ဆေးကျောင်းသူ အသည်းရောင်းရန်ရှိသည်

1st MB...
fresher လေးပေါ့ ဘာမှတ်လဲ..တဲ့
ဆေးစစ် ဟိုစစ် သည်စစ် ပြီးချိန်..
ငါကွ ဆေးကျောင်းသူ အော်....။

2nd MB..
ရှုပ်ပွေလီ..
ဖော်မလင်နံ့ကြား ခွဲကြ စိတ်ကြ
မိုက်သဟ....။

3rd MB...
စာကျက်လွန်းလို့ ချည့်နဲ့ ပိန်လှီ...
patho ကျက်မှတ်ရင်း.....
ကိုယ့် ရောဂါကိုယ် ပြန်ကုခဲ့တဲ့ဘ၀...။

final part 1..
စိတ်လက်ကြည်ရွှင်လန်း
trip မှာ ရည်းစားရှာ ...မရပါ...။

final part 2.....
ပဲများလိုက်တာ အရူးအမူး..
ဖရက်ရှာတွေ့တိုင်း...
အပူလုံးကြွ...ယူကြုံးမရ...မူဦးဟ..။

အခြေမဟန်တော့ပါ...
ယခုနှစ် ချစ်သူများနေ့တွင်...
မှိုတက်နေသော အသည်းများ
လေလံတင်မည်...။2nd yearမှ
anatomy စာအုပ်တွေ
ဂျူတီကုတ် အဟောင်းတွေနှင့်
တင်တောင်းမည်ဟု  ကြေညာလိုက်ငြား...

ဆေးကျောင်းသူမမတို့မှာငဲ့...
ဈေးကောင်းယူ အဆစ်ပေးပါ့မယ်...
ကာလသားဘယ်သူဖြစ်မယ်..
ဝယ်ဟဲ့ချက်ချင်း.................။

ဒေါချိုး        (ဒေါသထွက်ရ်ျရေးထားသောအချိုးမို့ ဒေါချိုးဟုတွင်သည်...)
အမှတ်တရ ...
လင်းစက် ...၂၀၀၆...ဖေဖော်ဝါရီ

Heart transplant( fiction)

