင်းလွန်းသော အဆင့်။ ထိုအဆင့်ရောက်မှ Do OR Die ဟူသော ခွဲစိတ် ဆရာဝန်တို့၏ ရွေးချယ်မှု။ အခြေအနေ လုံးဝ မဟန်နိုင်တော့သ လောက် မှာပင် ရှင်များ ရှင်သွားမလား ဟူသည့် ခပ်ယဲ့ယဲ့ မျှော်လင့်ချက်ဖြင့် ပုပ်ပွနေသော သူမ၏ သားအိမ်အား ထုတ်ပစ်ရသည်။ ၀မ်းခေါင်း အတွင်းမှာ မြောက်မြားစွာသော ပုပ်အဲ့အဲ့ ပြည်များ၊ ဆိုးရွားစွာ ရောင်ရမ်းနေသည့် ကလီစာ အစိတ်အပိုင်းများ၊ ပိုးသတ် သန့်စင်ထားသော ဆလိုင်းဖြင့် ၀မ်းခေါင်းအား သေချာစွာ ဆေးကြောပြီး ချိန်မှာတော့ ကျွန်မ ခြေကုန်လက်ပန်း ကျနေပါပြီ။

“နင့်ညီမ၀မ်းကွဲလေးဆို”

ထိုတုန်းက ဟေမာသည် ခွဲစိတ်ပြီးမှ အခြေ အနေအား ရိပ်မိသည်။ ကိုယ့်ညီမကိုယ် ခွဲစိတ် ရဲသည့် ဆရာဝန်မျိုး ဘယ်နှယောက်များ ရှိလိမ့်မလဲ။ အထူးကြပ်မတ် ကုသဆောင်ထဲ မိုးမိုးအား ကုသ နေစဉ်တွင်တော့ ဆေးရုံ ရောက်ခါစ ယိုင်နဲ့စွာ ရယ်ပြုံးဖူးသော မိုးမိုး မျက်လုံးများအား သတိ ရဖြစ်သွားသည်။ တစ်ခုခုကို အားရသည့် မျက်လုံးမျိုး၊ တစ်စုံတစ်ခုအား အနိုင် ရသွားလို့ ကျေနပ်နေသည့် မျက်လုံးမျိုး ဖြစ်သည်။

“ဒီဖစ်(Defibrillation) ထုမယ်”

ရပ်သွားသော နှလုံးအား ပြန်လည် နိုးထလာရန် လျှပ်စစ်ဓာတ်ဖြင့် ကြိုးစား ထုရိုက်ရဆဲ ကာလမှာပင် မိုးမိုး၏ အနိုင် မျက်လုံးများကို သတိ ရမိပြန်သည်။ မိုးမိုး ကျေနပ်သွားသည်။

“ကောင်လေးကို သူက အရမ်းချစ်တာ၊ ကောင်လေးက သူ့ကို ကျောရရုံပါ အစ်မရယ်၊ ထုံးစံအတိုင်း သင်္ကြန်မှာ သူတို့ လည်ကြတယ်။ အတူ နေမိကြတယ်။ ဖြစ်လာတဲ့ အရာကို ကောင်လေးက လုံးလုံးငြင်းတော့ ကောင်မလေးက ခြိမ်းခြောက်တယ်။ အလွယ်တကူ ရမယ့် နည်းလမ်းကို ရှာကြံလိုက်တော့ ကိုယ်ဝန်ဖျက်မိ သွားတာပေါ့”

မိုးမိုး၏ သူငယ်ချင်းမလေးက ကရုဏာ ဒေါသောဖြင့် ဖွင့်ဟခဲ့သည်။ မိုးမိုးက ကျွန်မနှင့် အလွန် ရင်းနှီးသော ၀မ်းကွဲညီမလေးဖြစ်ပေမယ့် သည်ကိစ္စမှာ ကျွန်မအား တိုင်ပင် ဆွေးနွေးခဲ့ဖို့ ကောင်းသည်။ EC ဟု အတိုကောက် သုံးနှုန်းသော အရေးပေါ် သန္ဓေတားဆေးကတ် အကြောင်း သူမ မသိဘဲ နေမလား။ ကျွန်မကိုယ်တိုင် ညီမ များအား စုစည်းလျက် မျိုးဆက်ပွား ကျန်းမာရေး အကြောင်း ပို့ချခဲ့ဖူးတာပဲ။

အဖြေမှာ သူမ ထိုဆေးလုံးများအား လုံးလုံး မသောက်ခဲ့တာသာ ဖြစ်သည်။ ကောင်လေးကို သည်းထန်စွာ ချစ်သော သူမဆီမှာ လက်စားချေ လိုမှုတွေ ရာခိုင်နှုန်းများစွာ စိမ့်ဝင် နေလိမ့်မည်။ ကောင်လေးက ငြင်းဆိုတော့ အမှန်တကယ်ပင် ဖျက်ချပစ်သည်။

ခြင်တစ်ကောင်ပင် မသတ်ဖူးသူ မိုးမိုးက ကလေး တစ်ယောက်အား လွယ်လင့်တကူ ဖျက် ချပစ်ဖို့ဆိုတာ တော်ရုံ အတွေးမျိုးနှင့် ဟုတ်ဟန် မတူပါ။
“သူ နိုင်သွားသလား ဟေမာ”

“ကောင်လေးလား”

“ဟင့်အင်း- ညီမလေး မိုး”

တွေဝေစွာ ဖွင့်ဟတော့ ဟေမာက အဖြေ ထုတ်သည်။
“ဘယ်သူမှ မနိုင်ဘူး။ ကောင်လေးရော၊ ငါတို့ ဆရာဝန်တွေရော၊ ကျေနပ် သွားခဲ့တဲ့ မိုးမိုး ရော”

“ဒါဆို ဘယ်သူနိုင်တာလဲ”

“သေမင်း”

“လွယ်လိုက်တာဟာ”
ကောင်လေး ဆေးရုံသို့ ရောက်လာစဉ် ကျွန်မနှင့် ထိပ်တိုက် တွေ့လေသည်။ ချည့်နဲ့စွာ လျှောက်လှမ်းနေသော သူ့ခြေလှမ်းတွေထဲမှာ ကျွန်မ တစ်ခုခုကို ရှာဖွေရမည်။ သူ့အား ထိုးကြိတ် ပစ်ချင်စိတ်ကို အကြိမ်များစွာ မျိုသိပ်လျက် ရင်ဆိုင်ပစ်လိုက်ချိန်တွင် ဘာအရိပ်အယောင်မှ မရှိသော ဗလာသက်သက် မျက်လုံးများ။ ထို မျက်လုံးများနှင့် မာလာ့ ယောက်ျား၏ မျက်လုံး များမှာ တထေရာတည်း ဖြစ်သေည်။

၅။
“နောက် အဲလို မလုပ်နဲ့တော့နော် မာလာ၊ ကဲ- ကိုယ်တို့ သားဆက်ခြား နည်းတွေအကြောင်း ဆွေးနွေး ကြည့်ရအောင်”

Post abortal Counselling ဟုခေါ်သော ကိုယ်ဝန်ပျက်ကျ(သို့) ဖျက်ချပြီးသော လူနာများအား နှစ်သိမ့် ဆွေးနွေး ပညာ ပေးခြင်းအား မာလာ့ ကို ရှင်းပြလိုက်သည်။
“အရေး မပါတော့ပါဘူး အစ်မရယ်”

“ဘာလို့လဲ”

“ကျွန်မ သူနဲ့ ကွာတော့မယ်”

“အို”

“နောက်ပြီး ဘယ်သူနဲ့မှ နောက်ထပ် ဒီလို မဖြစ်စေရတော့ဘူး”

“အင်း”

“ခုချိန် မာလာ အလိုချင်ဆုံးအရာဟာ ဘာလဲ သိလား မမ”

ညင်သာစွာ ခေါင်းခါလိုက်သော အခါ မာလာ့မျက်ရည်တစ်ပွင့် လွင့်စဉ်ကျလာတာနှင့် တိုက်ဆိုင်သွားပါသည်။
“မာလာ့ ရင်သွေးလေးပေါ့”

သည်လို ဆိုတော့လည်း မိခင်စိတ် မပြယ်တတ်သည့် ဆယ်ကျော်သက် အရွယ်ကလေး မလေးအား ကရုဏာသက်မိရသည်။ မိန်းမတွေ ဘာကြောင့် ကလေး ဖျက်ရသလဲ။ ဖျက်ချင်လို့ ဖျက်ရသူတွေလည်းပါသလို တခြားအကြောင်း တွေကြောင့် မဖျက်ချင်ဘဲ တမင်ဖျက်ကြတာ မျိုးလည်း ပါသည်။