အဲဒီ နေ့က လင်းစက်နွယ်ဆိုတဲ့ မတောက်တခေါက် စာရေးသူတစ်ယောက်ဟာ မာယာတွေ လိမ်းကျံထားတဲ့ ခပ်အိုအို ရထားလမ်းဘေးမှာ သူ့ အပြစ်သူ ဆေးကြောနေခဲ့တယ်...သူမ လွယ်အိတ်ထဲက သိပ် အကုန်အကျ မများတဲ့ ဒဏ်ရာတွေကို ..ရန်သူ့ စစ်တပ်ထဲ ၀င်ရသလို ခပ်ဖြည်းဖြည်းချင်း ဆွဲထုတ်ခဲံ့တယ်...အဲဒီနေရာမှာ အချိန် ဆိုတာ မရှိဘူး .နေံလား ညလားလည်း ခွဲခြားမသိနိုင်သလို..မှောင်လား လင်းလားလည်း ဘယ်သူမှ မရေရာနိုင်ဘူး..အဲဒီနေရာမှာ မသိစိတ်တွေဟာ သိစိတ်ဖြစ်ပြီးတော့ ..သိစိတ်တစ်ချို့ဟာ မသိစိတ်အဖြစ် ပေကပ်စွာ အသွင်ပြောင်းတတ်တာတွေလည်း ရှိသတဲ့.။ သည်နေရာ မှာ ..သူမ တစ်ချိန်က မြတ်နိုးဖူးတဲ့ အစိမ်းရောင်မျက်ဝန်းတစ်စုံ နဲ့ အညိုရောင်မှည့်တစ်လုံး မရှိဘူး ။သည်နေရာမှာ တစ်စုံတစ်ယောက်ကို အလဲထိုးဖို့ သို့မဟုတ် တစ်စုံတစ်ယောက်ရဲ့ ဖက်တွယ်ခြင်းကို ခံရဖို့ အခြေအနေမပေးဘူး။ သည်နေရာဟာ ဘယ်လို နေရာ ဖြစ်တယ်ဆိုတာ သူမကိုယ်သူမတောင် မသဲကွဲဘူး။ ဒါနဲ့များ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ သည်နေရာကို သူမလာခဲ့သလဲ။ တော်သေးတယ်။ သူမရဲ့ အလွတ်ရအောင်ကို ခေါက်ရိုးကျိုးဖူးတဲ့ လူတစ်ယောက်ရဲ့ နာမည်ကိုတော့ ဘယ်သူမှ မဖျက်ဆီးခဲ့ကြဘူး။
ခပ်ဝေးဝေးမှာ ရေအိုင်တစ်ခုရှိတယ်..ထူးတာက ရေအိုင်ဟာ သူမ မြင်ခဲ့ဖူးသမျှရေအိုင်တွေထဲမှာ အထူးခြားဆုံးပဲ။ သူ့မှာ အရောင်မရှိဘူး...ကြည်လဲ ကြည်မနေဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လာရင်းရည်ရွယ်ချက်အရ အဲဒီရေအိုင် ကို သူမ ၀တ်ကျေတန်းကျေ နှုတ်ဆက်လိုက်ပါတယ်။ ရေအိုင်ဟာ သံတမန်ဆက်ဆံရေးလောက်တောင် ဖက်လဲတကင်း မရှိပါဘူး။ ရေအိုင်ဟာ အမေရိကန်စင်တာ ဒါမှမဟုတ် သံရုံး တစ်ရုံးရုံးရဲ့ ဂိတ်ပေါက်ဝက ဦးလေးကြီးများလို ဟိုစစ် သည်စစ် စစ်မနေပြန်ပါဘူး။ ရေအိုင်ဟာ ခွေးတစ်ကောင်လို လည်း အမြိးနှန့်မပြသလို...အယ်ဒိတာ တစ်ယောက်လိုလည်း စိစစ်မနေပါဘူး။ ဘာပဲဖြစ်ဖြစ် ရေအိုင်ကို သူမ နှုတ်ဆက်လိုက်ပါတယ်။
“ ကျွန်မ ရှင့်ဆိလာတာ အကြောင်းပြချက် တစ်ခုသာရှိတယ် ဆိုတာ ကျွန်မ ရှင်းပြစရာလိုမယ် မထင်ပါဘူး”
“ အင်း လာကြပြန်ပြိ...သည်လိုပဲ မင်းတို့လို မနူးမနပ် ကောင်မလေးတွေ ...ဗုံမဟုတ် ပတ်မဟုတ်တဲ့ ကဗျာဆရာတွေ..အစုံပဲ..ငါ့ဆီလာခဲ့ဖူးတယ်”
“ အင်း ကျွန်မ က ရှင့်ဆီလာဖူးတဲ့ ကဗျာဆရာတွေနဲ့ မတူဘူးရှင့်”
ရေအိုင် ဟာ အနည်းငယ် ကသိကအောက်ဖြစ်အောင် ရယ်မောပြန်တယ်..။ရယ်မောတယ်ဆိုပေမယ့် သူ့သွားတွေ ကိုတော့ မြင်မနေရဘူးပေါ့လေ...။
“ကဲပါ မင်းလိုရင်း ကိတ်စက ရော သူတို့လိုပဲ မဟုတ်လား”
သူမ ခေါင်းညိတ်လိုက်တော့ စကားဖြူပန်းလေး တစ်ပွင့်ဟာ ခပ်ဝေ့ဝေ့လေး လွင့်မျောပြိး ရေအိုင်ရဲ့ ပါးပြင်နဲ့ မိတ်ဆက်သွားတယ်။ တော်တော်ေ၇အိုင်ပါးဝတဲ့ ရေအိုင်...ကြည့်စမ်း..။သူမ ပန်းလေးကို ကောက်မပေးပဲ သည်တိုင်း ကြည့်နေပြန်တယ်။ သူမ စိတ်ကို ထိန်းချုပ်ရင်း......
“ကဲ ခု ကျွန်မ အသည်းနှလုံးကို ထုတ်လို့ရပြီလား”
“နေဥိး မိန်းကလေး အလောမကြီးနဲ့...သေချာတယ်ဆိုမှပြော..နောင်တဆိုတာ နောင်မှရတယ်ဆိုတာ မမေ့နဲ့လေ”
“အိုရှင် ..စကားများလိုက်တာ...သေချာလို့ပေါ့ရှင့်.. ဘယ်သူက မသေချာပဲ သည်ခရီးကို နှင်ခဲ့မလဲ”
ရေအိုင်ဟာ အထာပါတဲ့ မျက်လုံးမျိုးနဲ့ တစ်ချက်သာ ငဲ့ကြည့်လေတယ်။ ပြီးတော့ စိတ်မရှည်စွာပဲ...
“အိုကေ စတော့”
သူမဟာ သူမရဲ့ ဘယ်ဘယ်ရင်အုံအောက်က အရာတစ်ခုကို ခပ်ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တယ်။ “ကျွတ်” စုပ်သပ်သံတစ်ခုထွက်အံ..ညည်းတွားသံတစ်ချို့ ကျကွဲ...အနီရင့်ရောင် ၀ိုင်များ စက်လက် စက်လက်ဖိတ်ကျ...။
“ဟဲ့ မိန်းကလေး...ဖြည်းဖြည်း...အို ညည်းတော့ ဒုတ်ခပဲ ...”
ရေအိုင်ဟာ တော်တော်ကြိးကို စိတ်မသက်မသာဖြစ်သွားပုံရပါတယ်..။
“ကြည့်ပါဦး။ ညည်းနှလုံးသားမှာ အမာရွတ်တွေချည်းပဲ..။ဒါတွေနဲံ့ ညည်းတစ်သက်လုံးနေသားကျခဲ့တာလား....အို..ငါပြောတာ မင်းနှလုံးသားရဲ့ တစ်စိတ်တစ်ဒေသကို ထုတ်ခိုင်းတာလေ...တစ်ခုလုံးထုတ်ဖို့ပြောတာ မဟုတ်ဘူး..”
ဘယ်လိုေ ပြာပြော လက်လွန်သွားပါပြီ..။သူမက သူမနှလုံးသားတစ်ခုလုံးကို အပြင်ကို ထုတ်ပစ်ပြီးပြီ..။ရေအိုင်က လက်ခံပေးဖို့သာ လိုတော့တာ မဟုတ်လား။
“ဒီမယ် ကလေးမ..မင်းလွှင့်ပစ်ဖို့ အဆင်သင့်ဖြစ်ပြီလား... သေချာလို့လား.. ပြန်မရဘူးနော်..ဒါက သင်္ချိုင်းတစ်ခုပဲ..ထာဝရ ချိတ်ပိတ်ထားတဲ့ စာအိတ်တစ်လုံးပဲ.”
စကားရှည်နေတဲ့ ရေအိုင်ကို သူမ စိတ်ရှည်ပြမနေတော့ပါဘူး...။အချိန်မရှိတော့ဘူး မဟုတ်လား။
ရေအိုင်ဟာ သူမရဲ့ အပြုအမူကို ခပ်ထွေထွေငေးကြည့်နေခဲ့တယ်။ အနီရောင်သွေးစက်တွေဟာ ရေအိုင်ရဲ့ မျက်နှာပြင်တစ်ခုလုံးကို စိုစွတ်သွားစေတယ်။ ရေအိုင်မှာ အရောင်ရှိသွားပြီ။ ကြည့်ပါဦး..ရေအိုင်ဟာ အနိရောင် ပိုးစလေးတစ်ခုလို နွဲ့ပျောင်း သေသပ်နေသေးတော့..။ကြည့်ရင်းနဲ့ တင် ရေအိုင်ဟာ လူကြိးလူကောင်းတွေအတွက် ခင်းထားတဲ့ အနိရောင်ကော်ဇော ဖြစ်သွားပြန်တယ်..။အနီရောင် အဲလောက်ထိလှတတ်မှန်း သူမ မသိခဲ့ဘူး။ သူမ ဘ၀မှာ ရင်းနှိးဖူးတဲ့ အနိရောင်ဆိုလို့ မေမေလက်ဆောင်ပေးဖူးတဲ့ နှုတ်ခမ်းနီတစ်တောင့်ရယ်...၊သူ အမှတ်တရ ပေးဖူးတဲ့ အနီရောင် နှင်းဆီတစ်ပွင့်ရယ်ပဲ ရှိတာ..။နှင်းဆီဆိုလို့ ခုနက ရေအိုင်ထဲ ပြုတ်ကျသွားတဲ့ သူမရဲ့ စကားဖြူလေးကို အလျင်စလို ၇ှာမိတယ်။ အလို...ခုနလေးတင် တဝေ့ဝေ့မျောနေခဲ့တဲ့ စကားဖြူလေး ဘယ်ကိုရောက်သွားလဲ။ ရုတ်တရက် သူ ဆိုမှ သူ့ ပုံရိပ်ကို ဖမ်းကြည့်ပြန်တယ်။ ကျွတ်..ရေအိုင်က ဘယ်ကလာမှန်း မသိပေမယ့် မြန်မာပြည်က ဆိုတာတော့ သေချာသွားပါတယ်. ကွန်နက်ရှင်တွေ မကောင်းတော့ဘူး။ သူ့ပုံရိပ်ကို အလင်းယိုင် နိယာမများလို သီအိုရီဆန်ဆန် တွက်ချက်အဖြေထုတ်ပစ်တယ်. အလကားပဲ။
ရေအိုင်ဟာ သူမ မျက်စိထဲမှာ တဖြည်းဖြည်းချင်း မှိန်သွားတယ်...။ အို..ရေအိုင်က တိမ်သွားပြီး ပျောက်တော့မယ်။ ရေအိုင်ကို သူမစကားပြောဖို့ ကြိုးစားတယ်။မရဘူး။ စကားဘယ်လိုပြောရမှန်းကို မသိတော့တာ။
ရေအိုင်ပျောက်သွားတဲံအခါ သူမ အထိတ်တလန့်နဲ့ ရထားလမ်းကို ငေးကြည့်မိတယ်။ရထားလမ်းဘေးမှာ သူမ အလာတုန်းက ပစ်ချထားခဲ့တဲ့ ကဗျာတွေ အများကြီး ပြန့်ကျဲနေတုန်းပဲ။ ပြန်ကောက်ဖို့ ကြိုးစားတဲ့အခါ မရတော့ဘူး။ ကဗျာတွေဟာ မြေကြီးတွေနဲံ ထိမ်းမြားပြိးသွားပြီ။ သူတို့ ချစ်ခြင်းကို ခွဲဖို့ မကြိုးစားတော့ပါဘူးလေ။ လိုရင်း ကိတ်စ ပြီးမြောက်ပြိ မဟုတ်လား။ ပြန်ရုံပေါ့..။
                 အလို..ဒါနဲ့ နေပါဦး။ ဘယ်ကလာလို့ ဘယ်ကို ပြန်ရမှာလဲ..။သူမ ခေါင်းစားသွားတယ်။ ဟုတ်တယ်။ အခု သူမဘယ်ကို ပြန်မလဲဆိုတာ အရေးကြီးဆုံးပဲ.။အိမ်တော့ အိမ်ပဲ..။ဘယ်အိမ်လဲ..။အိမ်နံပါတ်ကကော ဘယ်လောက်လဲ..။ အဲသည်အချိန်မှာပဲ သူမ လုံးဝမမြင်ရသေးတဲ့ အရာကို တွေ့လိုက်လို့ ရင်ခုန်သွားတယ်။ အလင်းရောင်တစ်ခုပေပဲ..။ အလင်းရှိရင် လမ်းစရှိရမှာပေါ့နော်။ သူမမျက်လုံးတွေကို စုံမှိတ်ပစ်လိုက်တယ်...။ ဘယ်သူမှ ခိုးဖွင့်လို့ မရနိုင်တဲ့ အထိ ခပ်တင်းတင်း မှိတ်ပစ်လိုက်တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
                 သူမ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့ အခါ ချစ်သူလို့ အမည်ရဖူးတဲ့ အူကြောင်ကြောင် ယောက်ျားတစ်ယောက်ရဲ့ ခက်ထန်နေတဲ့ မျက်လုံးတွေကို အနိးကပ်မြင်လိုက်ရတယ်..။ရေအိုင်တို့ ရထားလမ်းတို့ဆိုတာ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးသလို။ ဘာတွေလဲ..။ အဲဒါက အိပ်မက်တစ်ခုလား။
“ မင်း ကို ငါမေးထားတယ် လင်းစက်...ဖြေဥိးလေ...”
“အလို ဘာဖြေရမှာလဲ..ကျွန်မ ကရှင်မေးတိုင်း ဖြေရအောင် မြန်မာ့ဆက်သွယ်ရေးက ဆက်သွယ်မှုarea ပြင်ပရောက်တတ်တဲ့ အမျိုးသမီး မဟုတ်ဘူးရှင့်..”
 သူ တော်တော် နာသွားပုံရတယ် ထင်တယ်..။ သူမ ကို စူးရဲစွာ စိုက်ကြည့်တယ်..။
“သည်နေ့က စပြီး ကျွန်မက ရှင့်ရဲ့ အရုပ်တစ်ရုပ်မဟုတ်တော့ဘူးဆိုတာ မှတ်ထားလိုက်တော့..ရှင် ခလုတ်နှိပ်လိုက်တိုင်း တတီတီ မြည်ပြရမယ့် ကိရိယာတစ်ခုလည်း မဟုတ်ဘူး..”
“နေစမ်းပါဥိး...မင်း ငါ့ကို ဘယ်နှခါ ပြန်ပြောဘူးလို့လဲ.. မင်း ဘယ်လို သတ်တိတွေ ရသွားတာလဲ..အို မင်း... မင်းမှ ဟုတ်သေးရဲ့လား”
“သိပ်ဟုတ်တာပေါ့ရှင်..ခုတော့ သည်ထက်သေချာတဲ့ စကားကို ပြောလိုက်မယ်... ခုချိန်က စပြီး ကျွန်မ ရှင့်ကို မချစ်တော့ဘူး..”
သူမ ကျောခိုင်းထွက်သွားတော့ သူ့ရဲ့ မင်သက်နေတဲ့ မျက်လုံးတစ်စုံကို နောက်ဆုံး ပတ်သတ်မှုအဖြစ် သိမ်းဆည်းထားလိုက်တယ်..။ကောင်းတယ်...အနှစ်နှစ် အလလက အကြွေးတွေ ကြေသွားပြီ။ ချက်ကောင်းကို ထိလိုက်တာပဲ..။ သူမ ရယ်မောလိုက်တော့ နှုတ်ခမ်းတွေက အလိုက်တသိ ကောင်းချီးပေးကြတယ်...။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
               ၁၀ နှစ် ဆိုတဲ့ အချိန်ဟာ အိတ်ကပ်တစ်ခု ဖွင့်ပြီး ပြန်ပိတ်လိုက်သလို အလွယ်တကူပဲ အကုန်မြန်သွားခဲ့ပါတယ်...။အဲဒီ အချိန်မှာတော့ သူမ ဘ၀ရဲ့ နောက်ထပ် ကောင်းကင်တစ်ခုကို တွေ့ရှိလိုက်ပါပြီ.။ သူ့ဆိမှာ အစိမ်းရောင်မျက်လုံးတွေအစား အညိုရောင် အိုင်းရစ်စ် လေးတွေသာရှိတယ်..။သူ့ဆီမှာ မှည့်တစ်လုံးအစား မျက်နှာပေါ်မှာ ဖြူစင်ရှင်းသန့်ခြင်းတွေပဲရှိတယ်..။သူ့အရပ်ဟာ မြင့်မားပြီး တစ်ခါတစ်ရံ ယှဉ်ပြီး ရပ်လိုက်ရင် သူက သူမ ကို သစ်ပင်တစ်ခုလိုပဲ အုပ်မိုးပေးထားတယ်...။သူ့မျက်တောင်လေးတွေဟာ ကော့ညွတ်နေပြီး သူ့နှုတ်ခမ်းများဟာဖြင့် ဆိုးဆေးမလိုပဲ နီထွေးနေခဲ့တယ်...။
               သူက သူမကို သည်နေ့ အဖြေတောင်းထားတယ်လေ..။ တွေးရင်း သူမ  ပါးပြင်တွေ လှုတ်ခတ်နီစွေးသွားပါတယ်..။သူရောက်လာပြီ..။
“ မ ကျွန်တော့်ကို အကောင်းဆုံးအဖြေတစ်ခု ပေးမယ် မဟုတ်လားဟင်”
              သူမ ခေါင်းညိတ်တယ်.။အို ခေါင်းက တစ်ခုခု တစ်နေသလို..ညိတ်မရဘူး..။ သူမ ပီတီတွေအတွက် သူ့ကို ဖွင့်ဟဖို့ ကြိုးစားကြည့်တယ်..။ အလို...ဘာဖြစ်နေကြတာလဲ..။နှုတ်ခမ်းတွေက ကော်နဲ့ ကပ်ထားသလို တင်းရင်းနေသေးတော့..။
“ မ.. ပြောလေ.. ကျွန်တော့် ကို ချစ်တယ်လို့...”
               ဒါပေါ့...ချစ်တာပေါ့..။ ခက်တာက ချစ်တယ်ဆိုတာကို သိနေပြီး ချစ်တယ်လို့ ပြောလို့မရ ထုတ်ဖောိလို့မရဖြစ်နေတယ်..။ ဘာဖြစ်တာလဲ..။ အဲဒါ ဘာဖြစ်သွားရတာလဲ။  တွေးရင်း သူ့ကို ဆုံးရှုံးရမှာ ကြောက်လာတယ်.။တစ်စုံ တစ်ခု..သူမ ကို လှုပ်ရှားခွင့်ရအောင်လုပ်ပေးပါ...။
                 သူ့မျက်လုံးထဲမှာ မျက်ရည်တွေ အိုင်သွားတယ်။ နေဦးလေ..။သူမ မတားနိုင်ခင်မှာပဲ သူ နားလည်မှုလွဲမှားစွာ ထွက်ပြေးသွားတယ်...။သူမ သူ့ကို တားလို့လည်း မရဘူး..။ နှလုံးသားဆိုတာ...လွှတ်တော် တစ်ခုလိုပဲ.ဘာမှလည်း ပြန်မပြောတတ်..ဘာမှလည်း ခေါင်းထဲမ၀င်..အို တကယ်ပါ.. ဟန်ဆောင်ရတာ ဘယ်မှာကောင်းလို့လဲ..။ သူ ထွက်ပြေးသွားတဲ့ အချိန်မှာ သူမ ရေအိုင်ကို ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သတိရသွားတယ်..။ရုတ်တရက် သူမ ဘယ်ဘက်ရင်အုံအောက်ကို အသာစမ်းကြည့်...မရ..လက်ကောက်ဝတ်မှ သွေးခုန်နှုန်းများ ..မရ...အို သူမ မှာ နှလုံးသားမှ မရှိတော့ပဲ..။ ရေအိုင် ဟုတ်တယ် ရေကန် မဟုတ်တဲ့ သာမန် ရေအိုင် ကို သူမရှာရလိမ့်မယ်..။သူမ မှာ အချစ်သစ်တွေ့ပြီဖြစ်လို့ သူမ နှလုံးသားကို ပြန်တောင်းရလိမ့်မယ်.။ရုတ်တရက် ရေအိုင်ရဲ့ စကားတွေ ခေါင်းထဲဝင်လာတယ်..။
“ ဒါဟာ သချီုင်း တသစ်ခု ဖြစ်သလို ထာဝရ ချိတ်ပိတ်ထားတဲ့ စာအိတ်တစ်အိတ်လည်း ဖြစ်တယ်..”
               သူမ မျက်ရည်ကျလာတယ်..။ သူမ မျက်ရည်တော့ ကျတတ်သေးတယ်ပေါ့..။ခုချိန်မှာ သူမ အရေးပေါ်လိုအပ်နေတာ တစ်ခုပဲ ရှိပါတယ်..။  ရေအိုင်ကို သူမ ရှာရလိမ့်မယ်..။ ခက်တာက ရေအိုင် ဘယ်မှာ နေမှန်း သူမ မသိသလို သိခဲ့ရင်လည်း ရေအိုင်ဆီ ဘယ်လို သွားရမယ်ဆိုတာ သူမ သိမှာ မဟုတ်ပြန်ပါဘူး..။
              ခုချိန်မှာ တစ်စုံတစ်ယောက်က သူမကို မေးလာခဲ့ရင် ရေအိုင်ထဲ သူမ လွှင့်ပစ်ဖူးတဲ့ နှလုံးသားအစား ..အဖြူစင်ဆုံး ရှင်သန်ဖူးတဲ့ နှလုံးသားတစ်ခု အရေးပေါ် အလိုရှိနေတဲ့ အကြောင်း ...တီးတိုး ဖွင့်ဟမိမှာ သေချာပါတယ်..။