ဘယ်တော့မှ နောင်တရမည် မဟုတ်သော ၀ါရင့် အဖျက်သမားများအား ကြုံတွေ့ရသလို အိမ်ထောင်၊ ငွေကြေး အဆင်ပြေပါလျက် သန္ဓေ တားဆေး ပြတ်သွားသည့် ကာလမှာ မလိုချင်ဘဲ ရလာသည့် ကိုယ်ဝန်မျိုးအား နှစ်ဦး သဘောတူ ဖြေရှင်း လိုက်တာမျိုးကျ မုန်းဖို့ကောင်းသည်။ ဖျက်ချင်တိုင်း ဖျက်ပြီးမှ အကြောဆေး ထိုးတာ နာလွန်း၍ မျက်ရည်ပေါက်ပေါက် ကျသော မိန်းမမျိုးတွေ ဒုနှင့်ဒေး။

“ဖျက်တုန်းက သည်ထက် အများကြီး နာမှာပေါ့”

ထိုအခါ သူတို့အားလုံး မကျေနပ်ကြ။ သေကောင်ပေါင်းလဲ ဘ၀မျိုးတွင်တော့ ဆရာဝန်အား ဖက်တွယ် ထားတတ်သည်။ ၀ါ့(ဒ်)ထဲမှ ပိုက်ဆံများ စုပေါင်းစိုက်ပြီး နှာနပ်ယူ အသည်းအသန် ကုသပြီး၍ ခေါင်းထောင် လာပြီဆိုလျှင်တော့ ဆရာဝန် ဆိုတာကိုပင် ဆရာ လုပ်ချင်ကြသည်။

“သိပ်မခက်ပါဘူး။ အဲလိုမျိုး ဆေးခန်းတွေ ရှိတယ်။ အတောင့်လေး တစ်တောင့်နဲ့ အလုပ် ဖြစ်တယ်” ဆိုတာမျိုး။ ယောက်ျား ကိုယ်တိုင်က ကလေး ဖျက်ခိုင်းပြီး မိန်းမသေလုမြောပါး ဖြစ်တော့မှ ယူပါ ကယ်ပါ အော်တာမျိုး။ ဆိုးဝါး စုတ်ပြတ်သည့် စာရိတ္တတွေ သူတို့ ဘာကြောင့် ဖက်တွယ် ထားရသလဲ။ ဒါကို လူသတ်မှုလို့ သူတို့ မယူဆကြဘူးလား။ ဒါဆို တစ်သက်လုံး သြကာသတို့၊ ပါဏာတိပါတာတို့ကို လိပ်ပြာ လုံစွာ ရွတ်ဆို နိုင်ပါဦးမလား။

“လွတ်လပ်စွာ ကွဲလွဲ ပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီပေါ့ လက်ျာရယ်၊ အရေး မစိုက်နဲ့။ သူဖြစ်သူခံပဲ။ ငါတို့ တာဝန်က ရသလောက် ကယ်မယ်။ ၀မ်းမနည်းဘူး။ ဒါပဲ”
စစ်မှန်သည့် ဆရာဝန် စိတ်ဓာတ်ဆိုတာ ပြတ်သား တတ်ဖို့လည်း လိုလိမ့်မည်။ ကျွန်မတို့ ပြတ်သားရလိမ့်မည်။

၆။
“စာနယ်ဇင်း လွတ်လပ်ခွင့်တွေ အများကြီး ပေးသင့်တယ်။ မျိုးဆက်ပွားကျန်းမာရေး အကြောင်း နယ်ရောမြို့ပါ သည့်ထက် ထိထိ ရောက်ရောက် ပို့ချသင့်တယ်။ ဥပမာ NGO အဖွဲ့အစည်းတွေ့နဲ့ အင်တိုက်အားတိုက် အကောင်အထည် ဖော်နေတဲ့ HHAL လို သင်တန်းမျိုးတွေ အများကြီး ရှိသင့်တယ်။ နောက်ပြီး မိန်းမတိုင်း စာတတ်မြောက်သင့်တယ်”
ဟေမာက ဖြစ်သင့်တာများအား ချိန်ဆလျက် ပြောနေသည်။

“စာနယ်ဇင်း မလွတ်လပ်ရင် တင်ပြချင် ပေမယ့် ပြည်သူက သိသွားမှာ မဟုတ်ဘူး။ ဒါကို ပွင့်လင်းစွာ ဖွင့်ဟရမယ်။ ကာကွယ်လို့ ရနေ တာပဲ။ နောက်ပြီး EC အကြောင်း၊ သန္ဓေတားပုံ အမျိုးမျိုး အကြောင်း၊ အဲဒါတွေ မီဒီယာကနေ ရသမျှ ရှင်းပြရဦးမှာပဲ”

“သူတို့ ဘာကြောင့် ဒီလို အလွယ်လိုက်တာလဲ ဟေမာ”

“Education နဲ့လည်း ဆိုင်တယ်။ Attitude နဲ့လည်း ဆိုင်တယ်။ Culture နဲ့လည်း ဆိုင်တယ်။ ပညာ မတတ်တော့ လုပ်မိသွားတာ ထားတော့၊ ပညာတတ် အသိုင်းအ၀ိုင်းမျိုးမှာတင် စုတ်ပြတ်နေတဲ့ စာရိတ္တတွေ ရှိတယ် လက်ျာ။ ဒါကို သူတို့က လူသတ်တယ် မယူဆဘူး။ သန္ဓေသား ဆိုတာ အသက်မပါတဲ့ အစိုင်အခဲလေးလို့ သဘော ထားကြတာ။ မသိလွန်းကြတာ၊ ခေါင်လွန်းကြတာ”

“လူငယ်လေးတွေကို အရမ်း နှမြောတယ် ဟေမာ၊ ခုမှ တစ်ဟုန်ထိုး ပျံတက်ကြမှာ၊ သူတို့ရဲ့ အတောင်ပံတွေက ခမ်းနားတယ်။ ငါတို့လို ညောင်းညာနေတဲ့ တောင်ပံမျိုး မဟုတ်ဘူး။ သူတို့အတွက် နှမြောမိတယ်”

ကျွန်မကတော့ တိုးတက်သည့် နည်းပညာ ခေတ်ထဲမှ အိုင်ကျူမြင့်မား ကြသော လူငယ်လေးတွေကို ပိုလို့ နှမြောမိသည်။ သူတို့ဆီက ကျွန်မတို့ သင်ယူရမှာတွေ အများကြီး ရှိသေးသည်။ အတောင်လေးတွေ တဖြုတ်ဖြုတ် ကြွေကုန်တာတော့ ကြည့်မကောင်းပါ။

“စာတတ်လာပြီ ဆိုပါတော့။ စာဖတ်အောင် လုပ်ရဦးမယ်။ တခြား မီဒီယာကနေလည်း တွင်ကျယ်စွာ ပညာ ပေးရဦးမယ်။ အဲဒါတွေ သိနေရုံ မက ကျင့်သုံးဖြစ်အောင် ကြိုးစားစေရဦးမယ်”

ဟေမာက သက်ပြင်း တစ်ချက်အား လေးကန်စွာ မှုတ်ထုတ် လိုက်လေသည်။ ကျွန်မတို့တွေ ဘာတွေ လုပ်ပေးနိုင်မလဲ။ ရနိုင်သမျှတော့ ခြစ်ကုတ် ကြိုးစား နေဦးမှာပဲ ဖြစ်သည်။

၇။
သင်္ကြန် ပြီးဆုံးသွားခဲ့ပြီ။ Post သင်္ကြန်ကာလဆိုလျှင်ဖြင့် အတိတ်တစ္ဆေ ရော ပစ္စုပ္ပန်တစ္ဆေပါ ခြောက်လှန့် နေတတ်ပြီ။ တခြား အချိန်မျိုးမှာလည်း အဘောရှင်း ပေးရှင့်တွေ များရနေသည့် အထဲ သင်္ကြန်တွင်း ပြီးလျှင် ပို၍ တွေ့ရ တတ်တာ အတောင်ပံတွေ အစွမ်းကုန် ဖြန့်ကြက်ထားသော လူငယ် အုပ်စုတွင် ဖြစ်နေတော့သည်။

“လောင်းကာပက်ကာ မောင်ရင်းနှမ ပမာကြည်လင်စွာ” ဆိုတာမျိုး မရှိ တော့ဘူးလား။ တွေ့တာနှင့် သည်လောက်ပင် လွယ်ကူ နေကြပြီတဲ့လား။ လိုက်မမီနိုင်ပါ။ နောင်နှစ် သင်္ကြန်တွေမှာ အချစ်နှင့် အခြစ် ညီမျှခြင်း ချနေရ ဦးမှာ အသေအချာပဲ ဖြစ်သည်။ သူတို့တွေ၏ အရှုပ်ထုပ်များ အတွက် သားအိမ် ခြစ်ဖို့ စောင့်နေရဦးမှာပဲ။ ထိုအတွေးကြောင့် ကြက်သီး ထမိသွားသည်။