လင်းစက်နွယ်
၂.၂.၂၀၁၂

တိမ်ရောင်စုံ ၁၉.....


ဒီနေ့.....
တိမ်ရောင်တွေ... ခါတိုင်းထက်ပိုတောက်လို့.....
နရီမမှန် အိပ်မက်တွေထဲ...တောင်ပံတစ်စုံ...တပ်ဆင်ထား
အဲဒီ.....လွပ်လပ်ရေးကျောက်တိုင်ကို...
ငါ့တို့ နှလုံး သွေးနဲ့ ထုဆစ်မယ်....။
ဒီနေ့.....
ချယ်ရီရောင် ၀ိုင်အိုတွေ...
ပက်ဖျန်းခဲ့တဲံ လက်တွေကို အမြဲသတိရလို့
ငါ့ရဲ့ လက်တစ်စုံ... လွမ်းသူ့ ပန်းခွေမဲံ့နေခဲ့....
သို့သော်...သေနတ်သံတွေကြားတဲ့ အတိတ်ပန်းချီထဲ..
ငါတို့ အဘိုးတွေ ပျော်ပျော်ကြီး ကျရှုံးတယ်...
ဒီနေ့.....
နှစ်ကိုစားတဲ့ ငါတို့သမိုင်း....
ပခုံးထက်မှာ လွယ်....ရင်ဘတ်ရဲံ့ အနက်ဆုံး ချောက်ထဲကနေ..
အော်မယ်...
ရိုးတွင်းခြင်ဆီထိပေါ့....
ဒီနေ့......
မြင့်မြတ်ခြင်း အသင်္ချေ....
လွတ်မြောက်ရင်း...အင်း ထပ်ဆုတောင်းစို့....
မလွတ်မြောက်ခြင်း....ပုထုဇဉ်အားလုံး...
လွတ်မြောက်ကြပါစေ.......