နှစ်သစ်ကူးမှာ အကုသိုလ်အား လက်ထပ် ထိမ်းမြားလိုက်တာမျိုး အတွက်တော့ သူတို့အစား ၀မ်းနည်းရသည်။ သင်္ကြန် ဆိုတာကိုတော့ ကျွန်မ တစ်ယောက် နှစ်စဉ်နှစ်တိုင်း မျှော်လင့် ရင်ခုန်နေရဦးမှာပဲ ဖြစ်သည်။ သန့်ရှင်းသော သင်္ကြန် မိုးရေစက်တွေအား ပိတောက်ဖူး စိုရုံသာ ပက်ဖျန်းနိုင်ပါ စေဟု ဆုတောင်းလျက်က ၀ါ့(ဒ်)စောင့်ကြီး အဖြစ်သာ ဆေးရုံ၌ ကျန်ရစ် လေဦးတော့ မိလက်ျာ။

လင်းစက်နွယ်
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

ရိုမန်းတစ် မဆန်ခဲ့ပါ


သည်ကမ္ဘာပေါ်မှာ သည်နေ့သည်ချိန် ကျွန်မ ဘာနဲ့ အသက်ရှူ နေခဲ့သလဲလို့ တစ်စုံ တစ်ယောက်က မေးလာခဲ့ရင် ကျွန်မမှာ ဖြေဖို့ အဖြေ တစ်ခုတည်း ရှိပါတယ်။
ဘာလဲဆိုတော့ ကျွန်မ ကျွန်မ နှာခေါင်းပေါက်နဲ့ အသက်ရှူ နေခဲ့ပြီလေ။ အရင်ကတော့ ကျွန်မရဲ့ နှာခေါင်းဟာ လုံးဝ အသက် မရှိသလို အေးခဲ မာတောင့် နေခဲ့လို့ ယောက်ျား တစ်ယောက်ရဲ့ နှာခေါင်းကို ခေတ္တငှားပြီး အသက် ရှူခဲ့ရဖူးတယ်။ အဲသည်နေ့ အဲသည် အချိန်က စပြီး ကျွန်မဟာ သူများ နှာခေါင်းနဲ့ အသက်ရှူတဲ့ ခပ်ညံ့ညံ့ မိန်းမတစ်ယောက် ဖြစ်သွား ခဲ့ဖူးတယ်။

၂။
ချည်နှောင်ခြင်းကို ကျွန်မ ခံနိုင်ရည် မရှိဘူး။ ဒါပေမဲ့ သမီး ရည်းစားဆိုတဲ့ သမားရိုးကျ ပညတ်ချက်ထဲမှာ ကျွန်မကိုယ် ကျွန်မ နှောင်ကြိုးတွေ အထပ်ထပ် ရစ်ငင်နှောင် ဖွဲ့ပြီးခဲ့ပြီ။ ကိုယ့်အတ္တကို ကိုယ့် ဘာသာ ပေါင်းသင်နေတဲ့ မြေကြီး တစ်ခုလိုပေါ့။ နောက် တစ်ခုက “ကမ္ဘာပေါ်မှာ ငါ အသက် ရှင်နေသရွေ့ ဘယ်သူ့ကိုမှ အရှုံး မပေးဘူး”လို့ အမြဲတစေ ကြုံးဝါးခဲ့တဲ့ ကျွန်မ။ ခုတော့ ခပ်အိုအို ရထားတစ်စင်း ခုတ်မောင်း သွားပုံကိုပဲ အလွတ်မပေး ကြည့်နေခဲ့ ရသလိုပါ။

တကယ်ပါ၊ သက်ဇော် ဆိုတဲ့ ယောက်ျားတစ်ယောက် အတွက် လင်းဘ၀ကို သူ့ဖိနပ် အောက်ချ နင်းခံရဲခဲ့တာ တကယ်ပါ။ ဆယ်ကျော်သက် အမျိုးသမီး တစ်ယောက်ရဲ့ ထွက်သက်ဝင်သက် အားလုံးကို လက်ညှိုး တစ်ချောင်းနဲ့ အမိန့်ပေးတည်း ဖြတ်နိုင်ခဲ့တဲ့လူ။ နောက်ပြီး သာယာနာပျော်ဖွယ် နှုတ်ခမ်း ပါးလေးဆီက ထွက်အံ ပြလာတဲ့ စကားလုံး လှလှလေးတွေနဲ့ လူ။ ဟုတ်တယ်။ ကျွန်မ သက်ဇော်ကို ပထမနှစ် ဆေး တက္ကသိုလ်မှာ စတင် သိရှိခဲ့ရ တယ်။ ပထမနှစ် ပြီးခါနီးမှာ အများလို “ရည်းစား”ဆိုတဲ့ အမိုးတုထဲ ခိုဝင် ခဲ့ကြတယ်။ အဲဒီက စပြီး လင်းရဲ့ဘ၀ဟာလည်း ဟိုးအမှောင် ထုထဲမှာ ယဲ့ယဲ့လေး ကျန်နေတဲ့ ဖယောင်းတိုင် မီးလောက်ပဲ ထွန်းတောက်ခဲ့ရတယ်။

ကျွန်မဟာ ကျွန်မနဲ့ အသွင်မတူ အိမ်သူ မဖြစ်ဆိုတဲ့ အတိုင်း ခံယူချက်ချင်း မတူ၊ မိသားစုထဲ ကြီးပြင်းပုံချင်း မတူ၊ သူ့အကြိုက် ကိုယ့်အကြိုက်ချင်း မတူ၊ ယုတ်ဆွအဆုံး ချည်နှောင်ထားတဲ့ သံယောဇဉ် အမျိုးအစားချင်းတောင် မတူညီတဲ့ ဇော့်ကို ချစ်ခဲ့တယ်။ ဟိုးအဝေးက ကျွန်မ မက်မောတဲ့ နှင်းဆီရုံကြီး တစ်ရုံကို မပိုင်ဆိုင်ချင်ဘဲ သည်အတိုင်းလေး ထိုင်ငေး နေရသလိုမျိုးပေါ့။ ကျွန်မနဲ့ သူနဲ့ကြားမှာ တူတာ တစ်ခုပဲ ရှိတယ်။ အသက်ရှူ တာလေ။ ကျွန်မ သူ့နှာခေါင်းနဲ့ အသက်ရှူ နေခဲ့ရသူပါ။

ကျွန်မရဲ့ ဘ၀ကို အလွန် လှပတဲ့ ပွင့်ချပ်ကားကား၊ ရိုးတံရှည်ရှည်၊ အသွားထက်တဲ့ ဆူးခက်တွေနဲ့ တန်ဖိုးကြီးတဲ့ နှင်းဆီ တစ်ပွင့်လို ထုဆစ်ခဲ့ ပြီးသားပါ။ ဆေးတက္ကသိုလ် တက်ဖို့ စာကိုစာမှန်း သိစ အချိန်ကတည်းက ဆေးထိုး အပ်ကိုင်ဖို့နဲ့ ကလောင်ကိုင်ဖို့ ဆိုပြီး တေးအပ် ပေးဆပ်ခဲ့ ရသူပါ။ ဟိုးငယ်ငယ်ကလေး ဘ၀ကတည်းက ကျွန်မဆီမှာ တခြား လူငယ်များ နည်းတူ အိပ်မက်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ ခုထိ အဲဒီ အိပ်မက်တွေဟာ ဆွေးမြည့်သွားတဲ့ ကြိုးတံတား တစ်ခု မဟုတ်လောက်ပါဘူးလို့ မရဲတရဲ ယုံကြည်နေရင်း လျှောက်လှမ်း နေရတုန်း။

ခု ကျွန်မ နောက်ပြန် လှည့်မကြည့်ချင်တော့တဲ့ ဇာတ်လမ်း တစ်ပုဒ်ကို အသည်း မရှိတဲ့ ခပ်မာမာ မိန်း မ တစ်ယောက်ရဲ့ ညည်းသလို ပုံစံမျိုးနဲ့ ပြောပြရမှာ ဖြစ်တယ်။ ကျွန်မက နဂိုက တည်းက အသည်းရှိတဲ့မိန်းမ တစ်ယောက် မဟုတ်ဘူးတဲ့။ ကြားလိုက်သလားလို့။ သိပ် သေချာတာပေါ့။ အနာတမီ ဒိုင်ဆက်ရှင် ဆိုတဲ့ အလောင်း ခွဲစိတ်ခန်းနားက ခပ်အိုအို၊ အပြာရောင် လိမ်းကျံထားတဲ့ နံရံကြီးနားမှာ သူက ကျွန်မကို ပြောခဲ့တာ။

ပထမနှစ် အောက်တို ဘာ ၁၆ ရက်တုန်းက။
“လင်း၊ မင်းအချစ်ဆုံး ယောက်ျား တစ်ယောက်ဟာ ဘယ်သူလဲ”