လင်းစက်နွယ်
ကဗျာအမည်- တိမ်ရောင်စုံ ၁၉....

ကျီးအပုံပြင်-၂


၁။
အဝေး တစ်နေရာ၌ မိုးရေစက်တို့ တွဲလဲ ခိုနေဆဲ ဖြစ်သည်။ အခန်းထဲရှိ အအေးဓာတ်က ကျွန်တော့်ရိုးတွင်း ခြင်ဆီများထိ ထွင်းဖောက် အေးစိမ့် သွားခဲ့ပြီ။ တတီတီ မြည်နေသော အလို အလျောက်တိုင်း စက်ကိရိယာ လေး၏ အသံမှ လွဲ၍ အခန်းမှာ တိတ်ဆိတ် ငြိမ်သက်ဆဲ ဖြစ်သည်။
သည်အချိန်မှာ တစ်ခုခု။ တစ်စုံတစ်ခု လောက်ဖြစ်ဖြစ် ဆူညံသံ ဖြစ်ခဲ့ရင် ကောင်းမှာပဲ ခဏနေတော့ ကျွန်တော့်ဆုတောင်း ပြည့်သွားသည်။ သို့သော် ပြည့်ပုံက မလှချေ။ “အသစ် လဲလိုက်ပါ ဆရာမ“ ခွဲခန်းထဲ၌ အလွန်ကျွမ်းကျင် ပါသည်ဟု နာမည်ကြီးသည့် ကျွန်တော်တို့နှင့် နှစ်ပေါင်းများစွာ လက်တွဲ ခဲ့ဖူးသည့် ဆရာမလေး သူဇာပင် ကတ်ကြေး တစ်လက်လွတ်ကျ ချေလေပြီ။
“ဆရာသူရိန် မ၀င်ရင် ကောင်းမယ်ထင်တယ်။ ဆရာ့ ကြည့်ရတာ”

“ရပါတယ် မမစော၊ ကျွန်တော် ၀င်မှပါ မ၀င်ရင် မမ စိတ်မကောင်း ဖြစ်ဦးမယ်”

မမစော၏ နှာခေါင်းစည်း အထက်က မျက်ဝန်းတွေ ဆီမှာ ခွန်အားသတိ္တ တစ်ဝက်၊ တုန်လှုပ်ခြင်း တစ်ဝက် ကိန်းအောင်း နေကြောင်းကို သူ၏ မျက်နှာချင်း ဆိုင်မှ အကူအဖြစ် ခွဲစိတ်မည့် ကျွန်တော် တစ်ယောက်တည်းသာ သိပါသည်။
“ကဲ- စမယ်”
ဓားတောင်းလိုက်သော လက်မှာ သိသိသာ သာကြီး တုန်ယင် နေလေသည်။

၂။
“ကဲ- စမယ်၊ အီးပီ ညှပ်တော့မယ် လာကြည့်ကြ”
Episiotomy ဟုခေါ်သော မွေးလမ်းကြောင်း ချဲ့ခြင်းအား လူနာပေါ်တွင် အသေးစိတ် ပြသတော့မှာ ဖြစ်သည့်အတွက် ကျွန်တော် မမနားသို့ အသာတိုး ကပ်လိုက်မိသည်။

“ခွိ...”
ရုတ်တရက် ထိန်းချုပ်လိုက်သည့် ကြားမှ ထွက်ပေါ်လာသော ရယ်သံကြောင့် ကျွန်တော် အနည်းငယ် တုန်ယင်သွားသည်။
“နင်ဘာလို့ ရယ်တာလဲ နှင်းစက်”

“ဟဟ...၊ နင့်ဟာက မရယ်ရဘဲ နေမလား။ ကြည့်ဦး၊ ငါတို့ မိန်းမလေးတွေတောင် ရှေ့ကို မတိုးရဘူး။ နင်က ယောက်ျားလေးဖြစ်ပြီး သဲသဲလှုပ် ဟိုက်ပါကျပြ နေတာကိုး”

နှင်းစက်ပြောမှ မမ၏ ရယ်ရွှင်ဟန် မျက်ဝန်းများနှင့် ကျွန်တော် ရင်ဆိုင် လိုက်ရသည်။
“ကဲကဲ... သူရိန်၊ ကလေးခေါင်း ထွက်စ ပြုနေပြီ၊ ခရောင်နင် ဖြစ်နေပြီ တွေ့လား၊ ပေးရှင့် ညှစ်ရင်သည်လို ညာဘက် တစောင်းလေးညှပ်၊ သေချာညှပ်နော်၊ ပြီးမှ အီးပီဆီဆာ (ကတ်ကြေး) တွေတုံးလို့ မပြတ်ဘူး မပြောနဲ့”
တစ်ခါတစ်ရံ ၀ါ့(ဒ်)ထဲရှိ အိုမင်း နေရှာသော ပစ္စည်း ကိရိယာ လေးများကြောင့် ဟာသ ဖြစ်ရတာလည်း ရှိသည်။
“အူဝဲ...”

ကလေးအား ကျွမ်းကျင်စွာ ထုတ်သွားသော သူမလက်ချောင်း လေးများ၏ လှုပ်ရှားမှုနောက် မရုန်းဆန်ဘဲ လိုက်သွား မိသောနေ့၊ ထိုနေ့သည် ကျွန်တော် မမအား မြတ်နိုးခဲ့သော နေ့လေးလည်း ဖြစ်လေသည်။
“ကဲ- သူရိန်၊ မင်းကြည့်ရတာ အိုဂျီ ၀ါသနာ ပါ့မယ်ပုံပဲ၊ မင်းပဲချုပ်တော့ ဘေးက မမ ဂိုက်လုပ်ပေးမယ်”

“ဗျာ”

“ဟုတ်တယ် မမရေ၊ အိုဂျီကို ဂုဏ်ထူး ထွက်မတတ် သူရိန်က ကျက်ခဲ့တာ၊ တစ်တန်းလုံး သိတယ်။ နာမည်ကို ကြီးလို့၊ အိုဂျီ သူရိန်ဆို ပြီးတော့ပေါ့”    

“နှင်းစက်၊ နင့်ပါးစပ် ပိတ်ထား”

ရယ်မြူးစွာပင် ကျွန်တော်နှင့် တော်မည့် လက်အိတ်နံပါတ် ခုနစ်အား ရွေးချယ်လျက်က ချုပ်ရန် ပြင်ရတော့သည်။ မမထိုင်ခဲ့သည့် ခုံပေါ်မှာပင် ကျွန်တော် ထိုင်ရသည်။ မမကတော့ မတ်တတ်ရပ် အနေ အထားဖြင့် ကျွန်တော့် လက်များအား လှမ်းအကဲခတ် နေတော့သည်။

“Muscle ကို နှစ်ထပ်ချုပ်လို့ ရတယ်နော် သူရိန်”

“အင်း၊ အဲလို မဟုတ်ဘူး။ ဒီလို ယူရတယ် အပ်ကို”

“ဟဲ့- ဟိုဟာ ဟီမတိုး မားလေ၊ ဖောက်ချုပ် လိုက်ဦးဟေ့”

“Welldone...”