သူ ကျွန်မကို မျက်လုံး စူးစူးရဲရဲတွေနဲ့ ကြည့်တိုင်း ကျွန်မ မျက်နှာ လွှဲပစ်တယ်။ အဲဒါ ရှက်လို့ မဟုတ်ဘူးလို့ဘဲ ကျွန်မ ညာနေ မိဦးမှာပါ။
“အဖေပေါ့”

“သွား၊ ဒါဆို ကိုယ့် ချစ်သူ မလုပ်နဲ့”

“ဟ- ဘာဆိုင်လို့လဲ၊ ၅၂၈နဲ့ ၁၅၀၀ အဝေးကြီး ဥစ္စာ”

“မရဘူး။ လင်း၊ အဲဒါ မင်း အတ္တကြီးတာ။ မင်း ကမ္ဘာမှာ မင်း အချစ်ဆုံး ယောက်ျားဟာ ကိုယ်ပဲဖြစ် ရမယ်။ မင်း အဲသလို မပြောရင် မင်းကို ကိုယ်ဖြတ်ပစ်မှာ”

အဲသလို အကျပ်ကိုင်ခံ လိုက်ရပြီ ဆိုရင်လည်း လင်းစက်နွယ် ဆိုတဲ့ ခပ်တုံးတုံး မိန်းမ တစ်ယောက်ရဲ့ ခြောက်ကပ်ကပ် နှုတ်ခမ်းတွေက ၀တ္တရား ကျေရုံ မဟုတ်တဲ့ အပြောမျိုးနဲ့ ပြန်နှစ်သိမ့် ပေးခဲ့ပါရဲ့။ အဲသည်အချိန် ကျွန်မ အဖေ့ကို အရမ်း အားနာမိပါရဲ့။

“အေး၊ သည်ကမ္ဘာမှာ ငါ အချစ်ဆုံး ယောက်ျားက နင်ပဲ”

“လိမ္မာသားပဲ လင်း၊ မင်းက ခေါင်းမာမလိုနဲ့၊ တကယ်တမ်းကျတော့ ဖယောင်း ရုပ်ကလေးပါလား”

သူ့စကားကို တစ်စက် ကလေးမှ မငြင်းဘဲ သူ့ညာ ဘက်ပခုံးစွန်းကို မှီလိုက်တယ် ဆိုရင်ဖြင့် ကျွန်မ ရင်ထဲ အမေး တစ်ခုက ဖျတ်ခနဲ ၀င်လာတယ်။

“ဇော်၊ သည်ကမ္ဘာမှာ နင်အချစ်ဆုံး မိန်းမကကော၊ ဟင်”

သူ ဖြေမလားလို့ စောင့်နေခဲ့တဲ့ မိနစ်ပေါင်း သုံးဆယ် အတွင်းမှာ သူ့အသက်ရှူ သံက လွဲလို့ ဘာကိုမှ မကြား ခဲ့ရတဲ့ ကျွန်မ လက်လျှော့ပစ် လိုက်ရတယ်။ အရမ်း မုန်းစရာ ကောင်းတဲ့လူ။

၃။
လူတိုင်းက ကျွန်မက သူ့ကို အရမ်း အနိုင်ကျင့်လို့ သူ့ဘ၀ဟာ လင်းစက်နွယ် လက်ထဲက ရွှံ့စေးလုံးလေး ဘ၀လို့ ပြောကြတယ်။ ဒါပေါ့၊ ရန်ဖြစ်လိုက်တိုင်း ဆဲဆို လိုက်တာ ကျွန်မချည်းပဲကိုး။ ဆဲရင် လူကြားတယ်လေ။ လူမကြားတဲ့ အရပ်ဒေသ တစ်ခုမှာ အဲသည် မိန်းမ တစ်ယောက်ရဲ့ အပေါစားမျက် ရည်ဗုံး ဘယ်နှဗုံး ပေါက်ကွဲ ပြီးပြီလဲလို့ ဘယ်သူတပ်အပ် သိသလဲ။ ဘယ်သူမှ မသိပေမယ့် ရီဗိုက်ဗာ အဖွဲ့ရဲ့ သီချင်းလို “ငါ့ကိုယ်စောင့်နတ်”သိတယ်။ ဒါပေမဲ့ ကိုယ်စောင့်နတ် ဆိုတာ တရားရုံးမှာ အပြန်အလှန် စစ်မေးကြတဲ့ တရားလိုနဲ့ တရားခံပြ ရှေ့နေတွေမှ မဟုတ်ဘဲလေ။

ဒုတိယနှစ် ရောက်တော့ ကျွန်မ ၀ါသနာထုံတဲ့ ဆေးပညာရပ်တွေနဲ့ ထိတွေ့ လိုက်ရတယ်။ အဲသည်မှာ ကျွန်မရဲ့မြားဦးဟာ ခန္ဓာဗေဒ ဂုဏ်ထူး ဖြစ်သွားတယ်။ အဲဒီလို ခက်ခက်ခဲခဲ ဂုဏ်ထူးမှန်း ကြသူတွေထဲ ကျွန်မ ပါသွားတော့ သူက မယုံနိုင်သလို ရယ်တယ်။ ကျွန်မက စာကြမ်းပိုး တစ်ယောက်မှ မဟုတ်ဘဲ။ အဲသလို ရှင့်ရယ် သံတွေကြောင့် လူခြောက်ရာမှာ ဆယ့်ငါးယောက်ပဲ ရွေးခေါ်ခဲ့တဲ့ ကန်းဒီးဒိတ်ထဲ ကျွန်မ ပါသွားခဲ့တယ်။ ကျေးဇူးပဲ ဇော်။

ကျောင်းရဲ့ လှေကားထစ် များစွာထဲက ချောင်အကျဆုံး လှေကားထစ်တွေ ရှိတဲ့ ဆီမှာ ကျွန်မတို့ ထိုင်ဖြစ်ကြတယ်။ ဒါပေမဲ့ “ဆရာများ နားနေခန်း”နဲ့ ကပ်လျက် အကျဆုံး လှေကားထစ် ဖြစ်သွားခဲ့တာကိုက နဂိုကတည်းက ဆွေးနေတဲ့ ကြိုးကို ထောင်းခနဲ၊ တိခနဲ ပြတ်တောက် စေခဲ့သလိုပါပဲ။ အမြဲတမ်း ဆူညံ နေတယ်လို့ ကျွန်မတို့ အတွဲကို အမြင်ကတ် နေတဲ့ အမျိုးသမီး နှစ်ဦးက အဲဒီ အခန်းထဲမှာ ရှိနေခဲ့တယ်။

တစ်နေ့တုန်းဆီက အမျိုးသမီး တစ်ဦးရဲ့ အော်လိုက်သံက ကျွန်မတို့ နှစ်ယောက်လုံး အတူရှိနေလျက်နဲ့ ကျွန်မ တစ်ယောက်ရဲ့ ရင်ဘတ်ဆိုတဲ့ ခွက်ထဲမှာပဲ နေရာကျ သွားခဲ့တယ်။ သူမက အမ်အက်(စ်)အတွက် လုံးပန်း နေရတာဖြစ်လို့ ကျွန်မတို့ ဆူသံတွေက အနှောင့်အယှက် တစ်ခု ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ တွေးမိပြီးသား။

ဒါပေမဲ့---
“မင်းတို့ အရမ်းဆူတယ်”

အဲသလို ပြောလိုက်တဲ့ အမျိုးသမီးက “တို့”ဆိုတဲ့ ဗဟုဝုစ်ကိန်းကို သုံးပြသွားပြီး စူးရဲ ခက်ထန်တဲ့ မျက်လုံးတွေ ကိုတော့ ကျွန်မ တစ်ကိုယ်လုံးမှာပဲ ဖြန့်ကြက်ထားခဲ့ တယ်။ ပြီးတော့----
“သက်ဇော်၊ အန်တီ နေကောင်းလား” တဲ့။

“ဟုတ်ကဲ့၊ မေမေ နေကောင်းပါတယ် မမ”တဲ့။

သူတို့ နှစ်ယောက်ရဲ့ အပြန်အလှန် ဖားပွဲကြီးကို ကျွန်မ နားမခံ သာတော့ဘူး။ ကျွန်မ ရင်ဘတ်တွေ ချည့်နဲ့ကုန်တာ ဇော်က ကျွန်မဘက်မှာ လုံးဝ မရှိခဲ့သလိုပါဘဲ။ တံလျှပ်ကို ရေထင်မိခဲ့တဲ့ ကျွန်မက သူတို့ နှစ်ယောက်ရဲ့ စကားသံတွေ ကြားမှာ အရေး မပါတဲ့ နောက်ဖေးသုံး စက္ကူ တစ်စလို ရေဆိုးမြောင်းထဲ မျောပါ သွားခဲ့ပြီးသား။ ပြီးတော့ ကျွန်မနဲ့ ဇော်ရဲ့ဇာတ်လမ်းမှာ အဲဒီအမျိုးသမီးက ဖဲကြိုးဖြတ်ပြီး ချည်ထားသမျှ သံယောဇဉ်ကို ဟိုးကောင်းကင်ထဲ လွှတ်တင် ပစ်လိုက်တာ။