မမကတော့ ဘေးမှာ မည်မျှ ကြာရှည်စွာ ရပ်လိုက်ရ လိမ့်မည်နည်း။ ကျွန်တော့် မျက်နှာပြင် တစ်ခုလုံး ချွေးသီးတွေ တွေတွေစီး ကျလျက်။
“ပထမဆုံး အီးပီချုပ်တာ လက်ကောင်းလှ ချေလား အိုဂျီ သူရိန်ရ”

“ဗျာ”
အံ့သြစွာ ရှက်သွားသော ကျွန်တော့်အား မမ၏ ရယ်မြူးဟန် မျက်လုံးများက ထွေးပွေ့ ကျီစယ်သွားသည်။

၃။
“ကြီးလှချေ လားဟေ့၊ ထင်ထားတာ ထက်တောင် ဆိုးနေတယ်“

သားဥအိမ် နှစ်ဖက် စလုံးမှာ သိသာစွာ ကြီးထွားနေသည်။ အပြာရောင် သွေးလွှတ်ကြော များက ပုံနှိပ် ထားသလို ထင်းရင်းသေသပ် နေပြီး ကင်ဆာကျိတ်၏ မျက်နှာပြင်မှာ အဖု အကျိတ်တွေ ထနေသည်။
“Adhesion တွေ အများကြီး ရှိမယ်၊ ဆာဂျင် ခေါ်ရမယ် ဆရာ”

ကျွန်တော် ထိတ်လန့်သွားသည့် တစ်ခဏ မမစော၏ မျက်လုံးများက စူးစမ်းသလို ကြည့်နေသည်။ အခန်းထဲ၌ အခြားသော အိုဂျီတွေပါ စိတ်မကောင်းစွာ ငြိမ်သက်တိတ်ဆိတ် နေကြသည်။
“ဆာဂျင် အသင့်ရှိတယ် မမစော၊ ခွဲစိတ်မှု မစခင် ကတည်းက”

မမစောက ကျေနပ် စိတ်ချစွာ ပြုံးသည်။ ကျွန်တော့်အား လှမ်းနှစ်သိမ့် လိုဟန် မမစော မျက်ဝန်းများထဲ အားငယ်မှုများ အရည်ပျော် ပျောက်ဆုံးသွားသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ကျွန်တော်တို့၏ ပထမ အကူ ဆရာဝန် ဒေါက်တာ ချိုဇင်အား ယခု အချိန်၌ ဘယ်ကံကြမ္မာ ဆိုးက ခွဲစိတ်ခန်း တစ်ခု၏ ခုတင်ပေါ်မှ လူနာ ဖြစ်စေခဲ့ ရသလဲ။
တွေးရင်းပင် ကျွန်တော့် ရင်ဘတ် တစ်ခုလုံး လေးလံ ချည့်နဲ့သွားသည်။

၎။
“မမ ထီးမပါဘဲ ဘာလို့ လျှောက်သွားတာလဲ၊ ကျွန်တော့် ခေါ်ရောပေါ့“

“ရပါတယ် သူရိန်ရဲ့၊ မမ ကော်ဖီသွား သောက်မလို့ပါ၊ ဆိုင်က နီးနီးလေး ဟာကို”

မိုးသည်းထန် နေသည့်အတွက် မမ အသံက သေးငယ် တိုးညင်းလွန်း လှသည်။ ကျွန်တော့် ရင်ခုန်သံမှာ သိသာစွာ ကျယ်လောင် နေသောကြောင့် ကျွန်တော် အနည်းငယ် ရှက်သွားပါသည်။ တစ်ခု ကျေးဇူး တင်စရာ ကောင်းသည်က ထီးမိုး ပေးလိုက်သော ကျွန်တော့် လက်များအား မမ မရုန်းဖယ်ပါ။

“ဘာဖြစ်လို့ အိုဂျီကို စိတ်ဝင်စား တာလဲ သူရိန်”

နွေးထွေးသော ကော်ဖီက လည်မျို ထဲတွင်ပင် သီးသွားမတတ် မမစကား အတွက် ကျွန်တော် လိပ်ပြာ မလုံစွာ ထိတ်လန့်၍ သွားသည်။
“အသက်နှစ်ချောင်း တစ်ပြိုင်တည်း ကယ်ရလို့ပါ မမ”

ကျွန်တော့် အဖြေက မမ နှလုံးသားအား လှပစွာ ဆုပ်ကိုင် ယမ်းနိုင်ခဲ့မှန်း ကျွန်တော် မရိပ်မိ တတ်ခဲ့ပေ။ ထို့နောက်တွင်တော့ သေသပ် လှပသော ခွဲစိတ်မှု များစွာ၌ နာမည်ကြီးသော၊ စိတ်ဆိုး လွယ်တတ်သော်လည်း ဟောက်ဆာဂျင်များ အပေါ် စေတနာထား သင်ပြ ပေးသည်ဟု သတင်းမွှေးသော မမနှင့် ကျွန်တော် ရင်းနှီးခဲ့သည်။ ကျွန်တော် မမ၏ လက်ချောင်းလေး များ၏ အနု ပညာအား နှစ်ခြိုက်စွာ စွဲလမ်းပါသည်။ မမ ဦးစီးသော ခွဲစိတ်မှု များအား မျက်တောင် မခတ်တမ်း လေ့လာရင်း ကပင် မမက ကျွန်တော့် နှလုံးသား ပြခန်း၌ ပန်းချီကား တစ်ကား ဖြစ်သွားတတ်သည့် အခါမျိုးလည်း ရှိ၏။
ခွဲစိတ်မှု တချို့၌ ကျွန်တော့်အား အသုံးပြု ခဲ့သော မမအား ကျေးဇူး တင်ရင်းဖြင့်ပင် မမကို မသိလိုက် မသိဘာသာ ချည်နှောင် မိခဲ့ပြီ။

“နင်တို့အရွယ် ကွာလွန်းအားကြီးတယ် သူရိန်၊ ငါအကောင်း ပြောတာ၊ နင့်ဘက်က မလွန်စေနဲ့၊ နာမည်တွေ ထွက်နေလို့ ငါသတိ ပေးတာပါ”

သူငယ်ချင်း နှင်းစက်၏ သတိပေး စကားကြောင့် မမ ဂုဏ်သိက္ခာ အတွက် ငဲ့ကွက်စွာပင် ကျွန်တော် မမအား သိသိသာသာ ခွာမိခဲ့သည်။

၅။
“Mleeding များလိုက်တာ၊ နောက်ထပ် သွေးနှစ်လုံး တောင်းထားပါ”

ဟောက်ဆာဂျင် လေးအား လှမ်းအော်ပြောရင်း ကျွန်တော့် အသံ၏ တုန်လှုပ်မှုအား မိမိကိုယ်တိုင် ထိတ်လန့်သွားသည်။ ခွဲစိတ် ဆရာဝန် ဆိုတာ စိတ်ငြိမ်ရမည် မဟုတ်လော။ ဘယ်အခြေ အနေ မျိုးပဲဖြစ်ဖြစ်၊ ရင့်ကျက် တည်ငြိမ်စွာ ရင်ဆိုင် ခဲ့ဖူးသည့် နှလုံးသားက သည်တစ်ချီ မှာတော့ဖြင့် အလဲလဲ အကွဲကွဲ ရှုံးလေပြီ။ ခွဲစိတ်ခံ နေရသူမှာ မမ မဟုတ်ဘူးဟု ဇွတ်မှိတ်ညာ နေရင်းက ဆို့နင့် သွားပြန်သည်။ ထင်ထားသည်ထက် ဆိုးရွားစွာ အရုပ်ဆိုးသော ကင်ဆာကျိတ်အား ကြိတ်မနိုင် ခဲမရ မုန်းတီး နေရင်းက မမ၏ စကားအား ပြန်လည်ကြားယောင် မိပြန်သည်။

၆။
“ဘယ်လောက် အရုပ်ဆိုးတဲ့ ကင်ဆာပဲ ဖြစ်ဖြစ်၊ ခွဲစိတ် ဆရာဝန်ဟာ တုန်လှုပ် မသွားရဘူး သူရိန်၊ သူတုန်လှုပ်ရင် နစ်နာမှာက လူနာလေ”

“ဟုတ်ကဲ့၊ မမ”

သားအိမ်ကင်ဆာ အမျိုးသမီး ကြီးအား မမ ဦးစီး ခွဲစိတ်စဉ် ရီထရက်တာ ကိရိယာ များအား ပင်ပန်းကြီးစွာ ဆွဲထားလျက် မမ စကားအား  ကျွန်တော် ထောက်ခံ မိပါသည်။ ထိုစဉ်က ကျွန်တော်တို့ ရင်ဆိုင် နေရသည့် ကင်ဆာကျိတ်မှာ ဆိုးရွား နေခဲ့သည်။ အလွန်သွေးထွက် များပြီး ခွဲစိတ်သူအား ရံဖန်ရံခါ ခြောက်လှန့် ပစ်နိုင်စွမ်းသော ကင်ဆာကျိတ်အား ကျွန်တော့် တစ်သက်၌ မည်သည့် အခါမှ မေ့မရ။ ခက်ခဲစွာသော အော်ပရေး ရှင်းအား သေသပ်စွာပင် အနိုင်ယူ ပြလိုက်နိုင်သော မမ၏ အောင်မြင်မှု။ ကျွန်တော် မချီးကျူးဘဲ မနေနိုင်ပါ။

မမက ထူးခြားစွာပင် လူနာများ အပေါ် စေတနာ ကောင်းလွန်းသည်။ ၀ါ့(ဒ်)ထဲမှ လူနာ တစ်ဦးချင်းစီ အတွက် ကရုဏ ဒေါသောဖြင့် ဆူငေါက်တတ် သည်ကလွဲလျှင် မမ၏ စေတနာကြောင့် လူနာတွေရော ကျောင်းသားတွေပါ မမအား ချစ်ခင် လိုကြသည်။

ထိုနေ့က ခွဲခန်းထဲ၌ လေးနာရီ ကျော်ကြာ မတ်တတ် ရပ်ခဲ့ရသော ကျွန်တော် ပင်ပန်းကြီးစွာ ခုတင်ပေါ်၌ ခြေပစ်လက်ပစ် လှဲလိုက်မိသည်။
“ဒေါက်... ဒေါက်...”