ကျွန်မ မျက်ရည်တွေလည်း မိုးပျံပူဖောင်း တစ်လုံးလို အငွေ့ ပြန်ကုန်တယ်။

၎။
“ဇော်၊ နင့်ကို ချစ်ရတာ ဆုပ်လည်းစူး၊ စားလည်းရူး ရသလိုပဲ”
လို့ ကျွန်မ တစ်နေ့တုန်း ဆီက စိတ်အချဉ် ပေါက်နေတုန်း ပြောလိုက်မိတယ်။ အဲဒီအထိ သူက အဲဒီ စကား ရဲ့အဓိပ္ပာယ်ကိုတောင် သိရှာ ပုံရတာ မဟုတ်ဘူးဆိုတော့ ရာသီဥတု ကြည်လင်နေတုန်း ပါပဲ။
“လင်း၊ မင်း ဒီဘား မကြောက်ဘူးလား”

“နိုး”

“ဘာလို့လဲ”

“ငါက ကလာ့(စ်)၀ါ့ (စ်)တွေ ကောင်းတယ်လေ။ ဘယ်ဘာသာ ကြည့်မလဲ။ တက်(စ်)မှာ ဂုဏ်ထူးနဲ့ အောင်တာတောင် ရှိသေး။ ဒီဘားက ကလာ့(စ်)၀ါ့(စ်)လည်း ကြည့်တာပဲ။ ဘာလဲ၊ နင် စိုးရိမ်လို့ လား”

“မဟုတ်ဘူး လင်း၊ မင်း ဒီဘားထိပြီး တစ်နှစ်နေကျန် ခဲ့ရင် ကိုယ် မင်းရည်းစား မလုပ်တော့ဘူး”

“ဘာလို့တုံး”

“ရှက်လို့”

အင်းလေ။ ဒါလည်း ဖြစ်နိုင်တာပါပဲ။ သူ့မှာ ရှက်ပိုင်ခွင့် ရှိတာပါပဲလို့ ကျွန်မ ဖြေတွေး တွေးနေမိတယ်။ အဲဒီ သိုးမည်းကို ဘာအပြစ်မှ မမြင်ခဲ့လောက်အောင် ဘယ်လို တိမ်အိုတိမ်တိုက်တွေက အမှောင် ဖုံးထားကြပါလိမ့်။

“နင် ကျောင်းတွေ သိပ် မလစ်နဲ့ဦး လင်း၊ နင် ကျောင်းလစ်ရအောင် ဘာကိစ္စတွေ ရှိနေလို့လဲ”
“နင် မရယ်ဘူးလို့ ကတိပေး”

သူက ခေါင်းညိတ်တော့ ကျွန်မက ယုံကြည်စွာပဲ ပြောပြဖြစ်ခဲ့တယ်။ ကျွန်မ က အပြစ်မဲ့တဲ့ သိုးငယ်လေး တစ်ကောင်လေ။
“ငါ တချို့ညတွေမှာ ၀တ္ထုတွေ ရေးနေရတယ်။ အဲဒါ ငါ့ရည်မှန်းချက် အတွက်ပေါ့။ အဲတော့ တော်ရုံနဲ့ မနက်ဆို မထနိုင်တော့ဘူး။ ဒါနဲ့ပဲ ပျက်ကွက်ရက်တွေ များလာရော”

“လင်း၊ မင်း သိပ်လောဘကြီးတယ်။ ကျောင်းစာမှာလည်း ထိပ်ဖြစ်ချင်။ မဆီမဆိုင် ရှုပ်ယှက်ခတ်တဲ့ သည်လောက ထဲကိုလည်း ၀င်ချင်။ နေပါဦး၊ မင်းက ဆရာဝန်လား၊ စာရေး ဆရာမလား”

“ဆရာဝန် စာရေး ဆရာမ လုပ်ချင်တာလေ”

မရယ်ဘူးဟု ကတိက၀တ် ပြုထားခဲ့တဲ့ သူက ခြောက်သွေ့တဲ့ ပတ်ဝန်းကျင် တစ်ခုလုံး အက်ကွဲသွားအောင် ရယ်လိုက်နိုင်တယ်။ မျက်လုံးထဲက အပင်တွေ တစ်ပင်ပြီး တစ်ပင် လဲပြိုလောက်တဲ့ အထိ ရယ်တယ်။ ၀ါးလုံးကွဲ ရယ်ချ လိုက်တာမျိုး မဟုတ်ဘဲ ဟိုး ရင်ခေါင်းတွင်းဆီက အပေါစား ပြက်လုံး တစ်ပုဒ်ကို ကြားလိုက်ရသလိုမျိုး။

အဲသည့် နောက်မှာတော့ ကျွန်မ လေးစားတဲ့ စာရေး ဆရာတွေ အကြောင်း သူ့ကို ပြောပြဖြစ်ခဲ့တယ်။ ကြည်အေးနဲ့ သန်းမြင့်အောင်ကို ယောက်ျားတွေလို့ ထင်ပြီး လင်္ကာရည်ကျော်ကို မိန်းမလို့ ထင်တဲ့ သူ့ရဲ့အူကြောင်ကြောင် အတွေးအခေါ်တွေကိုတောင် ကျွန်မမှာ ရယ်ဖို့ သတိ မရခဲ့။

“လင်း၊ မင်းက ဘယ်လို ၀တ္ထုမျိုးကို ကြိုက်သလဲ”
အဲသည်လို သူက စိတ်လိုလက်ရ မေးလာတိုင်း ကျွန်မ အဖြေက မပြောင်းမလဲ တစ်ခုတည်းပဲရှိတယ်။

“နှလုံးသားနဲ့ ရေးတဲ့ ၀တ္ထုမျိုးကိုပေါ့”

“အရူးမ”

သူ့ကို ကျွန်မ အဲလ်ဘတ်ကမူး၊ နန်စီဟူစတန်၊ ချားလ်စ်ဒစ်ကင်းန်၊ အင်တွန် ချက်ကော့ဗ်၊ ဗော်လ်တဲယားတို့ အကြောင်းပြောရင် သူက ကမ္ဘာကျော် စာရေးဆရာကြီး တွေကို သူ့အိတ်ကပ်ထဲက အကြွေလောက်တောင် တန်ဖိုး မထားတတ်ခဲ့။

“သူတို့တွေက ဒေးဗစ် ကော်လ်ပါဖီးလ်နဲ့ ဘာတော်လဲ”
လို့ မေးလိုက်တဲ့အခါ သူနဲ့ကျွန်မ အခြားနားကြီး ခြားနား နေခဲ့ကြပြီ ဆိုတာ နောက်ကျစွာ သိရှိသွားပြီ။

ချစ်စရာ မကောင်းတဲ့ ယောက်ျားကို ကျွန်မ ဘယ်လောက် ကြောင်သွားပြီး နှလုံးသား ပလ္လင်ထက်မှာ ကိုး ကွယ်ဦးခိုက်ခဲ့လဲမသိ။ သူ့ကို စွန့်လွှတ်ဖို့ ကြံရွယ်တဲ့စိတ် ကူးတွေ အားလုံး ပျက်ပြယ်သွားမြဲလေ။ အဲဒီ စိတ်ကူး တွေကို ကြိုသိပြီးတော့ သူကချည်း အရင်ဦးအောင် စွန့်လွှတ်ခဲ့လေရဲ့။ ဒါတောင် ငါးခါတိတိ ပြတ်စဲခြင်း အမိန့်ထုတ် ခံလိုက်ရတဲ့ မိန်းမ တစ်ယောက်ရဲ့ အရှုံးကို မမြင်တဲ့ လူတွေက သူ့အပေါ် စုတ်တသပ်သပ် သနား နေကြတာတွေ။ ကြည့်စမ်း ။ ဘယ်လောက် ကြီးကျယ်တဲ့ ယောက်ျားမို့ မဏ္ဍပ်တိုင်တက် ပြနေရတာလဲ။

၅။
ကျွန်မက ကျွန်မကိုယ်တိုင် ကျွန်မ ထုဆစ်ထားတဲ့ နှင်းဆီတစ်ပွင့် ဖြစ်ပေမယ့် သူက သူ့မိသားစု ပုံအသွင်းခံ ဓာတုရွှံ့စေး ရုပ်မျှသာ ဖြစ်ခဲ့ တယ်။ နောက်ပြီး ကျွန်မတို့ ကြားမှာ အမျိုးသမီး အများစုက ကန့်လန့်ကန့်လန့် လောက်လန်းတွေလို ၀င်ပါနေတတ် သေးရဲ့။

ပြတ်စဲခြင်းရဲ့ အဓိက တရားခံဟာ သူ့အမေနဲ့ သူ့ အစ်မတွေ ဖြစ်တယ်လို့ ကျွန်မ အတိအလင်း ကြေညာ ရဲပါတယ်။ လှောင်အိမ်ထဲမှာ ပိတ်လှောင် ခံထားရတဲ့ သူ့ဘ၀လို့ ပထမတော့ အသိခေါက်ခက် အ၀င်နက်စွာပဲ ကျွန်မ ယောင်ယမ်းပြီး သနား မိသေးရဲ့။ နောက်တော့ သူဟာ အပိတ် လှောင်ခံ သတ္တ၀ါ မဟုတ်တဲ့ အပြင် တစ်ဦးတည်းသောသား ယောက်ျား အငယ်ဆုံး ဆိုတဲ့ ဂုဏ်ပုဒ် အကျိုးအကြေတွေ ကို သူ့ပတ်ဝန်းကျင်မှာ ကာရံ ထားခဲ့တာ ကျွန်မ နောက်ကျမှ သိသွားခဲ့တယ်။ ဘယ်လောက် တုံးသလဲ။

ကျွန်မရဲ့ နေထိုင်မှုပုံစံ ခွက်ကို သူ့အစ်မရဲ့ စကား လုံးတွေက ခလောက်ဆန်ပြာ ဖြစ်အောင် မွှေနောက် လိုက်လေရဲ့။ ပထမတော့ ကျွန်မကို “ညီမလေး” ဆိုတဲ့ အသုံး အနှုန်းအောက် မိန်းမူးသွားအောင် ချော့ငင်ခဲ့ပြီး သူမတို့ ရဲ့ပုံစံခွက်ထဲမှာ ပုံသွင်းဖို့ ကြိုးစားခဲ့သေးတယ်။ စပျစ်သီးချဉ်တဲ့ အမျိုးမှာ သူတို့ ပါသွားခဲ့ပြီ။ ဖြားယောင်းမှု ပုံစံခွက်ထဲ ယောင်မှားပြီး ခြေကျွံမလိုတောင် လုံးဝ မဖြစ်ခဲ့တဲ့ ကျွန်မ(ခုထိ) လွတ်လပ်ပြီး စိတ်တိုင်းကျတဲ့ နေထိုင်မှုထဲမှာ ရှိနေတုန်းပဲ။ ပြီးတော့ ဂစ်တာလည်း တီးနေတုန်းပဲ။

“ဇော်၊ ငါ့ ဂစ်တာလေး ဆေးပြန် မှုတ်ထားလို့၊ နင့် ဂစ်တာ ခဏငှားနော်”

“ယူပေါ့”

“ပေးလေ”

“အေး၊ ကိုယ် ညနေမင်း အဆောင်ကို လာပို့မယ်၊ ဟုတ်ပြီနော်”

သာယာ နာပျော်ဖွယ် မကောင်းတဲ့ သူ့စကားတွေက ကျွန်မ အတွက်တော့ ၀က်သစ် ချပင်ကြီးဆီက အကောင်းဆုံး ပျားသလက် တစ်ခုလို ချိုနေ ခဲ့တာ အံ့သြစရာ မကောင်း ဘူးလား။ ဂစ်တာက ခရမ်းရောင် နဲ့ အနက်ရောင် ရောစပ်ထားတဲ့ ဟော်လို ဂစ်တာလေး။ ကျွန်မ ဂစ်တာက ကတ်ဖုံး။ သူ့ဂစ်တာက ထင်ရှူးသစ်ကို ထွင်းပြီး လုပ်ထားတော့ ညာ ဘက်လက်ကလေးက လက်ခတ်ပြားလေး ကိုင်ပြီး ခြောက် ကြိုးကနေ ဆွဲချလိုက်တယ် ဆိုရင်ပဲ ကြည်လင်ပြတ်သား နေခဲ့တယ်။

ကိုယ်ပိုင် ကဗျာတွေ၊ ကိုယ်ပိုင် ၀တ္ထုတွေနဲ့ ရီဝေယစ် မူးခဲ့တဲ့ ကျွန်မက ကိုယ်ပိုင် သီချင်းလေးတွေကိုလည်း ရင်ဘတ်နဲ့ ရေးတတ်လာခဲ့ပြီ။ သူ့ကြောင့် ဖြစ်တည်လာတဲ့ ခံစားမှုတွေက အဲသလို သီချင်းတွေကို မွေးဖွား ပေးသလားလို့လည်း အံ့သြမိရတယ်။ ဒါပေမဲ့ ရုပ်လုံး မပေါ်တဲ့ ခံစားချက်တွေက လှပ ခိုင်ခံ့တဲ့ ဇာတ်အိမ်တစ်ခု မတည်ဆောက် နိုင်သေးမီမှာဘဲ ပြိုကွဲခဲ့ရတယ်။ တတိယ နှစ်တုန်းကလေ။ အဲဒီ သီချင်းတွေကို ခုထိ မေ့ဖျောက် ထားတယ်လို့ ကျွန်မ ပြောမိရင် ကျေးဇူးပြုပြီး ဒုတိယ မုသားကို မသိ ကျိုးကျွန် ပြုပေးပါလား။

“မင်း၊ နေပုံထိုင်ပုံက ပေါ့တီး ပေါ့ဆနဲ့၊ ကိုယ့်အစ်မတွေ ပြောသလိုနေပေါ့ကွာ၊ သူတို့က ဗိုင်းကောင်း ကျောက်ဖိတွေ ဆိုတော့ မင်းကိုလည်း သူတို့လို ဖြစ်စေချင်တာ”

“သြော်-အင်း၊ ပေါင်တံ တစ်ခုလုံး ၀င်းခနဲ လက်သွားတာ နွေလယ်ကောင်ကြီးမှာ ငါတော့ဖြင့် မိုးကြိုးပစ်ခါနီး လျှပ်စီးလက်တယ် ထင်လို့”

“ဘယ်သူလဲ”

“နင့်အစ်မတွေပေါ့၊ ငါခု ချိန်ထိ ဖင်ဖုံးရုံ တစ်မည် စကတ်မျိုးကို မ၀တ်ရဲဘူး၊ အဲသလို မ၀တ်ခဲ့လို့ ဗိုင်း ကောင်း ကျောက်ဖိ မဟုတ် ဘူးလို့ နင် ငါ့ကို ဆိုလိုချင်တာလား ဇော်”

အဲဒီမှာ သူ့မျက်နှာတွေက ညိုမည်းအုံ့ဆိုင်း သွားပြီး ခဏကြာတော့ နာဂစ်မုန်တိုင်း တိုက်သွားသလို အနာပေါ် တုတ်ကျသွားတော့ ကျွန်မကို စူးစူးရဲရဲကြည့်တယ်။ (အဲဒီ မျက်လုံးတွေကို ခု ကျွန်မ စာ မေးပွဲ ဖြေခါနီး ညတိုင်း အိပ်မငိုက် ဆေးအဖြစ် အမြဲတစေ ပြန်တမ်းတ ရလေ့ ရှိပါတယ်။) သူ့အစ်မတွေကို ထိခိုက်သွား ပုံရတဲ့ ကျွန်မ စကားက သွေးထွက်အောင် မှန်လွန်း နေလို့လားတော့ မသိဘူး။

အဲဒီညမှာပဲ သူ ကျွန်မ နဲ့ စတုတ္ထအကြိမ် ပြတ်စဲတယ်။ သည်တစ်ခါတော့ ကျွန်မ မငိုတတ်တော့ဘူး။

၆။
ကျွန်မ ငိုရလွန်းလို့ မျက်ရည် မရှိတော့ဘူး။ ကျွန်မ မငိုတတ်တော့ဘူး။ ဒါပေမဲ့ စတုတ္ထ အကြိမ် ပြတ်စဲခြင်းအတွက် တချို့တွေက ကျွန်မ အသည်းကွဲ သွားပြီလို့ ထင်တယ်။ အမှန်တော့ ခဏခဏ ကွဲလွန်းလို့ ချုပ်ရိုးပြုတ်ထွက်သွားပြီး ပြန်အက်ကွဲ သွားခဲ့တာပါ။