“ဘယ်သူလဲ”

“သူရိန်၊ ငါ နှင်းစက်ပါ”

တံခါးဖွင့် ပေးလိုက်သော အခါ နှင်းစက်နောက်၌ မမပါ ပါလာသည်။
“မမက နင်နဲ့ငါ့ကို မုန့်လိုက်ကျွေး မလို့တဲ့၊ ငါတို့ ဒီနေ့ အရမ်းပင်ပန်း သွားတာ ဂုဏ်ပြုတဲ့ အနေနဲ့တဲ့”

“ဟုတ်လား၊ မမ”
မမ ပြုံးရွှင်စွာ ခေါင်းညိတ်လေသည်။ ထိုနေ့ကမှ မမ မျက်နှာပေါ်မှာ အလှတရား တစ်ခုအား ပထမဆုံး အကြိမ် သတိထား မိခဲ့သည်။
အို...။ မမမှာ သွားတက် ကလေးတွေ နှင့်...။

၇။
“ဘီပီ ကျနေတယ် ဆရာ”

လှမ်းကြည့်လိုက်တော့ ကျွန်တော့်ရင်တွေ ဒိတ်ခနဲ ဖြစ်သွားသည်။ “ဘုရား ဘုရား၊ ခွဲစိတ်မှု အောင်မြင်ပါ့ မလား။ မမ အသက်ကို ကျွန်တော်တို့ ကယ်နိုင်ပါ့ မလား” ရုတ်တရက် ခွဲစိတ်ခန်း မ၀င်မီ နှစ်ရက်အလို မမ ပြောခဲ့သော စကားလေးကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် အားတင်း လိုက်ရသည်။

“ငါ သင်ပေးခဲ့တဲ့ ဟောက်ဆာဂျင်လေး သူရိန်၊ ခုတော့ ပထမ အကူ ခွဲစိတ် ဆရာဝန် အိုဂျီ သူရိန်ပေါ့။ မင်းလက်ကို ငါယုံတယ် ကိုယ့်လူ၊ မမကိုယ်တိုင် ထရိန်နင် ပေးခဲ့ဖူးတဲ့ လက်ပဲ၊ မင်း တုန်လှုပ်စရာ မလိုပါ ဘူးကွာ၊ ငါ့ရဲ့ဝမ်းဗိုက်ထဲမှာ မင်းလက်ရာ ချုပ်ကြိုးလေး ရှိစေချင်တယ်၊ ဘယ်လိုလဲ”

မျက်ရည် ၀ဲနေသော ကျွန်တော့်အား တုန်လှုပ်ခြင်း ကင်းမဲ့စွာသော မမ၏ ဟာသက နှစ်သိမ့်နိုင်စွမ်း မရှိခဲ့ပါ။ “ကင်ဆာကို ကျွန်တော်ဘယ်လို တွန်းလှန် ရမှာလဲ မမရယ်”

“သွေးဘယ်နှလုံး ရှိပြီလဲ”

“လေးလုံးပါ ဆရာ”

ဟောက်ဆာဂျင် လေး၏ အသံက ကျွန်တော့်ခေါင်းအား အိုးထိန်းစက်လို ချာချာလည် စေခဲ့သည်။
“ထုတ်ရအောင် ဆရာ”ချည်နှောင် ထားပြီးသော သားအိမ်အား ထုတ်ပစ်ရမည်။ မမစောက လှမ်းသတိ ပေးတော့မှ ကျွန်တော့်လက်တွေ ပြန်လည် အသက်ဝင် ခဲ့ပါသည်။

၈။
ကျွန်တော် လက်ထောက် ဆရာဝန် ဖြစ်တော့ မမသည် ဂျူနီယာ အတိုင်ပင်ခံ ဆရာဝန် တစ်ယောက် ဖြစ်၍ နေချေပြီ။ မမက အပျိုကြီး ဖြစ်ဆဲ၊ မမ၏ အပြုံးတွေ သိမ်မွေ့စွာ လှပဆဲ ဖြစ်သည်ကို သိရတော့ ကျွန်တော့်ဘယ်ဘက် ရင်အုံ၏ တုန်ခါဆဲ နှလုံးအိမ် တစ်ခုအကြောင်း မမအား ပြောပြချင် ခဲ့မိသည်။

အနီရောင် နှင်းဆီလေး များအား မမ အလွန် မြတ်နိုးတတ် သည်ကို ဟောက်(စ်) ဘ၀ ကတည်းက ကျွန်တော် သိကျွမ်းခွင့် ရခဲ့သည်။ ထိုနေ့က မမအတွက် ရည်စူး၍ အနီရောင် နှင်းဆီ ခုနစ်ပွင့်နှင့် အတူ မမအိမ်သို့ အရောက် လှမ်းရဲခဲ့သည့် ကျွန်တော့် သတိ္တအား ကျွန်တော် တစ်ဖန်ပြန်လန့် သွားသည်။

“သူရိန်၊ အို... နှင်းဆီတွေ လှလိုက်တာ”

ပြုံးရွှင်ပြီးမှ ရုတ်တရက် ထိန်းချုပ်လိုက်သော သူမ မျက်နှာကြောင့် ကျွန်တော် အနည်းငယ် အနေရ ခက်သွားပါသည်။
“မင်းတစ်ယောက်တည်းလား၊ နှင်းစက်ကော”

“ဟာဗျာ၊ မမကလည်း နှင်းစက်က ကျွန်တော့်ရဲ့ ဘာမို့လဲ”

မမက ပါးနပ်စွာပင် အခန်းထဲသို့ ကျွန်တော့်အား ပေးမ၀င် ခဲ့ပါ။
“မိန်းကလေး တစ်ယောက်ရဲ့ ခံစားချက်ကိုတော့ လျစ်လျူမရှု သင့်ပါဘူး သူရိန်ရယ်”

“ဗျာ”

“နှင်းစက် မင်းအပေါ် ထားတဲ့ စေတနာတွေ မင်းမရိပ်မိ ခဲ့ဘူးလား”

“ကျွန်တော်”

“မမကို လေးစားရင် နှင်းစက်ကို ဥပေက္ခာ မပြုပါနဲ့ သူရိန်”

“မမ”

“ဒီကမ္ဘာ ပေါ်မှာ မင်းအပေါ် နားလည်နိုင်ဆုံး မိန်းမတစ်ယောက် မင်းဘေးမှာ အချိန်ပြည့် ရှိနေလျှက်နဲ့ မသိ တတ်ခဲ့တာ မင်းညံ့လွန်းတယ်”

“မဟုတ်ဘူး မမ၊ ဒါ ကျွန်တော့်လွတ်လပ် ခွင့်ပဲ၊ ကျွန်တော် နှင်းစက်ကို ခုထိလည်း မချစ်သေး သလို နောင်လည်း ချစ်မှာ မဟုတ်ဘူး။ ကျွန်တော် ချစ်တာ၊ ကျွန်တော် မြတ်နိုးတာ ကမ္ဘာပေါ်မှာ တစ်ယောက်တည်းပဲ ရှိတယ်။ သူက မမပဲ”

နှင်းဆီနီ များအား ၀ရန်တာရှိ ခုံတန်းလေးပေါ် ပစ်တင်ခဲ့ ပြီးနောက် ကျွန်တော် တစ်ဟုန်ထိုး ပြေးထွက်ခဲ့ပြီ။ မျက်ရည်တွေ စို့နေသော ကျွန်တော့် နှလုံးအိမ်အား မမ မြင်နိုင်ပါ့ မလား။ ထိုနေ့မှစ၍ ယောက်ျား တစ်ယောက်၏ မာနဖြင့် ကျွန်တော် မမအား မဆက်သွယ် ဖြစ်ပါ။ မမ ကျန်းမာရေး အခြေအနေ ချို့တဲ့နေကြောင်း ကလွဲလျှင် မမအား ကျန်သည့် အပိုင်း၌ စိတ်ဝင်စားမှု မရှိအောင် ချုပ်တည်းလျက်က ကျွန်တော့် နှလုံးသားအား တိတ်တဆိတ် ချောင်ထိုး မိခဲ့သည်။

နှစ်တွေ ကြာသွားခဲ့ပြီ။ ကျွန်တော် အမ်အက်(စ်)စီ တက်နေဆဲ တတိယနှစ် ကာလမှာပင် မမ သတင်း ကြားရသည်။ သတင်းသယ်ဆောင် လာသူ နှင်းစက်ပင် မျက်ရည်များ ရွှဲနေခဲ့သည်။
“ဖလမ်း ပြောင်းရမယ်တဲ့၊ ပေးရှင်းရဲ့ အမျိုးတွေ ဘက်က တိုင်ချက် ဖွင့်တာဟ၊ နင် ဒါတွေ မကြားခဲ့ ဘူးလား သူရိန်”