အဲသည် သတင်းဟာ သူ့မာတာနဲ့ မွေးသဖခင်ဆီ ဆိုက်မြိုက်စွာ ရောက်ရှိပြီးတဲ့ သကာလ လင်းစက်နွယ် ဆိုတဲ့ မိန်းမဟာ သူ့သားနဲ့ လုံးဝ မအပ်စပ်ဘူး။ မထိုက်တန်ဘူးလို့ လှေနံဓားထစ် ဆုံး ဖြတ်ခဲ့ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဆက် ဆံရေးမှာ ထိုက်တန်တယ်၊ မထိုက်တန်ဘူး ဆိုတာကို ဘယ်လို ချိန်ခွင်တွေနဲ့ စက်ပြီး တိုင်းတာကြသလဲ။ အပေါ စားယေဘုယျ ဆန်တဲ့ ဆုံး ဖြတ်ချက်တွေနဲ့လား။ လူသားတိုင်းရဲ့ သခင်လို့ အမည်ရတဲ့ ငွေနဲ့လား။ ဘာနဲ့လဲ မသိ။ သေချာတာကတော့ ကျွန်မက ကစ်(စ်)မီကွစ်(ခ်) ပန်းတစ်ပွင့် ဖြစ်ရင်တောင် ၀မ်းကိုက်ရောဂါ ပျောက်ကင်း စေနိုင်တယ် ဆိုတဲ့ တိုင်းရင်းသား ရာဇ၀င်တစ်ခုကို သူတို့ ဘက်က ထုချေဖို့ ဆုံးဖြတ် ထားပြီးသား။

သမိုင်းဆိုတာ မေ့ပစ်လို့ ရတယ်။ ဖျောက်ဖျက်လို့တော့ မရဘူး။ အဲဒါ သူတို့ တစ်မိသားစုလုံးလုံး မသိခဲ့ကြဘူး။ သိပ်မကြာမီမှာ သူကျွန်မကို ပြန်ဆက်ခဲ့တယ်။ ဆေးတက္ကသိုလ် မြေမှာ နားလည်မှု၊ ရင်းနှီးမှုတွေနဲ့ ကျွန်မ အဲသည် ယောက်ျားကို ချစ်ခဲ့တာ ထုံးစံအတိုင်း“ငါ့ကိုယ်စောင့်နတ်” သာသိတယ်။ ဒါပေမဲ့ နောက်နှစ်ပတ်ရဲ့ ဆေးဝါးဗေဒ စာမေးပွဲ တစ်ခုဟာ သူနဲ့ ကျွန်မကို ကိုက်ဖြတ်ပစ်မယ့် ခပ်ထက်ထက် သွားစွယ် တစ်ချောင်းဆိုတာ နောက်ကျပြီးမှ သိရှိခဲ့တယ်။

ဆေးဝါးဗေဒ ဖြေဖို့ အချိန်တွေ ကျွန်မမှာ အလုံလောက် မရှိဘူး။ နောက်တစ် နေ့ နေ့လယ်တစ်နာရီ ဖြေမယ့် စာမေးပွဲတစ်ခု အတွက် ပြင်ဆင်နေတဲ့ ကျွန်မစိတ်တွေ လေးလံ သွားခဲ့တယ်။ ကျွန်မ ဆီမှာ ပရော်ဘလစ် စာရွက်တွေ မစုံဘူး။ အဲဒီတော့ အကူအညီ လိုတိုင်း ကျွန်မ ဘယ်တော့မှ သတိမရ ဖြစ်တဲ့ သူ့ဆီ ကိုမှ ဦးနှောက် စုတ်ချာချာက သတိ ရသွားခဲ့ပြီး လက်စုတ်တွေက ဖုန်းနံပါတ် တစ်ခုဆီ အပြေးအလွှား နှိပ်ပြ နေခဲ့တယ်။
လေးဆယ့် နှစ်ခါမြောက် ကြိုးစားပြီး ဆက်နေ တဲ့ ကျွန်မရဲ့လက်ချောင်းလေး တွေ၊ နောက်ပြီး မျှော်လင့်ချက် တိုက်အိမ်လေးတွေဟာ သုံးစက္ကန့် ကြာရုံမျှ သုံးသွားတဲ့ နောက်ထပ် အတ္တကြီးတဲ့ ယောက်ျားတစ်ယောက်ရဲ့ စကားသံ တစ်ခုအောက်မှာ တင်ပဲ အစအနတောင် ရှာမရ အောင် ပျောက်ကွယ်... ပြီးတော့ အငွေ့ပြန်သွားကြ လေရဲ့။
လတ်စသတ်တော့ သူက သူ့အဖေရဲ့နှာခေါင်းနဲ့ အသက်ရှူနေခဲ့တာကိုး။
“ငါ့သား အိမ်မှာ မရှိဘူးကွဲ့၊ ရှိရင်လည်း ခေါ်မပေးနိုင်ဘူး၊ ငါ့သားက ဂလေ ရိုက်နေတဲ့ အစားထဲက မဟုတ်ဘူး”

“ခွပ်” ခနဲ ဖုန်းခွက်ချ လိုက်သံအောက်မှာ တီတီတီ တီ ဆိုတဲ့ အသံကိုကြားလို့ ဖုန်းချပစ်ရတော့မယ့် အသိတောင် ၀င်မလာနိုင်တော့ဘဲ ကျွန်မ တုန်လှုပ်သွားတယ်။ ဟော- ခန္ဓာရဲ့ တုန်လှုပ်မှုက ကြမ်းပြင်ပေါ်၊ ကြမ်းပြင်ကနေ အ၀တ်စ ပါးပါးလေးတွေပေါ် လှိုင်းတစ်ခုလို ဆက်ကာဆက်ကာ ပျံ့သွားလိုက် တာ။ တော်ရုံနဲ့ ဖုန်းမချနိုင်ဘဲ ကြောင်စီစီ ရှိနေတုန်း။

ခဏနေတော့ တစ်ခုခု ရဲ့ စူးစူးဝါးဝါး အော်သံ။ ဟုတ်တယ်။ တစ်နေရာဆီမှာ လူတစ်ယောက်ရဲ့ အာခေါင်ခြစ် အော်သံတွေ ရှိတယ်။ မနက်ဖြန်စာမေးပွဲဆိုတဲ့ ကိုယ် လွတ်ရုန်း အတ္တဟိတကို ဆရာဝန်စိတ်က အနိုင်ယူသွားတယ် ထင်တာပဲ။ အဲဒီ ညက လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို ကယ်လိုက်တဲ့ ကျွန်မ ပီတိတွေ ရေမျောကမ်းတင် ဖြစ်ကုန်တယ်။ အဆောင်ကို ပြန်ရောက်တော့ ည နှစ်နာရီခွဲ။

ကျွန်မ တစ်ယောက်တည်း မျက်နှာကြက် အဖြူ အပေါ်က ပန်ကာလေကြောင့် လွင့်ခနဲ လွင့်ခနဲ ဖွာဖွာသွားတဲ့ ပင့်ကူမျှင်စတွေကို ငေးစိုက်ကြည့်နေရင်း မိုးလင်း သွားခဲ့တယ်။ ကျွန်မ စာကျက်လို့ မရ တော့ဘူး။ တစ်ရေးမှ မရသေးပေမယ့် ရီဖလက်(စ်)အီ ဆိုဖေဂျိုက်တစ်(စ်)၊ အစာရေ မျိုပြွန်ရောင်ခြင်းလို့ ရောဂါ အမည်ရတဲ့ ကောင်မလေး တစ်ယောက်ကို ညတွင်းချင်း ဆေးရုံပို့ပေးခဲ့၊ ညတွင်းချင်း ကုသမှု ပေးစေခဲ့။ အဲ- သည် ပီတိက ကျွန်မ နှလုံးသားကို ရှင်သန်စေတုန်း။

“ကလင် ကလင်”

“ဟဲလို”

“အေး- မင်း ဘယ်လို လုပ်လိုက်တာလဲ လင်း၊ မင်းမနေ့က ငါ့ကို ခဏခဏ ဆက်တယ်ဆို”

“ဟုတ်တယ်၊ ငါနုတ် (စ်)တွေ မစုံလို့၊ နင် ဟိုနေ့က ကူးပေးမယ် ပြောပြီး ကတိ ဖျက်တယ်။ ငါနင့်ကို လေး ဆယ့်နှစ်ခါ တိတိ ဆက်တာ အလကား မဟုတ်ဘူး။ နင့် ကတိကို ပေါ်လွင်စေဖို့”

တစ်ဖက်က ခပ်အက်အက် ရယ်မောလိုက်သံ ကြောင့် ကျွန်မနဲ့ဇော် ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်း နှစ်ခုလို လုံးဝခြားနား သွားခဲ့ပြီ ဆိုတာ နှမြော တသမှု မရှိဘဲ သိလိုက်ရတယ်။ ဝေးပေ့စေ။ လွင့်ပေ့စေ။ သွားစမ်း၊ ထွက်သွားစမ်း။

“အေး၊ ငါ တကယ်တော့ အိမ်မှာ ရှိနေခဲ့တယ်။ နင့်ကို သောက်မြင်ကတ်လို့ကို ဖုန်းမကိုင်တာ။
“နင်မှ မဟုတ်ဘူး၊ စာမေး ပွဲတွင်းမှာ ဘယ်သူ့ ဖုန်းကိုမှ ငါ သောက်ရေး မလုပ်ဘူး”

“စာတွေ အရမ်းကျက် နေရတယ်ပေါ့၊ သြော်- ဂုဏ် ထူးများ မှန်းလားပဲ”

သူက အနာပေါ် တုတ်ကျသွားလို့ ရှူးရှူးရှဲရှဲ ဖြစ် သွားတယ်လေ။ သူနဲ့ဂုဏ်ထူးက အဝေးကြီး။ ဂုဏ်ထူး က ဖရဲသီးဆို သူက ဘဲဥ တစ်လုံး။ အဲသလို လူစားမျိုးက သိပ်နာကျင်ပြတတ် သေးရဲ့။ အသည်းလေးက နုထွတ်လိုက်တာကွယ်။ ကျွန်မ အသည်းက ခဏခဏ ကွဲလွန်းလို့ ဖိုက်ဘရိုးစစ်နဲ့ တောင် ကျက်ကုန်ပြီ။ အသည်းက ခြောက်ကို ခြောက်နေပြီ။

“မင်း ငါ့အဖေကို ဘာတွေ ပြောလိုက်သေးလဲ”

“အဟက်..ဇော် ရှိပါ သလားရှင်လို့ ခြောက်လုံးလောက်ပဲ ပြောလိုက်တာပါ။ အဲဒါ ရှင့်အဖေ အတွက်တော့ ခြောက်လုံးပြူး သေနတ်ထဲက ကျည်ဆန်ထိသလို ဖြစ် သွားမလားတော့ မပြောတတ်ဘူး”

“ကောင်းပြီ လင်း၊ မင်း ဒီနေ့ကစပြီး ငါရဲ့တရားဝင် ရည်းစား မဟုတ်တော့ဘူး။ အဲဒါ မင်းအသည်းထဲ သံမှိုလို ရိုက်ထားလိုက်...."

...
လင်းစက်နွယ်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

(ပယ်(မ်)ဘရောင်းနှင့် ဝေါလ် တာဟေဂန်တို့၏ စာစုအား မြင့်စိုးလှိုင် မြန်မာပြန်သည့် ပညာစကားလက်ဆောင် စာအုပ်မှ ကောက်နုတ် ထားပါသည်။)

တိမ်အိုတစ်လုံးနှင့် ကိုယ်.....

တိုးတိုးတိတ်တိတ်...
ဒါပေမယ့် ခုထိမိုးမစဲသေးတဲ့ ရင်ဘတ်ထဲ
မေလနောက်ဆုံး ရိပ်ပုံ ..
မင်းအတွက် သိမ်းထားတယ်....။

ကဗျာကို ကိုယ်ကတစ်လှည့်
ကဗျာကကိုယ့် ကိုတစ်လှည့်...
လှည့်ဖျား...ရင်ဖွင့်....ရင်ဖွင့် လှည့်ဖျား
ချစ်သူခင်းတဲ့ ပန်းမွေ့ ယာဆိုတာ..
မာယာ အဆိပ်လူးတဲ့ ဆူး လို ခါးတယ်...။

၁.၈.၂၀၁၁.....
ဘ၀နှစ်ခုကို တစ်ယောက်တစ်လှည့် ချည်လို့
နှလုံးသား တစ်ခြမ်းစီ ရင်ချင်း ဖလှယ်လို့
မသိသက်သေ အသိသက်သေ...
ပေါင်းစည်းသက်သေ..ခွဲခွာသက်သေ...
အူကြောင်ကြောင် ဘ၀နှစ်ခုကို
အတည်ပေါက် ချည်နှောင်မိ....
နှလုံးသားပေါ် တက်တူးထိုးမိပြီးမှ...
ကိုယ့် ကို ရက်စက်ခြင်း ပန်းတစ်ခင်း ခြွေချ.....။

၁.၁၂.၂၀၁၁......
ရက်စက်စွာ ပစ်ချ..
ချစ်သူရဲ့ စကားတစ်ခွန်း
သေမိန့်လို ပြင်းထန်
အထီးကျန် အလုပ်ခွင်များထဲ
ဟိုတစ်နေ့က မှည့်တစ်လုံးကို လွမ်းတယ်..
အထီးကျန် မြင်ကွင်းထဲ
ဟို အတိတ်က အစိမ်းရောင် မျက်လုံးကို လွမ်းတယ်...
အထီးကျန် ညခင်းတွေထဲ...
အေးစက်စက် အထိအတွေ့ ကို လွမ်းတယ်.....
မျက်ရည်မိုးတွေအကြောင်း
ကိုယ့်ခေါင်းအုံးက တီးခေါက်တတ်မှာ မဟုတ်ဘူးပေါ့..
ဒီလိုနဲ့ပဲ... ချစ်သူကွယ်ရာ..
ကိုယ့်ဘ၀ကိုယ်.... အကျဉ်းချ
တစ်ကိုယ်တည်းလဲ ရှင်သန်တတ်အောင်
ကြိုးစားရပြန်...။

သူ့ကို တကယ်ချစ်မိပြီဆိုမှ
ကိုယ့် အိပ်မက်တွေ အကျဉ်းကျရပြန်....
ခုတော့..
အရင်က အုံးအိပ်ဖူး
အဲဒီ လက်မောင်းကို နောင်ကြဉ်တယ်...
ဘယ်တော့မှ ပြန်မရ
အဲဒီ နှင်းဆီ ရဲ့ ဆူးများ
ကိုယ် ဘယ်တော့မှ မနှုတ်တော့ပါ
ပိုးဆိပ်သင့် အိပ်မက်ထဲ
အနာဂတ်တွေ ဘယ်လောက် ဆာလောင်နေ
အချစ်တစ်ခင်း ချမကျွေးတော့ဘူး.....။

ချစ်ခြင်းကို ချစ်သူကိုယ်တိုင် ခွဲမှတော့...
ဘယ်သူ့ကိုမှ အပြစ်မတင်တော့...
ကိုယ့်လို ဘယ်သူ့ကို မှ အထီးမကျန်စေချင်...
ကိုယ့်လို ဘယ်သူ့ကိုမှ အဖော်မမဲ့စေချင်...
ကိုယ့်လို ဘယ်သူ့ကိုမှ မနာကျင်စေချင်..
အဲဒီနေ့ကပေါ့.....
ငါ နင်နဲ့ မတွေ့ ချင်တော့ဘူး...လို့ ....
?????????????????????
?????????????????????
အကြောင်းပြချက်မရှိဘဲလည်း
ချစ်သူက ရုပ်တည်နဲ့ ရက်စက်တတ်သေးရဲ့....
ကိုယ်နဲ့ အတူ ရှိခြင်း သူ့အတွက် ငရဲများလား
ဒါဆို....အလိုက်အသိ....
သူဖြစ်စေချင်တဲ့ ခြင်းထောင်းထဲ...
ကိုယ့် ဘ၀ကို ပက်ကင် ပိတ်ပစ်လိုက်တယ်....။

ချစ်သူ....
သင်ပေးတဲ့ အမာရွတ်
ခမ်းနား သေသပ်လွန်းလို့....
ကေးဝဋ် ပုဏားဘ၀...
ကိုယ် အသားကျခဲ့ပြီ..............။


အမှတ်တရ
လင်းစက်နွယ်

အချစ်ကို ကော်ရက်ရှင်ပန်နဲ့ ဖျက်လို့မရဘူး

မိုးတွေ သည်းတဲ့နေ့က
ကောင်းကင်ကြိးကို မေးမိပါရဲ့
ကျောခိုင်းခြင်းရဲ့ ရလဒ်က ဘာလဲလို့...။

ကရားရေလွှတ် သက်ပြင်းတွေ
မထိခလုတ် စကားသံလေးတွေ
ဟောဒီ ရင်ဘတ်ဆီ
ပိုးစိုးပက်စက် ကျရှုံး နစ်ဝင်...။

ကျွန်မ နားစွင့်နေတဲ့ အသံ..
ကျွန်မ ငိုကြွေးရှိုက်ငင်သံ
အသံ...အသံ...
အသံတွေဟာ အတိတ်ကို ဖော်ကောင်ပြုတယ်။

ရှင်ကွဲ သေကွဲ မြင်ကွဲများ
ဘယ်သူ တရားပြမလဲ...
ငါ့စာရွက်လေး တွန့်ကြေသွားတာကို
နောင်တတွေနဲ့ မီးပူတိုက်စမ်းပါ..။

ခုတော့ ခုများတော့...
အရင် အတိတ်ကို တစိမ့်စိမ့်လွမ်းရင်း
ဖျားနာကျတယ်

ခေါင်းအုံးဘေးမှာ ဘယ်သူမှ မရှိဘူး
မိုးသည်းညတွေရယ်..
rewind ရစ်လို့ မဆုံးနိုင်တော့ဘူးလား..။


လင်းစက်
၂၀၀၆