အမ်အက်(စ်)စီ စာမေးပွဲနှင့် ပတ်သက်ပြီး အမှန်တကယ် လုံးပန်း နေရသော ကြောင့်ရော၊ မမအား တမင်သက်သက် မေ့ဖျောက်ထားတာ ရောကြောင့်ပါ ကျွန်တော်မမ သတင်းများနှင့် အလှမ်း ဝေးလွန်းခဲ့ပြီ။ ကြားမည့် ကြားတော့လည်း မမ သတင်းက ကျွန်တော့် ရင်ဝကို လှမ်းရှို့သည့် မီးလို ပူလောင်စေ ပါသည်။

“နင့်ဟာ သေချာ လို့လားဟာ”

နှင်းစက်၏ မျက်ရည်များက ကျွန်တော့်မေး ခွန်းများအား ပြန်ဖြေစရာ မလိုလောက် အောင်ပင် ခိုင်မာစွာ ထွက်ဆို နေခဲ့သည်။
“တောက်၊ ငါမမရဲ့ လက်ကိုယုံတယ် နှင်းစက်၊ မမ အရမ်းတော်တာ၊ နောက်ပြီး”

ဆိုနင့်စွာ မြည်တမ်းလိုက်သော ကျွန်တော့် မျက်ရည်များအား တယုတယ သုတ်ပေးခဲ့သော နှင်းစက် လက်ဖျားလေးတွေ အေးစက်ကာ တုန်ယင် နေလေသည်။

၉။
“ကျီးကန်းဆိုတာ အမှန်က လည်ကြတယ်၊ဘယ်ကျီးကန်းမှ မအကြဘူးကွ၊ အချင်ယောင် ဆောင်ကြတာပဲ ရှိတာ။ ဒီကေ့(စ်)ကြီး ခွဲလိုက်ရင် ဘယ်လောက် အန္တရာယ် များမလဲ ငါမသိ ခဲ့ဘူး ထင်သလား။ ခွဲစိတ်လိုက်ရင် ကောင်းသွားမှာ သေချာတဲ့ အခြေအနေ၊ တစ်ဖက်မှာလည်း ဆရာဝန်ကို ခြောက်လှန့်နေတဲ့ ပေးရှင်းရဲ့ ရောဂါ နောက်တစ်ခု၊ အဲဒီကြားမှာ မှန်ထဲကြည့်ပြီး အတော်ကြာ ငါ့ကိုယ်ငါ လွန်ဆွဲ ခဲ့ဖူးတယ် သူရိန်”

မမ၏ အသံက တည်ငြိမ်ပြတ်သား လွန်းခဲ့သည်။ ယထာဘူတ ကျကျ တွေးမြင်တတ်သော၊ ဆရာဝန်စိတ် ပြင်းထန်သော မမ၏ စူးရှရှ မျက်ဝန်းများ ထဲမှ အားအင်အား ကျွန်တော် လှမ်းမြင် နေရသည်။
“အဲဒီမှာ ကောင်းအောင် လုပ်ပေးချင်တဲ့ ဆရာဝန် တစ်ယောက်ရဲ့ ဆန္ဒရယ်၊ တစ်ဖက်က ပေးရှင်းရဲ့ ကွန်ဒစ်ရှင်ရယ် လွန်ဆွဲတာ၊ နောက်ဆုံး ဆရာဝန် စိတ်က အနိုင်ယူ သွားတယ်။ ငါ့ကိုယ်ငါ အံ့သြလို့ မဆုံးဘူး။ ငါ အဲဒီ ခွဲစိတ်မှုကို စတင်ခဲ့တယ်။ ခုထိ နောင်တ မရဘူး”

“ဖလမ်းက ပြန်လာရင် မင်းကို အိုဂျီ ဘ၀နဲ့ မြင်ခွင့် ရချင်ပြီ သူရိန်”

လှမ်းပြလိုက်သော မမ၏ လက်တွေ သိသာစွာ တုန်ယင်နေကြောင်း ကျွန်တော်ကောင်းစွာ သိပါသည်။

၁၀။
“အဲဒီတုန်းက မမ၊ ကျွန်တော့်ကိုတောင် စလိုက်သေး၊ ဖလမ်းက ပြန်လာရင် ကျွန်တော့်ကို အိုဂျီ ဘ၀နဲ့ မြင်ချင်တယ် လို့လေ။ ခုတော့ မမအတွက် ဖလမ်းက ပါလာတဲ့ လက်ဆောင်က သားဥအိမ် ကင်ဆာ ဖြစ်နေခဲ့တယ်။ ကျွန်တော် ဘယ်လို ဟန်ဆောင်ပြီး ပြုံးနိုင်မလဲ မမစော”

မမစောက ၀မ်းခေါင်းအား စစ်ဆေးလျက်က ကျွန်တော့် စကားအတွက် ရယ်လေသည်။
“ခွဲစိတ်မှုကြီး အောင်မြင်ပြီလေ ဆရာရဲ့”

“အင်းပါ မမရဲ့၊ ဒါပေမဲ့ စိတ်ချ ရအောင်လို့”

“အမယ်လေး ချိုဇင်ရေ၊ ငါ့မှာ ခွဲစိတ်ရတဲ့ ခြောက်နာရီ ပတ်လုံး နားကို ညည်းရော၊ မြန်မြန်နိုးတော့ ချိုရေ”
ကျွန်တော် ခုမှ သက်ပြင်းချရင်း ရယ်မောမိသည်။ သွေးထွက်များသည့် အတွက်တော့ မမအား အထူးကြပ်မတ် ကုသဆောင်၌ စောင့်ကြပ် ကြည့်ရှုရ ဦးမည်ဖြစ်သည်။ ခွဲခန်းမှ အထွက် ခပ်ဝေးဝေးမှ အလွတ် ရဖူးသော ပုံရိပ်တစ်ခု။
“နှင်းစက်၊ ခုတင် ခွဲပြီးပြီ”

“ကေလား”

“ကေတာပေါ့၊ ဘယ်သူ အကူဝင်တာ မို့လဲ”

နှင်းစက်၏ သက်ပြင်းက ကျွန်တော့်အား တုန်ခါ စေခဲ့သည်။ နှင်းစက်ပင် ရောဂါဗေဒ ဆရာဝန် ပေါက်စလေး ဖြစ်လို့ နေချေပြီ။
“မမ နိုးလာရင် နင့်ကို ရှာနေမှာ အမှန်ပဲ သူရိန်”

“ဘယ်လို”

“နင် မသိဘူးလား။ မမက ဘ၀တစ် လျှောက်လုံး လူတစ်ယောက် တည်းကိုပဲ နှစ်နှစ်ကာကာ ချစ်ဖူးတာ။ အဲဒီနေ့က မမက နင်ထားသွားတဲ့ အနီရောင် နှင်းဆီတွေကို ခြောက်သွားတဲ့ အထိ သိမ်းခဲ့ဖူးတာ၊ ငါ့ကို မမ ပြောပြတာ မဟုတ်ပါဘူး။ ငါတစ်နေ့ မမ ဖလမ်းက ပြန်ရောက်မှ မိန်းမချင်း နားလည်မှုနဲ့ သိခဲ့တာ”

ကျွန်တော့် ရင်ခုန်သံတွေ မောပန်းနေသည့် ကြားက စည်းချက် မညီစွာ ခါယမ်းသွားသည်။
“နင် တကယ် ပြောတာလား နှင်းစက်”

“တကယ်ပေါ့ဟ၊ ခု မမနိုးရင် နင်လုပ်ရမယ့် အရာက နင့်ရဲ့  Second proposal ပဲနော် သူရိန်”

ဘုရားရေ။ ကျွန်တော် သတိ လက်လွတ်ပင် နှင်းစက်အား ငေးကြည့်မိ သွားသည်။ သူမ နှုတ်ခမ်းများ အနည်းငယ် တုန်ယင်နေသည်။ နီကျင်နေသော မျက်ဝန်းများ၏ တစ်ဖက်မှာ အားတင်း နေဟန်ရှိသည်။
“နင်ငါ့ကို တစ်ခုခု ပြောဦးလေ နှင်းစက်”

“ဘာပြော ရမှာလဲ၊ ငါပြော ပြီးပြီပဲ။ မမနိုးပြီ ထင်တယ် သူရိန်၊ သွားတော့”

“မဟုတ်သေးဘူး နှင်း၊ ခဏလေး၊ ငါ တစ်ခု မေးချင်လို့ ပါဟာ၊ ငါတို့ ဘ၀နဲ့ ဆိုင်လို့ပါ”

“ငါတို့”ဟု နှင်းစက်က တုန်ယင်စွာ သံယောင်လိုက် ရေရွတ် ကြည့်နေသည်။ ကျွန်တော် နှင်းစက်အတွက် နာကျင် သွားပါသည်။

“မမ ပြောခဲ့ဖူးတယ် သူရိန်၊ ဆရာဝန် ဆိုတာ ကျီးကန်းတွေ ပဲတဲ့၊ ရောဂါကုဖို့ ကျီးကန်းတောင်းမှောက် ကြည့်ရတယ်။ ကျင့်ဝတ်အရ အချင်းချင်း ကာကွယ်လိုစိတ် ကြီးမား ကြရတယ်။ ကျီးကန်းတွေ အရုပ်ဆိုး ကြသလို ငါတို့ ဆရာဝန်တွေ ပင်ပန်း ဆင်းရဲကြီး ကြရတယ်။ ကြွေလုလု ထန်းသီးတွေ ပေါ်လည်း တမင်တကာ နင်းမိကောင်း နင်းပစ်ကြရ ပြန်တယ်”
“အင်း”

“ကင်ဆာဆိုတာ ဆရာဝန် မှာမှ ရွေးဖြစ်တာတော့ နာကျင်ဖို့ ကောင်းတယ်နော် သူရိန်”
“အင်း”

“နောက်ပြီး တချို့ ကျတော့လည်း အချင်ယောင် ဆောင်ရတာ ကြိမ်ဖန်များ လာလို့လား မသိဘူး။ နှလုံးသားနဲ့ ရင်းလိုက်ရတယ်”

သူမ ပခုံးသားများ နာကျင်အောင်ထိ လှုပ်ခါယမ်း၍ မေးမြန်းလိုက် ချင်ပါသည်။ မမအပေါ် ကျွန်တော် ချစ်နေဆဲ ဖြစ်သည် ဆိုသည်မှာ နှင်းစက် အတွက် မည်မျှ မတရားရာ ရောက်လိုက် လေမည်နည်း။ ကျွန်တော့်နား တစ်ချိန်လုံး ဂရုတစိုက် ဖြည့်ဆည်း ပေးခဲ့သူလေး။ ဒွိဟများဖြင့် လွန်ဆွဲ နေဆဲမှာပင် နှင်းစက်၏ အပြုံး တစ်ပွင့်က ကျွန်တော့်အား တစ်သက်စာ အနိုင်ယူ သွားပြန်ပါသည်။

နှင်းစက်၏ နောက်ကျောဆီ ၀မ်းနည်းခြင်းများ စိမ့်ဝင်နေသော မျက်ဝန်းများဖြင့် အတန်ကြာ ငေးကြည့် နေမိသည်။
“ကျေးဇူးပါ ကျီးအ မလေးရယ်”
နှင်းစက် ကြားနိုင်လိမ့်မည် မဟုတ်ပါချေ။

လင်းစက်နွယ်
(Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

အချစ်စစ်.............



  •    ၂၀၀၅... ဆေးကျောင်းတက်ခွင့်...အဲဒီအိပ်မက်က ကိုယ့်ဘ၀ရဲ့ ဆုလာဘ်နံပါတ် တစ်ပါ...ဆေးမန်းရဲ့ ရင်ခွင်မှာ ကိုယ့်ခေါင်းလေးမှီအုံး..ကိုယ့်နှလုံးသားလေး နှာစေးနေခဲ့တုန်းပေါ့....
  • ၂၀၀၆.......သူက ကိုယ့်ချစ်သူပါ...ပျိုတိုင်းကြိုက်တဲ့ နှင်းဆိခိုင်လေးလို့ အမည်ရသူ....သူ့ကိုမှ ကိုယ်က.. နှလုံးသားထက် ကိုးကွယ် ဦးခိုက်....
  • ၂၀၀၇......ဆေးမန်းရဲ့ ရင်ခွင်ထဲ အကြိမ်ကြိမ် ကျဆုံးလို့ကောင်းတုန်းပေါ့....
  • ၂၀၀၈.......သူပစ်သွားတဲ့ ညနေတွေ....သူ ခါချသွားတဲ့ ချစ်ခြင်းတွေ...တစစီပြန်ကောက်...အဲဒီမှာ ဒုတိယချစ်သူကို ကိုယ်တွေ့ခဲံ....
  • သူက စာတော်ပြိး...ကိုယ့်နှလုံးသားကို အောင်မြင်မှုတွေ အပ်နှင်းပေးခဲ့သူတစ်ယောက်...
  • ၂၀၀၉.......သူ့ကို ကိုယ် ချစ်ပေမယ့် လည်း  အခြေအနေတွေ ကွာဝေးလွန်း    အဆင်အခြင်မဲ့ မသွားဖို့ ကိုယ့်ကိုယ်ကို ဆုံးမ...ဒိလိုနဲ့...
  • ၂၀၁၀......ကြမ်းတမ်းတဲ့ သူ့လက်တွေ က ကိုယ့်အတွက်တော့ ပျားသလက်လို ချိုမြိန်လွန်းတယ်လေ......တတိယမြောက် နံနက်ခင်းလေးဆီမှာ ရာသက်ပန် ပျိုးခင်းတစ်ခု တည်ဆောက်ဖို့ ပြင်တုန်း....
  • လေးယောက်မြောက် ချစ်ရသူ က ပုံပြင်တွေ တပွေ့တပိုက်နဲ့ နှလုံးသားကို တိတ်တဆိတ် အရောင်ဆိုးသွားလေရဲ့.......
  • ၂၀၁၁....စံပြဆေးရုံမှာ အလုပ်သင်ဆင်းတော့  ကိုယ့်ရဲ့ ပင်ပန်းခြင်းတွေကို သက်သာစေမယ့် နောက်ထပ်ရောင်စဉ်တန်းကလေး....
  • သိပ်မကြာတော့တဲ့ တစ်နေ့မှာ ကိုယ့် အလင်းတန်းလေးက နူးညံ့စွာ မိန့်ဆိုလေရဲ့...... ကိုယ် မင်းကို တကယ် မချစ်တော့ဘူးတဲ့....
  • ၂၀၁၁ ဇွန်လ ကလေးကျန်းမာရေး သင်တန်းကနေ လှည်းကူးမှာ ၂ပတ်တာ ကွင်းဆင်းရတယ်....အဲဒီမှာ ဖျားနာနေတဲ့ ကိုယ့်နှလုံးသားလေး နောက်တစ်ဖန် ခလုတ်တိုက်ပြန်တယ်...
  • သူ့ဆိက ကိုယ်လိုချင်တာ တစ်ခုထဲပါ.......အဲဒါကိုမပြောခင် ကိုယ့်ကိုယ်ကို လိပ်ပြာလုံစွာ ၀န်ခံရဥိးမယ်......အချစ်စစ်ဆိုတာ ကိုယ်ဘယ်တော့မှ ပိုင်ဆိုင်ရမှာလဲ..မရေရာလှပေမယ့်...
  • အကြိမ်ကြိမ် ပစ်ချခံရတဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားလေး ခြောက်ကြိမ်မြောက် နံနက်ခင်းမှာ နောက်တခါ အသည်းမကွဲဖို့ ၀ိုင်းဆုတောင်းပေးကြပါ..................

ကဗျာ မဟုတ်သော....

ဝိုးတ၀ါးရှိနေတုန်းပဲ
ဒါပေမယ့် ကိုယ် မင်းကို သဲသဲကွဲကွဲ မြင်နေရတယ်
သဒါ အတိအကျ မရှိတဲ့ ကြမ်းပေါ်
နှလုံးသား ကို တစ်ခင်းလုံး ခြုံထားတယ်
ဇလီဖားတုံးလေးတွေက
သူမရဲ့ နာကျင်မှုကို ရထားဆီ ရင်မဖွင့်တတ်ပါဘူး
ကိုယ် နဲ့ မင်းရဲ့
မင်းနဲ့ ကိုယ်ရဲ့...
ထားပါ...
ကိုယ့်ကို မင်း ထာဝရ ချိတ်ပိတ်လိုက်ပါ...
အချစ်ဆိုတာ ..
တကယ်တမ်းတော့ လူတိုင်း ဖွင့်ဆိုနိုင်တဲ့
ဒက်ဖနေးရှင်းတစ်ခုပါပဲ..
လက်ယာဘက် လက်သူကြွယ်ကို
ခုထိ သော့ခတ်ထားတုန်း...
သက်ပြင်းတွေဟာ ခရေပွင့်လေးတွေသာဆို
မင်းကို ကြိုးနဲ့ သီလို့ ပေးခဲ့မှာ...
မင်းယုံမလား...
ခုထိ...ကိုယ့်နှလုံးသားမှာ..
တက်တူးတစ်ခု ထင်ကျန်ရစ်တုန်းပဲ.....။


လင်းစက်နွယ်